နိုင်ငံတစ်ဝန်း မတ်လဒုတိယပတ်မှ နွေရာသီကုန်သည်အထိ  အပူချိန်တိုးမည်

ရန်ကုန်၊ မတ် ၁၅

အားပျော့သည့် အယ်နီညိုရာသီဥတုအတွင်းသို့ ကျရောက်နေသော်လည်း  မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လဒုတိယအပတ်မှစကာ နွေရာသီကုန်သည့်အထိ အပူချိန်များတိုးနေမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

ကမ္ဘာကြီးပူနွေးမှုကြောင့် နိုင်ငံများတွင် အပူချိန်များ နှစ်စဉ်တိုးလာနေရာ မြန်မာနိုင်ငံတွင်းလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုကာ အပူချိန်များတိုးလျက် ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပျှမ်းမျှအပူချိန်ထက်  အပူချိန် ၁ ဒသမ ၅  ဒီဂရီစင်တီဂရိတ်နှင့်အထက် တိုးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုန်ပြန်ထားသည်။

“အပူချိန်က ရှေ့လျှောက်တက်လာဖို့ပဲ ရှိတယ်။ မိုးရွာတဲ့အခါဆို လျော့မယ်။ မိုးပြတ်သွားတာနဲ့ ချက်ချင်းပြန်ပူမယ်။ မေလလယ် မုတ်သုန်မဝင်မချင်းပဲ” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆက်လက်ပြောကြားသည်။

လက်ရှိ ရန်ကုန်မြို့အပူချိန်မှာ ပျှမ်းမျှ ၃၇ မှ ၃၈ ဒီဂရီစင်တီဂရိတ်ရှိရာမှ ၄၀ မှ  ၄၁ စင်တီဂရိတ်ထိ တိုးနိုင်ကြောင်း၊  အပူပိုင်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ ပျှမ်းမျှအပူချိန် ၄၀ မှ ၄၁ စင်တီဂရိတ်ရှိရာမှ ၄၂ မှ ၄၃ စင်တီဂရိတ်အထိ တိုးနိုင်ကြောင်း ၎င်းက ပြောကြားသည်။

ပြီးခဲ့သည့်နှစ်များတွင်း မြန်မာနိုင်ငံ၌ အပူချိန်စံချိန်သစ်တင်သော မြို့ ၁၂ မြို့ အထိ ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။      

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *