အန္တရာယ်ဇုန်ထဲက မြောက်ဦး၊ ဒေါက်တာအေးမောင်နှင့် ရခိုင်အရေး

Photo by Aung Aung Zaw

မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုကို တစ်ဖက်နှင့်တစ်ဖက် အပြစ်လွှဲချနေကြသည်။ မြို့ပေါ်တွင် ပစ်ခတ်မှုအပြင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဧရိယာသို့ပါ လက်နက်ကြီးကျည်များ ထိမှန်သဖြင့် မြောက်ဦးကို ကယ်တင်ကြရန် တောင်းဆိုသံများ မြင့်တက်နေသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများသည် တောကြိုတောင်ကြားမှတစ်ဆင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများသို့ ရောက်လာသည်။ ယင်းမှတစ်ဆင့် လူနေသိပ်သည်းသည့် မြို့များအနီးသို့ ရောက်လာကာ လက်ရှိတွင် ခရိုင်မြို့လည်း ဖြစ်၊ ရခိုင်ဘုရင်များ နန်းစိုက်ခဲ့ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသလည်း ဖြစ်သည့် မြောက်ဦးမြို့ပေါ်သို့ပါ ရောက်လာသည်။

အရပ်သားများအပြင် ရှေးဟောင်းအမွေအနှစ်များပါ ပစ်မှတ်ထားခံလာရသဖြင့် ‘မြောက်ဦးကို ကယ်တင်ပါ’ ဆိုသည့် လှုပ်ရှားမှုလူမှုကွန်ရက် Facebook တွင် လုပ်ဆောင်နေကြပြီး အရပ်ဘက်အဖွဲ့များကလည်း ကြေညာချက်အသီးသီး ထုတ်ကာ တောင်းဆိုနေကြသည်။

မြောက်ဦးဖြစ်ရပ်ကြောင့် ထိခိုက်ခံစားနေကြရပြီး အခြေအနေများ တင်းမာနေချိန် ယင်းဖြစ်ရပ်နှင့် တစ်ဆက်တစ်စပ်တည်း အချိန်ကိုက် ဖြစ်လာသည့်ကိစ္စတစ်ခုလည်း ရှိသည်။ ရခိုင်တွင် လူထုထောက်ခံမှုရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို နိုင်ငံတော်ပုန်ကန်မှုအပါအဝင် ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ်နှစ် ၂၀ ချမှတ်လိုက်သည်။

ရက်ပိုင်းအတွင်း ဖြစ်ပျက်သွားသည့် ယင်းဖြစ်ရပ်နှစ်ခုမှာ ရခိုင်ပြည်နယ်ကို အခြေအနေဆိုးသို့ တွန်းပို့ရာရောက်နေသည်ဟု ဝေဖန်သံများ ရှိနေသည်။

မြောက်ဦးဖြစ်ရပ်

မြောက်ဦး၌ ညပိုင်းတွင် ပစ်ခတ်မှုများဆက်တိုက် ဖြစ်ခဲ့သည်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ကြိုးပမ်းနေသည့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် မတ်လ ၁၅ ရက်နေ့ည ၁၀ နာရီကျော်၌ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီးကျည်များပါ ထိမှန်ခဲ့သည်။

သမိုင်းဝင်ထုက္ကန်သိမ်ပုထိုးတော်ကြီးအနီး တည်ရှိသည့် လုံခြုံရေးဂိတ်တဲနှင့် အနောက်မြေထဲဘုရားတွင် လက်နက်ကြီး ကျည်များ ထိမှန်ခဲ့သည်။ ယင်းအပြင် လူနေအိမ်နှင့် ဘုန်းတော်ကြီးကျောင်း အချို့သို့လည်း ကျည်ထိမှန်ခဲ့ကာ အရပ်သားအချို့ ဒဏ်ရာရခဲ့သည်။ ယင်းဖြစ်ရပ်တွင် AA က တိုက်ခိုက်ခြင်းဖြစ်သည်ဟု တပ်မတော်က အပြစ်ပုံချပြီး AA ကလည်း တပ်မတော်က တိုက်ပွဲအတုဖန်တီးကာ ပစ်ခတ်ခြင်းဖြစ်သည်ဟု အပြစ်ပုံချပြန်သည်။

ယင်းအပြင် မတ်လ ၁၈ ရက်နေ့ ညက မြောက်ဦးမြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပြီး ရုံးအဆောက်အအုံအချို့၊ လူနေအိမ်အချို့ ကျည်ထိမှန်သည်။ မြောက်ဦးမြို့နယ် အရှေ့ဘက်ကိုးသောင်းပုထိုးတော်ကြီးအနီးရှိ ရွာဟောင်းတောရွာတွင် လက်နက်ကြီးကျည် ထိမှန်သဖြင့် နေအိမ်တစ်လုံးမီးလောင်ကာ လူခြောက်ဦး ဒဏ်ရာရသည်။ ယင်းညဖြစ်စဉ်တွင် ကလေးငယ် အပါအဝင် လူခုနစ်ဦး ဒဏ်ရာရခဲ့သည်။

ယင်းနေ့ညက မြောက်ဦးမြို့ခံအချို့ကို မေးမြန်းချက်အရ တပ်မတော်က ယာဉ်တန်းဖြင့် မြို့ထဲတွင် ပစ်ခတ်ကာသွားလာသည်ကို တွေ့လိုက်ရကြောင်း ပြောဆိုကြသည်။

မတ်လ ၁၈ ရက်နေ့ည ဖြစ်စဉ်တွင်လည်း တပ်မတော်နှင့် AA တို့အပြန်အလှန် စွပ်စွဲကြပြန်သည်။ တပ်မတော်က မြောက်ဦးမြို့နှင့် ကျေးရွာများရှိ ပြည်သူများ၊ ရှေးဟောင်းအမွေအနှစ်များကို ဆက်တိုက်တိုက်ခိုက်နေသည်ဟု AA က သတင်းထုတ်ပြန်သည်။ တပ်မတော်က မြို့အတွင်းသို့ ဝင်ရောက်ကာပစ်ခတ်သွားခြင်းဖြစ်ပြီး အရပ်သားများ ထိခိုက်ကာ မြို့သူမြို့သားများ စိုးရိမ်ထိတ်လန့်နေရကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောဆိုသည်။

“ဘာလက်နက်မှ မရှိတဲ့ အရပ်သားပြည်သူတွေကို သွားပြီးတော့ ညကြီးမင်းကြီး ဝင်ပြီးတော့ သေနတ်နဲ့ ပစ်တယ် ဆိုတာ၊ ပြောမယ်ဆိုရင် စစ်တပ် မဆန်တဲ့ အလုပ်ဗျ”ဟု ၎င်းက ဆိုသည်။

မြန်မာ့တပ်မတော်ကမူ AA အဖွဲ့သည် မြို့၊ ရွာ၊ အစိုးရအဆောက်အအုံများကိုပါမရှောင် အကြမ်းဖက်လုပ်ရပ်များ ဖန်တီးလှုံ့ဆော်ကာ အကြမ်းဖက်နေသဖြင့် တပ်မတော်စစ်ကြောင်းများ လုံခြုံရေး ဆောင်ရွက်နေရကြောင်း ထုတ်ပြန်သည်။ မတ်လ ၁၈ ရက်ညတွင် မြောက်ဦးမြို့တွင်းနှင့် တပ်မတော်ဌာနချုပ်များကို ပစ်ခတ်မည်ဟု သတင်းရသဖြင့် စစ်ကြောင်းတစ်ကြောင်း မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် ပြန်လာစဉ် AA က မြောက်ဦးမြို့အဝင်တွင် လူနေအိမ်များအပေါ်က ပစ်ခတ်၍ အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

AA သည် ရှေးဟောင်းပုထိုးစေတီများနှင့် လူနေအဆောက်အအုံများကို အကာအကွယ်ရယူ၍ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း တပ်မတော်ဘက်က ထုတ်ပြန်သည်။ တပ်ရင်းဌာနချုပ်ကို  AA က လေးဘက်လေးလံက ပစ်ခတ်သဖြင့် တပ်မတော်စစ်ကြောင်းများ ပြန်လည်ဝင်ရောက်ကာ လုံခြုံရေးဆောင်ရွက်ရသောကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောဆိုသည်။

“ပြန်ဝင်လာတဲ့ တပ်ကိုလည်း  AA သောင်းကျန်းသူတွေကနေပြီးတော့ အိမ်ကြိုအိမ်ကြားတွေကနေ ပစ်တယ်။ လမ်းကြိုလမ်းကြားတွေကနေ ပစ်တယ်။ ပြီးရင် နောက်တစ်ခုက ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွေကနေ ပစ်တယ်”ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ပစ်ခတ်သဖြင့် တပ်မတော်က ပြန်လည်ပစ်ခတ်သည်ကို အပြန်အလှန် မဟုတ်ဘဲ တပ်မတော်က တစ်ဖက်သတ်ပစ်ခတ်ခြင်းဖြစ်သည်ဟု ဝါဒဖြန့်မှုများစွာရှိနေကြောင်း ၎င်းက ပြောကြားသည်။

“သောင်းကျန်းသူမရှိဘဲ တပ်တွေက ရမ်းပစ်တယ်။ ယဉ်ကျေးမှုအဆောက်အအုံတွေပေါ် ကျတယ်။ ဒီလိုဝါဒဖြန့်တာတွေ ရှိတယ်။ ဒီလို တမင်ဝါဒဖြန့်အောင်ကိုပဲ သူတို့က ဒီနေရာကနေပြီးတော့မှ ခုတုံးလုပ်ပြီးတော့ နောက်ကွယ်ကနေ ဒီလိုနေရာမျိုးကနေ ပစ်ခတ်နေတာတွေ ရှိတယ်။ နောက်တစ်ခုက ကျွန်တော်တို့ တပ်အသွင်ယူပြီးတော့မှ ရပ်ကွက်တွေထဲကို ပြန်ပစ်တာတွေ ရှိတယ်”ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုသည်။

AA ဘက်ကမူ ယင်းစွပ်စွဲချက်ကို ပယ်ချထားသည်။ မြောက်ဦးမြို့အတွင်း AA အရပ်သားအယောင်ဆောင်ကာ တိုက်ခိုက်ခြင်း လုံးဝမရှိခဲ့ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။

“ကျွန်တော်တို့နဲ့ သူတို့နဲ့ မြောက်ဦးမြို့ထဲမှာ တိုက်ပွဲလုံးဝမဖြစ်ဘူး။ တိုက်ပွဲဖြစ် တယ်လို့ ပြောနေတာက သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ပြီးတော့ ကလိမ်ကကျစ်လုပ်ပြီးတော့ ပြောနေတာ”

စစ်မဲ့ဇုန် သတ်မှတ်ပါ

စစ်ပွဲပဋိပက္ခကြောင့် မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်နိုင်သဖြင့် စိုးရိမ်ကြောင်း မြန်မာရှေးဟောင်း သုတေသနပညာအသင်းက ထုတ်ပြန်သည်။

လက်နက်ကိုင်ပဋိပက္ခများကြားတွင် ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်သည့် 1954 Hague နိုင်ငံတကာသဘောတူစာချုပ်တွင် မြန်မာက လက်မှတ်ထိုးထားသည်။ ယင်းသဘောတူညီချက်အရ ရှေးဟောင်းအမွေအနှစ်ဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်မက်ဖြစ်ခြင်း၊ ခံတပ်သဖွယ်အကာအကွယ်ယူခြင်းတို့ ပြုလုပ်၍ မရပေ။

ယင်းအချက်များကို အလေးထားရန်၊ ကမ္ဘာ့အမွေအနှစ်စာရင်းအချိန်မီတင်သွင်းနိုင်ရေးအတွက် မြောက်ဦးအမွေအနှစ်ဒေသကို စစ်မဲ့ဇုန်အဖြစ် သဘောတူညီချက်ထားရင် အဆိုပါအသင်းက နှစ်ဖက်လုံးကို မေတ္တာရပ်ခံထားသည်။

မြောက်ဦးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဦးဦးလှစောကမူ “မြောက်ဦးကို မရက်စက်ကြပါနဲ့”ဟု မတ်လ ၁၈ ရက်ညက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် AA စစ်ဦးစီးချုပ်တို့ကို ရည်ရွယ်ကာလည်း မြောက်ဦးကို တန်ဖိုးထားကြရန် တောင်းပန်စကားဆိုထားသေးသည်။

မြောက်ဦးအမွေအနှစ်ဒေသကို ထိပါးခြင်းသည် ပြည်သူကို ရန်စခြင်းသာ ဖြစ်ကြောင်း၊ မြောက်ဦးပစ်ခတ်မှုတွင် လက်နက်ကိုင်တပ်ဖွဲ့များ မည်သို့ပင် ငြင်းဆိုနေကြစေကာမူ မည်သူမည်ဝါ၏ လုပ်ရပ် ဖြစ်သည်ကို ပြည်သူသိကြောင်း ရခိုင် အမျိုးသားပါတီ (ANP) ၏ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ပြောဆိုသည်။

“ရခိုင်ပြည်သူတွေရဲ့ အသည်းနှလုံးကို ထိပါးခြင်းဖြင့် ရန်စတာ မဟုတ်ဘူးလား။ ပြည်သူမှာ ဘာလက်နက်မှ မရှိဘူး။ မြောက်ဦးမြို့ထဲက တစ်ယောက်မှ ပုန်ကန်တော်လှန်တာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

ANP ပါတီကမူ မြောက်ဦးပစ်ခတ်မှုတွင် ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးမှုအပါအဝင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများအတွင်း အရပ်သားများ အသက်ဆုံးရှုံးမှု၊ ထိခိုက်နစ်နာမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တစ်ရပ် ဖွဲ့ထားသည်။

မြောက်ဦးတွင် အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ဘဲ တပ်မတော်ကသာ မသင်္ကာသည့် နေရာကို ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံများက တင်ပြလာကြောင်း ကော်မရှင်တွင်ပါဝင်သည့် ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရန်မှာ စားပွဲဝိုင်းတွင် တွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်းကသာ အကောင်းဆုံးဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

ဒေါက်တာ အေးမောင်အမှု

မြောက်ဦးအပါအဝင် ရခိုင်တွင်စစ်မီးများပြင်းထန်နေချိန် ဒေါက်တာအေးမောင်ကို ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်ခံရခြင်းကလည်း အချိန်ကိုက်ဖြစ်လာသည်။

၂၀၁၈ ခုနှစ်က ရသေ့တောင်မြို့ တွင် စာပေဟောပြောချက်ကြောင့် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် (အမည်ရင်း အောင်ကျော်ဝင်း)တို့ကို ထောင်ဒဏ်နှစ် ၂၀ အသီးသီး ချမှတ်လိုက်သည်။ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် နှစ် ၂၀၊ အစိုးရကို ထိခိုက်စေသည့် သတင်းဖြန့်ချိမှုကြောင့် ပြည်သူများအကျိုးစီးပွားပျက်စီးစေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ပြီးပြစ်ဒဏ်များကို တစ်ပေါင်းတည်းကျခံစေဆိုသဖြင့် အမြင့်ဆုံးထောင်ဒဏ်နှစ် ၂၀ ကို ကျခံရမည်ဖြစ်သည်။

The Voice

မြောက်ဦးအရေးကြောင့် ရခိုင်လူထုရုပ်ပိုင်း၊ စိတ်ပိုင်းထိခိုက်ခံစားနေရချိန်နှင့် တစ်ဆက်တစ်စပ်တည်း လူထုထောက်ခံမှု အားကောင်းသည့် ဒေါက်တာအေးမောင်အမှုကို ကြီးလေးသည့် ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် လူထုအုံကြွမှုများဖြစ်လာမည်ကိုလည်း စိုးရိမ်ပူပန်သူများ ရှိသည်။

ထောင်ဒဏ်နှစ် ၂၀  အထိ ပြစ်ဒဏ်ချမှတ်ရန်လိုအပ်သည်ဟု မယူဆကြောင်း၊ စာပေဟောပြောပွဲတွင် ဟောပြောချက်များကို နားထောင်ရာတွင်လည်း နိုင်ငံတော်ပုန်ကန်မှုဖြစ်သည်အထိ စွပ်စွဲနိုင်သည့် အခြေအနေမတွေ့ရကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အတွင်းရေးမှူးဦးစိုင်းညွန့်လွင်ကလည်း ပြောဆိုသည်။

“လက်နက်ကိုင်ပြီးတော့ နိုင်ငံတော်သစ္စာဖောက်တာတွေ ဘာတွေမှ မဟုတ်ဘဲ။ ပြစ်မှု၊ ပြစ်ဒဏ်ကြီးကတော့ များလွန်းပါတယ်။ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ ဒီအတွက်လည်း တိုင်းပြည်အတွက်ရော၊ ရခိုင်ပြည်နယ်အတွက်ရော စိတ်မကောင်းပါဘူး”ဟု ၎င်းက မှတ်ချက်ပေးသည်။

ယင်းအမိန့်ချမှတ်မှုမှာ တစ်ပါတီအာဏာရှင်စနစ်လက်ထက်တွင် ကျင့်သုံးသည့် ပုံစံများအတိုင်း ဖြစ်နေသည်ဟုလည်း ဝေဖန်မှုများ ရှိသည်။

မြောက်ဦးဖြစ်ရပ်ကြောင့် အထိတ်တလန့်ဖြစ်နေချိန် ရခိုင်နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာအေးမောင်အပေါ် နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခြင်းကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း တိုင်းရင်းအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက သုံးသပ်သည်။

“ရခိုင်လူထုနဲ့ ပြည်မအစိုးရကြားမှာ တင်းမာမှုတွေ ပိုပြီးကြီးထွားလာနိုင်တယ်လို့ ထင်ပါတယ်”

NLD ပါတီ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကမူ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းကြောင့် ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာနိုင်ခြေရှိသော်လည်း ယင်းအမိန့်ချမှတ်မှုမှာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ အချိန်ကိုက်လုပ်ဆောင်ခဲ့ခြင်း မဖြစ်နိုင်ကြောင်း ပြောဆိုသည်။

မြောက်ဦးတွင် ပစ်ခတ်မှုနှင့် ဒေါက်တာအေးမောင်အမှု အမိန့်ချမူတို့ တစ်ပြိုင်တည်း  ဖြစ်လာခြင်းကို လက်မခံနိုင်ကြောင်း၊ ယင်းမှာ ရခိုင်တွင် ကြုံတွေ့နေရသည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လည်း အထောက်အကူမပြုကြောင်း ဦးဦးလှစောက ဝေဖန်သည်။

“ဒါဟာ ပြည်ထောင်စုအတွက်လည်း မကောင်းဘူး။ ရခိုင်တွေ အတွက်လည်း မကောင်းဘူး”

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သံတွဲမြို့သို့ နိုင်ငံတကာကပုဂ္ဂိုလ်များကို ဖိတ်ကြားကာ ရခိုင်ပြည်နယ်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ်ခဲ့မှုမှာ လက်နက်ကိုင်ပဋိပက္ခကြောင့် အဟောသိကံဖြစ်သွားနိုင်ခြေရှိနေသည်။ အတိုင်ပင်ခံဦးဆောင်သည့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးစီမံကိန်းမှာလည်း ရှေ့မဆက်နိုင်အခြေအနေ ဖြစ်နေသည်။

မြောက်ဦးညပစ်ခတ်မှုများကို နှစ်ဖက်လုံးက အပြန်အလှန်အပြစ်ဖို့ထားကြသော်လည်း ပြည်သူများမှာ အထိနာလှနေပြီဖြစ်သည်။ ရှေးဟောင်းအမွေအနှစ်များမှာလည်း အန္တရာယ်ပြုခံနေရပြီဖြစ်သည်။ နိုင်ငံခြားသားသာမက ပြည်တွင်းခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားပြီဖြစ်သည်။ မတ်လ ၂၁ ရက်နေ့အထိ မြောက်ဦးတွင် ပစ်ခတ်သံများကြားနေရဆဲဖြစ်ပြီး ဈေးနှင့် အိမ်ဆိုင်များပိတ်ကာ လမ်းများတွင်လည်း လူအသွားအလာခြောက်ကပ်နေဆဲဖြစ်သည်။

မြောက်ဦးသည် ယဉ်ကျေးမှုနယ်မြေဖြစ်သဖြင့် တိုက်ပွဲများမဖြစ်ခင် နိုင်ငံခြားသားလေ့လာသူများ လာရောက်မှုများပြားပြီး ရောင်းဝယ်ဖောက်ကားရန် အချက်အချာကျသဖြင့် စည်ကားသည့် မြို့တစ်မြို့ဖြစ်သော်လည်း လက်ရှိအခြေအနေမှာ ယင်းသို့ မဟုတ်တော့ကြောင်း ANP ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

“အခုတော့ တော်တော်ကြီးကို ဆိတ်သုဉ်းသွားပါပြီ။ လမ်းတွေပေါ်မှာ လူဦးရေ တော်တော်လျော့ပါတယ်။ ညမှောင်တာနဲ့ တံခါးတွေ ပိတ်ပြီးတော့ စစ်မက်နယ်မြေတစ်ခုလို ဖြစ်သွားတာပေါ့ဗျာ”

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *