မြို့တော်စည်ပင်သာယာရေးကော်မတီဝင်လောင်း ဒေါ်ထက်ထက်ထွန်းနှင့် တွေ့ဆုံခြင်း

“အစိုးရက ခန့်အပ်ထားတဲ့ ကော်မတီဝင်ငါးဦးနဲ့သာ လုံလောက်ခဲ့မယ်၊ ပြည်စုံခဲ့မယ်ဆိုရင် ပြည်သူတွေဘက်က ရွေးချယ်တဲ့ ကော်မတီဝင်ခြောက်ဦးဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး”

Miss Universe ၂၀၁၆ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် Miss Universe National Costume Winner ဆုရှင် မထက်ထက်ထွန်းသည်  မတ်လ ၃၁ ရက်တွင် ကျင်းပမည့် စည်ပင်ရွေးကောက်ပွဲတွင် မြို့တော်စည်ပင်သာယာရေးကော်မတီဝင်အဖြစ် မဲဆန္ဒနယ်မြေ (၃) မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – မထက်ထက်ထွန်းရဲ့အဖေဦးတင်ထွန်းက YCDC ကော်မတီဝင်အဖြစ်  အရွေးခံထားရတာပေါ့။ ၂၀၁၉ မှာကျတော့  မထက်ထက်ထွန်းက အရွေးခံမယ်ဆိုတော့ ဖခင်ဖြစ်သူ ရဲ့တွန်းအားက ဘယ်လောက်ရှိလဲ၊ သူ့ရဲ့ပံ့ပိုးမှုရော  ဒီရွေးကောက်ပွဲမှာရှိမလား။

HHT – အဓိကတော့ ထက်ထက်ရဲ့ဖခင်ဖြစ်သူရဲ့ဆန္ဒက အများကြီးပါဝင်တယ်။ ထက်လည်း ပြောဖူးတယ်။ အဖေ့ရဲ့ ဆန္ဒပေါ့နော်၊ အဖေ့ရဲ့ဆန္ဒဆိုတဲ့နေရာမှာ အဖေဆန္ဒရှိလို့ လိုက်လုပ်တာလားဆိုတဲ့ အဖြေ အထိတော့ မယူဆစေချင်ဘူး။ ထက်က အမြဲတမ်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ကိုယ်ဘာသာ ကိုယ်ဝေဖန် ပိုင်းခြားပြီးတော့ အခုအချိန်အထိ ရပ်တည်လာခဲ့တာ။ ဒါပေမဲ့ မိဘဆိုတဲ့ သွန်သင်ဆုံးမမှုအောက်ကနေ သွေဖည်သွားတာတော့ မရှိဘူး။ မိဘဆိုတာကတော့ အတွေ့အကြုံရှိတဲ့ လူကြီးတစ်ယောက်အနေနဲ့ ကိုယ့်ကို ဘ၀အတွေ့အကြုံရော ပညာပိုင်းရော အခုဆို စည်ပင်နဲ့ပတ်သက်လို့ အရှေ့မှာ အတွေ့အကြုံရှိထားပြီးသား သူတစ်ယောက်အနေနဲ့ သူအနေနဲ့ထက် စိတ်ထဲကိုမျိုးစေ့ထည့်ပေးလိုက်တာ တစ်ခုပါပဲ။ ဒီထည့်ပေးလိုက်တဲ့ မျိုးစေ့ပေါ်မှာ ကိုယ်ဘယ်လောက်အထိ စိတ်ဓာတ်ခိုင်မာတယ်၊ ဘယ်လောက်အထိ ဆန္ဒပြင်းပြတယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီးတော့ ဒီပွဲကို ကိုယ်ယုံကြည်မှုဘယ်လောက်ရှိလဲဆိုတာကို ဆုံးဖြတ်ပြီးတော့မှ ယုံကြည်မှုအပြည့်နဲ့ ဝင်ပြိုင်လိုက်တာပါ။

The Voice Journal – မထက်ထက်ထွန်း နားလည်တဲ့ စည်ပင်ဆိုတာ ဘယ်လိုမျိုးလဲဗျ။

HHT – စည်ပင်ဆိုတာလူတိုင်း လွယ်လွယ်ပြောရရင် မွေးရာကနေ သေတဲ့အထိ လူတစ်ယောက်တင် မကဘူး၊ သတ္တဝါတွေအားလုံး ဒီမြို့မှာနေကြတဲ့သူတွေ အားလုံးကို တာဝန်ယူရတာ။ အဲဒီတော့ မွေးရာကနေ သေတဲ့အထိ အများကြီးပဲ။ ခွဲရင် ခွဲသလောက် အစိတ်အပိုင်းတွေ အများကြီးရှိတယ်။  စည်ပင်ဆိုတဲ့ အရာသည် ဝန်ဆောင်မှုပေးရသည့် အလုပ်မျိုး။ ပြည်သူတွေဆီက အခွန်အခတွေနဲ့ ပြည်သူတွေကို ပြန်ပြီး ဝန်ဆောင်မှုပေးရတဲ့ အလုပ်မျိုး။ စည်ပင်ဝန်ထမ်းဆိုတာသည် ပြည်သူတွေဆီက အခွန်အခလစာတွေကို ယူပြီးတော့ ပြန်ဝန်ဆောင်မှုပေးရတဲ့သူမျိုးလို့ မြင်တယ်။ အဲဒီအတွက် နိုင်ငံရေးစိတ်ဓာတ်ဆိုတာထက် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကိုယ့်မြို့သူမြို့သားတွေအပေါ်မှာ ချစ်တဲ့ စိတ်စေတနာရှိတဲ့ စိတ်ကိုယ်ချင်းစာတဲ့ စိတ် အဲဒီလိုစိတ်တွေ ပိုပြီးထက်သန်နေဖို့ ပြင်းထန်နေဖို့ ပိုပြီးလိုအပ်တယ်လို့ ထင်တယ်။ ပြီးတော့ စည်ပင်ဆိုတဲ့ အရာက နာမည်မှာ ကြားသလိုပဲ စည်ပင်တာ၊ စည်ပင်သာယာဝပြောတယ်။ အဲဒီလိုအရာတွေဖြစ်ဖို့ဆို ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးလိုအပ်ပါတယ်။

The Voice Journal – အရွေးခံရရင် YCDC ကော်မတီဝင်တွေရဲ့ သက်တမ်းက ၂ နှစ်လောက်ပဲ ရှိတယ်။ ၂ နှစ်အတွင်းမှာ မထက်ထက်ထွန်းရဲ့ ရန်ကုန် မြို့ပေါ်ထားတဲ့ Vision ဘယ်လိုရှိလဲ။

HHT- နောက်နစ်နှစ်အပေါ်မှာ ထားတဲ့ ရန်ကုန်ဆိုရင်တော့ သေချာတာတစ်ခုကတော့ ထက်တို့လိုမျိုး ယုံကြည်ချက်အပြည်နဲ့ ခံယူချက်အပြည့်နဲ့ ပြောင်းလဲချင်စိတ်အပြည့်ရှိတဲ့ လူငယ်တွေ ပြောင်းလဲဖို့အတွက် အခုလို ရွေးကောက်ပွဲတွေမှာ ကော်မတီဝင်နေရာ  ဝင်ပြိုင်တဲ့အခါမှာ လုပ်ခွင့်သာ တကယ်ရခဲ့မယ်ဆိုရင်၊ ပြည်သူတွေရဲ့ယုံကြည်မှု၊ အားပေးမှု၊ ပူးပေါင်းပါဝင်မှုတွေသာ ဒီထက်ပိုပြီးရခဲ့မယ်ဆိုလို့ရှိရင် ပြီးတော့  ပြည်သူတွေဘက်မှာလည်း ထက်တို့လို လူငယ်တွေ အမျိုးသမီးတွေရှေ့ကနေ ထွက်လာတဲ့အတွက် နောက်က အရည်အချင်းရှိတဲ့ လူငယ်အမျိုးသမီးတွေ အများကြီးလိုက်ပါလာမယ်ဆိုလို့ရှိရင် အဲဒီအရာတွေ အားလုံး ပေါင်းစပ်ပါဝင်သွားရင် ဒီ၂ နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ဒီတိုင်းရပ်နေတဲ့ ဒီပုံစံ ဒုံရင်းအတိုင်း ဆက်သွားနေမယ့် ရန်ကုန်မြို့ကနေ ပြောင်းလဲတိုးတက်မှု Changes ကို သိသိသာသာဖြစ်တဲ့ ရန်ကုန်အဖြစ် ပြောင်းလဲတိုးတက်သွားမှာ သေချာတယ်။ အနည်းဆုံးတော့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ခွန်အားဆိုင်ရာတွေလည်း အများကြီးပြောင်းလဲသွားလိမ့်မယ်။

The Voice Journal – ရွေးကောက်ပွဲမှာ ပါတီ ပုံရိပ်နဲ့ မဲဆွယ်တဲ့သူတွေလည်းရှိတယ်။ တစ်သီးပုဂ္ဂလတွေလည်း ရှိတယ်။ တစ်သီးပုဂ္ဂလကတော့ ကိုယ့် ပုံရိပ်နဲ့ ကိုယ်မဲဆွယ်ရတာပေါ့လေ။ ရွေးကောက်ပွဲ ဆိုတာက မျှတရမယ်လေ မျှတတယ်လို့ ခံစားရလား။

HHT – ပါတီ Logo သုံးခွင့်ပြုတယ် သုံးခွင့်မပြုဘူး ဆိုပြီးတော့ ခဏခဏတော့ အပြောင်းအလဲတွေ ဖြစ်သွားတာပေါ့နော်။ ဖြစ်ပြီးတော့ နောက်ဆုံးအသုံးပြုခွင့်ပြုတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်သွားတဲ့ အခါကျတော့….။ ဥပဒေရှိတဲ့အတိုင်း ရွေးကောက်ပွဲဝင်ရမှာ ထက်ထက်တို့ရဲ့ တာဝန်ပေါ့။ ကိုယ်က တစ်သီးပုဂ္ဂလ ဖြစ်တဲ့အတွက် ယှဉ်ပြိုင်တဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ဘာတွေပြုပြင်မယ် ဘာတွေပြောင်းလဲမယ်၊ ဘယ်လိုယှဉ်ပြိုင်မယ်ဆိုတဲ့ ကိုယ့်တာဝန်အပိုင်းကိုပဲ ထက်ကတော့ အာရုံစိုက်တယ်။ ဒါက ဥပဒေကလည်း ချပြီးပြီ။ ထက်တို့အနေနဲ့လည်း ပြင်ဆင်လို့လည်း ရတဲ့အနေထားမျိုးမဟုတ်တော့ ဖြစ်လာတဲ့ ပြဿနာကို ဖြစ်နေပါတယ်လို့ပြောနေမယ့်အစား ကိုယ့်ဘက်က ဘာလုပ်လို့ရမယ် ကိုယ့်ဘက်က ဘယ်လောက်အထိ ကြိုးစားလို့ရမယ်ဆိုတဲ့အပိုင်းကိုပဲ ပြောင်းလဲပြီးလေ့လာတယ်။ ပြည်သူတွေရဲ့ စိတ်ထဲမှာ ခွဲခြားပြီး သိစေချင်တာတစ်ခုက ဒါသည် ဒေသန္တရ ရွေးကောက်ပွဲတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပါတီကိုပဲကြည့်ပါ လူကိုမကြည့်ပါနဲ့ဆိုတဲ့ အစွဲလေးရှိနေတာကိုတော့ ခဏလေးမေ့ထားစေချင်ပါတယ်။ ဒါကရန်ကုန်မြို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာအတွက် မြို့သူမြို့သားတွေအတွက် ဝန်ဆောင်မှုပေးမယ့် လူတစ်ယောက်ကို ရွေးချယ်တာဖြစ်တဲ့အတွက် ကိုယ်ယုံကြည်တဲ့ သူ ကိုယ်လေးစားတဲ့သူ ကိုယ်တကယ်ဖြစ်စေချင်တဲ့သူ လူကိုကြည့်ပြီးတော့ပဲ မဲပေးမှပဲ မှန်ကန်မယ်ရွေးချယ်မှုတွေက ပိုပြီးတော့ ထိရောက်မယ်၊ ကိုယ်ရွေးချယ်ထားတဲ့ သူရဲ့လုပ်ရပ်တွေကပိုပြီးထိထိရောက်ရောက်  ပြောင်းလဲမှုရှိမယ်လို့ ထက်ကတော့ ထင်တယ်ပေါ့။

The Voice Journal – အရင်တုန်းက အင်တာဗျူးတွေမှာ ပြောခဲ့တယ်။ ဒုတိယမြို့တော်ဝန်အထိ  ရည်မှန်းထားတယ်ပေါ့နော်။ အခုရွေးကောက်ပွဲက နီးလာပြီ ရည်မှန်းချက်က အဲဒီတိုင်းပဲလား ပြောင်းသွားသေးလား။

HHT – ရည်မှန်းချက်က ပိုပြီးတောင်ခိုင်မာလာပါတယ်။ ပွဲတစ်ခု၊ ပြိုင်ပွဲတစ်ခု၊ လမ်းကြောင်းတစ်ခု ဘယ်အရာပဲ သွားသွား အဲဒီလမ်းကြောင်းရဲ့အကောင်း ဆုံးဆိုတဲ့နေရာကို ထက် အမြဲတမ်းမျှော်လင့်တယ်။ အဲဒီအတွက်လည်း ထက် အကောင်းဆုံးကြိုးစားတယ်။ အဲဒီအတွက်လည်း မျှော်လင့်ချက် ကိုယ့်ရဲ့ရည်မှန်းချက် အမြင့်ဆုံးမဟုတ်သေးဘူးဆိုရင်၊ နောင်တစ်ဆင့်နိမ့်ထားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိလို့ပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုသာ လျော့သွားရင် ကိုယ့်ရဲ့  ကြိုးစားအားထုတ်မှုလည်း လျော့သွားမှာပဲ။ နောက် ဆုံး Target အကောင်းဆုံးဆိုတဲ့ နေရာအထိ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ရနိုင်မယ်၊ ရကို ရရမယ် ဆိုတဲ့ စိတ်နဲ့ ကြိုးစားမှသာ လူတွေရဲ့လုံလအားစိုက်မှုခွန်အားကလည်း အပြည့်အဝကြိုးစားလိမ့်မယ်လို့ ယုံကြည်တယ်။ ပြည်သူတွေအပေါ်မှာ ထားတဲ့ ဖြူစင်တဲ့ ပြင်းပြတဲ့စိတ်ဆန္ဒဆိုတာထက် တကယ် ငါ လုပ်ကို လုပ်ရမယ် ပြင်းပြတဲ့ စိတ်ဆန္ဒတွေ ခိုင်မာတယ် ယုံကြည်ချက်တွေ ပိုရှိလာတယ်။ ဒုမြို့တော်ဝန် ဆိုတဲ့ နေရာကတော့ ကော်မတီဝင်ဖြစ်ပြီးသွားရင် ဆက်ပြီးတော့ လိုချင်တဲ့ ယုံကြည်တဲ့နေရာတစ်ခုပေါ့။ ကိုယ့်ဘက်က လုပ်ပိုင်ခွင့်ပိုရှိမှ ကိုယ် တကယ်လုပ်ချင်တဲ့၊ ဖြစ်ချင်တဲ့ လုပ်ပေးချင်တဲ့အရာတွေကို လုပ်ပိုင်ခွင့် ရှိမှာလေ အဲဒါကြောင့်မို့ပါ။

The Voice Journal –  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ အကြီးအကဲလို့ပြောမယ့်  မြို့တော်ဝန် ဦးမောင်မောင်စိုး။ သူတောင်မှပဲ သူ့ရဲ့ လုပ်ငန်းတွေကို ကောင်းကောင်း မလုပ်နိုင်သေးဘူးပေါ့နော်။ သူနဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည်  တာဝန်ခွဲဝေမှုမရှိဘူးဆိုပြီး ထောက်ပြနေတာတွေ ရှိတယ်။ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မြို့တော်ဝန် အလုပ်တွေကို သွားလုပ်နေတဲ့ ပုံစံမျိုးတွေ့ရတယ် ဆိုပြီး ဝေဖန်တဲ့သူတွေ ထောက်ပြတဲ့သူတွေက ပြောနေကြတယ်။ အဲဒီလိုအခြေအနေမျိုးမှာ စည်ပင်ကော်မတီ ဝင်ပြိုင်တဲ့ ကော်မတီလောင်းတွေက ရွေးကောက်ခံရရင် အဲဒီအဟန့်အတားကို ကျော်ပြီးတော့ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲနိုင်မှာလဲ။

HHT – အဲဒီဟာတော့ ရှင်းပါတယ်။ အခုလက်ရှိ ရှိပြီးသား ကော်မတီဝင် ငါးဦးက အစိုးရခန့်အပ်ထားတဲ့ ကော်တီဝင် ငါးဦးပါ။ အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေအတိုင်း ဘောင်ဝင်အောင် လုပ်ရတဲ့အပိုင်းတွေ ရှိတယ်။ လုပ်ပိုင်ခွင့်တွေထက် ကျော်လွန်ပြီး လုပ်လို့မရတဲ့ အရာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒီအရာတွေနဲ့ မလုံလောက်လို့ဆိုပြီး အခုရွေးကောက်ပွဲဆိုတာ ဖြစ်လာတာလေ။ အစိုးရက ခန့်အပ်ထားတဲ့ ကော်မတီ ဝင်ငါးဦးနဲ့သာ လုံလောက်ခဲ့မယ်၊ ပြည်စုံခဲ့မယ်ဆိုရင် ပြည်သူတွေဘက်က ရွေးချယ်တဲ့ ကော်မတီဝင်ခြောက်ဦးဆိုတာ ဖြစ်လာစရာ အကြောင်းမရှိဘူး။ လိုအပ်နေသေးတဲ့အတွက် ပြည်သူတွေဘက်ကသာ တကယ်ရွေးချယ်တဲ့ ယုံကြည်တဲ့ မဲပေးလိုက်တဲ့သူ တစ်ယောက်သာ ထွက်ပေါ်လာခဲ့မယ်ဆိုရင် ပူးပေါင်းပြီးတော့ အစိုးရ ခန့်အပ်တဲ့ ငါးဦးနဲ့ ဒီခြောက်ဦးနဲ့သာ ပူးပေါင်းလိုက်မယ် ဆိုရင် ပိုပြီးပြည့်စုံမယ်။ ပိုပြီးခွန်အားတွေ ရှိလာမယ်။ ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုတဲ့အတိုင်း ပြည်သူတွေ ဆန္ဒနဲ့ ထပ်တူကျမယ်လို့ ထက်တို့ ရွေးချယ်တာ။ ရှေ့မှာ လက်ရှိရှိနေတဲ့ သူတွေရှေ့မှာ ဘာလုပ်တယ်၊ ဘာတွေ မလုပ်ဘူးဆိုတာထက် ကိုယ်တွေကို လိုအပ်လို့ ရွေးချယ်လိုက်တယ်ဆိုတာကို ပထမဆုံး လက်ခံလိုက်တယ်။

The Voice Journal –  ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအကြောင်း ပြည်သူကို Awarness ပေးတဲ့နေရာမှာ သူ တာဝန်သူ ကျေပွန်ရဲ့လား။

HHT – အားနည်းမှုရှိတယ်။ ပျက်ကွက်မှုရှိတယ်။ လစ်ဟာမှုတွေ ရှိတယ်။ အဲဒါတွေကလည်း ကိုယ်တိုင် ကော်မတီဝင်လောင်းတစ်ယောက်အနေနဲ့ ရွေးကောက်ပွဲကို ဝင်နေတဲ့သူတစ်ယောက်အနေနဲ့ အားမလို အားမမှုတွေ ဖြစ်နေတာ အခုလက်ရှိမှာပဲ။ ဒီရက်ပိုင်း ပြည်သူတွေထဲကို ဝင်သွားကြည့်တဲ့အခါမှာ တွေ့ရတာ ရှိတယ်။ အရမ်းမဲပေးချင်တယ်၊ စိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတို့မဲစာရင်းမှာ ပါမလာဘူး။ တချို့ ရွေးကောက်ပွဲဆိုတာကို လုံးဝမသိလိုက်ဘူး။ ဒီဘဏ္ဍာငွေတွေကို အသုံးပြုပြီးတော့ တန်လား မတန်လားဆိုတာမှာ တန်အောင် ပြည်သူတွေက မဲထွက်ပေးရမှာဆိုပေမယ့် ပြည်သူတွေသိအောင်တောင် သတင်းအချက်အလက်တွေကို မဖြန့်ပေးလိုက်ဘူးဆိုရင် ကော်မရှင်ဘက်က အားနည်းချက်ပေါ့။

The Voice Journal – ကျေးဇူးတင်ပါတယ်ခင်ဗျ။

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *