“အန်တီ (ဒေါ်အောင်ဆန်းစုကြည်) နဲ့ ကျွန်တော်တို့နဲ့ ပြိုင်ရသလိုဖြစ်တယ်”

ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်လောင်း ဦးခင်လှိုင် (ဇောတိက)နှင့် တွေ့ဆုံခြင်း

မတ်လ ၃၁ ရက်တွင် ရန်ကုန်စည်ပင်ရွေးကောက်ပွဲကို ကျင်းပတော့မည်ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ ရန်ကုန်မြို့အပေါ်ထားသည့် Vision၊ စည်ပင်ရွေးကောက်ပွဲအပေါ်ထားသည့် သဘောထားနှင့် ရွေးကောက်ခံဖြစ်ပါက ရန်ကုန်မြို့ကို ပြုပြင်ချင်သည့်ကိစ္စများနှင့်ပတ်သက်၍ အမှတ် (၃) မဲဆန္ဒနယ်မြေ ရန်ကုန်မြို့တော် စည်ပင်ကော်မတီဝင်လောင်း ဦးခင်လှိုင် (ဇောတိက)နှင့် The Voice Journal တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ ဦးခင်လှိုင်သည် ၂၀၁၄ ခုနှစ် စည်ပင်ရွေးကောက်ပွဲအနိုင်ရ စည်ပင်သာယာကော်မတီဝင်ဟောင်းလည်း ဖြစ်သည်။

The Voice Journal – အခုဆို ရွေးကောက်ပွဲပုံစံကလည်း ပြောင်းသွားတယ်။ ဦးခင်လှိုင်ဆိုလည်း Hip Hop ပုံစံမျိုးနဲ့ မဲဆွယ်တဲ့သီချင်းထွက်လာတော့ မဲဆွယ်တဲ့ပုံစံများ ပြောင်းသွားလား။

UKL – လူဦးရေက ခုနစ်သန်းကျော်ဖြစ်လာတဲ့အခါကျတော့ ရွေးကောက်ပွဲ စည်းရုံးတဲ့ပုံစံလေးတွေက ချိန်းရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ၁၈ နှစ်အထက်တွေ ပါလာတယ်။ ကျွန်တော်တို့ကြည့်တာပေါ့။ ၁၈ နှစ်အထက်တွေရဲ့အနေထား တက်ကြွမှုဆိုတဲ့ အတိုင်းအတာတစ်ခု ကျွန်တော်တို့က လူငယ်တွေ ပါဝင်စေချင်တယ်။ လူကြီးတွေကတော့သိတယ်။ စည်ပင်ရွေးကောက်ပွဲအကြောင်းကို။ လူငယ်ပိုင်းတွေအတွက်ကျတော့ စိတ်ဝင်စားမှု အားနည်းနေတယ်။ ကျွန်တော်လုပ်ချင်တဲ့ မူဝါဒတွေ၊ ရည်ရွယ်ချက်တွေပါတဲ့ ခေတ်နဲ့ညီအောင်၊ စည်ပင်လုပ်ငန်းကို ကွင်းကွင်းကွက်ကွက်မြင်အောင် ကျွန်တော့်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး Rap သီချင်းလေးနဲ့ ဒီနေ့လွှင့်လိုက်တာ ဖြစ်ပါတယ်။ ဒါ Campaign သီချင်းလေးဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ခေတ်နဲ့အညီ တစ်နည်းအားဖြင့် လူငယ်တွေပိုပြီးတော့ စည်ပင်ရွေးကောက်ပွဲကို စိတ်ဝင်စားလာအောင် ဒါလေးရေးဖွဲ့ပြီးတော့ ကျွန်တော်ရဲ့ Campaign သီးချင်းအနေနဲ့ လုပ်တာလို့ ပြောချင်ပါတယ်။

The Voice Journal – စည်ပင်ရွေးကောက်ပွဲအတွက် နှစ်ဘီလီယံ အကုန်ကျခံထားတယ်။ ကိုယ်စားလှယ်တွေရဲ့သက်တမ်းက အစိုးရအတိုင်းဆိုတော့ ၂ နှစ်ပေါ့။ အချိန် ၂ နှစ်အတွက် နှစ်ဘီလီယံ သုံးထားတာ တန်ပါ့မလား။

UKL – ၂ ဒသမ ၅ ဘီလီယံရှိတယ်။ အဲဒီဟာ လစာမပါသေးဘူးနော်၊ လစာပါ ပါတယ်ဆိုရင် ကျွန်တော်ရဲ့တွက်ချက်မှုအရ တစ်ယောက်ကို သိန်း ၅၀၀ လောက်ရှိတယ်။ အဲဒီလောက်အထိ များတယ်။ ဘာလို့လဲဆိုတော့ ၁၀၅ ဦးရှိတယ်။ မြို့နယ်အဆင့်တွေ မှာ ၉၉ ဦး။ ကော်မတီက ၆ ဆိုတော့။ အဲဒီတော့ သိန်း ၅၀၀ သည် ၂ နှစ်အတွက် ပြောတာပါ။ တကယ်လို့များ စဉ်းစားကြည့်ပါ။ ငါးနှစ်လောက်သာ စစချင်း (အစိုးရသစ်တက်ခါစ) လုပ်ရင်တော့ ပိုပြီးသက်သာ သွားတာပေါ့နော်။ နောက်ပြီးလူတွေလည်း အတွေ့အကြုံပိုရသွားတာပေါ့။ အခုကျတော့ ရွေးကောက်ပွဲဆိုတဲ့အနေအထားတစ်ခုကို မဖြစ်မနေကျင်းပရတဲ့ အနေအထားရောက်သွားပါတယ်။ ကိုယ်စားလှယ် တစ်ယောက်ကို ရွေးပေးရတဲ့တန်ဖိုးက အဲဒီလောက်ရှိပါတယ်လို့ ကျွန်တော်ကပြောချင်တာ။ အဲဒီတော့ သိန်း ၅၀၀ ကို အကုန်အကျခံရွေးပေးရမယ့် ကိုယ်စားလှယ်တစ်ယောက်သည် တကယ်ထက်မြက်ဖို့ လိုတာပေါ့ ။ တကယ်လုပ်နိုင်ကိုင်နိုင်ဖို့ လိုတယ်။ လုပ်နိုင် ကိုင်နိုင်ဖို့အတွက် သူတို့ကို အချိန်တစ်ခုတော့ ပေးသင့်တာပေါ့။ ဥပမာအားဖြင့် ၂ နှစ်နဲ့စပြီး လုပ်တာဖြစ်တဲ့အတွက် လေ့လာချိန် ခြောက်လ၊ တစ်နှစ်ထားလိုက် တစ်နှစ်ပဲ ကျန်တော့တယ်။ ဒီစီမံကိန်းအောင်မြင်ဖို့ အရမ်းခက်ခဲတာပေါ့နော်။ ရွေးကောက်ပွဲကို လုပ်ပေးချင်လို့ လုပ်ပေးတာမဟုတ်ဘူး။ ရည်ရွယ်ချက်နဲ့လုပ်ပေးတာမဟုတ်ဘူး။ မဖြစ်မနေ မကောင်းတတ်လို့ လုပ်ပေးရတဲ့ အနေအထားမျိုး ရောက်သွားတယ်။

The Voice Journal – ပါတီဝင်တွေ ပါတီပုံရိပ် သုံးပြီး ယှဉ်ပြိုင်ခွင့်ပြုထားတဲ့ ဒီရွေးကောက်ပွဲက တရားမျှတမယ် ထင်လား။

UKL – ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မူလအနှစ်ဥပဒေဖြစ်တဲ့ ၁၉၂၂ ခုနှစ် မြူနီစပယ်အက်ဥပဒေအရပြောမယ်ဆိုရင် ရွေးကောက်တင်မြှောက်ခံခွင့်ရှိတဲ့သူတွေက တူညီတဲ့သော အရည်အချင်းရှိဖို့ လိုအပ်တယ်။ တူညီသောအရည်အချင်းရှိဖို့အတွက်ကြတော့ နိုင်ငံရေးပါတီတွေကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပေးဘူး။ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲဝင်တုန်းကလည်း ရွေးကောက်ပွဲနည်းဥပဒေမှာ နိုင်ငံရေးပါတီဝင်များ မဖြစ်စေရလို့ အတိအကျ ပြဋ္ဌာန်းထားတယ်။ ဒီနေ့ ရွေးကောက်ပွဲနည်းဥပဒေမှာ အဲဒီ စကားရပ်လုံးဝမပါဘူး။ မပါဘဲနဲ့ နိုင်ငံရေးပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်မှုရတယ်ဆိုပြီးတော့ ဒီနေ့ဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တယ်။ လူတစ်ယောက်က သူက ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါကျတော့ဗျာ Logo တက်မယ်။ အခုကြားပြန်တယ်ဗျာ။ ဘာကြားလဲဆိုတော့ သက်ဆိုင်ရာ နိုင်ငံရေးပါတီဝင်တွေကတဲ့ သူတို့ Logo ကိုသုံးစွဲခွင့်ပြုပါတယ်တဲ့။ ခေါင်းဆောင်များ (ပုံရိပ်) လည်း သုံးစွဲခွင့်ပြုပါတယ်တဲ့။ ငွေကြေးတော့ မထောက်ပံ့ပါဘူးတဲ့။ ကျွန်တော်တို့က ပါတီနဲ့ ပြိုင်ဖို့အတွက် လာတာမဟုတ်ဘူး။ ကျွန်တော်တို့က အခုဘာဖြစ်နေလဲဆိုတော့ ကိုယ်စားလှယ်တစ်ဦး တွေ့ရတာပါ။ စိတ်လည်း မကောင်းဘူး။ ရန်ကုန်မြို့မှာ ဗီနိုင်းထောင်ထားတာ အများကြီးပဲ။ ဒီဘက်က ကျွန်တော်တို့ရဲ့ အန်တီဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံကြီးအောက်မှာ လူသုံးယောက်၊ လေးယောက်ပုံကြီးနဲ့ လုပ်ထားတယ်။ ရေးတဲ့ဆောင်ပုဒ်ကလည်း အန်တီရဲ့ ဆောင်ပုဒ်အတိုင်းပဲ။ သူတို့ဝင်ပြိုင်တယ်ပေါ့။ ဟောဒီဘက်ကပုဂ္ဂလိကတစ်ယောက်ထဲပဲ ကျွန်တော်မြင်တာ အဲဒီလူတွေနဲ့ ပြိုင်တယ်လို့ မမြင်တော့ဘူး။ အန်တီနဲ့ ကျွန်တော်တို့နဲ့ ပြိုင်ရသလိုဖြစ်တယ်။ ကျွန်တော်တို့ စိတ်မကောင်းဘူး အဲဒါကတော့။ မဖြစ်သင့်ဘူး။ ကျွန်တော်တို့ ဝင်လုပ်ပေးတယ်ဆိုတာက အစိုးရအဖွဲ့တွေကို ပြည်သူတွေက တစ်တပ်တစ်အားဝင်ကူတာပါ။ ဘယ်လိုမြင်သွားလဲဆိုတော့ ဝင်ယှဉ်ပြိုင်တဲ့သူတွေကို ပါတီဆိုတာ ကိုယ့်ပါတီဖြစ်တဲ့အတွက် ဝင်ပြိုင်တဲ့သူတွေကို မြင်တဲ့အမြင်တွေက မတူတော့ဘူးလေ။ ဒါက မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူးလို့မြင်တယ်။

The Voice Journal – ကိုယ်စားလှယ်လောင်းတွေက စည်းရုံးနေကြတယ်။ လူတွေက ဘာမတွေ့ရဘူးလို့ ပြောနေကြတယ်။ ဘာလဲဆိုတော့ Vision ပေါ့လေ။ ရန်ကုန်မြို့တော်ကြီးကို ဘာဖြစ်စေချင်လဲ။ နောက် ငါးနှစ်နေရင် ဘာဖြစ်စေချင်တယ်။ ဆယ်နှစ်နေရင် ဘာဖြစ်စေချင်တယ်။ ဒီအချက် ပျောက်နေတယ်လို့ ဝေဖန်ကြတာလည်း ရှိနေတယ်။ ဦးခင်လှိုင်အနေနဲ့ ရန်ကုန်မြို့တော်ကြီးကို နောက်ငါးနှစ်၊ ဆယ်နှစ်နေရင် ဘယ်လိုမြင်ချင်လဲ။

UKL – ပထမဆုံးကိုယ့် Vision၊ Mission တွေကို ခဏမေ့လိုက်။ အဲဒီကက ကိုယ့် Vision၊ Mission ဆိုတာထက် ကော်မတီရဲ့ Vision၊ Mission တွေက အဓိကကျတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ မူဝါဒတွေက ဘာတွေလဲ။ သူရဲ့ JICA Plan ဆိုတာ ထွက်လာတယ်။ ၂၀၄၀ Greater Yangon ပေါ့။ ၂၀၁၆ ကနေ ၂၀၄၀ အတွင်းကို ရေးဆွဲထားတယ်။ ဒါက JICA ရဲ့ ရန်ကုန်မြို့ တိုးချဲတဲ့ကိစ္စဖြစ်တဲ့အတွက် ဒါကရဲ့မြေယာတိုးချဲ့တဲ့အစီစဉ်လေးတစ်ရပ် သေးသေးလေးလို့ပြောချင်တယ်။ ရန်ကုန်စည်ပင်ကြီးတစ်ခုလုံးအတွက်ကို ၂၀၁၅ ခုနှစ်ကနေပြီးတော့ ၂၀၁၆ ခုနှစ် မေလ ၁၅ ရက်နေ့အထိ နှစ်နှစ်နဲ့ နှစ်လ တာဝန်ဆောင်ခဲ့တော့ ကျွန်တော်သိသမျှလေးပြောရရင် စည်ပင်ကိုစပြီး ဝင်သွားတော့ စည်ပင်ရဲ့ လုပ်ငန်းတွေသိဖို့ ခြောက်လလောက် Vision၊ Mission အနာဂတ်ကို ဘယ်လိုလုပ်ထားလဲ ရှာရတော့တယ်။ ရန်ကုန်မြို့ကြီးကို ဘယ်လိုတည်ဆောက်ထားတာလဲ။ ဥပမာ – ရေကြီးရေလျှံတယ်။ ဒီတိုင်း အတွင်းထဲကလုပ်ပြီးတော့ ဘယ်မြောင်းလေးကို ဘယ်လိုလုပ်တာလို့၊ ဘယ်မြောင်းကို ဘယ်လိုရှင်းမယ်လို့၊ ဘယ်လိုတွေရေသွယ်မယ်၊ ဘယ်လိုတွေစဉ်းစားမယ်။ အဲဒါကသိပ်မကြာဘူး။ အဓိကကျတာက ရန်ကုန်ဘယ်လိုတည်ထားလဲ။ ကျွန်တော်တို့ တွေ့ရှိချက်အရ လေ့လာမှတ်သားထားတာအရ ပြောမယ်ဆိုရင် ရန်ကုန်ဆိုတာက ပဲခူးမြစ်ရယ်၊ ရန်ကုန်မြစ်ရယ်ဆုံတဲ့နေရာမှာ ရန်ကုန်ကိုတည်ထားတာ။ ရန်ကုန်နဲ့ ပင်လယ်ထွက်ပေါက်က ၂၁ မိုင်ပဲ။ သိပ်ပြီးအရေးကြီးပြီး မဟာ ဗျူဟာကျတဲ့နေရာပဲ။ ဒီနေ့လုပ်တဲ့ အနောက်တောင်စီမံကိန်းဆိုတာ တရုတ် CCCC နဲ့ လုပ်တဲ့ဟာ သိပ်ကိုအရေးကြီးတယ်။ ဘာဖြစ်လို့လဲ ကျွန်တော်တို့ဆီရဲ့ ပထဝီအနေအထားအရလည်း စဉ်းစားရမယ့်နေရာဖြစ်တယ်။ ပဲခူးမြစ်၊ ရန်ကုန်မြစ်၊ လှိုင်မြစ်ဆုံရာ ရှေးယခင်ကတည်းက ရန်ကုန်မြို့ထဲမှာ ချောင်းတွေရှိတယ်။ ချောင်းပေါင်း ၅၁ ချောင်းရှိတယ်။ ကျွန်တော်တို့ မမွေးခင်ကာလတုန်းက ရန်ကုန်မိုးတွေရွာရင် ဒီချောင်းထဲကရေတွေ အကုန်စီးတယ်။ ဘာမှတက်စရာအကြောင်းမရှိဘူး။ ဆိုလိုတာက ချောင်းတွေမပိတ်နဲ့ပေါ့။သူပုံမှန်အတိုင်းဆို ပျက်စရာအကြောင်းမရှိဘူး။ အင်္ဂလိပ်အစိုးရ မြို့တည်တော့ လူလုပ်ရေမြောင်းတွေ လုပ်တယ်။ ရေမြောင်းတွေကလည်း အတွင်းထဲက ချောင်းတွေထဲကို ဝင်တယ်။ ဒီချောင်းတွေကိုဝင်တဲ့ ရေတွေသည် တိုက်ရိုက်စီးတယ်။ ပတ်ခွေပြီးစီးတယ်။ ဒီရန်ကုန်မြို့ကြီး ရေတက်စရာ ဘာအကြောင်းမရှိဘူး။ မသကာ မိုးတွေအရမ်းရွာလို့ မနိုင်လို့ဖြစ်တယ်ဆိုရင်တောင်မှ ကျွန်တော်တို့မှာ အဓိကကျတဲ့ ကန်ကြီး

နှစ်ကန်ရှိတယ်။ ကန်တော်ကြီးရယ်၊ အင်းလျားကန်ရယ်။ မိုးမတရားရွာရင် ဒီကန်ကြီးက ထိန်းထားပေးတဲ့နေရာပဲ။ ရေစီးရေလာကောင်းအောင် လုပ်မယ်လို့ဆိုရင် အဲဒီဟာတွေ သိဖို့လိုတယ်။ အဲဒီလိုအခြေခံပြီးတော့ မြောင်းတွေ ဘာကြောင့် ပိတ်သွားရတာလဲ။ ဘာကြောင့် ရေမဆင်းတာလဲ။ ပြောချင်တာက ရန်ကုန်စည်ပင်မှာ ထုတ်ပြန်ထားတဲ့ ဥပဒေတွေရှိတယ်။ အင်္ဂလိပ်အစိုးရလက်ထက်က မြောင်းတွေ၊ ချောင်းတွေကိုပိတ်ပြီး မဆောက်ရဘူး။ အဲဒီပြဿနာတွေ တက်တယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းကလည်း ဥပဒေပါအတိုင်း မလိုက်နာဘဲနဲ့ မျက်စိပိတ်နားပိတ်တဲ့အတွက် ယနေ့ချောင်းတွေ၊ မြောင်းတွေ ပိတ်နေတယ်။ JICA ဘယ်လောက်ကြီးပဲလုပ်လုပ် လုပ်လို့မရဘူး။ အခု ကျွန်တော်သိတယ်။

The Voice Journal – ကျန်တဲ့ ၂ နှစ်အတွင်း ရန်ကုန်မြို့ရဲ့ ဘယ်အပိုင်းကို အဓိကထားလုပ်မလဲ။

UKL- ရန်ကုန်စည်ပင်လုပ်ငန်းဆိုတာက အပိုင်းနှစ်ပိုင်းရှိတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဝန်ထမ်းတွေထမ်းဆောင်ရမယ့် လုပ်ငန်းရှိတယ်။ ဒုတိယတစ်ခုက ဝန်ထမ်းတွေမလုပ်နိုင်တဲ့ ကော်မတီဝင် ဆောင်ရွက်ချက်တွေရှိတယ်။ သေချာတာတစ်ခုကတော့ ဒီကနေ့ဝင်ပြိုင်ရတယ်ဆိုတာက ဒီနေ့ဝင်ပြိုင် ဒီနေ့လုပ်လို့ရတာမျိုး မဟုတ်ဘူး။ ရှိပြီးသားဥပဒေ၊ နည်းဥပဒေ စည်းမျဉ်းစည်းကမ်းတွေရဲ့အောက်မှာ အလုပ်လုပ်ရမယ့်သူတွေဖြစ်တယ်။ အဲဒီ လုပ်ငန်းတွေကို အကောင်အထည်ဖော်ရမှာဖြစ်တဲ့အတွက် ဒါသိပ်ပြီးတော့ အခက်အခဲမရှိဘူး။ ၂ လမ်းမှာ စည်ပင်လူကြီးတွေမရှိလည်း ပန်းဥယျာဉ်ဌာနက ပန်းတွေစိုက်နေမှာပဲ။ ရေသန့်ဌာနက ရေပိုက်တွေ ပြုလုပ်နေဆဲပဲ။ လမ်းတံတားလုပ်တဲ့သူက လမ်းဖောက်နေဆဲပဲ။ သူ့အလုပ်သူလုပ်တာ။ သန့်ရှင်းရေးဝန်ထမ်း သူ့အလုပ် သူလုပ်။ ကျွန်တော်တို့ရှိမှလည်း မဟုတ်ဘူး။ ကျွန်တော်တို့မရှိမှလည်း မဟုတ်ဘူး။ ကောင်းသော စီမံခန့်ခွဲမှုရှိရင် အကုန်အကျနည်းပြီးတော့ ပိုပြီး ထိရောက်တဲ့လုပ်ငန်းတွေ ဖြစ်လာမယ်။ ခြစားမှုတွေ ပပျောက်သွားမယ်။ စွမ်းဆောင်ရည်ရှိတဲ့ဝန်ထမ်းတွေပေါ်ထွန်းလာမယ်။ ဦးခင်လှိုင်ရောက်ပြီ ရေကြီး ရေလျှံ၊ ဦးခင်လှိုင်ရောက်ပြီ လမ်းကြီးကောင်းသွားမလား။ အဲဒါက ဦးခင်လှိုင်မရောက်လည်း စနစ်ကျရင်၊ သူရဲ့လုပ်ထုံးလုပ်နည်းအတိုင်း အတိအကျအကောင်အထည်ဖော်ရင် ကျွန်တော့တို့မရှိလည်း ရန်ကုန်က ကောင်းနေမှာပဲ။ ကျွန်တော်တို့မရှိလည်း ရန်ကုန်စည်ပင်မှာ အခုရှိနေတဲ့သူတွေက အစိုးရခန့် ငါးဦး လေ။ သူတို့နဲ့တွဲလုပ်နေကြတာပဲ သူတို့ကိုယ်တိုင် သုံးနှစ်အသာစီးရထားပြီလေ။ အစိုးရခန့်သူတို့ရဲ့စီမံခန့်ခွဲမှု လုပ်နေပြီပဲ။ ဘာဖြစ်လို့ ကျွန်တော်တို့ မျှော်လင့်ချက်တွေ ဖြစ်မလာတာလဲ။ အဖြေကတော့ ရှင်းပါတယ်။ ပြည်သူလူတွေပါတဲ့အခါကြတော့ ပိုထိရောက်တဲ့ လုပ်ငန်းတွေ ပိုလုပ်နိုင်မယ်လို့ ကော်မတီဝင်တိုင်း မျှော်လင့်ကြတာပဲ။ အဲဒီဝန်ထမ်းတွေ လုပ်ပိုင်ခွင့်၊ အစိုးရခန့်ကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့်ကို အခြား အခြားသောသူတွေက လွှမ်းမိုးပြီးတော့ ပြင်လို့မရတဲ့ အရာတွေရှိတယ်။ အထပ်မြင့်ကြီး ဆောက်တယ်။ လေးထပ်ပဲခွင့်ပြုတာကို ခြောက်ထပ်ပေးတယ်။ ခြောက်ထပ်ပေးရမှာကို ၁၂ ထပ်ဆောက်တယ်။ ကျဉ်းနေတဲ့လမ်းလေးမှာ ဒီလိုဆောက်လို့မရဘူး။ ဘယ်သူလူကြီး ဘယ်သူရဲ့အစီစဉ်နဲ့ဆိုပြီး ဆောက်လိုက်တာ မြောက်မြားစွာရှိတယ်။ အဲဒီလိုပဲ ပြည်သူပိုင်မြေကို စီမံခန့်ခွဲခွင့်ပေးတယ်။ စည်ပင်ပိုင်မြေကို ပုဂ္ဂလိကပိုင်မြေကို ပေးတယ်။ အဲဒါကို ဘယ်ဝန်ထမ်းက ဝင်ပြောနိုင်လဲ။ ဘယ်ဌာနမှူးက ဝင်ပြောနိုင်လဲ၊ ဘယ်ကော်မတီက ဝင်ပြောရဲမလဲ။ အဲဒီလုပ်ငန်းတွေကျတော့ ဘယ်သူမှဝင်မလုပ်ရဲဘူး။ ကော်မတီဝင်တွေ စွမ်းဆောင်ချက်ကောင်းရင် ဒါတွေ ပြည်သူ့လက်ထဲပြန်ရောက်ရမယ်။ 

 

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *