သားတို့ သမီးတို့အတွက် ဗုံးသုံးလုံးအမွေ

ကျွန်တော်တို့ခေတ်ရဲ့ ဗုံးသုံးလုံး

စာရေးသူမှာ မကြာခင်အချိန်အတွင်း (၆၇) နှစ်ပြည့်တော့မည် ဖြစ်ပါသည်။ တစ်နည်းဆိုရလျှင် နောက်ဆုံး ‘ဘေဘီဘွန်းမား’ (Baby Boomer) တစ်ဦးဖြစ်သည်။ (ဘေဘီဘွန်းမားဆိုသည်မှာ ကလေးမွေးနှုန်းအမြင့်ဆုံး စစ်ပြီးခါစကာလတွင် မွေးဖွားသူများကိုခေါ်သည်။) ကျွန်တော်တို့ မွေးဖွားချိန်မှာ စစ်အေးတိုက်ပွဲ၏ ကနဦးပိုင်းဖြစ်သည်။ ရုရှားကဗျာဆရာ ‘ယက်ဖ်တူရှင်ကို’ ၏ စကားအတိုင်းဆိုရလျှင် ‘စစ်အေး’ ဆိုသည်မှာ တမင်ဖန်တီးထားသော အယူဝါဒတွေနှင့် ချစ်သူတွေကို ဇွတ်ခွဲဖြစ်ခဲ့သော ‘အမုန်းသမိုင်း’ ကြီးဖြစ်သည်။ ညီအစ်ကိုချင်း စစ်ခင်း ကြရသော ပြည်တွင်းစစ် ‘ချသမိုင်း’ ကြီးနှင့်လည်း ချိန်ခါသင့်တိုက်ဆိုင်နေပြန်သည်။ နောက်ဆုံး စာရေးသူ ဆယ်နှစ်သားအရောက်တွင် ဒီမိုကရေစီနိုင်ငံရေးစနစ်ပါ ပျောက်ကွယ်သွားပြီး စစ်ဘက်အာဏာပိုင်စနစ်အောက် ကျရောက်သွားခဲ့ရသည်။ ကျွန်တော်တို့ခေတ်၏ ဗုံးသုံးလုံး ဆိုပါစို့ …။ စစ်အေး၊ ပြည်တွင်းစစ်နှင့် ဒီမိုကရေစီပျောက်ဆုံးခြင်း …။

သည်လိုနှင့် စာရေးသူ ၃၆ နှစ်အရောက်တွင် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ထွက်လာသည်။ ဤအရေးတော်ပုံကြီးအတွင်း အစဉ်အလာ လက်ဝဲအိုင်ဒီအိုလိုဂျီကိုကျော်၍ လစ်ဘရယ်စိတ်အခံ အားကောင်းသော ခေါင်းဆောင်တစ်ဦးပေါ်လာသည်။ အရေးတော်ပုံ ကြီးအပြီးတွင် အဆိုပါ ခေါင်းဆောင်ဦးဆောင်သော ဥပဒေတွင် နှလုံး ရည်တိုက်ပွဲကို အဓိကအားပြုသည့် နိုင်ငံရေးပါတီတစ်ရပ် ပေါ်လာသည်။ သို့တိုင် ဆိုခဲ့ပါခေါင်းဆောင်နှင့် အဆိုပါပါတီတို့မှာ ၂၂ နှစ်ကြာ အမှောင်ခရီးကို ဖြတ်သန်းပြီးတော့မှ တစ်စုံတစ်ရာ ပျော့ပျောင်းသော ‘အရပ်သားတစ်ပိုင်း’ အစိုးရနှင့် ကြုံရတော့သည်။ ဤအစိုးရခေတ်တွင် ပျောက်ဆုံးသွားသော ဒီမိုကရေစီအခွင့်အရေးအချို့ကို ပြန်ရလိုက်သည်။ အကျိုးဆက်ကား ‘ဒီမိုကရေစီတစ်ပိုင်းစပ်ကြား လူအဖွဲ့အစည်း’။ နှစ်ပေါင်း ၆၀ ကျော်ကြာခဲ့ပြီဖြစ်သော ပြည်တွင်းစစ်ကြီးကို စားပွဲဝိုင်းသို့ ရွှေ့နိုင်ခဲ့သည်။ အကျိုးဆက်ကား ‘တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်’ (NCA)။

သို့ဖြင့် နောက်ထပ်ငါးနှစ်အကြာတွင် ရှစ်လေးလုံးတွင် သန္ဓေတည်ပြီး ရှစ်လေးလုံးက မွေးဖွားပေးလိုက်သော ဆိုခဲ့ပြီးသည့် ခေါင်းဆောင်နှင့် ပါတီတို့ သောင်ပြိုကမ်းပြို အနိုင်ရလိုက်သည်။ ၂၀၁၅ ရွေးကောက်ပွဲ။ အစိုးရသစ်က ‘၂၁ ရာစုပင်လုံ’ အမည်ဖြင့် NCA ကို ဆက်လက်အကောင်အထည်ဖော်သည်။ ‘အမျိုးသားပြန်လည်သင့်မြတ်ရေး’ ကြွေးကြော်သဖြင့် တပ်မတော်ကိုရော၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်ပါ ဦးလှည့်လိုက်သည်။ တစ်သက်တာနီးပါး ပျောက်ဆုံးခဲ့ရသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအသံကို ပြန်ကြားလိုက်ရသည်။ ဤအချိန်တွင် စာရေးသူအသက်မှာ ၆၃ နှစ်ကျော်ခဲ့ပြီဖြစ်သည်။ စာရေးသူအတွက်တော့ အိုမင်းတွင်းဆုံးအရွယ်ရောက်မှ ‘နောက်ဆုံး အိပ်မက်’ မက်ခွင့်ရလိုက်ခြင်းပင်ဖြစ်သည်။ သို့နှင့်တိုင် အစိုးရသက်တမ်း သုံးနှစ်ကျော်ကျော်အကြာတွင် အိပ်မက်မှ အလန့်တကြား နိုးထလိုက်ရသည်။ ယခုအချိန်တွင်သာ စာရေးသူအနေနှင့် ဘ၀ကို နှုတ်ဆက်ရတော့မည်ဆိုလျှင် (အသက်အရွယ်အရရော၊ ကျန်းမာရေးအရပါ ဤအလားအလာမျိုး အချိန်မရွေးဖြစ်သွားနိုင်သည်။) သားတို့ သမီးတို့အတွက် ‘ဗုံးသုံးလုံး’ အမွေထားခဲ့ရတော့မည်ထင်သည်။ သားသမီးတွေအတွက် ကျွန်တော်တို့မျိုးဆက်ရဲ့ အမွေ ‘ဗုံးသုံးလုံး’ …။

ပထမဗုံး

‘စစ်ဘောင်’ ကျယ်လာသော ရခိုင်

ပြောကြစတမ်းဆိုလျှင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ ကာလအတန်ကြာကပင် ရခိုင်ဒေသမှာ ‘လက်နက်ကိုင်လှုပ်ရှားမှု ကင်းစင်နယ်မြေ’ တစ်နည်း ‘အဖြူရောင်နယ်မြေ’ ဖြစ်နေခဲ့ပြီးဖြစ်ပါသည်။ ယနေ့ နာမည်ကြီးနေသော AA သည်ပင် ရခိုင်ပြည်နယ်တွင် ခြေချနိုင်သေးသည်မဟုတ်ပါ။ ဤသို့ဆိုသည်နှင့် ရခိုင်မြေမှာ ‘အေးအေးဆေးဆေး၊ သာသာယာယာ’ ဟု ဆိုနိုင်သည်တော့လည်း မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အခြားဒေသများနည်းတူပင် ‘ကိုယ့်ဒုက္ခနှင့် ကိုယ်’ သာရှိနေခဲ့သည်။ ထို့ထက် ရခိုင်မှာ ဖွံ့ဖြိုးမှုဒုတိယနောက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်ရာ ရခိုင်သားတို့၏ ဘ၀အထွေထွေကို စာနာကြည့်လျှင် အလွယ်နှင့် သိနိုင်ပါသည်။ ဤအချိန်မှာပင် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပလိုက်ရာ ၂၀၀၈ အခြေခံဥပဒေကို ဘဝင်မကျသည့်ကြားမှပင် ရခိုင်နိုင်ငံရေးခေါင်းဆောင်တွေ ‘ရခိုင်အမျိုးသားတိုးတက်ရေးပါတီ’ ကို စုစည်းပြီး ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ အထိုက်အသင့် အောင်မြင်မှုလည်း ရခဲ့ပါသည်။

သို့ဖြင့် ဒေါက်တာအေးမောင် (ယခု နိုင်ငံတော်ပုန်ကန်မှုဖြင့် အရေးယူခံနေရသူ) ဦးဆောင်သော ရခိုင်ခေါင်းဆောင်တွေ လွှတ်တော်ထဲရောက်လာသည်။ ရခိုင်သားတွေအတွက်တော့ ဥပဒေတွင်း နိုင်ငံရေး တစ်နည်း ‘ဒီမိုကရေစီဘောင်’ လမ်းပွင့်သွားသည့် သဘောပင်ဖြစ်သည်။ ဒါကိုပင် ရခိုင်လူငယ်တွေက သတိကြီးကြီးဖြင့် စောင့်ကြည့်နေကြသည်။ သည်လိုနှင့် ၂၀၁၄ အခြေခံဥပဒေပြင်ဆင်ရေးကာလသို့ ရောက်လာသောအခါ အဓိကပါတီကြီးများဖြစ်သော USDP ရော၊ NLD ကပါ တိုင်းရင်းသားတို့၏ ‘ကိုယ်ပိုင်အုပ်ချုပ်ရေး’ (Autonomy) ကို အာမခံချက်ပေးနိုင်မည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့သဘောထားပေးလာကြသည်။ နောက်တစ်နှစ် ၂၀၁၅ တွင် ရွေးကောက်ပွဲကျင်းပပါသည်။ ၁၉၉၀ ရွေးကောက်ပွဲဝင် ‘ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်’ နှင့် ၂၀၁၀ ရွေးကောက်ပွဲဝင် ဆိုခဲ့ပါ ပါတီကို ပူးပေါင်းပြီး ‘ရခိုင်အမျိုးသားပါတီ’ အဖြစ် ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ ပြည်နယ်ခုနစ်ခုတွင် တစ်စုတစ်စည်းတည်းဝင်သည့် တစ်ခုတည်းသော ပါတီဖြစ်ရာ အောင်မြင်မှုလည်း အကြီးအကျယ်ရခဲ့ပါသည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် မဲအများဆုံးရသည့်ပါတီကြီး ဖြစ်လာသည်။

သို့တိုင် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပါတီ NLD က မိမိပါတီဝင် ရခိုင်အမျိုးသားတစ်ဦးကို ဝန်ကြီးချုပ် ခန့်လိုက်သည်။ တည်ဆဲအခြေခံ ဥပဒေပုဒ်မ ၂၆၁ အရ ကျင့်သုံးခြင်းဖြစ်သည်ဟုလည်း ဆိုသည်။ (အမှန်စင်စစ် ပုဒ်မ ၂၆၁ ၏ ပုဒ်မခွဲ (က) မှ (င) အထိ၊ မိမိပါတီမှလူကိုသာ ဝန်ကြီးချုပ်ခန့်ရမည်ဟု မပါပါ) ဤတွင် တစ်ရံမလပ် စောင့်ကြည့်နေသော ရခိုင်လူငယ်များက ‘ဒီမိုကရေစီဘောင်’ ကို အားမကိုးလောက်ဟု ယူဆဆပြီး ‘စစ်ဘောင်’ ကို အားပြုလာကြတော့သည်။ အချိန်တိုအတွင်း AA အံ့ဩလောက်အောင် ကြီးထွားလာသည်မှာ ဤကိစ္စနှင့်ဆိုင်လိမ့်မည်ထင်သည်။ ဤစာရေးနေဆဲမှာပင် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ‘ကရင်နီအမျိုးသား တိုးတက်ရေးပါတီ’ တို့ အစိုးရနှင့်တွေ့မည်ဆိုသောသတင်းကို ကြားရရာ ‘အမြန်ဆုံး တွေ့နိုင်ပါစေ’ ဟု ဆုတောင်းနေရတော့သည်။ စစ်ဘောင်ကို ‘ချုံ့’ နိုင်ဖို့ တွေ့ဆုံဆွေးနွေးရေး ဒီမိုကရေစီဘောင်ကို ‘ချဲ့’ ကြရမည်မဟုတ်ပါလော…။

ဒုတိယဗုံး

ထိလွယ်ရှလွယ် အခြေခံဥပဒေ

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်မှာ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းတွင် တာဝန်ယူထားသည်ဖြစ်ရာ နိုင်ငံတော်ကို ‘ကာကွယ်စောင့်ရှောက်အုပ်ထိန်းသူ’ (Guardian) အဖြစ်တည်ရှိနေသည်ဟု ယူဆရသည်။ ဤသဘောကိုပင် ‘မျိုးစပ်ထားသော အာဏာပိုင်စနစ်’ (Hybridized Authoritarianism) ဟုခေါ်ကြသည်။ သို့တစေ အဆိုပါ ၂၀၀၈ ကြောင့်ပင် တပ်မတော်အနေနှင့် အပြောင်းအလဲကို လက်ခံလာသလို ဒီမိုကရက်တစ်အင်အားစုများအတွက်လည်း ဥပဒေတွင်း နိုင်ငံရေးလမ်းကြောင်းပွင့်လာခြင်းဖြစ်သည်။ သို့နှင့်အမျှ နှစ်ဖက်လုံးအတွက် ‘ထွက်ပေါက်မဟာဗျူဟာ’ (Exit Strategy) ဟု ဆိုနိုင်သည်။ သို့နှင့်တိုင် ဆိုခဲ့ပါ ၂၀၀၈ အတိုင်းဆိုလျှင် ဒီမိုကရေစီအပြောင်းအလဲကို ဆုံးခန်းတိုင်ဆောင်ရွက်ဖို့ မဖြစ်နိုင်သလို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်လည်း အမှန်ပင် အခက်အခဲရှိပါသည်။ သို့အတွက် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးမှာ ‘နိုင်ငံတော် လိုအပ်ချက်’ (State Necessity) ဟု ဆိုနိုင်သည်။

ဤတွင် အရေးကြီးသည်မှာ ‘ဘာတွေကို ဘယ်လိုပြင်ကြမည်နည်း’ ဆိုသည်နှင့် ‘ဘယ်လိုအကျိုးဆက်တွေ ထွက်ပေါ်လာမည်နည်း’ ဆိုသောကိစ္စပင်ဖြစ်သည်။ စာရေးသူအမြင်အရဆိုရလျှင်

၁။ လက်တွေ့ဖြတ်သန်းရင်း အများညီတွေ့ရှိလာသည့် ပြင်စရာအချက်များရှိနိုင်သည်။ ဤပုဒ်မများကို လွှတ်တော်လမ်းကြောင်းမှ ပြင်နိုင်စရာရှိပါသည်။ ပြင်ဖို့အလွယ်ဆုံးအပိုင်းလည်း ဖြစ်နိုင်သည်။
၂။ ဖက်ဒရယ်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ဖြစ်ပါသည်။ တပ်မတော်က သဘောတူထားသည့် အချက်အချို့မှလွဲ၍ အများစုကို ‘၂၁ ရာစု ပင်လုံ’ မှသာ ပြင်နိုင်စရာရှိပါလိမ့်မည်။ ပိုမိုခက်ခဲစွာ ညှိနှိုင်းကြရမည့်အပိုင်း ဖြစ်သည်။
၃။ ဒီမိုကရေစီဆိုင်ရာ ပြဋ္ဌာန်းချက်များဖြစ်ပါသည်။ တပ်မတော်နှင့် အချိန်ယူညှိနှိုင်းပြင်ဆင်နိုင်မှ အဆင်ပြေနိုင်စရာရှိလိမ့်မည်ထင်သည်။ ပြင်ဆင်ဖို့ အခက်အခဲဆုံးအပိုင်းဖြစ်ပါလိမ့်မည်။

အရေးကြီးသည်မှာ အစိုးရ၊ တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်များကြား ညှိနှိုင်းဆွေးနွေးကြဖို့ဖြစ်သည်။ လွှတ်တော်တွင်း ရန်ဖြစ်နေရုံမျှနှင့်တော့ အဖြေမရနိုင်ပါ။ ယခုအခါ လွှတ်တော်နားသွားခဲ့ပြီဖြစ်သော်လည်း လမ်းပေါ်ဆန္ဒပြပွဲများကား ဆက်လက်ဖြစ်ပေါ်နေဆဲ ရှိသည်။

ဤတွင် လေ့လာစောင့်ကြည့်သူများကြား အယူအဆနှစ်ခု ပေါ်လာသည်။ ပထမတစ်ခုက ဖိလစ်ပိုင်လို ‘ပြည်သူ့အာဏာ’ (People Power) လှုပ်ရှားမှုသို့ ဦးတည်သည်မျိုး ဖြစ်နိုင်သည်ဟု အကဲဖြတ် သည်။ အခြေအနေမှာ ၂၀၀၈ အခြေခံဥပဒေ ထွက်ပေါ်စဉ်ကာလနှင့် တူတော့သည်တော့မဟုတ်ပါ။ သို့တိုင် ဥပဒေတွင်း လှုပ်ရှားမှုတွင် ‘အကန့်အသတ်’ မကျိုးပေါက်စေရန် အထူးသတိထားရပါလိမ့်မည်။ ဒုတိယအယူအဆမှာ ‘နိုင်ငံရေးကစားခြင်း’ Political Manipulation) ဟု ဆိုပါသည်။ ရွေးကောက်ပွဲမဲဆွယ်မှုကို အနိုင်-အရှုံးပေါ်သော ကစားပွဲ အတွက် ပြဿနာမရှိသော်လည်း အခြေခံဥပဒေကိစ္စလို (တစ်နည်း) စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးလို အကဲဆတ်လှသော အရေးအခင်း အတွက်မူ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပြောခဲ့သလို ‘သူမနာ၊ ကိုယ်မနာ’ (Win – Win) ဖြစ်ဖို့ လိုပါသည်။

တတိယဗုံး

နိုင်ငံရေး ‘ဆူဆိုက်’ မြစ်ဆုံ

‘မြစ်ဆုံ’ နှင့် ပတ်သက်လျှင် Politically Suicide သဘော ဖြစ်နေပြီဟု ၂၀၁၆ ခုနှစ်ကရေးခဲ့သော ဆောင်းပါးတစ်ပုဒ်တွင် စာရေးသူ သတိပေးဖူးပါသည်။ ယခု အဆိုပါ ‘အန္တရာယ်မြစ်ဆုံ’ ကို အစိုးရအနေနှင့် ပြန်လည်ခွင့်ပြုရတော့မလို ဖြစ်လာသည်။ ပြောရလျှင် မြစ်ဆုံသာမက ‘ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ် စီမံကိန်း’ (BRI) ရော၊ ‘ရန်ကုန်မြို့သစ်စီမံကိန်း’ ပါ တစ်ပြိုင်နက်တည်း စုဆုံကျရောက်လာသည်။ အနောက်အုပ်စုက စီးပွားရေးပိတ်ဆို့ထားသည့်အခြေအနေအောက်တွင် တရုတ်စီမံချက်များကို ငြင်းပယ်လိုက်ပါက အရင်ကလို တံခါးပိတ်ထားရတော့မည့်အနေအထားဖြစ်နေသည်။ လက်ခံလိုက် ပြန်လျှင်လည်း လူထု၏ အမျက်ဒေါသသာမက မြင်ရသော အန္တရာယ်ရော၊ မမြင်သာသော အန္တရာယ်ပါ ရင်ဆိုင်ရဖို့ရှိသည်။ ‘ဘာလုပ်ကြမလဲ’။

အနည်းဆုံး တရုတ်ကုမ္ပဏီများနှင့်ပတ်သက်လျှင် နာမည်ကြီးနေသော အချက်လေးချက်ကိုတော့ ဂရုဓမ္မထားကိုင်တွယ်ဖို့ လိုမည်ထင်သည်။ အလွန်များပြားသော အတိုးနှုန်းနှင့် အကြွေး၊ ‘သဘာဝ ပတ်ဝန်းကျင်’ (EIA) နှင့် ‘လူမှုပတ်ဝန်းကျင်’ (SIA) ကို အလေးမထားသောအကျင့်၊ တစ်ဖက်စောင်းနင်းနိုင်သော အကျိုးအမြတ်ခွဲဝေမှုနှင့် တရုတ်အလုပ်သမားတွေ ခေါ်လာမှုတို့ဖြစ်သည်။ ဤကိစ္စများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး လူထုကို အသိပေးသင့်သည်။ နိုင်ငံရေးအရမူ စာရေးသူကိုယ်တိုင်လည်း မစဉ်းစားတတ်တော့ပါချေ။ နိုင်ငံရေးအရ ကိုယ့်လည်ပင်းကို ကိုယ်တိုင် ကြိုးကွင်းစွပ်သလို ဖြစ်ပါလိမ့်မည်။ ထိုအရာအားလုံးထက် အရေးကြီးသည်မှာ ပညာရှင်များထောက်ပြနေသော သဘာဝပတ်ဝန်းကျင်ကိစ္စ …။

ထင်ရှားသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝါဒီ ‘ရော့ဝပ်ဆန်’ က ‘သဘာဝမိခင်ဆိုသည်မှာ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒတို့သာဖြစ်သည်’ ဟု အဓိပ္ပာယ်ဖွင့်ပြဖူးသည်။ သို့အတွက် သဘာဝပတ်ဝန်းကျင်ကို လိမ်လည်လှည့်ဖျားလို့ မရနိုင်ပါ။ တိုးလျှိုးတောင်းပန်လို့လည်း ရမည်မဟုတ်ပါ။ ဓာတု၊ ရူပနှင့် ဇီဝတို့ သတ်ပုံခေါ်သည့်အတိုင်းသာ တစ်သဝေမတိမ်း တုံ့ပြန်ပေလိမ့်မည်။ ဤတုံ့ပြန်မှုကို သားတို့ သမီးတို့ ရင်စည်းခံကြပေတော့ …။ ဤအတိုင်းသာဖြစ်ခဲ့လျှင် ကျွန်တော်တို့လို ‘ဘေဘီဘွန်းမား’ တွေ ဘယ်လိုမှ အသေဖြောင့်နိုင်မည်မဟုတ်တော့ပါ။ ကျွန်တော်တို့နှင့် အသက်အရွယ်မကွာလှသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်း အလားတူပင်ဖြစ်ပါလိမ့်မည်။

အကယ်၍သာ

ပထမဗုံး (ရခိုင်) ကား ပေါက်ကွဲခဲ့ပြီဖြစ်သည်။ ရှိရင်းစွဲ နိုင်ငံတကာဖိအားတွေ ပိုမိုသည်းသန်ပြင်းထန်လာပေတော့မည်။ ဒုတိယဗုံး (အခြေခံဥပဒေပြင်ဆင်ရေး) မှာ အချိန်မရွေးပေါက်ကွဲနိုင်သည့် အနေအထားဖြစ်သည်။ တတိယဗုံး (မြစ်ဆုံ) ကား ခလုတ်တစ်ချက်အနှိပ်မှားသည်နှင့် ထပေါက်တော့မည့်အခြေအနေဖြစ်သည်။ အကယ်၍သာ လက်ရှိအခြေအနေကို အချိန်မီ မထိန်းနိုင်လျှင် ….။ 

 

ကျော်ဝင်း
၁၈ မတ်လ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *