အကျပ်ရိုက်ဆဲ နှစ်သစ်ကူးအိမ်ပြန်ခရီး

ဓာတ်ပုံ - မိုးကျော်လွင်

မတ်လမကုန်သေးသော်လည်း သင်္ကြန်ပိတ်ရက်အတွက် ကားလက်မှတ်ဝယ်ရန်မှာ ခက်ခဲလာပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ ခရီးသွားလာမှုအကြီးမားဆုံးအခိုက်အတန့်ဖြစ်သည့် မြန်မာ့နှစ်သစ်ကူးသင်္ကြန်ပွဲတော်ရုံးပိတ်ရက်များတွင် ရန်ကုန်မြို့မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲသည့် အဝေးပြေးခရီးသည်တင်ကားလက်မှတ်များ ပြတ်လပ်စ ပြုလာသည်။

သင်္ကြန်ရုံးပိတ်ရက်သည် ၂၀၁၉ ခုနှစ် ဧပြီလ ၁၃ မှ ၁၇ ရက်အထိ စုစုပေါင်းငါးရက် ဖြစ်သည်။ ဧပြီ ၁၃ ရက်မတိုင်မီ ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကြိုတင်လက်မှတ်ဝယ်ယူကြသဖြင့် ယာဉ်လိုင်းကြီးများတွင် လက်မှတ်ကုန်သွားပြီ ဖြစ်သည်။ အချို့ယာဉ်လိုင်းများသည် ခရီးစဉ်အလိုက် ဦးရာလူစနစ်ဖြင့် ရောင်းရန်ကျန်ရှိနေသည်။

သင်္ကြန်ကာလတွင် မွေးရပ်ဇာတိပြန်သူ၊ အလည်အပတ်ထွက်သူ ခရီးသွားအဆမတန်များပြားခြင်းကြောင့် အဝေးပြေး ယာဉ်လိုင်းများ၊ ရထားနှင့် လေယာဉ်များတွင် ခရီးသည်အပြည့်ဖြစ်သည်။ ကာလတစ်ခုအတွင်း ဝယ်လိုအားအဆမတန် ကြီးမားပြီး ရောင်းလိုအားအကန့်အသတ်ရှိခြင်းကြောင့် ကားလက်မှတ်ဝယ်မရသည့် ခရီးသွားများစွာရှိသည်။ ကားလက်မှတ် ဈေးတင်ရောင်းသည့် ဂိတ်များလည်း ရှိသည်။

သင်္ကြန်ရောက်တိုင်း အစဉ်အလာမပျက်ကြုံရသည့် ကားလက်မှတ်ပြဿနာကား မည်မျှကြီးသနည်း။

ကားကခက် လူကကျပ်

ရန်ကုန်မြို့သည် သင်္ကြန်ရုံးပိတ်ရက်တွင် ခရီးသွားလက်မှတ်ဝယ်ယူရန် အခက်အခဲဆုံးဖြစ်သည်။ အကြောင်းမှာ ရွှေ့ပြောင်းလုပ်သား များပြားခြင်းကြောင့် ဖြစ်သည်။

၂၀၁၁ ခုနှစ် မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းမှုနောက်ပိုင်း လယ်ယာလုပ်ငန်းခွင်ကို စွန့်၍ မြို့ပြရှိ စက်ရုံအလုပ်ရုံများ၊ ဝန်ဆောင်မှုလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်သူများပြားလာရာ စီးပွားရေးမြို့တော် ရန်ကုန်သည် တိုင်းနှင့် ပြည်နယ်အသီးသီးမှ ရွှေ့ပြောင်းလုပ်သားအများဆုံးအခြေချရာ မြို့ဖြစ်လာသည်။

အဆိုပါလုပ်သားများသည် တရားဝင်ရုံးပိတ်ရက်ရှည်ဖြစ်သော သင်္ကြန်ကာလတွင် မွေးရပ်ဇာတိသို့ ပြန်သည်။ ရုံးပိတ်ရက်ရှည်ရသဖြင့် မိဘ၊ ဆွေမျိုးများနှင့် စိတ်အေးချမ်းသာစွာ ပြန်လည်ဆုံတွေ့ကြသည်။ တရားရိပ်သာနှင့် သာသာနာ့ဘောင်ဝင်သူများ၊ ဘုရားဖူးနှင့် အပန်းဖြေခရီးထွက်သူ များစွာလည်းရှိသည်။ အကြောင်းအမျိုးမျိုး၊ ခရီးသွားအမျိုးမျိုး ရှိကြသော်လည်း တူညီစွာကြုံရသည့် ပြဿနာမှာ ကားလက်မှတ်ဝယ်ရန် ခက်ခဲခြင်းဖြစ်သည်။

“ကားလက်မှတ်တွေက ဝယ်လို့ မရတော့ဘူး။ တော်တော်ခက်တယ်။ ခရီးသည်တွေ အကုန်လုံးပြည့်နေပြီ။ ရထားနဲ့ပဲ ပြန်ရမှာ။ ရထားကလည်း လွယ်တာတော့ မလွယ်ဘူး။ ရထားလက်မှတ်ရောင်းပေးမယ့်အချိန်ကို စောင့်နေတယ်”ဟု ရန်ကုန်တွင် ကိုးရီးယားဘာသာစကားသင်တန်းတက်နေသူ အသက် ၂၅ နှစ်အရွယ် ကိုမြင့်လွင် (အမည်လွှဲ) က ဆိုသည်။

၎င်းသည် ရန်ကုန်မြို့မှ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်သို့ ပြန်ရန်စီစဉ်နေသူလည်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အကြီးဆုံးအဝေးပြေးယာဉ်ရပ်နားစခန်းဖြစ်သော အောင်မင်္ဂလာအဝေးပြေးဝင်းရှိ မန္တလာမင်း၊ ရွှေစင်စင်္ကြာ၊ ရွှေမန္တလာ၊ Elite အစရှိသည့် ခရီးသည်တင်ယာဉ်လိုင်းကြီးများသည် သင်္ကြန်အကြိုနေ့မတိုင်မီ ရုံးပိတ်ရက်နှင့် နီးကပ်သည့် ဧပြီလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့အတွက် ရောင်းရန် ကားလက်မှတ်များမရှိတော့ကြောင်း အဆိုပါဂိတ်ကြီးများထံမှ သိရှိရသည်။ ရန်ကုန် – မန္တလေးနှင့် အခြားအဝေးပြေး ခရီးစဉ်ကားလက်မှတ်များ ပြတ်လပ်သွားခြင်းဖြစ်သည်။

ကားလက်မှတ်များကို Booking (ကြိုတင်စာရင်းပေးသွင်းခြင်း) လက်မခံဘဲ မှတ်ပုံတင်ဖြင့် လူကိုယ်တိုင် ငွေအကျေပေးဝယ်ယူမှသာ ရောင်းချပေးခြင်းဖြစ်သည်။ မတ်လ ပထမပတ်ကတည်းက ကားလက်မှတ်များ ရောင်းချပေးခဲ့ပြီး ရုံးပိတ်ရက်နှင့် မနီးကပ်သည့် ဧပြီလ ၈ ရက်၊ ၉ ရက်၊ ၁၀ ရက်တို့အတွက်သာ လက်မှတ်ကျန်သည်။ အချို့ယာဉ်လိုင်းများမှာ ဧပြီလ ၁၀ ရက်နေ့အတွက်ပင် မရှိတော့ကြောင်း ယင်းယာဉ်လိုင်းများထံမှ သိရသည်။

Famous ၊ မြတ်မန္တလာထွန်း၊ မန်းရာဇာယာဉ်လိုင်းများတွင် ဧပြီလ ၁၁ ရက်၊ ၁၂ ရက်တို့အတွက် ခရီးသည်ကားလက်မှတ် မရောင်းချသေးပေ။ မတ်လ ၂၀ ရက်၊ ၂၇ ရက်နေတို့တွင် ခရီးစဉ်အလိုက် ဦးရာလူစနစ်ဖြင့် မှတ်ပုံတင်တစ်ခု လက်မှတ်တစ်စောင်နှုန်း ကြိုတင်လက်မှတ်ရောင်းပေးမည်ဟု အဆိုပါဂိတ်များထံမှ သိရသည်။

“ကျွန်တော်တို့က လေးလပိုင်း ၁ ရက်နေ့ကစပြီးတော့ ရောင်းပေးမှာပါ။ booking  မပေးဘူး။ ခရီးသည်တွေက လူကိုယ်တိုင် လာဝယ်ရမှာ။ အခုချိန်တော့ တစ်ယောက်မှ မရောင်းပေးသေးရသေးဘူး။ ဈေးနှုန်းလည်း မပြောင်းဘူး။ ဘယ်အချိန်စီးစီး ဒီဈေးပဲ”ဟု လှိုင်ထိပ်ထား ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်း တာဝန်ခံ ဦးမင်းမင်းကိုက ပြောကြားသည်။

လှိုင်ထိပ်ထားယာဉ်လိုင်းသည် ဒဂုံဧရာအဝေးပြေးမှ ဧရာဝတီတိုင်းဓနုဖြူ မြို့နယ်၊ မအူပင်မြို့နယ်သို့ ပြေးဆွဲပေးသည့် ခရီးသည်တင်ယာဉ်လိုင်း ဖြစ်သည်။ သင်္ကြန်ကာလတွင် ပြေးဆွဲပေးသည့် ကားအရေအတွက်နည်းပါးပြီး စီးနင်းသည့် ခရီးသည်များပြားခြင်းကြောင့် လက်မှတ်ရရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

ဓာတ်ပုံ – မိုးကျော်လွင်

ဝယ်လိုအား၊ ရောင်းလိုအားကြားက ဈေးနှုန်း

ရန်ကုန်မြို့တွင် အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံဧရာအဝေးပြေးဟူ၍ ယာဉ်ရပ်နားစခန်းနှစ်ခုရှိပြီး ရန်ကုန်ကို အခြေပြု ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းပေါင်း ၁၁၀ ရှိသည်။ ထိုယာဉ်လိုင်းများတွင် ယာဉ်အစီးရေ ၉၀၀ ကျော်ရှိပြီး နေ့စဉ်ခရီးသည်လေးသောင်းကျော်စီးနင်းနေကြောင်း ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက မတ်လအတွင်း ကျင်းပသည့် တိုင်းလွှတ်တော်အစည်းအဝေးတွင် ပြောဆိုသည်။

ရုံးပိတ်ရက်ရှည်ဖြစ်သည့် သီတင်းကျွတ်နှင့် သင်္ကြန်ကာလတွင်ခရီးသည် စီးနင်းမှုပိုမိုများပြားခြင်းကြောင့် ကားလက်မှတ် ဈေးနှုန်းများ သတ်မှတ်နှုန်းထားထက်ပိုများကြောင်း ၎င်းက ဆိုသည်။ ဝယ်လိုအားများသဖြင့် ယာဉ်လိုင်းများက ဈေးနှုန်းကို မြှင့်သည့်သဘော ဖြစ်သည်။

“ကားလက်မှတ်ဝယ်တဲ့အခါ အရင်သတ်မှတ်နှုန်းထားထက် များပြီးတော့ ဈေးကြီးနေတာ တွေ့ရပါတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ ပြီးခဲ့တဲ့ သီတင်းကျွတ်ကာလ၊ သင်္ကြန်ကာလတွေမှာ လက်မှတ်ကြိုတင်ဖြတ်တယ်။ သို့သော် သွားတဲ့အခါမှာ ယာဉ်အနေနဲ့ အချိန်ပြောင်းသွားတဲ့အတွက် ဆိုပြီးတော့၊ အမှန်တော့ အချိန်ပြောင်းတာ မဟုတ်ဘူး။ ယာဉ်စီးခပိုတောင်းချင်တဲ့ အတွက် လှည့်လိုက်တာပေါ့”ဟု ၎င်းက ဆိုသည်။

ယခုနှစ်ပိုင်းအတွင်း ကိုယ်ပိုင်ယာဉ်၊ စင်းလုံးငှားယာဉ်၊ ဘုရားဖူးယာဉ်များအသုံးပြုလာသော်လည်း အဝေးပြေးယာဉ် လိုင်းများကို အလေးထားနေရဆဲဖြစ်သည်။ အထူးသဖြင့် သင်္ကြန်ကာလတွင် စီးနင်းသည့် ခရီးသည်အရေအတွက်ခန့်မှန်းရခက်သော်လည်း ပုံမှန်ထက် အဆပေါင်းများစွာပိုများသည်။

ဝယ်လိုအား မြင့်မားလာခြင်းကို အခွင့်ကောင်းယူကာ မှောင်ခိုလက်မှတ်ဝယ်ရောင်းလုပ်သူများလည်း ရှိသည်။ ထို့ကြောင့် ခရီးသည်များသည် လက်မှတ်ကို တိုးကြိတ်ဝယ်ကြပြီး အချို့မှာမူ လက်မှတ်မရလိုက်ခြင်းကြောင့် လက်မှတ်ပွဲစားများထံမှ ဈေးနှုန်းပိုပေး၍ ဝယ်သူများရှိသည်။ ယင်းမှာ ယာဉ်အစီးရေနည်းသော ယာဉ်လိုင်းများတွင် အများဆုံးဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်းလုပ်ငန်းရှင်များက ပြောကြားသည်။

အောင်မင်္ဂလာအဝေးပြေးဝင်းရှိ နာမည်ကြီးယာဉ်လိုင်းများတွင်မူ တစ်ဆင့် ပြန်ရောင်းချမည့် လက်မှတ်ပွဲစားများကို မရောင်းချမိရန် စီစဉ်လာကြသည်။ ယာဉ်လိုင်း၏ ပုံရိပ်ကို မထိခိုက်စေရန် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းလည်း မပြုလုပ်ကြကြောင်း အဆိုပါယာဉ်လိုင်းလုပ်ငန်းရှင်များက ဆိုသည်။

အမှန်တကယ် ခရီးသွားသူ၏ လက်ထဲ လက်မှတ်ရောက်ရန် လက်မှတ်ရောင်းချိန်ကို မကြေညာတော့ဘဲ ဂိတ်သို့ လာရောက်ဝယ်ယူသည့် ခရီးသည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်စသည်တို့ကို စိစစ်ရောင်းချပေးကြောင်း မန္တလာမင်းအဆင့်မြင့် ခရီးသည်ပို့ဆောင်ရေးဥက္ကဋ္ဌ ဒေါ်လဲ့လဲ့အေးက ပြောကြားသည်။

သင်္ကြန်အတွက် ခရီးစဉ်များကို ပင်ရင်းဂိတ်တွင် သီးသန့်ဝန်ထမ်း၊ သီးသန့် အရောင်းကောင်တာ ဖွင့်ရောင်းချပြီး ဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းခြင်းကိုလည်း ပိတ်ထားကာ အွန်လိုင်းနှင့် ဂိတ်ခွဲများတွင် လက်မှတ်ရောင်းချခြင်းကိုလည်း ပိတ်ထားကြောင်း ၎င်းက ဆိုသည်။

“အဓိကက တကယ်ခရီးသွားရဲ့ လက်ထဲကို တကယ်ရောက်ဖို့အတွက်ပေါ့။ ပိုက်ဆံအတွက်ဆိုရင် ဘာမှဦးနှောက် ခြောက်နေစရာ မလိုဘူး။ ခရီးစဉ်ကို ဖွင့်ထားလိုက်။ ကြိုက်တဲ့လူ လာဝယ်။ သူ့ ဘာသာသူ ပွဲစားပဲ ဝယ်ဝယ်။ ဝယ်ချင်တဲ့ လူဝယ်။ လွှတ်ထားလို့ ရတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

ပုံမှန်ခရီးစဉ်များထက် ဈေးနှုန်းပိုယူကြောင်း ငွေရှင်းပြေစာနှင့်တကွ  တိုင်ကြားပါက ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ YRTA (အဝေးပြေး) က အရေးယူဒဏ်ရိုက်မှုရှိကြောင်း အဝေးပြေးယာဉ် လိုင်းလုပ်ငန်းရှင်များထံမှ သိရသည်။ သို့သော်လည်း လက်မှတ်ဈေးနှုန်းမြှင့်တင်ရောင်းသည့်ပြဿနာကား အနည်းနှင့် အများရှိနေဆဲပင်ဖြစ်ကြောင်း ခရီးသည်များထံမှ သိရသည်။

ရန်ကုန်ကို အခြေပြုပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများသည် YRTA   (အဝေးပြေး) ကွပ်ကဲမှုအောက်တွင်ရှိပြီး လက်မှတ်ဈေးနှုန်းမြှင့်တင်မရောင်းရန်၊ ခရီးသည်များအဆင်ပြေရန် ဆောင်ရွက်မည့် အစီအစဉ်အသေးစိတ်ကို မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူးဒေါက်တာမောင်အောင်က ပြောကြားသည်။

အဓိကအားဖြင့် အဝေးပြေးယာဉ်ရပ်နားဝင်းများတွင် ကြီးကြပ်ရေးမှူးရုံးများ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ဒဂုံဧရာအဝေးပြေးဝင်းဘက်မှခရီးသည်များအတွက် YBS  ယာဉ်များဖြင့် ပြေးဆွဲနိုင်ရန်စီစဉ်နေကြောင်း၊ ပူပေါင်းပြေးဆွဲမည့် ယာဉ်အရေအတွက်ကို စီစဉ်နေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

သွားလမ်းသာမည်လော

ယခုနှစ်တွင် အစိုးရတရားဝင်းရုံးပိတ်ရက်ငါးရက်ဖြစ်ခြင်းကြောင့် ယခင်ကဲ့သို့ ခရီးသွားမများနိုင်ကြောင်း အဝေးပြေး  ယာဉ်လုပ်ငန်းရှင်များက မှန်းဆသည်။

ယခင်ကနှစ်သစ်ကူးရုံးပိတ်ရက် ၁၀ ရက်ဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ငါးရက်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သင်္ကြန်အကြိုနေ့တွင် ခရီးစဉ်များ တိုးချဲ့ပြေးဆွဲပေးခြင်းကြောင့် ခရီးသည်များအထိုက်အလျောက်အဆင် ပြေနိုင်ကြောင်း မန္တလာမင်းအဆင့်မြင့် ခရီးသည် ပို့ဆောင်ရေးဥက္ကဋ္ဌဒေါ်လဲ့လဲ့အေးက ပြောဆိုသည်။

ခရီးသည်အားလုံး အဆင်ပြေရန် အဝေးပြေးယာဉ်လိုင်းများအပြင် အခြားအများပြည်သူပို့ဆောင်ရေးစနစ်များ ပိုကောင်းလာရန်လိုအပ်သည်။ သင်္ကြန် ကာလတွင် မြန်မာ့မီးရထားကသင်္ကြန်အထူးရထားများ တိုးချဲ့ပြေးဆွဲပေးပြီး ရထားစီးခရီးသည်များလည်း အပြည့် ဖြစ်သည်။

ထိုင်ခုံလက်မှတ်မရသဖြင့် ထိုင်ခုံမဲ့လက်မှတ်ဖြင့် စီးနင်သည့် ခရီးသွားများစွာ  ရှိသည်။ ကြိုတင်ရထားလက်မှတ်ကို သုံးရက်ခန့်ကြိုရောင်းပြီး နှစ်စဉ်နှစ်တိုင်းခရီးသည်များစွာ တန်းစီဝယ်ယူကြရသည်။ အလားတူပင် လေယာဉ်ခရီးစဉ်များလည်း ခရီးသည်အပြည့်ပင်ဖြစ်သည်။ ယင်းသို့ ခရီးသွားများပြားသဖြင့် ပို့ဆောင်ရေး အခက်ကြုံရသည်မှာ မြန်မာနိုင်ငံတစ်ခုထဲတော့ မဟုတ်ပေ။

မြန်မာနိုင်ငံထက် လမ်းပန်းဆက်သွယ်ရေးများစွာ ကောင်းမွန်သည့် တရုတ်နိုင်ငံသည်ပင် တရုတ်နှစ်သစ်ကူးပွဲတော် ကာလ၌ ကြီးမားစွာအကျပ်အတည်းဆိုက်သည်။ ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးခရီးထွက်ကြသည့် လှုပ်ရှားမှုအဖြစ် နာမည်ကြီးသည့် တရုတ်နှစ်သစ်ကူးကာလတွင် ကား၊ ရထား၊ လေယာဉ်ခရီးစဉ်များအားလုံး လူများပြည့်ကျပ်နေသည်။

ဇန်နဝါရီလလယ်မှ ဖေဖော်ဝါရီလကုန်ပိုင်းအထိ ကြာမြင့်သည့် ပွဲတော်ကာလတွင် တရုတ်ရိုးရာယဉ်ကျေးမှုအရ မိသားစုများ ပြန်လည်ဆုံတွေ့ပြီး ညစာစားကြသည်။ ဇာတိမြေသို့  ခွဲခွာနေကြသည့် အလုပ်သမား၊ ကျောင်းသားတို့သည် မွေးရပ်ဌာနေသို့ ပြန်ကြကြောင်း တရုတ်သတင်းမီဒီယာများက ရေးသားသည်။

၂၀၁၈ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကာလတွင် ခရီးစဉ်ပေါင်းသုံးဘီလီယံအထိရှိကြောင်း China Daily သတင်းစာက ရေးသားသည်။ ခရီးသည်များပြားသောကြောင့် ကား၊ ရထား၊ လေယာဉ်လက်မှတ်ခရီးသည်တိုင်း မရသဖြင့် သွားလာရန် အခက်ကြုံကြရကြောင်း အဝေးပြေးယာဉ် လုပ်ငန်းရှင်များက ဆိုသည်။

တရုတ်ကဲ့သို့ပင် မြန်မာနိုင်ငံသည့် သင်္ကြန်ကာလတွင် ခရီးသွားရန် အခက်ကြုံကြသည်။ မြန်မာနိုင်ငံတွင် တစ်ခုပိုဆိုးသည်မှာ လက်မှတ်ဈေးနှုန်းမတက်ရန် ထိန်းကျောင်းမှုများကြား အနည်းနှင့် အများဈေးမြှင့်ရန် ပြင်ဆင်နေကြသည့် ဂိတ်များနှင့် ပွဲစားများ ရှိနေခြင်းပင်။

စင်စစ်အားဖြင့် သင်္ကြန်ကာလခရီးသည်များစွာ ကားလက်မှတ်ရရန်ခက်ခဲနေခြင်းသည် သမားရိုးကျသယ်ယူပို့ဆောင်ရေး ပြဿနာပင် မဟုတ်ပေ။ မြန်မာနိုင်ငံ၏ မြို့ပြဖြစ်ထွန်းမှု အရှိန်အဟုန်ရလာခြင်း၊ ကျေးလက်ဒေသမှ ရွှေ့ပြောင်းလုပ်သားများ မြို့ပြသို့အလုံးအရင်း ပြောင်းရွှေ့လာခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။

တိုင်းနှင့် ပြည်နယ်များရှိ မြို့ကြီးများ၏ စီးပွားရေးဖွံ့ဖြိုးမှုဟန်ချက်မညီခြင်းကြောင့် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် ရွှေ့ပြောင်းလုပ်သားများစွာ စုပြုံပြောင်းရွှေ့လာခြင်းကို မီးမောင်းထိုးပြနေခြင်းလည်း ဖြစ်သည်။

မည်သို့ဆိုစေ သင်္ကြန်ကျတော့မည်။ ယာဉ်လိုင်းကြီးအချို့တွင် လက်မှတ်ပြတ်စပြုလာသည်။ အချို့ကားဦးရာလူစနစ်ဖြင့် လက်မှတ်များ ရောင်းချပေးတော့မည်။ ယခုနှစ်တွင်မူ သင်္ကြန်ပိတ်ရက်နည်းခြင်းကြောင့် ယခင်နှစ်ကဲ့သို့ ခရီးသွားများအကျပ်အတည်း မဖြစ်နိုင်ကြောင်း ဒေါ်လဲ့လဲ့အေးက ယခုကဲ့သို့ဆိုသည်။

“ပိတ်ရက်အရမ်းမရှိတဲ့အတွက် အရမ်းကြီး မကျပ်လောက်ဘူး။ ပုံမှန်သွားနေတဲ့၊ ပုံမှန်ပိတ်ရက်တွေမှာ ကျပ်နေသလောက်ပဲ ဖြစ်လိမ့်မယ်”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *