“စည်ပင်ညံ့ရင်၊ အသုံးမကျရင် ပြည်သူတွေ တဖြည်းဖြည်းနဲ့ အသက်တိုလာမယ်”

ဓာတ်ပုံ - မိုးကျော်လွင်

မြို့တော်စည်ပင်ကော်မတီဝင်လောင်းဦးဝင်းချိုနှင့် တွေ့ဆုံခြင်း

မတ်လ ၃၁ ရက်တွင် ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ စည်ပင်ရွေးကောက်ပွဲအတွက် ကော်မတီလောင်းများ၏ မျှော်လင့်ချက်များ၊ ရန်ကုန်စည်ပင်ကို ပြုပြင်ပြောင်းလဲလိုသည်များနှင့် ပတ်သက်၍ အမှတ် (၃) မဲဆန္ဒနယ်မြေမှ ဝင်ရောက်ယှဉ်ပြိုင်မည့် မြို့တော်စည်ပင်ကော်မတီဝင်လောင်း ဦးဝင်းချိုနှင့် The Voice Journal တွေ့ဆုံမေးမြန်းမှုကို ဖော်ပြထားခြင်း ဖြစ်သည်။ ဦးဝင်းချိုသည် တက်ကြွလှုပ်ရှားသူတစ်ဦးလည်းဖြစ်ပြီး ၂၀၁၄ ခုနှစ် စည်ပင်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသူဖြစ်သည်။

The Voice Journal –  မဲဆွယ်ဆိုင်းဘုတ်ထောင်တာ မတွေ့မိသေးဘူး။ မြို့တော်ခန်းမရှေ့မှာ စည်ပင်စကားဝိုင်းလုပ်တာပဲ တွေ့ရတယ်။ ဘာဖြစ်လို့ ဆိုင်းဘုတ်ထောင်ပြီး မဲမဆွယ်တာလဲ။ ယုံကြည်မှု လွန်ကဲနေတာများလားဗျ။

UWC – ၁၀တန်းစာမေးပွဲတွေ စတော့မယ်ဆိုတဲ့ အချိန်ကျတော့ ကျောင်းသားမိဘတွေက စိတ်ဖိစီးတယ်။ သူတို့သားသမီးတွေရဲ့ ၁၀တန်း စာမေးပွဲအရေးထက် ပိုပြီးတော့ စည်ပင်ရွေးကောက်ပွဲကို အာရုံစိုက်ချင်စိတ် မရှိဘူး။ ကိုယ်ချင်းစာတယ်။အဲဒီအတွက်ဗီနိုင်းကြီးတွေထောင်၊ဘုတ်ကြီးတွေထောင်အဲဒီလို ထောင်ရုံလောက်နဲ့ပြည်သူတွေစည်ပင်ကိုမဲပေးချင် အောင် မဖြစ်နိုင်ဘူးလို့ယူဆတဲ့အတွက်မသုံးတာ ဖြစ်ပါတယ်။ နောက်တစ်ချက် ဒီရွေးကောက်ပွဲအတွက် ဘုတ်ထောင်တာတို့၊ ဗီနိုင်းတွေချိတ်တာတို့ အသုံးစရိတ်ဟာ တကယ်ခွင့်ပြုထားတာ သိန်း ၂၀၀၊ သို့သော်လည်းပဲ သေသေချာချာစစ်ဆေးရင် သိန်း ၂၀၀ ကျော်တဲ့သူလည်း ရှိသွားနိုင်တာပဲ။ အဲဒီ သိန်း ၂၀၀ကို တကယ်သုံးလိုက်ပါပြီတဲ့။ ရွေးကောက်ပွဲနိုင်ပြီး ကော်မတီဝင် တာဝန်ထမ်းဆောင်တဲ့အခါကျရင် ရွေးကောက်ပွဲအသုံးစရိတ်နဲ့ ပတ်သက်ပြီး ပြန်လိုချင်စိတ်ကလေးများ ကော်မတီဝင်တွေရှိသွားခဲ့ရင် သူတို့ဟာ သမာအာဇီဝမကျတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖြစ်တော့မယ်။ မှတ်မှတ်ရရ နာမည်ကြီးတာက ဝါးတားဂိတ်ရွေးကောက်ပွဲအသုံးစရိတ်တွေအတွက် သမ္မတနစ်ဆင်ရဲ့ ပြန်ပြီးပေးဆပ်မှုတွေပေါ့။ ဒါမျိုးတွေ မဖြစ်ချင်ဘူး။ တစ်မျိုးပြောရရင် အဂတိလိုက်စားမှုတွေရဲ့ အခြေခံဟာ မလိုအပ်ဘဲ သုံးတဲ့အသုံးအစွဲတွေကြောင့် ဖြစ်တယ်လို့ ယူဆတယ်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကုန်ကျမှုတွေထက် ပိုပြီး မကုန်ကျအောင် ထိန်းသိမ်းတယ်။ ဘုတ်တွေ မထောင်ပါ။ ဗီနိုင်းတွေ မချိတ်ပါ။ ဆယ်တန်းစာမေးပွဲတွေပြီးရင် မဲဆွယ်စည်းရုံးရေး စပါမယ်။ ပန်းဖလက်တွေ ဝေပါမယ်။ သက်ဆိုင်ရာမြို့နယ်အတွင်းမှာနေတဲ့ ပြည်သူတွေ သိလိုတာတွေမေးရင်လည်း ဖြေပေးမယ်။ မြို့နယ်တွေက ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူကမ်းလှမ်းထားတဲ့ တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်မယ့် မြို့တော်ကော်မတီဝင်တွေ ရှိပါတယ်။ ပူးပေါင်းပြီးတော့ မဲဆွယ်စည်းရုံးမှာ ဖြစ်ပါတယ်။ သိပ်ပြီးတော့ ယုံကြည်မှုလွန်ကဲနေလားဆိုတော့ ၂၀၁၀ ကနေ ၂၀၁၈ အထိ ကျွန်တော်က ပရဟိတလုပ်ငန်းတွေကိုပဲ လုပ်ဆောင်လာတာ များပါတယ်။ အာဏာပိုင်တွေနဲ့ မပတ်သက်ဘဲ အာဏာပိုင်တွေပါ နှစ်သက်တဲ့ ပရဟိတလုပ်ငန်းဆိုရင် လှိုင်သာယာမှာ လုပ်ခဲ့တဲ့ ဘ၀အဟာရဆိုတဲ့ တန်ဖိုးနည်းဟင်းလျာ လုပ်ခဲ့တယ်။ ပြည်သူတွေ ကျွန်တော့်ကို မှတ်မိပါတယ်၊ နားလည်း နားလည်ပါတယ်။ ကျွန်တော်က ပရဟိတ လုပ်ငန်းကို ၂၀၁၀ ရွေးကောက်ပွဲပြီးထဲက စဉ်ဆက်မပြတ်လုပ်ခဲ့တယ်။ အချို့အချို့သော လူတွေက ရွေးကောက်ပွဲဝင်တယ်၊ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတယ်။ သက်ဆိုင်ရာ စီးပွားရေးနယ်ပယ်ထဲပြန်ဝင်ပြီး စီးပွားရေးလုပ်တယ်။ ရွေးကောက်ပွဲဝင်ပြိုင်တာကိုက သူတို့ရဲ့ စီးပွားရေးတစ်ခုလိုများ လုပ်ဆောင်နေသလားလို့တောင် ထင်ရတဲ့အနေထားမျိုး ရှိတယ်။ ၂၀၁၀ ကနေ ၂၀၁၈ အထိ ဘာစီးပွားရေးမှမလုပ်ဘဲနဲ့ ပရဟိတလုပ်ဆောင်လာခဲ့တာ ဖြစ်တဲ့အတွက် စည်ပင်ရွေးကောက်ပွဲအတွက် သီးသန့်အထူးလုပ်ဆောင်ချက် မလုပ်ချင်တော့တာလည်း ပါပါတယ်။

The Voice Journal – စည်ပင်ရွေးကောက်ပွဲမှာ  ဦးဝင်းချိုရဲ့ အားသာချက်က ဘာဖြစ်မလဲ။

UWC – စည်ပင်က တကယ့်အမှန်က ပရဟိတအလုပ်တွေ လုပ်တာ။ အများပြည်သူကို ဝန်ဆောင်မှုပေးတာ။ စည်ပင်ဟာ စည်ပင်တာဝန်ကျေပွန်ရင် ပြည်သူတွေ ပျမ်းမျှသက်တမ်း မြင့်လာမယ်။ ၅၅၊ ၆၀ ကနေပြီးတော့ ၇၀ ဖြစ်လာမယ်။ ၈၀ ဖြစ်လာမယ်။ ပြည်သူတွေကို အသက်ရှည်အောင် လုပ်ပေးတာ။ စည်ပင်ညံ့ရင်၊ အသုံး မကျရင် ပြည်သူတွေ တဖြည်းဖြည်းနဲ့ အသက်တိုလာမယ်။ ပလက်ဖောင်းမရှိလို့ လမ်းဘေးမှာ ကားလမ်းပေါ် လျှောက်ရတဲ့အခါကျတော့ ယာဉ်အန္တရာယ်ကြောင့်  အသက်တိုတာရှိတယ်။ အမှိုက်ပုံးကို ဖုံးအုပ်မထား၊ သေချာမသိမ်းတဲ့အခါကျတော့ ဒီအမှိုက်ပုံးနားကို သွားရတဲ့အခါမှာတင် အနံ့အသက်တွေရဲ့ ဆိုးရွားမှုဟာ ပြည်သူတွေကို ကျန်းမာရေးခိုက်စေတယ်။ သောက်သုံးရေ သန့်သန့်ရှင်းရှင်း မရတာ။ ရေဆိုးမြောင်းတွေမှာ ခြင်တွေ၊ ယင်တွေပဲ ပေါက်ဖွားနေပြီးတော့ ရေတွေဟာ စီးဆင်းရမယ့်နေရာတွေကို မစီးဆင်းတာ။ ဒီအကြောင်းအရာတွေဟာ ပြည်သူတွေရဲ့ကျန်းမာရေးထိခိုက်စေတဲ့ အကြောင်းအရာတွေ။ စည်ပင်ဟာပရဟိတလုပ်ငန်းကို လုပ်ဆောင်နေရတဲ့ အဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်ဟာလည်း ပရဟိတလုပ်ငန်းစဉ်ဆက် မပြတ်လုပ်ဆောင်နေရတဲ့ သူတစ်ယောက်ဖြစ်တဲ့အတွက် စည်ပင်ရဲ့လိုအပ်ချက်တွေဟာ ကျွန်တော် လုပ်ဆောင်နေတဲ့အချက်တွေနဲ့ အမြဲတမ်းကိုက်ညီနေတယ်။

The Voice Journal – ဒါဆိုရင် ခုနကပြောတဲ့ ပလက်ဖောင်းမကောင်းတာတို့၊ ရေစီးရေလာမကောင်းတာတို့ ဆိုကြပါတော့ အများကြီးပဲ။ အဲဒါတွေ အကုန်လုံးကို အန်ကယ်အရွေးခံရပြီးရင် ပြုပြင်နိုင်မယ်လို့ ထင်သလား။

UWC – အဲဒါတွေက အဲဒီအကြောင်းအရာတွေကို ပြုပြင်ရမှာ မဟုတ်ဘဲနဲ့ အဲဒီအကြောင်းအရာတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေ လက်ရှိလည်း ရှိနေပြီးသား။ ဆိုလိုတာက ပတ်ဝန်းကျင်နှင့် သန့်ရှင်းရေးဌာန ရှိပြီးသား။ သူက သန့်ရှင်းရေးအလုပ်ကို ပြည်သူတွေလိုသလောက် ဖြစ်ချင်သလောက် မဖြစ်တာအတွက် သူ့မှာ အခက်အခဲဘာရှိသလဲ။ အဲဒီအခက်အခဲကို ကျွန်တော် ပံ့ပိုးပေးလို့ ရတယ်၊ ကျွန်တော် ထိန်းသိမ်းပေးလို့ ရတယ်ဆိုရင် ဒါကို ဖြည့်ဆည်းပေးလိုက်ရုံနဲ့ ပြည်သူတွေ လိုအပ်ချက်ဖြစ်တဲ့ သန့်ရှင်းရေးက သူ့ဘာသာ သွားလိမ့်မယ်။ ဆိုလိုတာက မြို့တော်စည်ပင်သာယာရေးကော်မတီဟာ ပြီးပြည့်စုံအောင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီးသား။ သို့သော်လည်း စွမ်းအားပြည့် အလုပ်မလုပ်နိုင်ဘူး။ စွမ်းအားပြည့် အလုပ် မလုပ်ကြဘူး။ စွမ်းအားပြည့် အလုပ်လုပ်ရင် ပြည်သူတွေရဲ့လိုအပ်ချက် ပြည့်စုံတယ်။ တစ်ချိန်ထဲမှာ ထိုက်သင့်တဲ့ နည်းစနစ်မှန်ကန်တဲ့ နည်းစနစ်တွေကို အသုံးချနိုင်လောက်တဲ့ ဝန်ထမ်းကောင်း စည်ပင်မှာ မရှိဘူး။ ကျွန်တော်က အဲဒီအကြောင်းအရာတွေနဲ့ ပတ်သက်ရင် ကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်တယ်။ နောက်ဆုံးတစ်ချက်ကတော့ စေတနာမပါဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းတွေ အကုန်လုံးဟာ ရင်ထဲက စေတနာအပြည့်နဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းတွေ ဖြစ်တယ်။ တံမြက်စီးလှည်းတာလည်း စေတနာအပြည့်နဲ့ လှည်းရတယ်။ ရေမြောင်းသန့်ရှင်းရေးလုပ်တာလည်း စေတနာနဲ့ လုပ်ရတယ်။ တစ်ချိန် တည်းမှာ ပြည်သူတွေက အမှိုက်ကို စည်းမရှိကမ်းမရှိ ပစ်တယ်ဆိုတဲ့ စကားမျိုးပြောတဲ့ ပုဂ္ဂိုလ်များကိုလည်း ထပ်ပြီးတော့ ဖြေရှင်းချင်တာက ပြောင်လက်နေတဲ့ ဘုရားခန်းကြီးပေါ်မှာ ဘယ်သူမှ ကွမ်းတံတွေးမထွေးပါဘူး။ စည်ပင်ဘက်ကသာ ပြောင်လက်နေတဲ့ ဘုရားခန်းကြီးတစ်ခုလိုသာ စီစဉ်ပေးလိုက်ပါ။ အဲဒီတာဝန်ကို မကျေပွန်တာဖြစ်တဲ့အတွက် ကျွန်တော် စည်ပင်ကို တာဝန်ကျေတဲ့ အဖွဲ့အစည်းဖြစ်အောင် လုပ်ချင်တာပါ။

The Voice Journal – NLD ပါတီဝင်ဖြစ်ပေမယ့် ဘာဖြစ်လို့ ပါတီပုံရိပ်နဲ့ ဝင်မပြိုင်ဘဲ ပါတီက ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်ရတာလဲ။

UWC – ပါတီပုံရိပ်နဲ့သာ ပြိုင်ချင်ရင် မြို့နယ်စည်းရုံးရေးကော်မတီထံမှာ စာရင်းပေးပြီးတော့ ခွင့်ပြုချက် ယူရမယ်။ ယှဉ်ပြိုင်ရမှာပေါ့။ မြို့နယ်ကော်မတီက ကိုယ့်ကို ရွေးချယ်မယ်။ တိုင်းကို ထပ်တင်ဦးမယ်။ တိုင်းက ထောက်ခံရင် ဗဟိုက အတည်ပြုတာ စောင့်ရဦးမယ်။ ကျွန်တော်တို့ရဲ့နယ်မြေ (၃) မှာက မြို့နယ်ကြီးပဲ ၁၂ မြို့နယ်ပါတယ်။ မြို့နယ်တွေက ထောက်ခံပေးတဲ့သူတွေချည်းပဲ ၁၂ ယောက်အထိ ရှိနိုင်တယ်။ မထောက်ခံတဲ့ သူ မပါသေးဘူးနော်။ မြို့နယ်က ထောက်ခံပြီး တိုင်းကို တင်တာက ၁၂ယောက် ရှိနိုင်တယ်။ အဲဒီအထဲက တစ်ယောက်ပဲ အရွေးခံရမယ်ပြောတယ်။ အဲဒါလည်း မသေချာသေးဘူး။ ဗဟိုကအတည်အပြုရင် အဲဒီ စာရင်းတွေက ပြန်လာဦးမယ်ဆိုတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်လိုမျိုး အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့ ကိစ္စ၊ ပြည်သူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးဖို့ကိစ္စဟာ ပါတီရဲ့ ခွင့်ပြုချက်ယူပြီးတော့မှ လုပ်ဆောင်ရမယ်ဆိုရင် တစ်ချိန်ချိန်မှာ ပါတီရဲ့ညွှန်ကြားချက်ဟာ ပြည်သူရဲ့ လိုအပ်ချက်နဲ့ ဝိရောဓိဖြစ်နေခဲ့ရင် ပြည်သူ့အကျိုးကို ဦးစားပေးရမှာလား၊ ပါတီရဲ့ ညွှန်ကြားမှုကို ဦးစားပေးရမှာလားဆိုတဲ့ အကြောင်းအရာတွေဟာ ရံဖန်ရံခါမှာ ထိပ်တိုက်တွေ့ရမယ်လို့ ယူဆတဲ့အတွက် ပါတီရဲ့ညွှန်ကြားချက်ထက် ပြည်သူရဲ့လိုအပ်ချက်ကို ပိုပြီးလုပ်ဆောင်ပေးချင်တဲ့အတွက် ပါတီကလည်း တစ်သီးပုဂ္ဂလဝင်ပြိုင်ရင် နုတ်ထွက်ရမယ်လို့ ညွှန်ကြားချက်ထုတ်ပြန်တဲ့အတွက် ကျွန်တော် နုတ်ထွက်လိုက်ပါတယ်။

The Voice Journal – ရန်ကုန်မှာ မြို့တော်ဝန်တောင် လုပ်ပိုင်ခွင့်သိပ်မရှိဘူးလို့ ပြောနေကြတာ ရှိတယ်။ စည်ပင်ကော်မတီဝင်ဖြစ်ရင် ဘာများ ကြီးကြီးမားမား ပြုပြင်ပြောင်းလဲနိုင်မယ်ထင်လဲ။

UWC –  ကျွန်တော် ကော်မတီဝင်လည်း မဖြစ်ချင်ဘူး။ကျွန်တော် ကော်မတီဝင်ဖြင်ချင်လို့ ရွေးကောက်ပွဲဝင်တာ မဟုတ်ဘူး။ ဒီစကားကိုလည်း အထပ်ထပ် အခါခါ ပြောခဲ့တယ်။ ကျွန်တော်ဖြစ်ချင်တာ ပြည်သူ့ ကိုယ်စားလှယ်။ ပြည်သူတွေက မဲနဲ့တင်ပေးလိုက်တဲ့ ကိုယ်စားလှယ်။ သူတို့ကိုယ်စားပြောပေးပါဆိုပြီးတော့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက်ပေးဖို့ လွှဲအပ်လိုက်တာဖြစ်တဲ့အတွက် ကော်မတီဝင် တစ်ယောက်မှာ လုပ်ပိုင်ခွင့်ရှိရင်တောင်မှ ကိုယ်စားလှယ်တစ်ယောက်မှာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ကျွန်တော်ဟာ ပြည်သူအသံကို ကော်မတီထံ ပို့ဆောင်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို လုပ်ဆောင်နိုင်တဲ့ကိစ္စတွေ ညှိနှိုင်းပြီး လိုအပ်တာတွေ ဖြည့်ဆည်းဆောင်ရွက်မယ့် သူဖြစ်တဲ့အတွက် ဒီကိစ္စ ကျွန်တော့်အတွက် အနှောင့်အယှက်မရှိဘူး။          

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *