လူရွှင်တော်တစ်ဦး၏ မှိန်ဖျော့ဆည်းဆာ

ဓာတ်ပုံ - မြတ်(ကလေး)

မန္တလေးမြို့၏ လူစည်ကားရာ မီးပွိုင့်အချို့တွင် အလှူခံနေလေ့ရှိသည့် အသက်  ၇၀ ဝန်းကျင် အဘိုးအိုတစ်ဦးရှိသည်။

အင်္ကျီအဖြူ၊ ပုဆိုးအကွက်ကျားဝတ် ဆင်၍ပုဆိုးအနွမ်းကို ခေါင်းတွင်ပတ်ရင်း ဖြည်းလေးစွာလျှောက်လေ့ရှိသည့် သူ သည် တစ်ချိန်က ဇာတ်ခုံစင်မြင့်များထက်မှနေ၍ လူအများရယ်မောအောင်ဖျော်ဖြေခဲ့ဖူးသည့် လူရွှင်တော်တစ်ဦးဟု မည်သူကမျှ ထင်မည် မဟုတ်။ သူ့အမည်က တိုင်းကျော်။

အိုဇာတာမကောင်းသည့် လူရွှင်တော်ကြီးဦးတိုင်းကျော်သည် အသက်ကြီးရင့်ချိန်တွင် သဒ္ဒါကြေးအလှူခံ၍ စားသောက်ရသည့် ဘ၀ကို ရောက်ရရှာသည်။

တစ်ရက်လျှင် ကျပ်ခုနစ်ထောင်နှင့် တစ်သောင်းကြား အလှူခံငွေရလေ့ရှိပြီး လင်မယားနှစ်ဦးရှိသည့် သူ့မိသားစုအတွက် လောက်ငရုံမျှသာဟု ဆိုသည်။

“မနက်မိုးလင်းရင် အလှူခံထွက်၊ ရတာလေးနဲ့ စား။ အဲလိုနေရတယ်”ဟု ဦးတိုင်းကျော်က တစ်လုံးချင်းပြောပြနေသည်။

မန္တလေးမြောက်ပြင်သားဖြစ်သည့် ဦးတိုင်းကျော်ကို ၁၃၀၇ ခုနှစ်တွင် အဖ ဦးဇော်သိန်း၊ အမိ ဒေါ်သိန်းသိန်းတို့က မွေးဖွားခဲ့သည်။ အဘိုးဖြစ်သူမှာ ရွှေမန်းတင်မောင်ဇာတ်အဖွဲ့မှ လူရွှင်တော်ဦးဖျောက်ဆိတ်ဆိုသူဖြစ်၍ အနုပညာမျိုးရိုးရှိခဲ့သူဟုဆိုရမည် ဖြစ်သည်။

“တို့အဖေကြီးက လူရွှင်တော်ကောင်းတာ မဟုတ်ဘူး။ စောင်းတီးကောင်းတာ။ ရွှေမန်းတင်မောင်က စောင်းလေး ကိုင်ရုံကိုင်ထားတာ၊ စောင်းအစစ်တီးတာက တို့အဖေကြီး”ဟု ဦးတိုင်းကျော်က အဘိုးဖြစ်သူအကြောင်းကို ဂုဏ်ယူစွာဖြင့် ပြောနေသည်။

ငယ်စဉ်ကတည်းက ဇာတ်ခုံ၊ ဇာတ်ကားစသည်များကို ဝါးခြမ်းပြားများဖြင့် ပြုလုပ်ကာ အိမ်နောက်ဖေးမြေကွက်လပ်တွင် ကစားလေ့ရှိခဲ့သည့် ငယ်နာမည် မောင်တူး (ခေါ်) ဦးတိုင်းကျော်သည် အသက် ၁၇ နှစ်အရွယ်တွင် ကားဆွဲ (ပိတ်ကားဆွဲ) ဘ၀ဖြင့် ဇာတ်သဘင်လောကသို့ ရောက်ခဲ့သည်။

ညကြေးအဖြစ် တစ်ညလျှင် ငါးကျပ်ရသည်။ သို့သော် ကားလိပ်ဆွဲမှား၍ အပြဲအရှဖြစ်လျှင် ပြန်လျော်ရသည်က ငါးကျပ်။ ဇာတ်ခုံရှေ့တွင် ကပြတင်ဆက်နေသူများနှင့်အပြိုင် ကားလိပ်ကို အမြန်ဆွဲရသည်များရှိသဖြင့် သေတ္တာထောင့်စွန်းနှင့် မလွတ်လျှင် ဗြိကနဲအသံထွက်၍ ကားလိပ်များက ပြဲသွားတတ်လေသည်။

ရသည့် ညကြေးကို ပြန်လျော်ပေးလိုက်ရသည့် အခါပေါင်းကလည်း မနည်း။ ထိုအခါ သနားတတ်သည့် ဇာတ်ဆရာက လက်ဖက်ရည်ဖိုးအဖြစ် တစ်ကျပ်ငါးမူး ပြန်ပေးတတ်သည်။

ကားဆွဲအဖြစ် လိုက်ပါနေသည့် ဇာတ်ထဲတွင် ညိုညိုစန်းဆိုသည့် မင်းသမီးတစ်ဦးလည်း ပါသည်။ ထိုမင်းသမီး၏ ထန်းရွက်ပုတီးသီချင်းကို လူကြိုက်များသည်။ ဇာတ်ခုံထက်တွင် ထိုသီချင်းကို သီဆိုသည့်အခါ ကားဆွဲများဖြစ်သည့် မောင်တူး (တိုင်းကျော်) နှင့် ငမောင်တို့က ပါးကွက်ကြားကလေးများ၊ လက်ကိုင်ပုဝါလေးများကို ခေါင်းစည်း၍ အသင့်ပြင်ထားရသည်။

“သီချင်းအတိုင်းပဲ။ အဖော်တွေ ပျော်ပျော်ပါးပါးမော်တော်ကားနဲ့ ရယ်ဆိုပြီး လှည့်ရတာ။ ခေါင်းစည်းလေးတွေနဲ့ လက်ကိုင်ပုဝါလေးတွေကို အဲဒီအခန်းပြီးရင် သပ်သပ်ရပ်ရပ်သိမ်းရတယ်။ မသိမ်းထားရင် အငြိမ့်ဆရာက ကြိမ်လုံးနဲ့ရိုက်တာ”ဟု လူရွှင်တော်မဖြစ်သေးမီ ငယ်စဉ် မောင်တူးဘ၀က ကြုံခဲ့ရပုံများကို ရယ်မောရင်းပြောပြသည်။

တိုင်းကျော်ဟူသည့် အမည်ကို ဒုံးပျံတင်ဝင်းဇာတ်တွင် လိုက်သည့်အခါမှ ရရှိခဲ့သည်။ ထိုဇာတ်တွင် ကနေသည့် လူရွှင်တော်ကြီးဦးတိုင်းကျော် (မူလ ဦးတိုင်းကျော်) သည် သေဆုံးသွားသည့်အခါ သူ့နေရာ အစားထိုးဝင်ကရင်း အသက် နှစ်ဆယ်အရွယ်တွင် သူ့အမည်ကိုလည်း တိုင်းကျော်ဟု တွင်ခဲ့သည်။

လူရွှင်တော်သက်တမ်းတစ်လျှောက်တွင် ဇာတ်လောက၌ ရွှေတိုး – တိုင်းကျော်ဟူ၍ အတွဲ၊ အငြိမ့်လောက၌ တိုင်းကျော် –  အောင်သိုက်ဟူသည့် အတွဲတို့ဖြင့် ဇာတ်ခုံထက်တွင် ကပြအသုံးတော်ခံခဲ့သည်။

ကောလင်း – ဝန်းသိုဘက်တွင် ကပြရင်း ဖူးစာဖက်နှင့် ဆုံတွေ့ခဲ့သည်။ နေအိမ်မှ ထွက်ပြေးလာပြီး သူတို့ဇာတ်အဖွဲ့ရှိရာသို့ ရောက်လာသည့် ကလေးမလေးတစ်ဦးကို သနားပြီး သူ့အိပ်ရာတွင် အိပ်စေခဲ့သည်။ ဇာတ်ကသည်မှာ ငါးညဖြစ်၍ တစ်ရက်လည်း မပြန်၊ နှစ်ရက်လည်း မပြန်ဖြစ်ကာ နောက်ဆုံးတွင် ကလေးမလေးကို နင့်အိမ် ငါလိုက်ခဲ့မယ်ဟု ပြောလိုက်ရတော့သည်။

“သူ့အစ်ကို အရက်သမားကို ကြောက်လို့ ထွက်ပြေးရင်း တွေ့တာပေါ့။ သူက အသက် ၂၅ နှစ် ရှိပြီဆိုပေမယ့် ကလေးလေးအတိုင်းပဲ အရပ်က။ ဒါနဲ့ သူ့အိမ်ကို သွားပြီးပြောရတယ်။ မှတ်ပုံတင် ယူကြည့်ရတယ်”ဟု ဦးတိုင်းကျော်က ပြောပြသည်။

အိမ်ထောင်ဖက်ဖြစ်သူ ဒေါ်ဆွေဆွေမြင့်မှာ အတိတ်ကံကြောင့် ဉာဏ်ရည်နိမ့်ပါးသူ ဖြစ်ခဲ့သည်။ သို့သော်လည်း တစ်ဦးနှင့်တစ်ဦး မေတ္တာမျှမိကြသဖြင့် လက်တွဲကာ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြသည်။ ထိုအချိန်တွင် သူ့အသက်က ၄၀ ခန့်ရှိပြီ ဖြစ်သည်။

“သူက စိတ်မချမ်းသာတဲ့အခါမျိုးဆို ဖောက်တတ်တယ်။ ကျန်တဲ့အချိန်တော့ လူကောင်းအတိုင်းပါပဲ”ဟု ဇနီးလိုတစ်မျိုး၊ သမီးလို တစ်ဖုံ ချစ်မြတ်နိုးရသည့် အိမ်ထောင်ဖက်၏ အခြေအနေကို ပြောသည်။

ဓာတ်ပုံ – လတ်မျိုးဆွေ

အိမ်ထောင်ကျပြီးနောက် အမရပူရမြို့ အိုးတော်တိုက်နယ်အမှိုက်စုရပ်တွင် နေထိုင်သည်။ အိမ်ထောင်ဖက်၏ မိဘများပိုင်ဆိုင်သည့် မြေကွက်ပေါ်တွင် နေအိမ်ဆောက်ကာနေရခြင်း ဖြစ်သည်။ ဒေါ်ဆွေဆွေမြင့်ကို အမှိုက်စုရပ်ကွက်နေသူတို့က ချစ်စနိုးဖြင့် အပျိုကြီးဟု ခေါ်တတ်ကြသည်။

ဤသို့ဖြင့် လာငှားသည့်သူရှိသည့်အချိန် အငြိမ့်ကသည်၊ ဇာတ်ကသည်။ သို့သော် ခေတ်အကူးအပြောင်းတွင် ယခင်ကလို အလုပ်မကောင်းတော့။ အသက်အရွယ်ရလာသည်ကလည်း ပါသည်။ ထို့ကြောင့် လူရွှင်တော်လုပ်ရင်း တစ်ဖက်က ပလတ်စတစ်ကောက်သည့် အလုပ်ကို လုပ်ခဲ့ရသေးသည်။

“လာခေါ်ရင် လိုက်သွားပြီး ကတယ်။ မရှိရင်တော့ ရေသန့်ဘူး၊ ပလတ်စတစ်လိုက်ကောက်တယ်ပေါ့”ဟု ဝမ်းရေးဖြေရှင်းခဲ့ရပုံများကို ဦးတိုင်းကျော်က ပြောပြသည်။

ချစ်ခင်နှစ်သက်သဖြင့် ယူထားသည့် ဇနီးဖြစ်သူသည် အများသူငါလိုသာမန်အမျိုးသမီးမဟုတ်ဘဲ အနုစားစိတ်ဝေဒနာကို ခံစားနေရသူဖြစ်နေခြင်းက လုပ်ငန်းကိုပါ ထိခိုက်ခဲ့သည်။ ဦးတိုင်းကျော်ကို အလုပ်ခေါ်လိုသော်လည်း ဇနီးဖြစ်သူ ပါလာမည်ကိုတော့ မနှစ်မြို့ကြ။

ဇနီးဖြစ်သူ၏ အခြေအနေမှာလည်း ပစ်ပစ်ခါခါထား၍ မရ။ မိဘများလည်း ရှိတော့သည်မဟုတ်သဖြင့် သူသာ မိဘသဖွယ် ပြုစုနေရသည်။ ကိုယ်မစားရလျှင် နေပါစေ၊ ဇနီးဖြစ်သူကိုတော့ စိတ်ချမ်းသာအောင် ထားချင်သည်။ ထို့ကြောင့် ဇနီးကို မနှစ်မြို့သူများနှင့် အလုပ်တွဲလုပ်ရန် အဆင်မပြေတော့ပေ။ ထို့ကြောင့် ဝင်ငွေရရန် ပလတ်စတစ်ကောက်သည့် အလုပ်ကို လုပ်ခဲ့ရကြောင်း ဦးတိုင်းကျော်က ပြောပြသည်။

အသက်အရွယ်လည်းရလာပြီဖြစ်၍ ပလတ်စတစ်ကောက်သည့် အလုပ်ကို မလုပ်ကိုင်နိုင်တော့သည့် အချိန်၊ လွန်ခဲ့သည့် လေးနှစ်ခန့်မှစ၍ အလှူခံစားရန် ဆုံးဖြတ်ခဲ့သည်။

“ဖြစ်လာတဲ့အကြောင်းကတော့ တို့ကို လူမသုံးတော့တာပေါ့။ ဇာတ်တွေကလည်း ပေါနေတာ။ သူတို့ လိုအပ်တဲ့အခါမှ လာခေါ်မယ်။ အခုဇာတ်ဆရာတွေကလည်း တို့ကို ထည့်မတွက်တော့ဘူး”ဟု အလှူခံစားရသည့်ဘ၀သို့ ရောက်စေသည့်  အကြောင်းတစ်ခုကို ဦးတိုင်းကျော်က ပြောသည်။

နောက်ထပ်တွန်းအားပေးနေသည့်  အကြောင်းတစ်ခုမှာ သူ၏မကျေနပ်စိတ်ကြောင့်လည်း ပါသည်။ မန္တလေးရှိ အငြိမ့်အချို့သည် ပွဲကရင်းဖြင့် သက်ကြီးသဘင်ပညာရှင်များကို ကန်တော့ရန်ဟုဆိုကာ အလှူခံမှုများရှိပြီး ယင်းအလှူငွေများဖြင့် သက်ကြီးပူဇော်ပွဲလုပ်သည့်အခါ ဦးတိုင်းကျော်တို့လို သက်ကြီးသဘင်သည်များကို အသိအမှတ်မပြုသောကြောင့်ဟု ရှင်းပြသည်။

“သူတို့က သက်ကြီးပူဇော်ပွဲ မဟုတ်ဘူး။ နာမည်ကြီးပူဇော်ပွဲ ဖြစ်သွားတာ။ ငါတို့ကျတော့ မပါစေချင်တော့ ပုံစံ ၁၀ (အိမ်ထောင်စုစာရင်း) ပါမှတို့၊ ခင်ဗျားက ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတာမျိုးတွေ။ အလှူခံစားလို့ဆိုတာမျိုးတွေ။ အလှူခံစားလည်း မကူညီရဘူးလို့ ဘယ်သူက ဆုံးဖြတ်ထားတာလဲ”ဟု ဦးတိုင်းကျော်က ရင်ဖွင့်သည်။

သက်ကြီးသဘင်သည်များကို အသက် ၇၅ နှစ်ပြည့်လျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန်တော့လေ့ရှိပြီး မန္တလေးတိုင်းတွင်မူ အသက် ၆၅ နှစ်ပြည့်ပြီးလျှင် အသိအမှတ်ပြုကန်တော့လေ့ရှိသည်။

မန္တလေးမြို့ပေါ်တွင် အလှူခံစားသောက်ရင်း စည်ပင်သာယာ၏ တောင်းစားသူ ပပျောက်ရေးစီမံချက်အောက်တွင် ဦးတိုင်းကျော်တစ်ယောက် မကြာခဏအဖမ်းခံရသည်လည်း ရှိသည်။ ထိုသို့ အဖမ်းခံရချိန်တွင် အမှန်တကယ် ဆင်းရဲနွမ်းပါးသဖြင့် တောင်းရမ်းစားသောက်ရခြင်းဖြစ်ကြောင်း ရှင်းပြပြီး သဘင်အစည်းအရုံးဝင်ကတ်ပြားကို ထုတ်ပြသည်။ အချို့တောင်းရမ်းသူများလို လုပ်ဇာတ်မဟုတ်ကြောင်း သက်သေပြသည့် အနေနှင့် ဖြစ်သည်။

ဖမ်းဆီးခံရပြီး လူမှုဝန်ထမ်းရုံးကို ပို့သည်။ အဆိုပါရုံးမှ တာဝန်ရှိသူများက တောင်းရမ်းစားသောက်ခြင်းမပြုရန် ပြောဆို၍ ငွေအချို့ပေးပြီး ပြန်လွှတ်လိုက်သည်။ သို့သော် ၎င်းတို့ ပေးသည့် ငွေသည် တစ်ရက်စာပင်ဖြစ်သည်။ ထို့ကြောင့် နောက်တစ်နေ့တွင် လမ်းပေါ်ပြန်ထွက်ရပြန်သည်။ ထိုအခါထပ် အဖမ်းခံရသည်။

ထိုတစ်ကြိမ်တွင်တော့ အမှတ်(၃) ရဲစခန်းသို့ အပို့ခံရသည်။ အချုပ်ထဲတွင် တစ်ညအိပ်ရပြီးနောက် တစ်နေ့တွင် တရားရုံးတင်ပို့ခံရသည်။ အပြစ်ရှိသဖြင့် ဒဏ်ငွေကျပ်ငါးဆယ် ဆောင်ခိုင်းသည်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းဒဏ်ငွေကို ပေးဆောင်ပေးပြီး ပြန်လွှတ်လိုက်သည်။ တရားရုံးမှ အထွက်အလှူခံရန်လည်း မဖြစ်သဖြင့် အိမ်သို့သာ ပြန်ခဲ့ရသည်။

“အဲတော့ နောက်နေ့ ကျွန်တော်ဘာသွားစားမလဲ။ ကျွန်တော်အချုပ်ထဲ ရောက်သွားတော့ ဒီကလေး (ဇနီးဖြစ်သူကို ညွှန်ပြရင်း) ထမင်းနှစ်ရက်လောက် ငတ်သွားတယ်။ သူတို့က မြားကတော့ တစ်ချောင်းထဲ။ ပစ်တာ ကျွန်တော့် ပစ်လိုက်တာ။ မှန်တာ နှစ်ကောင်”ဟု ဦးတိုင်းကျော်က ပြန်ပြောင်းပြောပြသည်။

ထို့ကြောင့် နောက်တစ်နေ့တွင် အလှူခံ၊ တောင်းရမ်းရန်အတွက် ထွက်ရပြန်သည်။ နောက်တစ်နေ့တွင်လည်း ဆက်ထွက်ရသည်။ ဆက်တိုက်ကို ထွက်ရသည်။ မထွက်လျှင် စားစရာမရှိ။

“သူတို့ကို မခန့်လေးစားလို့ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်တွေးတယ်။ မင်းအငတ်ခံမလား၊ အဖမ်းခံမလားဆိုပြီး” ဟုဆိုသည်။

တစ်နေကုန်အလှူခံမှ ကျပ်ခုနစ်ထောင်လောက်သာ ရသည်။ စည်ပင်က မဖမ်းလို၍ နှင်လွှတ်လိုက်လျှင် အိမ်သို့ ကျပ်သုံးထောင်လောက်ဖြင့် ပြန်ရတတ် သည်။ ထိုအခါ ဆန်ပြုတ်ပြုတ်သောက်ရတော့သည်။

အချို့က အိမ်ပိုင်ဝင်းပိုင်ဖြင့် နေထိုင်နိုင်သော်လည်း တောင်းရမ်းစားသောက်သည်ဟု ပြောဆိုမှုများကို ဦးတိုင်းကျော်ပြန်ကြားရသည်။ သူ နေထိုင်သည့် အိမ်သည် သူဆောက်လုပ်ထားသည်မှန်သော်လည်း ခနော်ခနဲ့သာဖြစ်သည်။ အိမ်သာပင် မရှိ။

ခြံဝင်းမှာလည်း ယောက္ခမဖြစ်သူ ပိုင်ဆိုင်ပြီး ဆုံးပါးသွားသည့်အခါ ဇနီးဖြစ် သူတို့ညီအစ်မနှစ်ဦးပိုင် ဖြစ်ခဲ့သည်။ သို့သော် ဇနီးဖြစ်သူ၏ အစ်မနှင့် အဆက်အသွယ်မရသဖြင့် ဦးတိုင်းကျော်တို့ ဇနီးမောင်နှံသက်တမ်းကုန်သည်အထိ နေထိုင်နိုင်မည် ဖြစ်သော်လည်း ပိုင်ဆိုင်မှုကို တိတိပပမပြနိုင်ပေ။ နေအိမ်ဝင်းကို အနီးရှိအိမ်များမှ ကျူးကျော်လာခြင်းများရှိသဖြင့် ဆွေမျိုးနီးစပ်သူတစ်ဦးက ခြံဝင်းအတွင်းဂိုထောင်သဖွယ် အိမ်တစ်လုံးဆောက်လုပ်ထားပြီး တစ်လလျှင် ကျပ်တစ်သောင်းခွဲဖြင့် ငှားရမ်းခသဘောမျိုးပေးသည်တော့ ရှိသည်။

နေပူမရှောင်၊ မိုးရွာမရှောင် လမ်းမပေါ်ထွက်ကာ အလှူခံရဖန်များလာသဖြင့် နဂိုက ညိုမောင်းသည့် အသားအရေသည် ပို၍မည်းလာသည်။ မျက်နှာသည်လည်း နေလောင်ထားသည့် ဒဏ်က သိသိသာသာပင်။ နွမ်းလျသော အသားအရေ၊ နွမ်းလျသော အဝတ်အစားတို့ဖြင့် ဆင်ယင်ထားသည့် သူသည် ယခင်က လူရွှင်တော်တိုင်းကျော်ဟူသည် အမည်တစ်လုံးဖြင့် ရွှေထီးဆောင်းခဲ့ဖူးသည့် သူဖြစ်သည်။

တိုင်းကျော် ခေတ်ကောင်းစဉ်က နယ်ပွဲတစ်ခုသို့ အသွားမလိုက်ချင်သဖြင့် စစ်ကိုင်းမြို့အနီးရှိ ရွာတစ်ရွာတွင် ခေတ္တနားစဉ် အရက်ဆိုင်သို့ ဝင်ပြီးနေခဲ့သည်။ ဇာတ်ကားဆက်ထွက်ချိန်ကျမှ မန္တလေးသို့ ပြန်လာသည်။

ဇာတ်ပွဲသွားကသည့် ရွာက တိုင်းကျော်မပါလျှင် မဝင်ရဟုဆိုသဖြင့် မန်နေဂျာဖြစ်သူက နေအိမ်သို့ လာရောက်ခေါ်ဆောင်ခဲ့သည်။ နောက်ပိုင်းဇာတ်ထုပ်များကို သေချာပိုင်နိုင်စွာ စီစဉ်တင်ဆက်ကပြနိုင်သဖြင့် တိုင်းကျော် မရှိမဖြစ်ဖြစ်ခဲ့ရသည်။

“အဲဒီတုန်းက ကိုယ့်ခေတ်ကိုး”ဟု လက်ထဲက ဆေးပေါ့လိပ်ကို ဖွာရှိုက်ရင်း လွမ်းတမ်းတဟန်ဖြင့် ပြောလိုက်သည်။

သို့သော် ခေတ်အကူးအပြောင်းတွင် တိုင်းကျော်တို့ မရှိလျှင် ဖြစ်သည့်ခေတ်က ရောက်လာသည်။ ဇာတ်ထုပ်မကြည့်သည့် ခေတ် ရောက်လာသည်။ ထို့ကြောင့် တိုင်းကျော် မလိုအပ်တော့။ တဖြည်းဖြည်း ဇာတ်သဘင်နှင့် ဝေးကွာခဲ့ရသည်။

ဦးတိုင်းကျော်သည် အလှူခံစားသောက်မှသာ အချုပ်အနှောင်ခံရသည် မဟုတ် လူရွှင်တော်တိုင်းကျော်ဟု အောင်မြင်ခဲ့စဉ်ကတည်းက အချုပ်အနှောင်နှင့် မကင်းခဲ့။ ဆိုးသွမ်းသောကြောင့်တော့ မဟုတ်။ ပြက်လုံးအပြက်ကောင်း၍ ဖြစ်သည်။

ရဲစခန်းများတွင် ရေးထားလေ့ရှိသည့် ကူညီပါရစေဆိုင်းဘုတ်နှင့် ပတ်သက်၍ ပြက်လုံးပျက်ခဲ့ဖူးသည်။ သမီးဖြစ်သူသည် မြို့သားတစ်ဦးနှင့် ချစ်ကြိုက်ပြီး လက်ထပ်သည်။ ကလေးတစ်ယောက်ရပြီး မြို့သို့ပြန်သွားသဖြင့် မြေးအဘိုးသုံးဦးမြို့သို့ တက်သည့် အခန်း ဖြစ်သည်။

မြို့သို့ရောက်ပြီး ရဲစခန်းသို့ အသွား “သမီးဟိုမှာ ရန်ရှာပါရစေတဲ့” ။ “အိုအဖေကလည်း ကူညီပါရစေပါ”။ “ဘယ်ကလာ၊ ရန် ဒီလောက်ရှာနေတာကို၊ ဒီကောင်တွေ ရစ်ပြီး ရန်ရှာနေတာ”ဟုပြက်လိုက်သဖြင့်

အချုပ်ထဲ နှစ်ညအိပ်ခဲ့ရကြောင်း ဦးတိုင်းကျော်က ပြုံး၍ ပြောပြသည်။

နောက်တစ်ခုက ထိုထက် ပြင်းသည်။ တိုက်ပွဲတစ်ခုဖြစ်နေသည့် ဇာတ်ခုံပေါ်သို့ ဦးတိုင်းကျော်က ဗိုလ်ကြီးအနေနှင့် တက်လာသည်။ တပည့်နှစ်ဦးက ပြေးလာပြီး “ဗိုလ်ကြီး။ မှန်တဲ့ကောင်တွေ ကျကုန်ပြီ၊ မှန်တဲ့ကောင်တွေ ကျကုန်ပြီ”ဟု လာပြောကြသည်။

ထိုအခါ “အဲလိုဆို မမှန်တဲ့ ကောင်တက်၊ မမှန်တဲ့ ကောင်တက်’ဟု ပြန်ပြောသည့် ပြက်လုံးကြောင့် ထောင်တစ်လကျခဲ့ရသည်။

“တော်တော်တန်ပါတယ်ကွာ။ အဲဒီခေတ်တုန်းက မပြောရဲကြဘူးနော်”ဟု ဦးတိုင်းကျော်က ရယ်မောရင်း ပြန်ပြောင်းပြောပြသည်။

ယခုမူယင်းကဲ့သို့ ပြက်လုံးများကိုလည်း မပြက်နိုင်တော့။ ဇာတ်ဆရာအချို့က လာငှားချိန်တုန်းကလည်း နောက်ပိုင်း ဇာတ်ထုပ်လူကြမ်းမင်းသားအဖြစ်သာ လုပ်ပေးတော့သည်။ အသက်အရွယ်အရ ပရိသတ်ရယ်မောအောင် မပြောဆိုနိုင်တော့။

ပြီးခဲ့သည့်နှစ်ကအထိ ဇာတ်ခုံပေါ်တွင် ဖျော်ဖြေနိုင်ရန် သူကြိုးစားသေးသည်။ သို့သော် ဇာတ်ထောင်သူဘက်မှ အဆင်မပြေမှုကြောင့် မအောင်မြင်ခဲ့။ ထိုဇာတ်အဖွဲ့၏ ကြော်ငြာစာရွက်ကို သူ့အိမ်ရှေ့တွင် ယနေ့အထိ ကပ်ထားသေးသည်။

“စိတ်ချမ်းသာတယ်။ ဒီလိုလေးနေရတာ အေးချမ်းတယ်။ ညဆို တရားထိုင်တယ်။ နေ့ဆို အလှူခံတယ်။ ပိုတာလေး လှူမယ်။ဒါပဲ”ဟု လက်ရှိဘ၀ဖြစ်သန်းနေမှုကို ကျေနပ်ဟန်ဖြင့် ပြောပြသည်။

ဦးတိုင်းကျော်အကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့ပြီးနောက် မန္တလေးသဘင်အစည်းအရုံးတာဝန်ရှိသူများက သူနေထိုင်ရာသို့ သွားရောက်စုံစမ်းခဲ့သည်။ ယင်းနောက်ဝီရိယမင်းသားလေး ဝင်းနောင်က ကူညီထောက်ပံ့မည်ဟုဆိုကာ ဇာတ်ထဲလိုက်သည် ဖြစ်စေ၊ မလိုက်သည် ဖြစ်စေ ညကြေးပုံမှန်ပေးမည်ဟု ဆိုခဲ့သည်။ သို့သော် ယင်းမှာ အမြဲပုံမှန်ထောက်ပံ့မည်၊ မထောက်ပံ့မည်မှာ မသေချာ။

တစ်နေ့လျှင် ကျပ်တစ်သောင်းခန့် ကုန်ကျသည့် စားဝတ်နေရေးအတွက် လမ်းပေါ်မထွက်ချင်လည်း ထွက်နေရသေးသည်။ ထောက်ပံ့မည့်သူရှိလျှင်တော့ မတောင်းရမ်းတော့ဟုဆိုသည်။ ထောက်ပံ့  ရာတွင်လည်း ငွေသားထောက်ပံ့ခြင်းထက် ဆန်၊ ဆီ၊ ဆားစသည်တို့ကို ထောက်ပံ့ပေးခြင်းမျိုး ပိုလိုလားသည်ဟု ဦးတိုင်းကျော်က ပြောသည်။

သို့မဟုတ်လျှင်လည်း ဇာတ်သဘင် လောကပြန်လည်ဆန်းသစ်လာပြီး သက်ကြီး  လူရွှင်တော်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများပေါ်လာလျှင် အလှူခံစားသောက်ရသည့် ဘ၀က လွတ်မြောက်မည်ဟု ဦးတိုင်းကျော်က ယုံကြည်နေသည်။

“သေခြင်းမှတ်တိုင်ရဲ့ ဟိုဘက်မှာ အကုသိုလ်တွေပါ မသွားချင်ဘူး။ အဘ အခုလုပ်နေတာ အကုသိုလ်တွေ တစ်ခုမှမပါဘူး။ အခုတောင်းစားတယ်ဆိုတာကလည်း ဟိုဘ၀တွေ၊ ဟိုဘ၀တွေက ဝဋ်ကြွေးလို့ပဲ ယူဆလိုက်တယ်”ဟု သက်ပြင်းငွေ့ငွေ့ချရင်းတစ်လုံးချင်း ပြောလိုက်လေသည်။

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *