ကယားတွင် ဗိုလ်ချုပ်ကြေးရုပ်ကို အင်အားသုံးဖယ်ရှားမည်ဆိုသဖြင့် လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ မတ် ၁၅

ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဒာဟေဝန်ပန်းခြံတွင် စိုက်ထူထားသော ဗိုလ်ချုပ်ကြေးရုပ်ကို မတ်လ ၁၇ ရက်နေ့ နောက်ဆုံးထားကာ ပြည်သူများက အင်အားဖြင့် ဖယ်ရှားမည်ဆိုသဖြင့် အစိုးရက လုံခြုံရေးတင်းကျပ်ထားကြောင်း ကရင်နီပြည်လူငယ်များအင်အားစု ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သောမတ်က ဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူးထားသော ပန်းခြံအတွင်း မတ်လ ၁၄ ရက်မှ စတင်ကာ ခြံစည်းရိုးများကို ယခင်ထက် မြင့်မားခိုင်မာအောင် ပြင်ဆင်နေပြီး သံဆူးကြိုးများ ထပ်မံကာရံနေကြောင်း၊ ရဲလုံခြုံရေးအင်အား ရာနှင့်ချီစောင့်ကြပ်နေကြောင်း ရုပ်တုကန့်ကွက်ရေး လှုပ်ရှားနေသည့် အဆိုပါ ကရင်နီပြည်လူငယ်များအင်အားစုထံမှ သိရသည်။

“ကျွန်တော်တို့ နောက်ဆုံး Deadline (မတ် ၁၇ နောက်ဆုံးထား၍) ပေးထားတဲ့အထိ ပြည်နယ်အစိုးရက မရွှေ့ဘူးဆိုရင် ကျွန်တော်တို့ကိုယ်တိုင်ရွှေ့ပြောင်းတာတွေလုပ်မှာပေါ့” ဟု ဦးခွန်သောမတ်က ပြောဆိုသည်။

ထိုသို့ မတ်လ ၁၇ ရက်တွင် ကြေးရုပ်နောက်ဆုံးထား ဖယ်ရှားပေးရန် ထုတ်ပြန်ခြင်းသည် ဖေဖော်ဝါရီလ ၁၇ ရက်က ကရင်နီပြည် ပြည်သူများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီနှင့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးမှုများ အဆင်မပြေ ရပ်ဆိုင်းခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ကရင်နီပြည်လူငယ်များ အင်အားစုထံမှ သိရသည်။

“ကျွန်တော်တို့ စားပွဲဝိုင်းတွေ့ဆုံမှုတွေကတော့ ပြီးသွားပြီပေါ့။ လုံးဝအဆင်မပြေဘဲ ရပ်ဆိုင်းလိုက်တာ” ဟု ဦးခွန်သောမတ်က ပြောဆိုသည်။

ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားပေးရေးအတွက် ဖေဖော်ဝါရီလ ၁၂ ရက်က ကယားပြည်နယ်အတွင်း လူဦးရေထောင်နှင့်ချီ ဆန္ဒထုတ်ဖော်ခဲ့ပြီး ရဲတပ်ဖွဲ့ကရော်ဘာကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရုပ်တုကိစ္စကို တစ်လအတွင်း နှစ်ဖက်ညှိနှိုင်းမည်ဟု ပြည်နယ်အစိုးရက ကတိပေးသဖြင့် ဆန္ဒပြမှုယာယီရပ်ဆိုင်းလိုက်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *