NCA ထိုးရန်ကျန်သေးသည့် အဖွဲ့များကို နေပြည်တော်သို့ အစိုးရဖိတ်ကြား

ရန်ကုန်၊ မတ် ၁၅

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အစိုးရအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) က နေပြည်တော်သို့ ဖိတ်ကြားလိုက်သည်။

ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးလိုပါသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၁ ရက်နေ့တွင် ပြုလုပ်ရန်စီစဉ်ထားကြောင်း အစိုးရက ဖိတ်ကြားသည့် ဖိတ်စာတွင် ဖော်ပြထားသည်။

ယခုဖိတ်ကြားသည့်အဖွဲ့အစည်းများတွင် ‘၀’ ပြည်သွေးစည်ညီညွတ်ရေး ပါတီ (UWSA/ UWSA)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO/ KIA) နှင့် လတ်တလော တပ်မတော်နှင့် တိုက်ပွဲများပြင်းထန်လျက်ရှိသည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) စသည့် မြောက်ပိုင်းမဟာမိတ်အင်အားစု FPNCC အဖွဲ့ဝင် ခုနစ်ဖွဲ့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)  တို့ ပါဝင်သည်။

အဖွဲ့တစ်ဖွဲ့လျှင် အဖွဲ့ခေါင်းဆောင် တစ်ဦး၊ အဖွဲ့ဝင်တစ်ဦး စုစုပေါင်း နှစ်ဦး တက်ရောက်ရန် ဖိတ်စာတွင် ဖော်ပြထားသည်။

ဖိတ်ကြားခံ အဖွဲ့အစည်းများအနေနှင့် နေပြည်တော်သို့ လာရောက်တွေဆုံမည့် အနေအထားတွင် ရှိနေသော်လည်း NCA လက်မှတ်ရေးထိုးရန်ရည်ရွယ် ချက်ပါဝင်မလာပါကတွေ့ဆုံမှုသည်ခက်ခဲနိုင်ဖွယ်ရှိသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ပူးတွဲကော်မတီ (UPDJC)  အတွင်းရေးမှူးအဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

တပ်မတော်အနေနှင့် စစ်တိုင်းငါးတိုင်းတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို လာမည့် ဧပြီလကုန်အထိ ရပ်တန့်ထားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာခဲ့ထားခဲ့ရာ ယခုဆိုလျှင် အချိန်သုံးလပြည့်မြောက်တော့မည် ဖြစ်သည်။

ယင်းကြေညာပြီးနောက်ပိုင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား သီးခြားတွေ့ဆုံနိုင်သေးခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် AA နှင့်တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ပြီး စစ်ရေးအခြေအနေတင်းမာလျက်ရှိသလို ရှမ်းပြည်နယ်အတွင်းတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များအချင်းချင်းအကြား တိုက်ပွဲများဖြစ်ပွားလျက် ရှိသည်။

ယခုတွေ့ဆုံပွဲပြီးပါက တပ်မတော်ကလည်း တစ်ဖွဲ့ချင်းစီအလိုက်တွေ့ဆုံရန် စီစဉ်ထားရာ တွေ့ဆုံမှု ဖြစ်မြောက်ခဲ့ပါက ဒီဇင်ဘာ ၂၁ ရက်ကြေညာချက်နောက်ပိုင်း ပထမဆုံးတွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *