တောင်ကိုရီးယားတွင် စပိုင်ကင်မရာဖြင့် လိင်ပိုင်းဆိုင်ရာ ဗီဒီယိုရိုက်ကူးသူ လေးဦးကို ဖမ်းဆီး

ဆိုးလ်၊ မတ် ၂၁

တောင်ကိုရီးယားနိုင်ငံ၌ ဟိုတယ်ခန်းများတွင် စပိုင်ကင်မရာဖြင့် ဗီဒီယိုရိုက်ကူး၍ အင်တာနက်ဝက်ဘ်ဆိုက်ပေါ် လွှင့်တင်ရောင်းစားခဲ့သူ လေးဦးကို ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

၎င်းတို့သည် ဟိုတယ်ခန်းတီဗီများ၊ ဆံပင်အခြောက်ခံလေမှုတ်စက် အပေါက်များနှင့် လျှပ်စစ်ဆော့ကတ်များတွင် အသေးစားကင်မရာများ ထည့်သွင်း၍ ဟိုတယ်အခန်း ၁,၆၀၀ တွင် လာရောက်တည်းခိုသူများကို ဗီဒီယိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ယင်းဗီဒီယိုများကို အင်တာနက်ဝက်ဘ်ဆိုက်အသစ်ဖွင့်၍ ပြသရာတွင် အမေရိကန်ဒေါ်လာ ၆,၂၀၀ ရရှိခဲ့သည်ဟုလည်း စွပ်စွဲခံထားရသည်။

ကိုရီးယားရဲတပ်ဖွဲ့က ဘီဘီစီသတင်းဌာနကို ပြောကြားရာတွင် ပြစ်မှုကျူးလွန်သူများသည် ၂၀၁၈ ဩဂုတ်လက တောင်ကိုရီးယားမြို့ကြီး ၁၀ မြို့ရှိ ဟိုတယ် ၃၀ တွင် ၁ မီလီမီတာမှန်ဘီလူး အရွယ်အစားရှိ ကင်မရာများဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ နိုဝင်ဘာလတွင် ဝက်ဘ်ဆိုက်ဖွင့်ခဲ့ပြီး လာရောက်ကြည့်ရှုသူများကို စက္ကန့် ၃၀ စာ အခမဲ့ကြည့်ခွင့်ပေးခဲ့ပြီး ဗီဒီယိုတစ်ခုလုံးအတွက် အခကြေးငွေ တောင်းခံခဲ့သည်။

ယင်းဝက်ဘ်ဆိုက်တွင် အခပေးအဖွဲ့ဝင် ၉၇ ဦးထိရှိကြောင်း တောင်ကိုရီးယားရဲက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် လိင်ဖျော်ဖြေရေးဓာတ်ပုံနှင့် ရုပ်ရှင်ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းမှာ တရားဥပဒေနှင့် ညီညွတ်ခြင်းမရှိပေ။

တောင်ကိုရီးယားနိုင်ငံ လိင်နှင့်ပတ်သက်သော ဗီဒီယိုအများစုမှာ အိမ်သာများ၊ အဝတ်အစားလဲခန်းများတွင် လျှို့ဝှက်ကင်မရာဖြင့် ရိုက်ကူးခြင်းဖြစ်ပြီး သမီးရည်းစားဟောင်းများကလည်း လက်စားချေသည့်အနေဖြင့် ဖြန့်ဝေသည်မျိုးလည်း ရှိသည်။

တောင်ကိုရီးယားနိုင်ငံတွင် ၂၀၁၇ ခုနှစ် က ယင်းကဲ့သို့သော အမှုပေါင်း ၆,၀၀၀ ကျော်ရှိပြီး ၂၀၁၂ ခုနှစ်က ၂,၄၀၀ သာ ရှိသည်။

၂၀၁၇ ခုနှစ်တွင် လျှို့ဝှက်ကင်မရာနှင့် ပတ်သက်၍ လူ ၅,၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရသော်လည်း ယင်းတို့ထဲမှာ ၂ ရာခိုင်နှုန်းအောက်သာ ဖမ်းဆီးထောင်ချခံခဲ့ရသည်။

ယခုဖမ်းဆီးထားသူ လေးဦးမှာ အပြစ်ရှိပါက အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်နှင့် ငွေဒဏ် ဝမ်ငွေသန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၆,၅၇၁) အထိ ချမှတ်ခံရနိုင်သည်။

လိင်နှင့်ပတ်သက်သည့် ဗီဒီယိုများ ရိုက်ကူးဖြန့်ဝေခြင်းကို မကျေမနပ်ဒေါသထွက်နေသူများက ၂၀၁၈ ခုနှစ်တွင် ဆိုးလ်မြို့တော်၌ ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ပိုမိုပြင်းထန်သည့် ပြစ်ဒဏ်ချမှတ်ရန်တောင်းဆိုခဲ့ကြကြောင်းလည်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *