လာဘ်စားမှုတိုက်ဖျက်ရေး ခေါင်းခဲနေသော ဗီယက်နမ်

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင်ပြုလုပ်သည့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့၏ ဒုတိယမြောက် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလိုတွင် ဗီယက်နမ်ဆက်သွယ်ရေး ဒု-ဝန်ကြီးနှစ်ဦးမှာ ဖမ်းဆီးခံခဲ့ရသည်။

၎င်းတို့နှစ်ဦးကို ပြည်သူ့ငွေအရင်းအနှီးများ အသုံးပြုခြင်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ဒု-ဝန်ကြီး နှစ်ဦးမှာ အစိုးရပိုင် တယ်လီကွန်းကုမ္ပဏီက ပုဂ္ဂလိကပိုင် ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို ဝယ်ယူခဲ့ရာတွင် ခန့်မှန်းတန်ဖိုးထက် လေးဆပိုပေး၍ ဝယ်ယူခဲ့ရာ ဗီယက်နမ်အစိုးရအနေဖြင့် အမေရိကန်ဒေါ်လာ ၃၀၇ သန်း ဆုံးရှုံးသွားခဲ့ရခြင်းကြောင့် ထို့ကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

အလားတူ လွန်ခဲ့သည့်လပိုင်းအတွင်းကလည်း ပြည်ထဲရေး ဒု-ဝန်ကြီး နှစ်ဦး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး တစ်ဦးနှင့် အစိုးရပိုင်ရေနံကော်ပိုရေးရှင်း ဥက္ကဋ္ဌဟောင်းတို့ကိုလည်း အစိုးရပိုင်ပစ္စည်းများကို ပုဂ္ဂလိကကို ရောင်းချရာတွင် အရှုံးပေါ်အောင် ရောင်းချခဲ့မှုဖြင့် တရားရင်ဆိုင်ခဲ့ရသည်။

ဤအမှုများကို ကြည့်ပါက ဆိုဗီယက်အုပ်စုဝင်နိုင်ငံဟောင်းဖြစ်သည့် ဗီယက်နမ်တွင် ဩဇာကြီးသော ပုဂ္ဂလိကကုမ္ပဏီများသည် အတွင်းလူထားရှိ၍ ပြည်သူပိုင်ပစ္စည်းများနှင့် အစိုးရအဖွဲ့အစည်းများကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်ဆိုသည့် အချက်ကို တွေ့ရှိနိုင်သည်။

ဗီယက်နမ်နိုင်ငံမှာ ကွန်မြူနစ်နိုင်ငံအဖြစ်မှ တခါးဖွင့်စီးပွားရေးနိုင်ငံအဖြစ်သို့ ကူးပြောင်းကာစအချိန်က ပုဂ္ဂလိကပိုင်ဆိုင်မှုကို အနည်းငယ်သာခွင့်ပြုခဲ့သော နိုင်ငံဖြစ်သည်။ နောင် နှစ် ၃၀ အကြာတွင် ဗီယက်နမ်မှာ အခြားဖွံ့ဖြိုးဆဲနိုင်ငံများ ကြုံတွေ့ရသည် ကိုယ်ကျိုးရှာထိပ်ပိုင်း အီလစ်များကြောင့် ထိခိုက်မှုများကို မရှောင်နိုင်ဖြစ်လာရတော့သည်။ ဩဇာကြီးသော ပုဂ္ဂလိကကုမ္ပဏီများက အစိုးရ၏မူဝါဒများကို မလျော်မကန်လွှမ်းမိုးသည့် အထောက်အထားများလည်း တွေ့ရသည်။

ဗီယက်နမ်ပြည်သူ့နေ့စဉ် သတင်းစာ၌ ဗီယက်နမ်သမ္မတဟောင်း ကျုတန်ဆန်း (Truong Tan San) က ဆောင်းပါးရေးသားရာတွင် ‘ဗီယက်နမ်တွင် လက်ရှိဖြစ်ပွားနေသော အဂတိလိုက်စားမှုမှာ ဗီယက်နမ်ကွန်မြူနစ်ပါတီ နှစ် ၇၀ သက်တမ်းကာလအတွင်း အဆိုးဝါးဆုံးဖြစ်သည်’ ဟု ရေးသားထားသည်။ ထို့ပြင် အစိုးရမူဝါဒများကို ချိုးဖောက်ရန် အာဏာရှိသူများနှင့် အခွင့်ထူးခံများ ပူးပေါင်းလုပ်ဆောင်ကြသည့်အပြင်၊ ၎င်းတို့စီစဉ်သည့် စီးပွားရေးသဘောတူညီချက်များမှာ လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စုအတွက်သာအကျိုးဖြစ်ထွန်းစေပြီး အစိုးရဘတ်ဂျတ်ငွေကြေးကို အကြီးအကျယ် ထိခိုက်စေသလို နိုင်ငံ့စီးပွားရေးကို ဖျက်လိုဖျက်ဆီးလုပ်နေကြောင်း ဗီယက်နမ်သမ္မတဟောင်း ကျုတန်ဆန်း (Truong Tan San) က ရေးသားခဲ့သည်။

သို့သော် ဗီယက်နမ်၏ ဆိုရှယ်လစ်အစိုးရနှင့် ဈေးကွက်စီးပွားရေး အတွဲအစပ်မှာ အောင်မြင်မှုများစွာရှိပါသည်။ ၂၀၀၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဗီယက်နမ်၏ ဥစ္စာဓနကြွဝမှုမှာ ရာခိုင်နှုန်း ၂၁၀ ရာခိုင်နှုန်းထိ မြင့်တက်လာသည်။ အိမ်၊ ခြံ၊ မြေ အတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် Knight Frank အလိုအရ ဗီယက်နမ်နိုင်ငံသား ၂၀၀ ခန့်မှာ အနည်းဆုံးတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ကြေးရှိသည့် ရင်းနှီးမြှုပ်နှံနိုင်သော အက်ဆက်များကို ပိုင်ဆိုင်လာကြသည်ဟု ဆိုသည်။ ထို့နောက် ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဗီယက်နမ်၏ ဥစ္စာဓနကြွယ်ဝမှုမှာ ရာခိုင်နှုန်း ၃၂၀ ထိရှိလာခဲ့ရာ ဗီယက်နမ်တွင် စူပါသန်းကြွယ်သူဋ္ဌေးလူတန်းစား တိုးပွားနှုန်းမှာ အိန္ဒိယ ( ရာခိုင်နှုန်း ၂၉၀)၊ တရုတ် (ရာခိုင်နှုန်း ၂၈၁) ထက် ပိုမြန်သည်ကို တွေ့ရသည်။ လက်ရှိနှုန်းအတိုင်းသာ ဆက်လက်တိုးတက်နေမည်ဆိုပါက ၂၀၂၆ အတွင်း နောက်ထပ် ၁၇၀ ရာခိုင်နှုန်း လူ ၁၄,၃၀၀ မှ ၃၈,၆၀၀ ထိမှာ သန်းကြွယ်သူဌေးများ ဖြစ်လာကြမည်ဖြစ်သည်။

ယခုကဲ့သို့ အလွန်ထင်ရှားသည့် သူဌေးသူကြွယ်အသစ်များမှာ ဗီယက်နမ်အစိုးရအုပ်ချုပ်ရေးစနစ်၏ အားနည်းချက်များကိုအသုံးချ၍ ကြွယ်ဝချမ်းသာလာကြသူများဖြစ်သည်။ ယင်းကဲ့သို့သော ခရိုနီဝါဒမှာ ပုဂ္ဂလိကပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ မရှိခြင်း၊ အစိုးရဝန်ထမ်းများ၏ ကိုယ်ကျိုးစီးပွားရှာမှုများကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ယင်းသို့ဖြစ်ရာတွင် ထင်ရှားသည့် အကြောင်းရင်းတစ်ခုမှာ အစိုးရဝန်ထမ်းများ၏လစာမှာ အလွန်အမင်း နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။ ဗီယက်နမ်ဝန်ကြီးချုပ်၏ လစာမှာ တစ်လလျှင် အမေရိကန်ဒေါ်လာ ၇၅၀ သာ ရရှိသည်။

ဗီယက်နမ်တွင် ကြုံတွေ့နေရသည့် ခြစားမှုပြဿနာကို ကိုင်တွယ်သည့်အနေဖြင့် ဗီယက်နမ်ကွန်မြူနစ်ပါတီက ယခင်က မရှိခဲ့ဖူးသော လာဘ်စားမှုတိုက်ဖျက်ရေးအစီအမံများ ချမှတ်ခဲ့သည်။ ဗီယက်နမ်နိုင်ငံတွင်းရှိ အသီးသီးသော အကျိုးစီးပွားနှင့်ယှဉ်သောအုပ်စုများကို တိုက်ခိုက်ရာတွင် လူသိရှင်းကြားထုတ်ပြန်ခြင်း၊ အစိုးရက ပြန်လည်သိမ်းယူမှုများကို အကာအကွယ်ပေးခြင်း စသည့်နည်းလမ်းများ လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်အထိ ဗီယက်နမ်အစိုးရက အဆင့်မြင့်အရာရှိများကို တရားစီရင်မှုပြုလုပ်ခဲ့ရာ ပြည်သူလူထု၏ မကျေနပ်မှုများကို သက်သာရာရစေခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ယခင်က စီးပွားရေးဖွံ့ဖြိုးမှုမှာ ကုန်ထုတ်လုပ်ငန်း၊ နည်းပညာနှင့် အခြားသော ထပ်တိုးတန်ဖိုးရှိသည့် ကုန်ထုတ်လုပ်ငန်းများတွင် အခြေခံသည်ထက် အိမ်၊ ခြံ၊ မြေနှင့် စတော့ဈေးကွက် ဈေးကစားမှုကိုသာ အကြီးအကျယ်အခြေခံထားခြင်း ဖြစ်သည်။ ဗီယက်နမ်အနေဖြင့် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းဖြစ်စဉ်တွင် အဆင့်မြှင့်လိုပါက၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုလိုလားပါက နိုင်ငံရေး ပြုလုပ်ပြောင်းလဲမှုများကို နက်နက်ရှိုင်းရှိင်းပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။

လွန်ခဲ့သည့် သုံးနှစ်အတွင်း ဗီယက်နမ် ကွန်မြူနစ်ပါတီ ထိပ်ပိုင်းခေါင်းဆောင်များမှာ ဗီယက်နမ်နိုင်ငံရေးစနစ်တွင် ပို၍ အထိန်းအထေရှိမည့်စနစ်နှင့် ပတ်သက်၍ လူထုဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် တရားစီရင်ရေးကိုသာမက အစိုးရဝန်ထမ်းအရေအတွက် လျော့ချခြင်းနှင့် တာဝန်ထမ်းဆောင်ဆဲ အစိုးရဝန်ထမ်းများကို လစာမြှင့်တင်ပေးရေးအတွက် အစီအမံများ လုပ်ဆောင်ခဲ့သည်။

ဗီယက်နမ်အစိုးရ ဖွံ့ဖြိုးရေးစီမံကိန်းသစ်မှာ စင်ကာပူနှင့် နောဒစ်နိုင်ငံများ (ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဖင်လန်နှင့် အိုက်စလန်) များကို အားကျအတုယူထားဖွယ်ရှိပါသည်။ အစိုးရ၏ ရည်မှန်းချက်မှာ လုပ်အားခသက်သာသော၊ အရင်းကဲ သော၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသော ရင်းနှီးမြှုပ်နှံမှုပုံစံ စီးပွားရေးမှ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနှင့် သာတူညီမျှ ဖွံ့ဖြိုးရေးကိုဖြစ်စေမည့် အဆင့်မြင့်နည်းပညာနှင့် ဝန်ဆောင်မှုကို အခြေခံသော စီးပွားရေးကို ပြောင်းလဲရေးဖြစ်သည်။

ဗီယက်နမ်အစိုးရ၏ ထုတ်ပြန်ချက်များကိုကြည့်ပါက ဆိုးဆိုးဝါးဝါးဖြစ်ပွားနေသည့် ခြစားမှုနှင့် အလျင်အမြန်မြင့်တက်လာသည့် မညီမျှမှုများမှာ ပါတီ၏တရားဝင်မှုကို ခြိမ်းခြောက်နေကြောင်း ပါတီခေါင်းဆောင်များက နားလည်အသိအမှတ် ပြုဖွယ်ရှိသည်။ သို့သော် လက်ရှိပြုလုပ်သည့် အစီအမံများမှာ အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို ဖြစ်စေခြင်း ရှိ မရှိ၊ ခြစားမှုတိုက်ဖျက်ရေးအတွက် ပိုမိုအာမခံချက်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ပုဂ္ဂလိက ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ပိုမိုရှင်းလင်းသော စည်းမျဉ်းစည်းကမ်းများ ဖြစ်လာခြင်း ရှိ၊ မရှိ မှာမူ စောင့်ကြည့်ရပါဦးမည်။ ထို့ပြင် ချမ်းသာသူများအနေဖြင့်လည်း ၎င်း၏ဥစ္စာဓနများကို အကာအကွယ်ပေးရန် အစိုးရအဖွဲ့မှ အတွင်းလူများကို ဆက်လက်မှီခိုစရာ လို၊ မလိုကိုလည်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

အစိုးရတာဝန်ရှိသူများကိစ္စနှင့် ပတ်သက်ပါက ပါတီတွင်း လေလုံးထွားသူများက ကျင့်ဝတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာကို အလေးထားစဉ်းစားကြသည်ကို တွေ့ရသည်။ ဤနေရာတွင် ကိုယ်ကျိုးစီးပွားဆိုသည်မှာ အလွန်ဩဇာ ပြင်းထန်ပြီး ရှောင်လွှဲ၍မရနိုင်သော လူ့သဘော လူ့ဉာဉ်အဖြစ် လက်ခံခြင်းသည်သာ ပိုမိုသင့်လျော်လှပါသည်။ အစိုးရဝန်ထမ်းများအနေဖြင့် ပြည်သူတာဝန်ဆိုသည့် ဝန်ထုပ်ဝန်ပိုးမပါဘဲ ကိုယ့်အလုပ် ကိုယ် ရိုးရိုးသားသား လုပ်ဆောင်ရန်ကိစ္စနှင့် ပတ်သက်ပါက ဗီယက်နမ်ကွန်မြူနစ်ပါတီအနေဖြင့် ပိုမိုပြင်းထန်သော၊ ပိုမိုကျိုးကြောင်းဆီလျော်သော ခြစားမှုစောင့်ကြည့်ရေး ယန္တရားစနစ် တည်ဆောက်နိုင်မည့် အခွင့်အလမ်းကိုမူ လွဲသွားခဲ့ပေသည်။

ဗီယက်နမ်ပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာမှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ရပြီးဖြစ်သော်လည်း လွန်ခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ကျင့်သုံးခဲ့သည့် စီးပွားရေးမိုဒယ်ကိုမူ အပြောင်းအလဲ ပြုလုပ်ရတော့မည်ဖြစ်သည်။ ဗီယက်နမ်နိုင်ငံမှာ လမ်းဆုံလမ်းခွ တစ်ခုကို နောက်တစ်ကြိမ် ရောက်ရှိနေပြီဟုသာ ဆိုချင်ပါတော့သည်။ 

စာညွှန်း။ ။ Vietnam and the fight against corruption

 

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *