မန္တလေးစည်ပင် တနင်္ဂနွေအမှိုက်ကောက်ပွဲ ဝန်ကြီးချုပ် ပထမဆုံးအကြိမ်ပါဝင်မည်

မန္တလေး၊မတ်၁၄

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပြုလုပ်လျက်ရှိသည့် အမှိုက်ကောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ပထမဆုံးအကြိမ်အဖြစ် ပါဝင်မည် ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

မတ်လ ၁၇ ရက်နေ့တွင် ပြုလုပ်မည့် မန္တလေးမြို့အထွက်မှ ၁၆ မိုင် စစ်ဆေးရေးဂိတ်အထိ အမှိုက်ကောက်မည့်အစီအစဉ်တွင် ပါဝင်မည်ဖြစ်ပြီး အထူးအမှိုက်ကောက်ပွဲဟု မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

“မေမြို့လမ်းမှာ အမှိုက်တွေပွနေတယ်ဆိုတာ ဝန်ကြီးချုပ်ကိုယ်တိုင် ပြောတာ။ အမှိုက်ကောက်ဖို့အတွက်လည်း သူပဲ ပထမဆုံးပါဝင်လာတာ”ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသန့်ရှင်းရေးဌာနဒုတိယဌာနမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

မန္တလေးမြို့၏အလှကို အကျည်းတန်စေသည့် ယင်းအမှိုက်များသည် ခရီးသွားများအပါအဝင် နီးစပ်ရာရွာများမှ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့်ဖြစ်ပြီး စည်ပင်၏စီမံခန့်ခွဲမှုအောက်မှ လွတ်နေခြင်းကြောင့် လမ်းဘေးတစ်လျှောက် ပလတ်စတစ်တောကြီး ဖြစ်နေရကြောင်း ဒေါက်တာရဲလွင်က ဆိုသည်။

“တစ်တိုင်းပြည်လုံး အနေအထားနဲ့ ပညာပေးဖို့ အချိန်တန်ပါပြီ”ဟု ၎င်းက ပြောသည်။

အမှိုက်ကောက်ပွဲတွင် မြို့တော်စည်ပင်၊ မြို့နယ်စည်ပင်နှင့် NLD ပါတီဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်မြို့သူမြို့သားများ ပါဝင်ကြမည်ဖြစ်ကာ အမှိုက်ကောက်သူ စုစုပေါင်းနှစ်ထောင်ခန့် ပါဝင်မည်ဖြစ်၍ ကောက်မည့်နေရာများကို သတ်မှတ်ပေးထားကြောင်း ဦးစိုးတင့်အောင်က ပြောသည်။

“မြို့အထွက် ဘိုးဘိုးကြီးနတ်နန်းကနေ ကျောက်မီးအထိမြို့တော်စည်ပင်ကနေကောက်ပြီး ကျောက်မီးကနေ ကျောက်ချော (၁၆မိုင်ဂိတ်)အထိ ပုသိမ်ကြီးစည်ပင်က တာဝန်ယူမှာပါ”ဟု ၎င်းက ရှင်းပြသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၏ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း အမှိုက်ကောက်ပွဲကို မြို့တော်ဝန်ဒေါက်တာရဲလွင်၏ ဦးဆောင်မှုဖြင့် ၂၀၁၈ ခုနှစ် ဧပြီလ ၈ ရက်နေ့မှ စတင်ခဲ့ပြီး မန္တလေးမြို့၏ အထင်ကရနေရာများ၊ အမှိုက်သန့်ရှင်းရန်လိုအပ်နေသည့် နေရာများတွင် စုပေါင်းအမှိုက်ကောက်ကာ ကျောင်းသူကျောင်းသားများ၊ မြို့ခံ များက ကူညီခဲ့ကြောင်း ယင်းကော်မတီထံမှ ထပ်မံသိရှိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *