ဒေါက်တာအေးမောင်အမှု ရခိုင်ကို ရိုက်ခတ်နိုင်လော

၂၀၁၇ခုနှစ် မေလအတွင်း နေပြည်တော်တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးအပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာအေးမောင်တို့ လက်ဆွဲနှုတ်ဆက်နေစဉ်။

စစ်မီးများပြင်းထန်နေချိန် ရခိုင်တွင် လူထုထောက်ခံမှု အားကောင်းသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်သဖြင့် တင်းမာမှုများ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်နေကြသည်။

စာပေဟောပြောပွဲတွင် ပြောဆိုချက်ကြောင့် ဒေါက်တာအေးမောင်နှင့် စစ်တွေမြို့ခံ ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို စစ်တွေခရိုင်တရားရုံးက ယနေ့ (မတ် ၁၉) ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်ပုန်ကန်မှုပုဒ်မ ၁၂၂ ဖြင့် နှစ် ၂၀ ၊ အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် ပြည်သူများ အကျိုးစီးပွား ပျက်စီးစေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ပြီး ပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေဆိုသဖြင့် အမြင့်ဆုံးထောင်ဒဏ်နှစ်၂၀ ကို ကျခံရမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများပြင်းထန်နေပြီး မတ်လ ၁၈ ရက်နေ့ ညက ပစ်ခတ်မှုတွင် အရပ်သားခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ယင်းသို့ အခြေအနေများ တင်းမာနေချိန်တွင် အချိန်ကိုက်သဖွယ်ဖြစ်လာသည့် အမိန့်ချမှတ်ခြင်းမှာ မည်သို့သက်ရောက်မှုများ ရှိလာနိုင်သနည်း။

အမှုဖြစ်စဉ်

ဒေါက်တာအေးမောင်နှင့် ဝေဟင်အောင် (အမည်ရင်း အောင်ကျော်ဝင်း)တို့သည် ဖမ်းဆီးခံရပြီး တစ်နှစ်ကျော် အကြာတွင် ပြစ်ဒဏ်ချမှတ်ခံရခြင်းဖြစ်ပြီး ရုံးချိန်းပေါင်း ၄၀ ကျော်ရှိခဲ့သည်။

ရသေ့တောင်မြို့တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့က ပြုလုပ်သည့် ‘ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း (၂၃၃) နှစ်ပြည့် ဝမ်းနည်းဖွယ်အခမ်းအနား စာပေဟောပြောပွဲ’ တွင် ဟောပြောချက်နှင့် ပတ်သက်၍ ဒေသအာဏာပိုင်က တရားစွဲဆိုခဲ့ပြီး စစ်တွေခရိုင်တရားရုံးတွင် တရားရင်ဆိုင်ခဲ့ရသည်။

ရခိုင်လူမျိုးကို ဗမာကျွန်အဖြစ်သာ သဘောထားကာ တန်းတူအခွင့်အရေးမပေးသဖြင့် လူထုစည်းရုံးရေး နည်းလမ်း၊ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းတို့ဖြင့် အချုပ်အခြာအာဏာကို ရယူရမည်ဟု စာပေဟောပြောပွဲတွင်– ပြောဆိုသည်ဟု စွပ်စွဲကာ အစိုးရက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဒေါက်တာအေးမောင်ကမူ အစိုးရက အဓိပ္ပါယ်ကောက်ယူမှု လွဲမှားခြင်းသာဖြစ်ပြီး ဗမာကျွန်ဟုလည်း မသုံးနှုန်းခဲ့ကြောင်း ဖမ်းဆီးမခံရခင်က The Voice Journal သို့ ပြောဆိုခဲ့သည်။

“ပါတီနိုင်ငံရေးအရ သွားပါတယ်ဆိုမှ အချုပ်အခြာအာဏာက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ပြဋ္ဌာန်းခွင့်ကို သုံးတာကိုဗျ။ လက်နက်ကိုင်တော်လှန်ရေးနည်းက နိုင်ငံရေးအားဖြင့် သွားတဲ့လမ်းကြောင်းကို မရဘူးလို့ ယုံကြည်လို့ သွားတာကို။ သူတို့လည်း ပန်းတိုင်တစ်ခုရှိမှာပေါ့။ ပန်းတိုင်က တူနေမှာပေါ့။ သဘောက။ သို့သော် ကျွန်တော်တို့ သွားတဲ့နည်းက အနုနည်းပေါ့။ ဆွေးနွေးညှိနှိုင်းမယ်။ ဖွဲ့စည်းပုံအရ မှတ်ပုံတင်ထားတဲ့ ပါတီတစ်ခုသွားတဲ့လမ်းကြောင်း ဒီနည်းနဲ့ သွားဖို့ယုံကြည်လို့ ဒီနည်းနဲ့ သွားတာပေါ့” ဟု ၎င်းက ယင်းအချိန်က ပြောဆိုခဲ့သည်။

သို့သော်လည်း ဒေါက်တာအေးမောင်ကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့၏ ခွင့်ပြုချက်ဖြင့် ဖမ်းဆီးခဲ့သည်။ ဟောပြောချက်များကြောင့် ပုဒ်မ ၁၂၂၊ ပုဒ် ၅၀၅ (ခ) အပြင် တရားအသင်းနှင့်ဆက်နွှယ်မှု ပုဒ်မ ၁၇ (၁) ပုဒ်မ သုံးခုတို့ဖြင့် အမှုဖွင့်ဖမ်းဆီးတရားစွဲဆိုခဲ့သော်လည်း စွဲချက်တင်ရာတွင် ပုဒ်မ ၁၇ (၁) ကို ပယ်ဖျက် ကာ ပုဒ်မနှစ်ခုဖြင့် စွဲချက်တင်ခဲ့သည်။

အမိန့်ချမှတ်သည့် မတ်လ ၁၉ ရက်နေ့တွင် တရားရုံးကို လုံခြုံရေးတင်းကျပ်စွာချထားခဲ့ပြီး ပြည်သူများကိုလည်း တရားရုံးသို့ ဝင်ရောက်ခွင့်ကန့်သတ်ခဲ့သည်။

ဒေါက်တာအေးမောင်က နိုင်ငံရေးနည်း၊ လူထုစည်းရုံးရေးနည်းလမ်းဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအဖြစ် ပုံဖော်ခွင့်ရ မရမှာ အဖြေပေါ်မည်နေ့ဟု ယနေ့အမိန့်မချခင် တရားခွင်သို့ ဝင်ရောက်ချိန် ပြောဆိုခဲ့သည်။

ယင်းအမှုကို အမိန့်ချရာတွင် တည်ဆဲဥပဒေများနှင့် ဆန့်ကျင်ကာ အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်အတွက် အမှုလိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေ ဒေါ်အေးနုစိန်က ပြောဆိုသည်။ ၎င်းသည် ရခိုင်အမျိုးသားပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သည်။

၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းဥပဒေတွင် လူတစ်ယောက်တည်း၏ တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် ပြုလုပ်မှုတစ်ခုတည်းမှာ ဥပဒေအမြောက်အများနှင့် ငြိစွမ်းသော် လည်း တစ်မှုထက်ပိုပြီး စွဲဆိုအပြစ်ပေးခြင်း မပြုရဆိုသည့် ပြဋ္ဌာန်းချက်ကို ဥပမာပေးကာ ၎င်းက ယင်းသို့ ပြောဆိုခြင်းဖြစ်သည်။ အခြေခံဥပဒေ ပုဒ်မ ၄၅၃တွင်လည်း ယင်းသို့သာ ပြဋ္ဌာန်းထားသည်။

“အဲဒါတွေကို ဆန့်ကျင်ပြီးတော့ တစ်နေ့တည်း တစ်ချိန်တည်း တစ်နေရာတည်းမှာ တစ်ယောက်တည်း ပြုလုပ်မှုကို ဥပဒေပုဒ်မ သုံးခုနဲ့ တရားစွဲခဲ့တယ်။ တစ်ခုကို စွဲချက်မတင်ဘဲ လွတ်တယ်။ နှစ်ခုကို သီးခြားစီ အမိန့်ချတာက တည်ဆဲဥပဒေတွေနဲ့ ဆန့်ကျင်တဲ့ အမိန့်ဖြစ်တယ်” ဟု ဒေါ်အေးနုစိန်က ထောက်ပြသည်။

နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေးဆရာများသည် အစိုးရကို လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ရှိသည် ဆိုသည့် စီရင်ထုံးများနှင့်လည်း ဆန့်ကျင်ကာ အမိန့်ချမှတ်သည်ဟုလည်း ၎င်းက ဆိုသည်။

“ဥပဒေတွေကို ဆန့်ကျင်ပြီးတော့ အငြိုးတွေ၊ အာဃာတတွေနဲ့ ပြည်သူတွေ ဆူပူထကြွလာအောင် လုပ်တာ ဖြစ်တယ်။ တရားမမျှတဘူးလို့ ခံစားရရင် ဆူပူထကြွကြမှာပေါ့။ ဥပဒေတွင် မည်သို့ပင် ရှိစေကာမူလို့ မျက်ကွယ်ပြုခံရရင် မကျေမနပ် ခံစားချက်တွေ ဖြစ်ကြမှာပဲ” ဟု ဒေါ်အေးနုစိန်က မှတ်ချက်ပေးသည်။

ထိုက်သင့်သည့် ပြစ်ဒဏ်လော

စာပေဟောပြောပွဲတွင် ဟောပြောချက်ကြောင့် ကြီးလေးသည့်ပြစ်ဒဏ်များ ချမှတ်ခံရခြင်းအပေါ် ရှုမြင်ချက်အမျိုးမျိုးရှိနေသည်။

ဒေါက်တာအေးမောင် ပြစ်ဒဏ်ချမှတ်ခံရခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်း ပြောဆိုသူက NLD ပါတီ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် ဖြစ်သည်။ သို့သော်လည်း အမိန့်ချမှတ်ခြင်းမှာ ဥပဒေ ကြောင်းအရ လုပ်ဆောင်ခြင်းဖြစ်သဖြင့် အထူးပြောဆိုရန် မရှိကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေးမှာ လုပ်ဖော်ကိုင်ဖက်တွေလို့ပဲ ကျွန်တော်က သဘောထားပါတယ်။ အဲဒီဟာအပေါ်မှာတော့ ကျွန်တော်တော့ စိတ်မကောင်းဘူး။ ဒါကိုပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကမူ နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုခြင်းကိုပင် သဘောမကျကြောင်း ပြောဆိုသည်။

“၅၀၅ (ခ) ဆိုရင်တော့ တော်သေးတာပေါ့။ အခုဟာက နိုင်ငံရေးအရ တင်းမာမှုတွေ ပိုမိုပြီးတော့ ဖြစ်စေတယ်” ဟု ၎င်းက ဆိုသည်။ ထောင်ဒဏ် နှစ် ၂၀ချမှတ်လိုက်ခြင်းမှာ မျှတမှုမရှိကြောင်းလည်း ဦးမောင်မောင်စိုးက မှတ်ချက်ပေးသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကလည်း ထောင်ဒဏ် နှစ် ၂၀အထိ ပြစ်ဒဏ်ချမှတ်ရန် လိုအပ်သည်ဟု မယူဆကြောင်း ပြောဆိုသည်။

“အဲဒီလောက် ပြစ်ဒဏ်အများကြီးချလိုက်တာက တရားဥပဒေစိုးမိုးရေးအပိုင်းမှာ၊ တရားဥပဒေစီရင်တဲ့ အပိုင်းတွေမှာ လက္ခဏာအားဖြင့် မကောင်းဘူး။ မှန်မှန်ကန်ကန် တရားစီရင်တယ်လို့တောင် ကျွန်တော်မထင်ဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

စာပေဟောပြောပွဲတွင် ဟောပြောချက်မျာကို နားထောင်ရာတွင်လည်း နိုင်ငံတော်ပုန်ကန်မှုဖြစ်သည်အထိ စွပ်စွဲနိုင်သည့်အခြေအနေ မတွေ့ရကြောင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်အရ ပါတီခေါင်းဆောင်တစ်ဦးက ပြောဆိုသည့် အနေအထားသာတွေ့ရကြောင်း ဦးစိုင်းညွှန့်လွင်က ဆိုသည်။

“လက်နက်ကိုင်ပြီးတော့ နိုင်ငံတော်သစ္စာဖောက်တာတွေ ဘာတွေမှ မဟုတ်ဘဲ။ ပြစ်မှု၊ ပြစ်ဒဏ်ကြီးကတော့ များလွန်းပါတယ်။ မဖြစ်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဒီအတွက်လည်း တိုင်းပြည်အတွက်ရော ရခိုင်ပြည်နယ်အတွက်ရော စိတ်မကောင်းပါဘူး”

အဆိုပါပြစ်ဒဏ်ချမှုကို လုံးဝ လက်မခံနိုင်ကြောင်းပြောဆိုသူက ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောဖြစ်သည်။ ဒေါက်တာ အေးမောင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး လွတ်လပ်စွာပြောဆိုခွင့်ရှိကာ လက်နက်ကိုင်လည်း မဟုတ်ကြောင်း ၎င်းက ဆိုသည်။

ရခိုင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးလည်းဖြစ်သူ ၎င်းကို နိုင်ငံတော်ပုန်ကန်မှုဖြင့် ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခြင်းမှာ ဖိနှိပ်သည့် တရားဥပဒေဟု ပြောဆိုရမည့် အခြေအနေဖြစ်ကြောင်း ဦးဦးလှစောက ဆိုသည်။

“ဒါဟာအင်မတန်စိတ်မကောင်းစရာပေါ့။ တိုင်းပြည်အတွက် ဒါဟာဘယ်လိုမှကောင်းကျိုးလက္ခဏာဆောင်တဲ့ စီရင်ဆုံးဖြတ်ချက် မဟုတ်ဘူး။ ရခိုင်တွေအတွက်လည်း ခံစားရလိမ့်မယ်။ အစိုးရအတွက်လည်း ဒီဟာကြီးအတွက် ဘယ်လိုမှ ဂုဏ်သိက္ခာတက်စရာ အကြောင်းမရှိဘူး” ဟု ၎င်းက မှတ်ချက်ပေးသည်။

ယင်းအမိန့်ချမှတ်မှုမှာ တစ်ပါတီအာဏာရှင်စနစ်လက်ထက်တွင် ကျင့်သုံးသည့် ပုံစံများအတိုင်း ဖြစ်နေသည်ဟုလည်း ဝေဖန်မှုများရှိသည်။

မုံရွာအောင်ရှင်ကမူ စာပေဟောပြောမှုများသည် ခံစားချက်များနှင့် ဟောပြောကြသော်လည်း ကာလဒေသကို ကြည့်ရန်လိုအပ်ကြောင်း ပြောဆိုသည်။

“ဥပမာဆိုပါစို့ဗျာ ဆရာထင်လင်းဦးတို့ ဟောတာတွေ ပြောတာတွေကိုလည်း ဒီလိုပဲ ဘာသာတရားနဲ့ ပတ်သက်လို့ဆိုပြီး ဖမ်းပြီးထောင်ချတာတွေ ရှိလာတာပဲ။ အခုလည်း ဒါမျိုးပဲ ကာလဒေသနဲ့ဆိုင်တယ်လို့ ထင်ပါတယ်” ဟု ၎င်းက သုံးသပ်သည်။

တင်းမာမှု မြင့်နိုင်လား

ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်နေချိန် ရခိုင်လူထုထောက်ခံမှု ရထားသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ ပြစ်ဒဏ်ချခံရသဖြင့် ဆူပူအုံကြွမှုများ မြင့်တက်လာမည်ကို စိုးရိမ်ကြသူများလည်း ရှိသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်ပြီး ရခိုင်ဘုရင်များနန်းစိုက်ခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုဒေသ မြောက်ဦးမြို့နယ်တွင်လည်း စေတီဘုရားများအနီးတွင် ကျည်များ ကျရောက်ခဲ့သည်။ ယင်းအပြင် မတ်လ ၁၈ ရက်နေ့ညက မြောက်ဦးမြို့အနီးတွင် ပစ်ခတ်ကြသဖြင့် အရပ်သား ခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

မတ်လ ၁၉ ရက်နေ့ညက ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူအချို့ကို မြောက်ဦးမြို့နယ် ဆေးရုံတွင် တွေ့ရစဉ်

ယင်းသို့ အထိတ်တလန့်ဖြစ်နေချိန် ရခိုင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာ အေးမောင် အပေါ် နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ်သည်။

“ရခိုင်လူထုနဲ့ ပြည်မအစိုးရကြားမှာ တင်းမာမှုတွေ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ထင်ပါတယ်”

ဦးစိုင်းညွန့်လွင်ကလည်း ရခိုင်လူထုထောက်ခံသည့် နိုင်ငံရေးသမားတစ်ဦးကို ယင်းသို့ ကြီးလေးသည့် ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် လူထုက လက်ခံနိုင်မည့် မဟုတ်ကြောင်း ရှုမြင်သည်။

“လူထုရဲ့ ရင်ထဲမှာတော့ ဘယ်လိုလုပ်ကောင်းနိုင်မလဲ။ တစ်ဖက်မှာတွန်းပြီး ဆွလိုက်သလို ဖြစ်တာပေါ့”

ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ဆူပူအုံကြွမှုများ ပြင်းထန်လာနိုင်ခြေရှိသော်လည်း ယင်းအမိန့်ချမှတ်မှုမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း NLD ပါတီ၏ သတင်းနှင့် ပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင်က သုံးသပ်သည်။

တိုက်ပွဲများ ပြင်းထန်နေချိန် အမိန့်ချမှတ်ခြင်းသည် အချိန်ကိုက်လုပ်ဆောင်ခြင်းဟု မထင်မြင်ကြောင်း ၎င်းက ဆိုသည်။

“ဘယ်နေ့၊ ဘယ်ရက်မှာ အမှုကို အဆုံးသတ်မယ်ဆိုတာကတော့ အစကတည်းက ရှိပြီးသားဖြစ်တယ်လေ။ တိုက်ပွဲဖြစ်တာကတော့ နောက်ပိုင်းမှာ ရုတ်တရက် ဖြစ်ကြတာလေ။ ဒါကြောင့် အချိန်ကိုက်ပြီး လုပ်တယ် လို့တော့ မထင်ဘူး”

မြောက်ဦးတွင် ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်ဒဏ်ရာရပြီး ရှေးဟောင်းသာသနိက အဆောက် အအုံများ အန္တရာယ်ပြုခံရသဖြင့် ဆိုးဆိုးဝါးဝါး အခြေအနေဖြစ်နေချိန် အမိန့်ချခြင်းပါ တစ်ဆက်တည်း ဖြစ်လာခြင်းကို လက်မခံနိုင်ကြောင်း မြောက်ဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက ဆိုသည်။

ယင်းမှာ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လည်း အထောက်အကူ မပြုကြောင်း ၎င်းက ဝေဖန်သည်။ တိုက်ပွဲဖြစ်ရပ် လောလောလတ်လတ်ဖြစ်ထားသည့် မြောက်ဦး ဖြစ်ရပ် နှင့် အမိန့်ချမှတ်ခြင်းများ တစ်ဆက်တစပ်တည်းဖြစ်လာခြင်းအပေါ် ၎င်းက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

“ဒါဟာပြည်ထောင်စုအတွက်လည်း မကောင်းဘူး။ ရခိုင်တွေအတွက်လည်း မကောင်းဘူး။ ဘယ်သူ့အတွက်မှ မကောင်းဘူး”

 

အေအမ်တီ၊ ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *