ရန်ကုန်တိုင်းဝန်ကြီးချုပ်က Eleven မီဒီယာ CEO အပါအဝင်နှစ်ဦးကို တရားစွဲဆိုထားမှု အယူခံ ပယ်ချခံရ

ရန်ကုန်၊ မတ် ၃

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က Eleven Media Group ၏ အမှုဆောင်အရာရှိချုပ်အပါအဝင် နှစ်ဦးကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားသည့်အမှုကို စွဲချက်မတင်မီ တရားရှင်လွှတ်ပေးရန် အယူခံလျှောက်ထားမှုကို မတ်လ ၁၅ ရက်ရုံးချိန်းတွင် ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ချလိုက်သည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ဝတ်ဆင်သည့် နာရီသည် ဒေါ်လာတစ်သန်းတန်ပြီး ယင်းနာရီမှာ မူးယစ် ဆေးဝါးနှင့် ပတ်သက်သည့် လုပ်ငန်းရှင်တစ်ဦးနှင့် ပတ်သက်နေကြောင်း ၂၀၁၆ ခုနှစ်က ရေးသားခဲ့သောကြောင့် Eleven Media Group အမှုဆောင်အရာရှိချုပ်ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာဦးဝေဖြိုးတို့ကို တာမွေတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 ရန်ကုန်တိုင်းအစိုးရအဖွဲ့ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ်ကာ ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“ဒီနေ့တရားရုံးက အယူခံကို ပယ်ချလိုက်တယ်။ အမှုကတော့ တာမွေတရားရုံးမှာပဲ ရှိနေသေးပါတယ်”ဟု Eleven Media Group ဘက်က အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေက ပြောဆိုသည်။ ထို့ကြောင့် အမှုကို တာမွေတရားရုံးတွင် ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။

အဆိုပါတရားစွဲဆိုမှုပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်ကြောင့် ယင်း ဂျာနယ်ကို ရန်ကုန်တိုင်းအစိုးရက ထပ်မံ တရားစွဲခဲ့သေးသော်လည်း ယခုတွင် အဆိုပါအမှုကို ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။    

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *