“ဒု-မြို့တော်ဝန်က အပြင်လူ တစ်သီးပုဂ္ဂလတော့ ဖြစ်နိုင်ခြေ သိပ်မမြင်ရဘူး”

အမှတ် (၃) မဲဆန္ဒနယ်မြေမှ မြို့တော်စည်ပင်ကော်မတီဝင်လောင်း ဦးနေလင်းဇင်

ဦးနေလင်းဇင်သည် မတ်လ ၃၁ ရက်တွင်ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် မဲဆန္ဒနယ်မြေ (၃) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – ဦးနေလင်းဇင် ဝင်ပြိုင်မယ့် မဲဆန္ဒနယ်နဲ့ ပါဝင်မယ့်မြို့နယ်တွေအကြောင်း နည်းနည်းပြောပြပါဦး။

UNLZ – ကျွန်တော်မဲဆန္ဒနယ်မြေက နယ်မြေ(၃) ဖြစ်ပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်မြေမှာ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ဆိပ်ကမ်း၊ ပန်းဘဲတန်း၊ ဒဂုံ၊ ဗဟန်း၊ တာမွေ၊ ရန်ကင်း၊ ကမာရွတ် ၁၂ မြို့နယ် ပါပါတယ်။

The Voice Journal – ဦးနေလင်းဇင် အရင်တုန်းက နိုင်ငံရေးတို့ အုပ်ချုပ်ရေးတို့မှာ ပါဖူးလားမသိဘူး။

UNLZ – မပါဖူးပါဘူး။

The Voice Journal – ဒါဆိုအခု ဘာလို့ဝင်ပြိုင်ဖြစ်တာလဲဗျ။ ရွေးကောက်ပွဲကလည်း လုပ်မယ်ဆိုရင် ၂ နှစ်လောက်ပဲရှိတော့တယ်။ အရင်ကလည်း အတွေ့အကြုံမရှိဘူး။ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်လည်းဖြစ်တော့ အဲဒီနယ်ပယ်ကနေ ဘာလို့ဒီဘက်နယ်ပယ်အစိမ်းဘက်ကို ရောက်လာတာလဲ။

UNLZ – နည်းနည်းတော့ ရှင်းပြရခက်တယ်။ တကယ်တော့ ကျွန်တော်တို့က နိုင်ငံရေးသမားမဟုတ်ဘူး။ ရှေးယခင်တုန်းကလည်း ကျွန်တော်တို့နိုင်ငံရေးလုပ်တာမဟုတ်ဘူး။ အခုကလည်း ကျွန်တော်က နိုင်ငံရေးလို့ဆိုတာထက် နိုင်ငံတည်ဆောက်ရေးလို့ ကျွန်တော်က ခံယူတာ။ တကယ်တော့ ကျွန်တော်တို့ အလုပ်တွေလုပ်တယ်ဆိုတာ ကျွန်တော်တို့ရဲ့နိုင်ငံကို တည်ဆောက်တာ။ ကျွန်တော်တို့ရှေ့မှာ မပါခဲ့ပေမယ့် ဘာလို့ အခုပါလာရလဲဆိုတော့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ပြုပြင်စရာ၊ တည့်မတ်စရာ ဒါတွေကို ပိုကောင်းတဲ့အနေအထားကို ပြောင်းဖို့ဆိုတာ တွန်းအားတွေ ရှိဖို့လိုပါတယ်။ ဒီတွန်းအားတွေကို အချိန် ၂ နှစ်နဲ့သုံးလအကြာမှာ ပိုပြီးများတွန်းနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်၊ စိတ်ဆန္ဒနဲ့ ဝင်ပါလာတာဖြစ်ပါတယ်။

The Voice Journal – လက်ရှိပေါ့လေ စည်ပင်ရဲ့အားနည်းချက်တွေကို ပြုပြင်နိုင်ဖို့အတွက်ဆိုရင် ကော်မတီဝင်တွေရဲ့ လုပ်ပိုင်ခွင့်တွေက ဘာတွေများ ရှိမလဲမသိဘူး။

UNLZ – ကော်မတီဝင်ဖွဲ့စည်းပုံက ယခင်နဲ့ယခု အနည်းငယ်တော့ ကွဲတယ်။ ယခင်တုန်းကကျတော့ အစိုးရကခန့်တာ ငါးဦး၊ ပြည်သူက လေးဦး။ အခု စည်ပင်ဥပဒေအသစ်မှာ အစိုးရခန့်တာ ငါးဦး၊ ပြည်သူတင်တာက ခြောက်ဦး။ ဒါပေမဲ့ ယခင်ကော်မတီဝင်နဲ့ အခုကော်မတီဝင် လုပ်ပိုင်ခွင့်က ဘာပြောင်းလဲသွားမလဲဆိုတာတော့ ကျွန်တော်တို့လည်း မသိရသေးဘူး။ ဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ အရင်ကော်မတီဝင် လက်ထက်မှာဆိုရင်တော့ သက်ဆိုင်ရာနယ်မြေခရိုင် အလိုက်မှာရှိတဲ့ လမ်းတွေ၊ လူနေမှုစနစ်တွေ၊ အမှိုက်စနစ် ဒီကြားမှာရှိတဲ့အခက်အခဲတွေကို ဆောင်ရွက်ပေးနိုင်တယ်။ ညှိနှိုင်းပေးနိုင်တယ်။ စည်ပင်ဌာနကြီး ၂၀ ကို ကော်မတီဝင် ရှစ်ဦးကခွဲပြီး တာဝန်ယူရတာရှိတယ်။ ကိုယ်တာဝန်ယူရတဲ့ ဌာနကြီးတွေကို ဌာနမှူးတွေနဲ့ပေါင်းပြီး စီမံတာတွေ၊ ဆောင်ရွက်တာတွေ လုပ်ရတယ်။ ဒါပေမဲ့ အခုကော်မတီအသစ်ကိုတော့ ကျွန်တော်တို့လည်း သေသေချာချာမသိသေးဘူး။ အခု ကော်မတီဝင်လောင်းတွေက ဘာလုပ်မယ်၊ ညာလုပ်မယ်ပြောနေကြတာရှိတယ်။ တကယ်တမ်း ဥပဒေကို ပြန်သွားကြည့်ရင် သူ့ဥပဒေမှာ ရေးထားတာရှိတယ်။ အခုတက်လာမယ့် ကော်မတီဝင်တွေက လုပ်ငန်းအာဏာပိုင်အဖွဲ့ဆိုပြီး ခုနစ်ခု ပြောင်းသွားမယ့်အပြင် လုပ်ငန်းဌာနကြီးသုံးခု ပြောင်းသွားမယ်။ စုစုပေါင်း ၁၀ ခုဖြစ်သွားမယ်။ ဖြစ်သွားတဲ့ ဒီကော်မတီဝင်တွေက အဲဒီမှာ ဥက္ကဋ္ဌဖြစ်သွားမယ်။ လက်ရှိရှိနေတဲ့ ဌာနမှူးတွေက ဒီလုပ်ငန်းအာဏာပိုင်အဖွဲ့မှာ အတွင်းရေးမှူးလာဖြစ်မယ့် သဘောရှိတယ်။ ဒါလက်ရှိရှိတဲ့ ဥပဒေအရ ဖွဲ့စည်းပုံ။ ဒါ့ကြောင့် ကျွန်တော်တို့က ကိုယ်မမြင်ရသေးတဲ့ ဖွဲ့စည်းပုံအသစ်မှာ၊ ဒီအာဏာပိုင်လုပ်ငန်းအဖွဲ့မှာ ဘယ်သူတွေက တာဝန်ကျပြီးတော့ ဘယ်လိုဆောင်ရွက်လို့ရမယ်၊ ဘယ်ကော်မတီတွေက ဘာတွေလုပ်ပိုင်ခွင့်ရှိမယ်ဆိုတာ ဘယ်သူမှမသိရသေးဘူး။ ဒါ ကျွန်တော်တို့ရဲ့ ပေးထားချက်အသစ်ပဲ။

The Voice Journal – ကော်မတီဝင်တွေက ဒုမြို့တော်ဝန်အထိဖြစ်နိုင်တယ်လည်း ပြောနေကြတယ်။ ဒုမြို့တော်ဝန်ဖြစ်ဖို့ ဘာလိုအပ်လဲ။ တကယ်တမ်းရော ရွေးကောက်ခံထဲကဖြစ်နိုင်လား။ အခုခန့်အပ်ထားတဲ့လူတွေလည်း ရှိနေတဲ့အတွက်လေ။

UNLZ – လက်ရှိဖွဲ့စည်းပုံအရ အစိုးရခန့်တဲ့ငါးဦးနဲ့ ပြည်သူကတင်တဲ့ခြောက်ဦး။ ဒီ ၁၁ ဦးက ဒုမြို့တော်ဝန်ကို လျှို့ဝှက်မဲနဲ့ မဲပေးမှာ။ မဲပေးမှာဆိုတဲ့အတွက် ဒီရွေးကောက်ခံ ခြောက်ဦးထဲကပဲ ဒုမြို့တော်ဝန်ဖြစ်မှာ။ သူက ဒုမြို့တော်ဝန်ဆိုတာထက် ဒုဥက္ကဋ္ဌဖြစ်သွားမှာ။ ဒုဥက္ကဋ္ဌကိုသူက ဒုမြို့တော်ဝန်လို့ခေါ်မှာ။ လက်ရှိအစိုးရက စည်ပင်ကော်မတီမှာ ငါးဦးခန့်ထားတယ်။ နောက် ပါတီအလံနဲ့ အခုစည်ပင်ရွေးကောက်ပွဲမှာ ဝင်ပြိုင်တာတွေရှိတယ်။ ခြောက်နေရာလုံးမှာ ခြောက်ဦးဝင်ပြိုင်တယ်။ ပါတီ Background နဲ့ ဝင်ပြိုင်တယ်။ လက်ရှိ ဝင်ပြိုင်တဲ့သူတွေထဲက တစ်ဦး၊ နှစ်ဦး၊ သုံးဦးသော်လည်းကောင်း အရွေးခံရမယ်ဆိုရင်တော့ ဒုဥက္ကဋ္ဌနေရာကတော့ လက်ရှိအစိုးရ ခန့်အပ်တဲ့သူပဲဖြစ်နိုင်တယ်။ ဒုမြို့တော်ဝန်က အပြင်လူတစ်သီးပုဂ္ဂလတော့ ဖြစ်နိုင်ခြေ သိပ်မမြင်ရဘူး။ ဒါ ကျွန်တော်တို့တွေးတဲ့ အမြင်ပေါ့။ ဒုတိယဥက္ကဋ္ဌဖြစ်မယ့်သူကို ပြည်သူက တိုက်ရိုက်ရွေးချယ်လို့မရဘူး။ ဒါက ၃၁ ရက်အလွန်မှာ လျှို့ဝှက်မဲပေးမှာဆိုတော့ နည်းနည်းတော့ ပြောရခက်တယ်။ ဒါ့ကြောင့် တစ်သီးပုဂ္ဂလထဲက သိပ်ပြီးဖြစ်နိုင်မယ်မထင်ဘူး။

The Voice Journal – ပြိုင်လို့ ကော်မတီဝင်ဖြစ်ရင်တောင်မှ အခုကော်မတီဝင်အသစ်တွေကြားထဲမှာ ကိုယ့်ကိုယ် ကိုယ်စားမှုရှိရမယ်၊ နောက် ကော်မတီဝင်အဟောင်းတွေကလည်း ယုံကြည်မှုရှိရမယ်။ ဒါမှသာ ဒုမြို့တော်ဝန်ဖြစ်လာမယ့် အနေအထားပေါ့။ အဲဒီကျမှသာ စေ့စပ်ညှိနှိုင်းပြီး တွဲလုပ်ရမယ့် သဘောပေါ့။

UNLZ – ဟုတ်ပါတယ်။ နောက်ပြီး ဥပဒေမှာ ဥက္ကဋ္ဌတာဝန်၊ ဒီဒုဥက္ကဋ္ဌတာဝန် ကော်မတီဝင်တွေရဲ့ တာဝန်ဆိုပြီး တစ်ခုချင်းကို ပြဋ္ဌာန်းထားတာရှိပါတယ်။

The Voice Journal – ဦးနေလင်းဇင်က တစ်သီးပုဂ္ဂလနဲ့ ပါတီပုံရိပ်နဲ့ ဝင်ပြိုင်တဲ့သူတွေကြားမှာ မဲဆန္ဒရှင်တွေ အခြေအနေရဲ့ စိတ်ဝင်စားမှုက ဘယ်လိုရှိလဲ။ မဲဆွယ်တဲ့အခါမှာရော ဘာတွေအခက်အခဲ ကြုံရလဲ။

UNLZ – လက်ရှိအခင်းအကျင်းက တော်တော်လေးတော့ စိန်ခေါ်မှုရှိတယ်။ အရင်အစိုးရလက်ထက် ၂၀၁၃ စည်ပင်ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တယ်။ အဲဒီတုန်းကလည်း ပါတီကိုယ်စားပြု ဝင်ပြိုင်တဲ့သူတွေ ရှိခဲ့တယ်။ ဒါပေမဲ့ ပါတီအလံနဲ့ ပါတီကနေပြိုင်တာ မဟုတ်ဘူး။ ဒီတစ်ခေါက်မှာလည်း ရွေးကောက်ပွဲနည်း ဥပဒေမှာ ဒီအချက်မပါဘူးဆိုပြီးတော့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေဝင်ပြိုင်ခွင့်မပြုဘူးဆိုပြီးတော့ ပထမနေ့မှာ ကြေညာတယ်။ နောက်နှစ်ရက်လောက်နေတော့ ဒီနည်းဥပဒေမှာ သုံးဖို့လည်း မပါဘူး၊ မသုံးဖို့လည်း မပါဘူးဆိုပြီးတော့ နိုင်ငံရေးပါတီတွေ ပါတီအလံသုံးခွင့်ပြုတယ်ဆိုပြီး ပြင်ဆင်လိုက်တယ်။ ဒါက တော်တော်လေးရှုပ်ထွေးသွားစေတယ်။ ဘာ့ကြောင့်လဲဆိုတော့ သုံးလို့ရတယ်လည်း မပြော၊ သုံးလို့မရဘူးလို့လည်း မပြောလို့ သုံးလို့ရတယ်ဆိုတာက Controversial ဖြစ်စေတာပေါ့နော်။ နောက်တစ်ခုက ဒီတစ်ခေါက်ရွေးကောက်ပွဲက အရင်ရွေးကောက်ပွဲနဲ့မတူဘူး။ တော်တော်လေး စိတ်ဝင်စားကြတယ်။ ဒီထဲမှာလည်း နိုင်ငံရေး Background မဟုတ်တဲ့သူတွေ၊ နောက်တစ်ဦးတစ်ယောက်ချင်း တစ်သီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်သူတွေ တော်တော်များလာတာ တွေ့ရတယ်။ ဒါက ဘာကိုပြောလဲဆိုရင် ပိုကောင်းတဲ့ အခင်းအကျင်းကိုရောက် လာတယ်။ ရွေးချယ်စရာ ပိုများလာတယ်။ ရွေးချယ်စရာပိုများတဲ့အထဲက ဘယ်သူက ပိုသင့်လျော်လဲဆိုတာကို ရွေးဖို့ ပြည်သူမှာ အခွင့်အလမ်းပိုများသွားတယ်။ နောက်တစ်ခုက ဒီလိုများသွားတာ အသက်အကန့်အသတ်ကြောင့်။ အရင်တုန်းက မြို့တော်ကော်မတီဝင်ဆို အသက် ၄၅ အထက်မှ ရွေးချယ်လို့ရတယ်။ အခုနည်းဥပဒေမှာ ၂၅ ဆိုရပြီ။ ဒီ ၄၅ နဲ့ ၂၅ ကြားမှာရှိတဲ့ ကျွန်တော်တို့အရွယ်တွေလို တကယ်လုပ်နိုင်ကိုင်နိုင်တဲ့သူကို ပိုပြီးရွေးချယ်လို့ရသွားတယ်။ ဒါက အခင်းအကျင်းတစ်ခု။ နောက်တစ်ခုက ဒီရွေးကောက်ပွဲဥပဒေမှာ (ပါတီကိစ္စ) ပြင်ဆင်လိုက်တဲ့အတွက် တစ်သီးပုဂ္ဂလတွေအနေနဲ့ စိန်ခေါ်မှုဖြစ်စေတယ်။ ဘာလို့လဲဆိုရင် ပါတီတွေက တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေး စည်းရုံးရေးမှူးတွေ ရှိတယ်။ နိုင်ငံရေးပါတီဆိုရင်လည်း ဒီနှစ်ခုလောက်က နှစ်ပေါင်းများစွာ လူတွေသိနေခဲ့တာ။ လူကိုမသိရင်တောင် အလံကိုသိတယ်။ အလံကပဲ အားသာချက်တစ်ခုသွားဖြစ်တာ။ နောက်တစ်ခုက ပါတီလိုမျိုး ဝင်ရောက်ဆောင်ရွက်တဲ့အတွက် မြို့နယ်အများကြီးရဲ့ အားတွေ၊ ပါတီဝင်တွေ၊ ဆဲလ်တွေ၊ ကေဒါတွေ၊ နောက် ပါတီဝင်တွေ၊ အင်အားတွေ အများကြီး တပန်းသာတယ်။ ကျွန်တော်တို့ဆို ၁၂ မြို့နယ်။ တချို့မဲဆန္ဒနယ်က ရှစ်မြို့နယ်၊ တချို့ဆို လေးမြို့နယ်၊ သုံးမြို့နယ်ရှိတယ်။ တချို့က သိပ်မသိသာဘူး။ ကျွန်တော်တို့ မြို့တွင်းခြောက်မြို့နယ်နဲ့ အနောက်ပိုင်းက နည်းနည်းတော့ စိန်ခေါ်မှုကြီးတယ်။ ၁၂ မြို့နယ်လုံးကို ကျွန်တော်တို့ ရောက်ဖို့ဆိုတာ အတော်ခက်တယ်။ ၁၂ မြို့နယ်လုံးက သိဖို့ဆိုတာလည်း အတော်ခက်တယ်။ ဒီတော့ ယှဉ်ပြိုင်တဲ့အခါမှာ မညီမျှမှုကို သွားဖြစ်စေတာပေါ့။ ပါတီအနေနဲ့ဆိုရင် ဒီ ၁၂ မြို့နယ်လုံးက ရပ်ကျေ စည်းရုံးရေးတွေကနေ အားသာချက်အများကြီးရတာပေါ့။ ဒါ့ကြောင့် တစ်သီးပုဂ္ဂလတွေက စိန်ခေါ်မှု အများကြီးရှိတယ်။ နောက်တစ်ခုက ရွေးကောက်ပွဲကော်မရှင်ကို ပြန်မေးရမယ်။ သုံးလို့လည်း မပါဘူး။ မသုံးနဲ့လို့မပါဘဲ သုံးတယ်ဆိုတာက နိုင်ငံရေပါတီတွေရဲ့ ရပ်တည်မှုကိုလည်း ပြန်မေးရမယ်။ နိုင်ငံရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ရတာ။ ဥပဒေနဲ့အညီ မှတ်ပုံတင်ရတာ။ ဒီတော့ နိုင်ငံရေးပါတီရဲ့ မှတ်ပုံတင်မှုက ဘယ်ကိုသွားလဲပေါ့။ တရားစီရင်ရေးရယ်၊ အုပ်ချုပ်ရေးရယ်၊ ဥပဒေပြုရေးရယ် မဏ္ဍိုင်ကြီးသုံးရပ်ကို သွားတာ။ စည်ပင်ကော်မတီဆိုတာ မဏ္ဍိုင်ကြီးသုံးရပ်မှာ ပါလား မပါလားဆိုတာက မသေချာဘူး။ သေချာတာက မပါဘူး။ ဒီတော့ နိုင်ငံရေးပါတီနဲ့ မသက်ဆိုင်တဲ့ စည်ပင်သာယာရေးကော်မတီမှာပါတယ်ဆိုတဲ့ ကိစ္စမျိုးက ပြန်လည်သုံးသပ်ရမယ့် ကိစ္စမျိုးဖြစ်တယ်။

The Voice Journal – ဦးနေလင်းဇင်ရဲ့ ရန်ကုန်မြို့တော်ကြီးအပေါ်ထားတဲ့ Vision က ဘာလဲ။

UNLZ – ကျွန်တော်တို့ရဲ့ ရန်ကုန်မြို့တော်မှာ Master Plan တွေ ရှိတယ်။၂၀၂၀ ကနေ ၂၀၃၀၊ ၂၀၄၀ JICA နဲ့ ပေါင်းပြီးလုပ်မယ့် Master Plan တွေလည်း ရှိတယ်။ ဌာနက ဌာနအလျောက် ဆွဲထားတာရှိတယ်။ ဒါပေမဲ့ ဌာနက ဥပဒေနဲ့ရပ်တည်တာ။ ဥပဒေကိုမှ နည်းဥပဒေနဲ့နောက်ကလိုက်ပြီး လုပ်ထုံးလုပ်နည်းညွှန်ကြာချက်တွေနဲ့ ဆောင်ရွက်တဲ့အပိုင်းတွေရှိတယ်။ အခုတော်တော်များများ ကျွန်တော်တို့ အပါအဝင် ရွေးကောက်ပွဲ ဝင်လာကြတယ်ဆိုတာ လက်ရှိရှိနေတဲ့ ပတ်ဝန်းကျင်မှာ အခင်းအကျင်းတွေ ဥပဒေရှိပြီးတော့ ဥပဒေနဲ့ဆောင်ရွက်လို့မရတဲ့ အပိုင်းတွေ ရှိတယ်။ ဒီအကန့်သတ်တွေ အများကြီး ရှိတယ်။ ဒီအကန့်သတ်တွေကြောင့် လူနေမှုပတ်ဝန်းကျင်က အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ကြုံတွေ့နေရတယ်။ ကျွန်တော်တို့ရဲ့သွားမယ့် Vision က မြို့တော်တစ်ခုလုံးသာယာလှပဖို့ စည်ပင်ယာယာရေးကော်မတီနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ဆောင်ပုဒ်က ‘မြို့တော်သာယာလှပဖို့ လူတိုင်းပါဝင် မဲပေးစို့’ တဲ့ ရှိပြီးသားမြို့ကို သာယာလှပဖို့ ခေါင်းစဉ်ပေါ့။ ကျွန်တော့်ဆောင်ပုဒ်ကတော့ မြို့တော်သာယာတိုးတက်ဖို့ဆိုတာ ကျွန်တော်တို့က ရှိပြီးသား၊ Infrastructure တွေက ရှိပြီးသား။ သာယာဖို့တင် မရသေးဘူး တိုးတက်ဖို့လိုတယ်။ ဘာတွေတိုးတက်ရမလဲ။ နိုင်ငံတစ်နိုင်ငံ မြို့တစ်မြို့ကို တည်ဆောက်တဲ့အခါမှာ တည်ဆောက်ရေးအပိုင်းမှာ လူတွေရဲ့ လူနေမှုစီးပွားဘ၀ တိုးတက်ဖို့ဆိုတာ အရေးကြီးတယ်။ ကျွန်တော်တို့ရဲ့ ဒီအခြေခံအချက်တွေ မတိုးတက်ဘဲနဲ့ ကျွန်တော်တို့တွေသာယာဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျွန်တော်တို့တွေသာယာဖို့ဆိုတာ ဘာတွေလုပ်ရမလဲဆိုတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ လိုတယ်။ ဥပမာ – ၂၀၁၈ မှာ စည်ပင်သာယာဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့တယ်။ ဒီဥပဒေမှာ ဘာတွေပါလဲဆိုတော့ ပြစ်မှုပြစ်ဒဏ်တွေ အများကြီးပါသွားတယ်။ အရင်တုန်းက ဥပဒေက ပြစ်မှုပစ်ဒဏ်အရမ်းမများဘူး။ ၂၀၁၈ မှာ စည်ပင်သာယာဥပဒေက များလည်းများတယ်။ ပြင်းလည်းပြင်းသွားတယ်။ ဥပဒေက ပိုကောင်းသွားပေမယ့် ကျွန်တော်တို့ပတ်ဝန်းကျင် ပိုမကောင်းလာဘူး။ ဘာကြောင့်လဲလို့ပြန်တွေးတော့ ဒီဥပဒေကို အကောင်အထည်ဖော်တဲ့ Team ပေါ့နော်။ အဖွဲ့အစည်းက အားမကောင်းဘူး။ ဘာသွားတွေ့ရလဲဆိုတော့ ဥပဒေတော့ရှိတယ်။အကောင်အထည် မဖော်တဲ့အခါမှာ စည်ပင်ဝန်ထမ်းတွေအပြင် ဘယ်ဌာနကဘယ်လို အရေးယူကိုင်တွယ်မလဲဆိုတာ အားနည်းတယ်။ ကျွန်တော်တို့ Rule of Law ဖြစ်ဖို့ဆိုတာက Law Enforcement လိုတယ်။ Law Enforcement လုပ်ဖို့ရှိပြီးသား ဥပဒေနည်းဥပဒေတွေ အကောင်အထည်ဖော်မယ့် အရေးယူမယ့် Team က အားနည်းနေတယ်။ ဥပဒေကောင်းပြီး ကျွန်တော်တို့ပတ်ဝန်းကျင်က ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်နေတယ်။ ဖိစီးမှုတွေအများကြီးဖြစ်နေတယ်။ အခုမြို့ထဲမှာ ကျွန်တော်တို့လာတယ်။ ကားရပ်ဖို့လည်း ခက်တယ်၊ လမ်းလျှောက်ဖို့လည်းခက်တယ်။ အမှိုက်တွေရော၊ ကျွန်တော်တို့ လူနေမှုပတ်ဝန်းကျင်က ဖိစီးမှုတွေများနေတယ်။ ကျွန်တော် ဘာဖြစ်ချင်လဲဆိုတော့ ရှိပြီးသားဥပဒေကို သွားပြီးပြင်ဖို့ ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုတာခဏထား။ ရှိပြီးသား တည်ဆဲဥပဒေပေးထားတဲ့ ဘောင်ထဲမှာ ပိုကောင်းအောင်လုပ်လို့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ရည်ရွယ်ချက်က ပိုကောင်းတဲ့လူမှုဝန်းကျင်သို့ဆိုတာ Reform City Better Society၊ ရှိနေတဲ့အခင်းအကျင်းကို Reform လုပ်ဖို့လိုတယ်။ ပြုပြင်ပြောင်းလဲမှ ပိုကောင်းတဲ့ အနာဂတ်ကိုရရှိမယ်။ ကျွန်တော့်ရဲ့ Vision က ရှိပြီးသားအနေအထားတွေကို ပိုကောင်းလာမယ့်အခင်းအကျင်း။ ဒီအခင်းအကျင်းမှာ Law Enforcement လိုမလား ဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပေးဖို့လိုမလား။ ဒီစနစ်တွေကို Upgrade လုပ်ဖို့လိုမလား။ ဒါတွေကို ဘယ်လိုမျိုး ထိထိရောက်ရောက် အကောင်အထည်ဖော်ပြီးတော့ ဘယ်လိုမျိုး ထိရောက်အောင်အသုံးချရင် ကျွန်တော်တို့လူမှုပတ်ဝန်းကျင် ပိုပြီးကောင်းလာမလဲ။ ကျွန်တော်တို့ရဲ့ အနာဂတ်တွေ၊ မျိုးဆက်သစ်တွေရဲ့ အနာဂတ်တွေပိုပြီးတော့ ကောင်းလာမလားဆိုတဲ့ အခင်းအကျင်းအတွက်ထမ်းဆောင်ဖို့ ဝင်ရောက်လာတာဖြစ်ပါတယ်။

The Voice Journal – ရွေးကောက်ခံရပြီဆိုရင် အဲဒါမျိုး အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ထင်လား။ လက်ရှိအခင်းအကျင်းနဲ့။

UNLZ – ထင်လားလို့မေးရင် ကျွန်တော်တို့ကတော့ ကျွန်တော်တို့စိတ်နဲ့သွားချင်တဲ့ဆန္ဒနဲ့ဆိုရင် ရောက်အောင်သွားမှာပဲ။ သွားလို့ရမရဆိုတာ အကန့်အသတ်ပိုင်းမှာ ဌာနဆိုင်ရာ ဗျူရိုကရေစီယန္တရား အရေးကြီးတယ်။ သူတို့ပါဝင်လာပြီရင် ပြည်သူတွေရဲ့ပါဝင်မှု Public Participation အရေးကြီးတယ်။ ဥပမာတစ်ခုကိုပြောရရင် အမှိုက်သိမ်းစနစ်ကောင်းလားဆိုရင် မကောင်းဘူး။ အဲဒီအခက်အခဲကို ဘယ်သူတွေမှာတာဝန်ရှိလဲဆိုရင် အမှိုက်လို့မြင်တာနဲ့ စည်ပင်ကို သွားမြင်တယ်။ ဒီနေရာမှာမှားတယ်။ စည်ပင်ဆိုတဲ့အပိုင်းဆိုရင် အမှိုက်စွန့်ပစ်တဲ့စနစ်ရယ် အမှိုက်သိမ်းတဲ့ စနစ်ရယ် ။ အမှိုက်စွန့်ပစ်တဲ့စနစ်က ပြည်သူနဲ့ ဆိုင်တယ်။ အမှိုက်သိမ်းတဲ့စနစ်က စည်ပင်နဲ့ဆိုင်တယ်။ အမှိုက်စွန့်ပစ်တဲ့လူတွေရဲ့ စနစ်ကောင်းဖို့ ဘာတွေလိုလဲဆိုတော့ ပြည်သူတွေရဲ့ အသိရေချိန်ကို အဆင့်အတန်းမြှင့်ပေးဖို့လိုတယ်။

The Voice Journal – ကျေးဇူးတင်ပါတယ်ခင်ဗျ။

 

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *