ရန်ကုန်မြို့လယ်မှ တစ်ဝဂူများ

အိမ်တံခါးဝမှထွက်သည်နှင့် ရှေ့တွင် မည်သည့်အရာကိုမျှ မမြင်ရတော့။ တစ်စတစ်စ အသက်ရှူရန်လည်း ခက်ခဲလာသည်။

သို့သော် နောက်ပြန်လှည့်၍မရ။ မီးခိုးလုံးကြီးများဖြင့် မည်းမှောင်နေသည့် လှေကားကို ကျော်ဖြတ်နိုင်မှ မီးဘေးလွတ်ရာသို့ ရောက်ရှိနိုင်မည်။

ထို့ကြောင့် မီးခိုးလုံးကြီးများကြား အရဲစွန့်ကာ ပြေးထွက်ခဲ့သည်။

သို့သော် မီးခိုးလုံးပင်လယ်ကြားတွင် အသက်ရှူကျပ်ခြင်းဝေဒနာကြောင့် မတ်တတ်ရပ်နိုင်ရန်ပင် မစွမ်းသာ၊ လှေကားထစ်များအတိုင်း အောက်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျလေသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မင်္ဂလာတောင်ညွန့်မြို့နယ် နောင်ရိုးလမ်းနှင့် ၁၂၆ လမ်းထောင့်ရှိ ရှစ်ထပ်တိုက်မှ သုံးလွှာတွင် မီးလောင်သည့်အတွက် မီးလွတ်ရာပြေးရသည့် အကြောင်းကို ဒေါ်အေးအေးဝင်းက ပြန်လည်ပြောပြခြင်း ဖြစ်သည်။

“မီးခိုးတွေနဲ့ ဘာမှမမြင်ရတော့ဘူး။ ဖုန်းမီးထွန်းတော့ ဖုန်းမီးကမတိုးတော့ဘူးလေ။ မီးခိုးငွေ့က အလုံးအလုံးကြီးတွေ။ ငါးလွှာကနေ လေးလွှာထိကို ဘယ်လိုပြုတ်ကျသွားလည်း မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ဒေါ်အေးအေးဝင်းသည် ရှစ်ထပ်တိုက်၏ ငါးလွှာတွင် နေထိုင်သူဖြစ်ပြီး ၎င်းအခန်း၏ အောက်ဘက် သုံးလွှာအိမ်ခန်းတွင် မီးလောင်ခဲ့ခြင်းဖြစ်သည်။

နေအိမ်တွင် တစ်ယောက်တည်း ရှိနေစဉ် အောက်ထပ်အခန်းမှ မီးလောင်မှု ဖြစ်ပွားသည့်အတွက် လှေကားမှ ဆင်းပြေးစဉ် မီးခိုးလုံးများကြောင့် ထွက်ပြေးရင်း လှေကားပေါ်မှ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

မီးဘေးကြုံလျှင် ပြေးရန် အရေးပေါ်လှေကားမရှိသည့် အထပ်မြင့် ကန်ထရိုက်တိုက်တွင် နေထိုင်သူတို့၏ သောကမီးခိုးငွေ့တို့သည် ရန်ကုန်တိုင်းလွှတ်တော်ထိတိုင် ပျံနှံ့ရောက်ရှိလာသည်။

ယင်းမီးလောင်မှုဖြစ်ပွားပြီး ခြောက်ရက်အကြာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ငါးထပ်နှင့်အထက် လူနေတိုက်ခန်းများတွင် မီးဘေးလုံခြုံရေး အရေးပေါ်ဆင်းရန် လှေကားများကို ပြန်လည်စစ်ဆေးပေးရန် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သည်။

ဦးရန်ရှင်းကမူ မီးဘေးနှင့် ကြုံပါက ပြေးစရာမြေမရှိသည့် တိုက်ခန်းနေထိုင်သူတို့ဘ၀ကို လွန်ခဲ့သည့် တစ်နှစ်ကျော်ကပင် တွေးပူခဲ့သူ ဖြစ်သည်။

ထို့ကြောင့်လည်း ခိုင်ခံ့သည့် အရေးပေါ်လှေကားများ တပ်ဆင်ပေးရန် ကြယ်ပွင့်ပြမေးခွန်းကို လွန်ခဲ့သည့်တစ်နှစ် ၂၀၁၈ ခုနှစ်ကတည်းက မေးမြန်းရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် အထိုထိုသော ကြယ်ပွင့်ပြမေးခွန်းတို့ကြား အရေးပေါ်လှေကားမေးခွန်းသည် အရေးပေါ်အခြေအနေ မရောက်ရှိခဲ့ပေ။ ထို့ကြောင့် မေးခွန်းတင်ပြီး တစ်နှစ်အကြာမှ မေးမြန်းခွင့်ရရှိခဲ့သည်။

ထိုအချိန်တစ်နှစ်အတွင်း ရန်ကုန်မြို့တွင် အရေးပေါ်လှေကားမပါသည့် အထပ်မြင့်တိုက်များ မည်မျှတိုးပွားခဲ့ပါသနည်း။

သံလှေကားရာဇဝင်

၁၉၈၀ ဝန်းကျင် အထပ်မြင့် ကန်ထရိုက်တိုက် ခေတ်ဦးလက်ရာဖြစ်သည့် ဟောင်ကောင်တိုက်များတွင် အရေးပေါ်လှေကား မပါပေ။ လူအဝင်အထွက်ပြုလုပ်ရန် တံခါးပေါက်တစ်ခုသာ ပါရှိသည်။

ဟောင်ကောင်တိုက်များသည် တစ်ခန်းလျှင် ထပ်ခိုးပုံစံတစ်ထပ် အပိုပါရှိသည်။ ထို့ကြောင့် ရင်ခွဲပုံစံတည်ဆောက်ထားသည့် လေးထပ်တိုက်တွင်နေထိုင်သည့်မိသားစုမှာ လေးစုခန့်သာရှိသည့်အတွက် ထိုခေတ်ကာလ အခြေအနေအရ အရေးပေါ်လှေကား မပါရှိခြင်းဖြစ်ကြောင်း စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။

ယနေ့ခေတ်တွင်မူ ဟောင်ကောင်တိုက်များရှိ ထပ်ခိုးတစ်လွှာကို အိမ်ခန်းတစ်ခန်းအဖြစ် ရောင်းချခြင်း၊ ပြုပြင်နေထိုင်ခြင်းတို့ကြောင့် ရင်ခွဲပုံစံ လေးထပ်တည်ဆောက်ထားသည့် ဟောင်ကောင်တိုက် အဆောက်အအုံတစ်ခုတွင် အိမ်ခန်း ရှစ်ခန်း၊ မိသားစုရှစ်စုအထိ နေထိုင်မှု သိပ်သည်းလာခဲ့သည်။

ဤသို့ဆိုလျှင် …

မီးဘေးအန္တရာယ်နှင့်ကြုံလျှင် တစ်ခုတည်းသော လှေကားမှသည် မီးတောက်၊ မီးခိုးလုံးများကြား မမြင်မစမ်းအသက်ကို လောင်းကြေးထပ်ကာ စွန့်စားထွက်ပြေးမည်လော။ သို့တည်းမဟုတ် တစ်စတစ်စ နီးကပ်လာသည့် မီးတောက်များကို ရပ်ကြည့်ကာ နေရမည်လော။

သို့တည်းမဟုတ် တိုက်ပေါ်မှ ခုန်ချရမည်လော…။

ထိုအခြေအနေ တစ်ရပ်ဖြစ်ပေါ်လာသည့်အတွက် ၂၀၀၈ ခုနှစ်ခန့် မှစတင်၍ ရန်ကုန်မြို့တွင်း တည်ဆောက်သည့် လေးထပ်နှင့်အထက် လူနေထိုက်ခန်းများတွင် အရေးပေါ်လှေကားတပ်ဆင်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (အဆောက်အအုံ) က အမိန့်ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

ကန်ထရိုက်တာအချို့သည် ကုန်ကျ စရိတ်သက်သာခြင်း၊ နေရာမယူခြင်း၊ တပ်ဆင်ရလွယ်ကူခြင်း စသည့်အားသာချက်တို့ကြောင့် အရေးပေါ်သံလှေကားများ တစ်ခေတ်ဆန်းခဲ့လေသည်။ သံလှေကားသည် ရာသီဥတုဒဏ်နှင့် ပြုပြင်ထိန်းသိမ်းမှုမရှိပါက အရေးပေါ်အခြေအနေတွင် အသုံးတည့်မည်လော။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းကမူ တိုင်းလွှတ်တော်အစည်းအဝေးတွင် ယခုလို ပြောဆိုခဲ့သည်။

“မီးလောင်မှုကြောင့် အန္တရာယ်မဖြစ်ဘဲနဲ့ လှေခါးပေါ်က ပြုတ်ကျလို့အန္တရာယ်ဖြစ်မယ့် အနေထားမျိုးတွေဖြစ်နေတာ တွေ့ရှိရပါတယ်”

ကန်ထရိုက်တာများက စည်ပင်သတ်မှတ်ချက်များနှင့်အညီ သံလှေကားများ ထည့်သွင်းတည်ဆောက်ပေးခဲ့သော်လည်း နေထိုင်သူအချို့က လှေကားကို ဖြုတ်ကာ လှေကားနေရာတွင် ရေအိမ်တည်ဆောက်ခြင်း၊ အဝတ်လှမ်းရန်နေရာ များအဖြစ် ပြောင်းလဲအသုံးပြုခြင်းများရှိကြောင်း ထွန်းဆောက်လုပ်ရေးလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးလားဆယ် (Lar Zar) က ဆိုသည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ကန်ထရိုက်တိုက်များတွင် သံလှေကားများကို အသုံးပြုခဲ့ကြသည်။

ရန်ကုန်မြို့တွင် တစ်နှစ်လျှင် အထပ်မြင့်အဆောက်အအုံ အလုံး ၅၀၀ မှ ၆၀၀ ကြား တည်ဆောက်ခွင့်ပြုလျက်ရှိကြောင်း စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) စာရင်းများအရ သိရှိရသည်။ ထိုစာရင်းများကို အခြေခံတွက်ချက် ရလျှင် အရေးပေါ်သံလှေကားတပ်ဆင်ထားသည့် ကန်ထရိုက်တိုက် အဆောက်အအုံစုစုပေါင်း အလုံး ၂၀၀၀ ဝန်းကျင်ရှိသည်။

ကွန်ကရစ်လှေကား အဆင်ပြေပါ၏လော

ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးကမူ ခိုင်ခံ့မှုမရှိသည့် သံလှေကားနေရာတွင် ကွန်ကရစ်လှေကားများ ပြောင်းလဲအသုံးပြုရန် ၂၀၁၂ ခုနှစ်ကပင် စည်ပင်သာယာရေးကော်မတီက အမိန့်ထုတ်ပြန်ထားပြီးဖြစ်သည်ဟု ဆိုသည်။

“အရေးပေါ်ထက် သံလှေကားရဲ့ပြဿနာက ပိုပြီးတော့ကြီးနေတဲ့အတွက်ကြောင့် ဒါတွေကို ၂၀၁၂ ခုနှစ် နောက်ပိုင်းမှာ ဆောက်လုပ်ရေးအမှုတွဲတွေ ပြန်တင်တဲ့အခါမှာ ဆောက်လုပ်ခွင့်အမှုတွဲတွေမှာ အရေးပေါ် သံလှေကားတွေအစား အာစီနဲ့ ကွန်ကရစ်လှေကားနဲ့ ပြောင်းလဲဆောင်ရွက်စေပြီးတော့ စိစစ်ပြီးတော့ ဆောက်လုပ်စေပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိပျက်စီးယိုယွင်းနေသည့် အရေးပေါ်သံလှေကားများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး က ဆိုသည်။

၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် တည်ဆောက်သည့် အထပ်မြင့်ကန်ထရိုက်တိုက်များတွင် အရေးပေါ်လှေကားကို ကွန်ကရစ်ဖြင့် တည့်သွင်းတည်ဆောက်ထားသည်။ ခိုင်ခံ့မှုစိတ်ချရသော်လည်း နေထိုင်သူ့အချို့ကြောင့် အရေးပေါ်အခြေ အနေတွင် အသုံးပြုရန် အဆင်မပြေဖြစ်နေကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆိုသည်။

နေထိုင်သူအချို့က မိမိနေအိမ် လုံခြုံရေးအကြောင်းပြကာ သံပန်းတံခါး တပ်ဆင်ကာ သော့ခတ်ထားခြင်းနှင့် ပန်းအိုးများ၊ ပစ္စည်းအဟောင်းများဖြင့် ပိတ်ဆို့ထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“ကျွန်တော်အထပ်ကနေ အောက်ထပ်ကို ဆင်းလို့မရဘူး။ ပန်းအိုးတွေနဲ့ ပိတ်ထားလို့” ဟု ကန်ထရိုက်တိုက် ငါးလွှာတွင် နေထိုင်သည့် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဆက်လက်ပြောကြားသည်။

စည်ပင်သာယာအနေနှင့် နောက်ဖေးလှေကားများ ပိတ်ဆို့ထားသူများကို ဥပဒေကြောင်းအရ အရေးယူမည့် အမိန့် ညွှန်ကြားချက်မျိုး ထုတ်ပြန်ရန်နှင့် ခိုင်ခံ့မှု မရှိသည့်သံလှေကားများကို ပြုပြင်ရန် စီမံချက်တစ်ရပ် ချမှတ်လုပ်ဆောင်သင့် ကြောင်း ၎င်းကအကြံပြုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သံလှေကားများ ပြုပြင်ထိန်းသိမ်းရေး ပညာပေးအစီအစဉ်များ စတင်ရန်နှင့် ကွန်ကရစ်လှေကားများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်နေသော်လည်း ယနေ့အချိန်အထိ အရေးပေါ် လှေကားထည့်သွင်း တည်ဆောက်ထားခြင်းမရှိသော အထပ်မြင့်တိုက်များကို ရန်ကုန်မြို့လယ်တွင် တွေ့မြင်နိုင်သေးသည်။

ဒဏ်ကြေးဖြင့် ခွင့်ပြု

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် စည်ပင်အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ ခွင့်ပြုချက်မယူဘဲ တည်ဆောက်သည့်အတွက် တရားစွဲဆိုထားသည့် အမှုပေါင်း ၂၀၀၀ ကျော် ရှိသည်။

NLD အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ၏ တောင်းဆိုချက်ကြောင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက တရားစွဲဆိုထားသည့် အမှုများကို ရပ်တန့်ကာ လျှော့ပေါ့ဒဏ်ကြေးဖြင့် စည်ပင်၏ ခွင့်ပြုချက်ပါမစ်များ ထုတ်ပေးခဲ့သည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မှန်ကန်ပါ၏လော။

ခွင့်ပြုချက်မဲ့ တည်ဆောက်ခြင်းကြောင့် စည်ပင်သို့ ဒဏ်ကြေးသိန်းထောင် ချီကာ ပေးဆောင်ရမည့်အခြေအနေများ ရှိနေသည့်အတွက် စည်ပင်ကို မေတ္တာရပ်ခံခဲ့ခြင်းဖြစ်ကြောင်း လှိုင်မြို့နယ် မဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေးက The Voice Journal သို့ ပြောကြားထားသည်။

YCDC ၏ ခွင့်ပြုချက်၊ စံနှုန်းသတ်မှတ်ချက်များကို လိုက်နာခြင်းမရှိသည့်အတွက် တရားစွဲထားသည့်အမှု ၂၀၀၀ ကျော်ထဲတွင် အရေးပေါ်လှေကား မပါရှိသည့် အထပ်မြင့်ကန်ထရိုက်တာများ ပါရှိလေသည်။

စည်ပင်ခွင့်ပြုချက်မရှိဘဲ တည်ဆောက်သည့် အဆောက်အအုံမှလွဲ၍ ကျန်အဆောက်အအုံတိုင်းတွင် အရေးပေါ်လှေကားမပါရှိလျှင် စည်ပင်ကတည်ဆောက်ခွင့် ပါမစ်ထုတ်မပေးချေ။

“အရေးပေါ်လှေကား ထည့်မဆောက်လို့ကို မရဘူး။ ထည့်ကိုဆောက်ရတာ။ ဒဏ်တွေ ဘာတွေ ဆောင်လို့မရဘူး။ ဥပဒေအရ ထည့်ကိုထည့်ဆောက်ရတာ” ဟု ဦးလားဆယ် (Lar Zar) က ဆိုသည်။

အရေးပေါ်လှေကားများ ထည့်သွင်းတည်ဆောက်ရန် စည်ပင်က လွန်ခဲ့သည့် ၁၅ နှစ်ခန့်မှ စတင်သတ်မှတ်ခဲ့ပြီး သံလှေကားမှသည် နောက်ပိုင်းတွင် ကွန်ကရစ်လှေကားအဖြစ်သို့ ပြောင်းလဲတည်ဆောက် ခိုင်းထားကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အရင်တုန်းကတော့ အတွင်းထဲမှာ သံနဲ့လှေကားလုပ်တယ်။ အခုကျတော့ ကွန်ကရစ်နဲ့ အခိုင်အမာကို လုပ်ရတာ။ အမှန်က မထည့်လို့ကိုမရတာ ဒါကြီးကလေ။ မထည့်တဲ့သူတွေကို ဒဏ်ကြေးတို့ကို မရှိတာ။ စလပ်ကို အပေါ်ဆက်လောင်းလို့ကို မရတာ” မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း (MLCR) အထွေထွေအတွင်းရေးမှူးချုပ်လည်းဖြစ်သည့် ဦးလားဆယ်က ရှင်းပြသည်။

လှိုင်မြို့နယ်ရှိ ငါးထပ်တိုက်တစ်ခုတွင် နေထိုင်သည့် ဒေါ်မျိုးစန္ဒာ၏တိုက်တွင်မူ အရေးပေါ်လှေကားမဆိုထားဘိ။ နောက်ဖေးအပြင်ဘက်သို့ လူထွက်ရန် တံခါးပေါက်ပင် မရှိချေ။

ကန်ထရိုက်တာကမူ ရှိသမျှအခန်းအားလုံး ရောင်းချကာ အခန်းစေ့လူနေထိုင်ပြီဖြစ်သော်လည်း YCDC ၏ အဆောက်အအုံပြီးစီးကြောင်း လက်မှတ် (BCC) မရှိချေ။

အချို့တိုက်များတွင်မူ အဆောက်အအုံတည်ဆောက်စဉ်က သံလှေကားတပ်ဆင်ရန် နေရာဖန်တီးပေးထားသော်လည်း ယနေ့တိုင် လှေကားနထ္ထိ။

ထိုအထဲတွင် အဘွားဒေါ်လှဝင်းတို့ နေထိုင်သည့် ရှစ်ထပ်တိုက်လည်း ပါဝင်သည်။

အဘွားဒေါ်လှဝင်း နေထိုင်သည့် တိုက်သည် ရင်ခွဲပုံစံတည်ဆောက်ထားသည့်အတွက် စုစုပေါင်း ၁၆ ခန်းရှိသည်။ ၂၀၁၀ ဝန်းကျင်တွင် ဆောက်လုပ်ထားသည့်အတွက် သက်တမ်းအားဖြင့် ၁၀ နှစ် မကျော်သေးသည့် တိုက်ဖြစ်သည်။

တစ်မိသားစုလျှင် လူဦးရေ လေးဦးနှုန်းဖြင့်တွက်ချက်ပါက စုစုပေါင်းလူဦးရေ ၆၄ ဦးခန့်နေထိုင်ကြသည့် အဆောက်အအုံဖြစ်သည်။

သို့သော်လည်း ထိုလူ ၆၀ ကျော်အတွက် အတက်အဆင်းပြုလုပ်ရန် လှေကားတစ်ခုသာရှိသည်။ အရေးပေါ်အခြေအနေတစ်ခုကို တည့်သွင်စဉ်းစားခဲ့ ဟန်မတူသည့် ကန်ထရိုက်သည် မီးဖိုခန်းတွင် နောက်ဖေးထွက်ပေါက်ထည့်သွင်း တည်ဆောက်ပေးထားသော်လည်း အရေးပေါ်ဆင်းရန် လှေကားတပ်ဆင်ထားခြင်း မရှိပေ။

“၀ရန်တာ အမြဲထွက်နေကျလေ။ အဲဒီနေ့ကလည်း ၀ရံတာထွက်တော့ မီးနည်းနည်းထွက်နေတယ်။ အမှတ်တမဲ့ပေါ့နော်။ နောက်ကြည့်လိုက်တော့ များလာတယ်။ မဖြစ်တော့ဘူး မီးလောင်နေပြီဆိုပြီးတော့။ ဒါတောင် မဆင်းသေးဘူး။ မီးခိုးတွေက အထဲမှာ များသွားမှ မွှန်ပြီး မြန်မြန်ဆင်းရတာ ကောင်လေးတွေ ဆွဲချကြတာ။ ၀တယ်ဆိုတော့လေ” ဟု အသက် ၇၀ ရှိပြီဖြစ်သော အဘွားဒေါ်လှဝင်းက မီးလောင်သည့်နေ့ကအကြောင်းကို ပြန်လည်ပြောပြသည်။

ဒေါ်အေးအေးဝင်းနှင့်အတူ မိခင်ဖြစ်သူ အဘွားဒေါ်လှဝင်းလည်း အတူတကွနေထိုင်ကြခြင်းဖြစ်ပြီး ၎င်းတို့အိမ်တွင် လသားအရွယ် ကလေးငယ်အပါအဝင် မိသားစုဝင်ကိုးဦး နေထိုင်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အဆိုပါမီးလောင်မှုဖြစ်ပွားစဉ်တွင် အဘွား၏ အိမ်သားများက ကလေးငယ်များကို ပွေ့ချီကာ မီးခိုးကြားက အရဲစွန့်ကာ ဆင်းပြေးနိုင်သော်လည်း အဘွားမှာ ကျန်းမာရေးအခြေအနေကြောင့် ၎င်းတို့နှင့် လိုက်ပါ နိုင်ခြင်းမရှိဘဲ မီးလောင်စဉ် တစ်ဦးတည်း အိမ်တွင် ကျန်ရစ်ခဲ့သည်။

အဘွားကို ဆွေမျိုးများနှင့် ရပ်ကွက်ရှိလူငယ်အချို့က ငါးလွှာအထိတက်ကာ ကယ်ဆယ်ခဲ့ရသည်။

“ကလေးတွအကုန်ချပြီး ပြန်တက်တယ်။ အမေ့ကိုဆွဲခေါ်ဖို့ ကျွန်မကို အပေါ်တက်ခွင့်မပေးကြဘူး။ အမေ့ကို ရအောင်ခေါ်ပေးမယ်ပြောပြီးတားတာ။ ကျွန်မသာ အထဲဝင်သွားလည်း ကျွန်မလည်း သတိလစ်သွားမှာ” ဟု ဒေါ်အေးအေးဝင်းက လှေကားမှ မီးလွတ်ရာ ထွက်ပြေးရသည့်အခြေအနေကို ရှင်းပြသည်။

ကြိုးဆောင်ထားကြသူများ

အထပ်မြင့်တွင် နေထိုင်သူများအဖို့ မီးဘေးနှင့် ကြုံပါက အရေးပေါ်လှေကားမရှိလျှင် မီးလွတ်ရာပြေးနိုင်ရန် မလွယ်ကူချေ။

ထိုအခြေအနေကို ကြိုတင်တွေးတောမိသည့် ဦးကျော်မြင့်တစ်ယောက်မှာမူ လုံးပတ်တစ်လက်မနီးပါးရှိသည့် အဖြူရောင် နိုင်လွန်ကြိုးခွေကို မီးဖိုဆောင်ရှိ နံရံတွင် ချိတ်ဆွဲထားသည်။

“အရေးအကြောင်းဆို မလွယ်ဘူးလေ။ ကြိုးဆောင်ထားတာ ၁၀ နှစ်လောက် ရှိပြီ” ဟု ဦးကျော်မြင့်က ဆိုလေသည်။

အထပ်မြင့်တိုက်တွင် နေထိုင်သူတို့အတွက် အပူဒုက္ခမီးမှာလည်း မသေးပေ။

“ဒီဘက်တွေက သံလှေကားမှ မရှိတာ။ သံလှေကားရှိရင်တောင်မှ စိတ်မချရဘူးလေ။ ပြုတ်ကျနိုင်တယ်။ ကြိုးဆောင်ထားတော့ အဟန့်လေးတော့ဖြစ်တာပေါ့” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ၁၁၉ လမ်း ခုနစ်လွှာတွင် နေထိုင်သည့် ဦးကျော်မြင့်က ဖွင့်ဟသည်။

ကြိုးဆောင်ထားသူက ဦးကျော်မြင့်တစ်ဦးတည်းတော့ မဟုတ်ချေ။ သုံးလွှာတွင်နေထိုင်သည့် ဦးလှထွန်းလည်း ပါဝင်သည်။

မော်တော်ကားဆွဲရာတွင် အသုံးပြုသည့် သံချိတ်နှစ်ဖက်ပါ နှစ်လက်မခန့်ရှိသည့် နိုင်လွန်ကြိုးပြားကို နောက်ဖေးမီးဖိုချောင်ရှိ တံခါးပေါက်တွင် ချိတ်ဆွဲထားသည်။

အရေးပေါ်အခြေအနေတွင် အဆိုပါကြိုးဖြင့် အောက်သို့ဆင်းနိုင်ရန်ဖြစ်သည်။

စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် မြေသည် ရွှေထက်ရှားလာခြင်းနှင့်အတူ အထပ်မြင့်လူနေအိမ်ခန်း ယဉ်ကျေးမှုသည်လည်း တစ်စတစ်စ တိုးတက်လာမည်သာ။

သို့သော် ဂယ်ပေါက်မရှိသည့် တစ်ဝဂူများ တိုးပွားလာမည်ကို မည်သူမျှ လိုလားမည်မဟုတ်ချေ။

ဂယ်ပေါက်မရှိ တစ်ဝဂူကဲ့သို့ ထွက်ပေါက်တစ်ခုသာရှိသောအိမ်တွင် မီးဘေးနှင့် နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ဖူးသည့် ဒေါ်အေးအေးဝင်းက ထိုသို့ဆိုသည်။

“အောက်က အော်တယ်။ အဝတ်ကို ရေဆွတ်ပြီး ခေါင်းကိုဆွတ်ပြီးပြေးပေါ့။ အဲဒီလိုအော်ကြတယ်။ မီးလောင်တဲ့အချိန်မှာ သတိဝီရိယ မရှိတော့ဘူး။ အာရုံလည်း မရှိတော့ပါဘူး”

 

ပို့ပို

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *