ရွှေလောကကို လှမ်းမျှော်ကြည့်ခြင်း

ကျွန်တော် ကျောက်မျက်ရတနာအကြောင်း စာမရေးခဲ့တာ အလွန်ကြာပါပြီ။

အနည်းဆုံး ၁၅ နှစ်ခန့်ရှိနေပြီလို့ ထင်မိပါတယ်။

လွန်ခဲ့တဲ့နှစ်လခန့်က The Voice ဂျာနယ်မှာ ‘မာယာများတဲ့ ကျောက်စိမ်း’ လို့ ခေါင်းစဉ်တပ်ပြီး ရတနာအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးလိုက်ပါတယ်။

ဒီဆောင်းပါးဂျာနယ်နဲ့ Facebook ပေါ်မှာ ပါတဲ့နေ့မှစပြီး ရတနာကုန်သည်ဘ၀ကို ကျွန်တော် ချက်ချင်းပြန်ရောက်သွားခဲ့ရပြန်ပါတယ်။

ဟာ … ကျွန်တော့်ဆီ ပို့လာလိုက်တဲ့စာတွေ …။

စာဖတ်သူများထံမှ သူတို့သိချင်ကြသော ကျောက်မျက်ရတနာနှင့် ပတ်သက်တဲ့ မေးခွန်းတွေပါ။ အဓိကမေးကြတဲ့မေးခွန်းတွေက ကျောက်စိမ်းအကြောင်း မဟုတ်ပါဘူးခင်ဗျာ။

ရွှေ …။

ရွှေနဲ့ပတ်သက်တဲ့ စာရှုသူတွေ သိချင်ကြတဲ့ မေးခွန်းတွေပါ။

တကယ်တော့ ကျွန်တော် ရတနာကုန်သည်အလုပ်ကို လုံးဝမလုပ်စားတော့ဘဲ ပစ်ထားခဲ့သည်မှာလည်း ကြာပါပြီ။

အနည်းဆုံး ၁၀ နှစ်ခန့်ရှိပြီလို့ ထင်ပါတယ်။

ရွှေအကြောင်းကို ဘာကြောင့် ဒီနေ့မြန်မာတွေ အလွန်စိတ်ဝင်စားနေကြရပါသလဲ။

စာနယ်ဇင်းတွေမှာ မပြတ်ပါရှိနေတဲ့ ရွှေနှင့်ပတ်သက်တဲ့ သတင်းကြီးတွေကြောင့်ပေါ့ခင်ဗျာ။

မြန်မာနိုင်ငံရဲ့ ဘယ်ဒေသ … ဘယ်နေရာမှာ ရွှေတွင်းအသစ်တွေကို တွေ့ပြန်ပြီတဲ့ …။

ဘယ်ရွှေတွင်း ကုမ္ပဏီပိုင်ရှင်သူဌေးက သူ့အစိုးရကို ပေးဆောင်ရမယ့် ငွေကုဋေပေါင်းများစွာကို မပေးဘူးတဲ့။ တရားစွဲခံရတော့မယ်တဲ့…။ ဘီးလင်းမြို့အနီးက ကားလမ်းမှာ ရေကြီးခဲ့ရတာ ဘီလင်းမြို့ အထက်နားက မြစ်ဘေးမှာ ရွှေတွင်းတွေ အလုအယက်သွားလုပ်နေကြလို့တဲ့ …။ ဒီလိုရွှေနဲ့ပတ်သက်တဲ့ သတင်းမျိုးစုံကတော့ ဒီနေ့ မဖတ်ချင်မှ အဆုံးပါ။

ဒါကြောင့် ဒီနေ့ ကျွန်တော့်ကို ရွှေနှင့်ပတ်သက်ပြီး မေးခွန်းမျိုးစုံ လှမ်းမေးနေကြတာလည်း ဘာမှအထူးအဆန်း မဟုတ်ပါဘူး။

ရယ်ရပါတယ်။

ကျွန်တော်ကိုယ်တိုင်ကလည်း ရွှေနှင့်ပတ်သက်ပြီး ရေးပြီးခဲ့တဲ့ ဆောင်းပါးနဲ့ ဝတ္ထုတိုတွေ အလွန်များနေပါပြီ။

မှတ်မိသလောက် ဆောင်းပါးအပုဒ် နှစ်ဆယ်ကျော်ရှိပါတယ်။

ဝတ္ထုတိုသုံးပုဒ် ရှိပါတယ်။

ရွှေနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေ ကျွန်တော့်မှာ အများကြီး ရှိပါတယ်။

ဘာကြောင့်လဲ။

စစ်ဗိုလ်ဘ၀မှ ရတနာကုန်သည်ဘ၀ကိုဝင်ရတာ မလွယ်ပါဘူးခင်ဗျာ။ အချိန်ယူပြီး သင်ယူရတာတွေ အများကြီးရှိပါတယ်။ ကုန်သည်ကြီးတွေရဲ့ နောက်လိုက်လုပ်ရပါတယ်။ အဲဒီအချိန်မှာ ပုံမှန်ဝင်ငွေရအောင် ဘယ်လိုလုပ်ရမှာလဲ။

“ကိုလှဝင်း … ခင်ဗျား ရွှေအရောင်းအဝယ်လုပ် …။ ရွှေပညာကို စသင် ..။ ရွှေက အမှားနည်းတယ်။ ခင်ဗျားလို ရှုံးမှာသိပ်ကြောက်တဲ့လူမျိုးအတွက် ရွှေအရောင်းအဝယ်လုပ်တာ အကောင်းဆုံးပဲ။

မှန်ပါတယ်။

ဒါကြောင့်လည်း ကျွန်တော် ရတနာကုန်သည်ဘ၀မှာ ပထမဆုံး စလုပ်တဲ့အလုပ်က ရွှေကုန်သည်အလုပ်ပါပဲ။

ဟိုအချိန်က ကျွန်တော့်ရဲ့ ရွှေပညာဆရာတွေက မန္တလေးမြို့ ရွှေဆိုင်တန်းမှ မခင်မမ …။ မိုးကုတ်မြို့မှ ဦးစတီး …။

သူတို့အကြောင်းတွေလည်း ကျွန်တော် ဝတ္ထုရေးခဲ့ပြီးပါပြီ။ ဒီနေ့တော့ သူတို့လည်း မရှိကြတော့ဘူးလို့ ထင်ပါတယ်။

“ဒီကောင် … ဒီခြောက်ပြားတစ်ပဲမြတ်တဲ့ ရွှေရောင်းတဲ့အလုပ်ပဲလုပ်တာ ကောင်းပါတယ်။ မစွန့်စားရဲတဲ့အကောင်ဆိုတော့ ရတနာကုန်သည် ဘယ်တော့မှဖြစ်လာမယ့်အကောင် မဟုတ်ဘူး။”

အညို့ဖခင် ဦးအောင်ဘ ပြောခဲ့ဖူးတဲ့ စကားပါ။

“အစ်ကိုက မော်လမြိုင်သားဆိုတော့ ကုလားအဆက်တွေ …။ အစ်ကို့မျက်နှာပေါက်ကို ကြည့်ပါလား။ ကုလားမျက်နှာပေါက်အစစ် … ကောင်းပါတယ်။ ဒီရွှေရောင်းတဲ့ ချစ်တီးကုလားအလုပ်နဲ့ပဲ ကိုက်ပါတယ်”

အညိုပြောခဲ့ဖူးတဲ့ စကားပါ။
မှန်ပါတယ်။

ကျွန်တော်ကလည်း ရတနာကုန်သည်ဘ၀တစ်လျှောက်လုံးမှာ ရွှေအရောင်းအဝယ်အလုပ်ကို ဘယ်တုန်းကမှ မစွန့်ပစ်ခဲ့ပါဘူး။ တစ်သက်လုံး တွဲဖက်စီးပွားလုပ်ငန်းတစ်ခုအဖြစ် လုပ်ခဲ့ပါတယ်။

ကျွန်တော်နဲ့ ခေတ်ပြိုင် မိုးကုတ်မြို့သား ရတနာကုန်သည်တွေကတော့ ရွှေအရောင်းအဝယ်အလုပ်ကို ဘယ်သူမှ စိတ်မဝင်စားပါဘူး။

ရွှေအရောင်းအဝယ်အပေါ် မြတ်နိုင်တဲ့အမြတ်က ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအတွင်းပဲ ရှိပါတယ်။

ကျောက်မျက်လောကမှာရနိုင်တဲ့ အမြတ်က ပွဲခပဲ ၅ ရာခိုင်နှုန်း ရှိပါတယ်။

သူတို့ ရွှေအရောင်းအဝယ်ကို ဘယ်စိတ်ဝင်စားကြမှာလဲ ခင်ဗျာ။

ဒီနေ့ မြန်မာတွေ ဘာကြောင့် ရွှေလုပ်ငန်းကို စိတ်ဝင်စားနေကြလဲ။

အဓိကအချက်ကတော့ ရွှေတွင်းသတင်းတွေကြောင့်ပါပဲ။

‘ကချင်ပြည်နယ်က ရွှေတွင်းတွေမှာ ကံပေးတဲ့လူဆိုရင် ရွှေတွေကို အတုံးလိုက် အတစ်လိုက်ကို ရနိုင်တယ်တဲ့’ …။

‘မင်းတို့ သူဌေးဖြစ်ချင်ရင် ချင်းတွင်းမြစ်အထက်နားက ရွှေတွင်းတွေမှာ ရွှေသွားတူးကြ။ သဲထဲမှာ ရွှေမှုန်တွေက တစ်ဝက်လောက်ကို ပါနေတယ်တဲ့}

ဒီသတင်းတွေက တစ်ခုမှ မမှန်ပါဘူး။

ကောလာဟလသတင်းတွေပါ။

ရွှေဆိုတာဟာ ကမ္ဘာ့မြေပြင်အနှံ့မှာ ရှိပါတယ်။

ပင်လယ်ရေထဲမှာလည်း ရှိပါတယ်။

ပြဿနာက စီးပွားဖြစ်ရွှေတူးလို့ အမြတ်ရရှိနိုင်တယ် … မရရှိနိုင် ဘူး … ဆိုတဲ့ မေးခွန်းရဲ့အဖြေပါ။

မြန်မာနိုင်ငံရဲ့ မြစ်ကြီး … ချောင်းကြီး … တွေရဲ့ဘေးမှာ ရွှေရှိတယ်… ရွှေတူးလို့ရနိုင်တယ်ဆိုတာကို ဒီနေ့မှသိကြတာ မဟုတ်ပါဘူး။

အင်္ဂလိပ်တွေ အုပ်စိုးတဲ့ခေတ်ကတည်းက လူတိုင်းသိကြပါတယ်။

၁၉၀၀ ပြည့်နှစ်လောက်ကစပြီး ဧရာဝတီမြစ်ဖျားဒေသ … ချင်းတွင်းမြစ်ဖျားဒေသ … နောက် … သံလွင်မြစ်ရဲ့ မြစ်လက်တက်တစ်ခု ဖြစ်တဲ့ နမ္မချောင်းဒေသတွေမှာ ရွှေဖောင် (Gold Dradger) ကြီးတွေနှင့် စနစ်တကျ ရွှေတူးတဲ့အလုပ်ကို အင်္ဂလိပ်တွေ ဦးဆောင်ပြီး လုပ်ခဲ့ ကြဖူးပါတယ်။

ထူးထူးခြားခြား အောင်မြင်မှုတွေ မရရှိခဲ့ပါဘူး။

ရွှေထွက်တဲ့နေရာ … အဲ … ရွှေသိုက်ရှိတဲ့နေရာက နှစ်မျိုးရှိပါတယ်။

ပထမရွှေသိုက်က မူရင်းသိုက် (Primary Deposit) …။ ဒုတိယ ရွှေသိုက်က အနည်ချသိုက် (Placer Deposit)။

မူရင်းသိုက်နေရာက ရွှေတွေ အတုံးအခဲကြီးတွေအဖြစ် ရှိတဲ့နေရာပါ။ ဒါပေမဲ့ … ဒီရွှေရှိတဲ့နေရာက မြေပြင်ရဲ့အပေါ်လွှာမှာ မရှိပါဘူး။ အလွန်နက်တဲ့နေရာတွေမှာပါ။ အချို့ပေပေါင်းသောင်းချီပြီး နက်ကြပါတယ် ခင်ဗျာ။

ဒီမူရင်းသိုက်နေရာမှာ ရွှေရှာဖို့ဆိုတာ လက်တွေ့မလွယ်ပါဘူး။ ငွေရင်းနဲ့ နည်းပညာအများကြီးလိုပါတယ်။ ဥပမာ – တောင်အာဖရိက တိုက်မှ ရွှေတွင်းကြီးတွေပေါ့ခင်ဗျာ။

အနည်ချသိုက်ဆိုတာက မူရင်းသိုက်မှ ရေစားပြီး ရေနဲ့အတူ ရွှေမှုန်တွေမျောပါပြီး နေရာတစ်ခုမှာစုပြီး အနည်ချလို့ ရွှေသိုက်ဖြစ်နေတဲ့နေရာပါ။ ဒီနေ့ မြစ်တွေ၊ ချောင်းတွေဘေးမှာ တူးနေကြတဲ့ ရွှေတွင်းတွေက ဒီအနည်ချသိုက်တွေပါပဲ။

မြေပြင်ပေါ်မှာ အတုံးအခဲအဖြစ် တည်ရှိနေတဲ့ ရွှေစိုင်ရွှေခဲကြီးတွေကို မတွေ့နိုင်ဘူးလား။

တွေ့နိုင်ပါတယ်။ ဒါပေမဲ့ တွေ့နိုင်ဖို့အခွင့်အလမ်းက အလွန်နည်းလှပါတယ်။

ဥပမာ – ၁၈၉၆ ခုနှစ်က ဩစတြေးယားနိုင်ငံ … ဝိတိုရီယပြည်နယ် မှာ ၂၅၂၀ (နှစ်ထောင့်ငါးရာ့နှစ်ဆယ်) အောင်စရှိတဲ့ ရွှေတုံးကြီးကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။ ဒီဝိတိုရိယပြည်နယ်ကို ၁၉၇၀ ပြည့်နှစ်အတွင်းက မြန်မာသတင်းစာအဖွဲ့ရဲ့ ကိုယ်စားလှယ်တစ်ဦးအဖြစ် ကျွန်တော် တစ်ကြိမ်ရောက်ရှိခဲ့ဖူးပါတယ်။ တရုတ်အလုပ်သမားတွေ တူးဖော်သွားတဲ့ ရွှေတွင်းအဟောင်းတွေကို ဒီနေ့အထိ စနစ်တကျ ထိန်းသိမ်းပြသထားပါတယ်။

ရှေးမြန်မာကြီးတွေက ရွှေကိုမွန်မြတ်တဲ့ သတ္တု (ဝါ) ရတနာတစ်မျိုးအဖြစ် သတ်မှတ်ထားကြပါတယ်။

မှန်ပါတယ်။

မြန်မာရှင်ဘုရင်တွေရဲ့ နန်းတွင်းအသုံးအဆောင်အများစုကို ရွှေနဲ့ ပြုလုပ်ထားကြပါတယ်။ ဘုရင်တွေ စာရေးတဲ့အခါ ရွှေပြားပေါ်မှာ ရေးလေ့ရှိပါတယ်။

ဒီနေ့ မြန်မာ့ရတနာလောကမှာ ရွှေသားအစစ် (Pure Gold) ကို အခေါက်ရွှေလို့ ခေါ်ပါတယ်။ ရှေးမြန်မာမင်းတွေခေတ်က ဒီအခေါက် ရွှေကို ပုရပိုက်ရွှေလို့ ခေါ်ပါတယ်။

အခေါက်ရွှေရဲ့ သိပ်သည်းဆမှာ ၁၉ ဒသမ ၃၂ ရှိပါတယ်။ မာဆင့် (Hardness) က ၂ ဒသမ ၈ ရှိပါတယ်။

ဒါကြောင့် ရွှေအစစ်က အလွန်ပျော့ပါတယ်ခင်ဗျာ။

လက်ဝတ်ရတနာပြုလုပ်လို့ မကောင်းပါဘူး။ ကြေး သို့မဟုတ် ငွေဖြင့် ရွှေကိုရောစပ်ပြီးမှ လက်ဝတ်ရတနာပြုလုပ်ရပါတယ်။

မြန်မာတွေ အထည်ပျက်လို့ခေါ်တဲ့ ရွှေတွေဟာ ဒီကြေး သို့မဟုတ် ငွေနဲ့ရောစပ်ထားတဲ့ ရွှေတွေပါပဲ။

ရွှေပန်းထိမ်လောကမှာ ရွှေအစစ်ကို ၁၆ ပဲရွှေလို့ ခေါ်ပါတယ်။ ကြေး သို့မဟုတ် ငွေတစ်ပဲသား ရောစပ်လိုက်လျှင် ၁၅ ပဲရွှေလို့ ခေါ်ပါတယ်။

အင်္ဂလိပ်ခေတ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ ရွှေဒင်္ဂါးတွေဟာ ရွှေ အစစ်မဟုတ်ပါဘူး။

အထည်ပျက်ရွှေပါ။

ရွှေရည် ၁၄ ပဲ ၂ ပြားပဲ ရှိပါတယ်။

ကျွန်တော် ရတနာကုန်သည်ဘ၀က မိုးကုတ်မြို့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ရွှေတောတွေကို မကြာခဏ ရောက်ခဲ့ပါတယ်။
ကျင်ရွှေ သွားဝယ်တာပါ။

တကယ်တော့ ဟိုခေတ်ကတည်းက ရွှေတွင်းလုပ်သားဘ၀ဆိုတာ အလွန်ဆင်းရဲပါတယ်။ အလွန်ပင်ပန်းပါတယ်။ ငှက်ဖျားလည်း သိပ်ပေါတယ်ခင်ဗျာ။ သက်ဆိုး မရှည်ကြပါဘူး။

ဒီနေ့ခေတ်မှာတော့ ရွှေတွင်းအလုပ်သမားတွေရဲ့ဘ၀က ပိုတောင်ဆိုးလာပါသေးတယ်။ မူးယစ်ဆေးဝါးမျိုးစုံက ဒီနေ့မြို့ကြီးတွေပေါ်မှာသာ မဟုတ်တော့ပါဘူး။ ရွှေတောတွေအထိ ရောက်ကုန်ကြပါပြီ။ ရွှေတွင်းပိုင်ရှင်တွေက တွင်း
လုပ်သားတွေရဲ့လုပ်ခကို မူးယစ်ဆေးဝါးနဲ့ရောပြီး ရှင်းတဲ့ပြဿနာ … ဆေးစွဲနေတဲ့ တွင်းသမားတွေရဲ့ပြဿနာ။ နောက်… ငှက်ဖျားရောဂါတစ်ခုတည်း မဟုတ်တော့ပါဘူး။ အေအိုင်ဒီအက်စ် ရောဂါပြဿနာ …၊ တရားဥပဒေစိုးမိုးမှုမရှိတဲ့ပြဿနာ …၊ စိတ်မချမ်းသာ စရာသတင်းအမျိုးမျိုးကို မကြာခဏ ကျွန်တော် ကြားနေရပါတယ်။

နိဂုံးအဖြစ် ကျွန်တော်တင်ပြချင်တာကတော့ စွန့်စားပြီး ရွှေတွင်းအလုပ်တွေကို လုပ်ချင်နေကြသူများ သွားမလုပ်ကြပါနဲ့လို့ …။ 

 

 

ဦးလှဝင်း (လေသူရဲတစ်ဦး)
၁၁-၃-၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *