လစ်ဘရယ်ဖီးနစ်ငှက်

ယခုတစ်ကြိမ်မှာ လစ်ဘရယ်ပုံပြင် ပထမဦးဆုံးအကြိမ် ယုံကြည်မှုအကျပ်အတည်းကို ကြုံရခြင်း မဟုတ်ချေ။ ဤပုံပြင်ကမ္ဘာကို ဩဇာစလွှမ်းသည့် ၁၉ ရာစု၏ ဒုတိယတစ်ဝက်မှစ၍ အကျပ်အတည်းကာလများကို ဖြတ်ကျော်ခဲ့ရသည်။ ဂလိုဘယ်လိုက်ဇေးရှင်းနှင့် လစ်ဘရယ်လိုက်ဇေးရှင်း၏ ပထမခေတ်မှာ နယ်ချဲ့စနစ်၏ အာဏာနိုင်ငံရေးကြောင့် တိုးတက်မှုဖြစ်စဉ်ရပ်တန့်သွားပြီး ပထမကမ္ဘာစစ်ကြီးဖြစ်ကာ သွေးချောင်းစီးဖြစ်ရပ်နှင့် အဆုံးသတ်သွားရသည်။ မင်းသားဖာဒီနန်ဆာရာယေဗိုတွင် လုပ်ကြံခံရပြီးနောက် မဟာအင်အားကြီးနိုင်ငံများမှာ လစ်ဘရယ်ဝါဒထက် နယ်ချဲ့စနစ်တွင် ပိုမိုယုံကြည်ကြောင်းပေါ်လွင်လာပြီး ကမ္ဘာကြီးကို လွတ်လပ်ပြီးငြိမ်းချမ်းသော ကုန်သွယ်ရေးဖြင့် ပေါင်းစည်းရမည့်အစား အင်အားသုံးပြီး ကမ္ဘာ့အစိတ်အပိုင်းများကို သိမ်းပိုက်ဖို့ အာရုံစိုက်ခဲ့ကြသည်။ သို့တစေ လစ်ဘရယ်ဝါဒမှာ ဖာဒီနန်ကာလကို ဖြတ်ကျော်နိုင်ခဲ့ပြီး ‘ဒီစစ်ပွဲသည် စစ်ပွဲအားလုံးကို အဆုံးသတ်ပေးမည့်စစ်ပွဲ’ ဟု ကြွေးကြော်ကာ ရုတ်ရုတ်သဲသဲဖြစ်နေသော ကာလမှ ပိုမိုတောင့်တင်းခိုင်မာစွာ ထွက်ပေါ်လာခဲ့သည်။ မကြုံစဖူးသွေးချောင်းစီးမှုကြီးကြောင့် လူသားမျိုးနွယ်မှာ နယ်ချဲ့ဝါဒအကြောင်း ကောင်းကောင်းသင်ခန်းစာရလိုက်ပြီး ယခုအခါ ကမ္ဘာအသစ်ကို ငြိမ်းချမ်းမှုနှင့် လွတ်လပ်မှုအပေါ် အခြေခံ၍ အသစ်ပြန်စရန်အသင့်ဖြစ်နေပြီဟု ဆိုကြလေ၏။

နောက်သိပ်မကြာမီ ၁၉၃၀ ပြည့်နှစ်များနှင့် ၁၉၄၀ အစောပိုင်းနှစ်များတွင် ဟစ်တလာခေတ်သို့ ရောက်လာပြန်၏။ ဖက်ဆစ်ဝါဒကိုလည်း အဆိုပါကာလအတွင်း စွဲမက်စရာဟု ထင်ကြလေ၏။ သိပ်မကြာခင် ယင်းအန္တရာယ်ကို အောင်မြင်လေသည်။ ချေဂွေဗားရားခေတ် ၁၉၅၀ ပြည့်နှစ်များနှင့် ၁၉၇၀ ပြည့်နှစ်များကြားတွင် တစ်ဖန် လစ်ဘရယ်ဝါဒမှာ နောက်ဆုံးအချိန်ရောက်ပြီး အနာဂတ်မှာ ကွန်မြူနစ်သာ ဖြစ်တော့သည်ဟု ထင်ရပြန်၏။ အဆုံးတွင် ကွန်မြူနစ်ဝါဒသာ ပြိုလဲသွားပြီး ဆူပါမားကတ်က ဂူးလတ်ထက် ပိုစွမ်းကြောင်း ပေါ်လာသည်။ ပိုအရေးကြီးသည့် အချက်မှာ လစ်ဘရယ်ပုံပြင်သည် သူ့ပြိုင်ဘက်များထက်ပို၍ ပြင်လွယ်ပြောင်းလွယ်ပြီး အင်တိုက်အားတိုက်ရှိသည့် အချက်ပင်ဖြစ်သည်။ သူ့အနေဖြင့် နယ်ချဲ့ဝါဒ၊ ဖက်ဆစ်ဝါဒနှင့် ကွန်မြူနစ်ဝါဒများ၏ ကောင်းကွက်အချို့ကို ယူပြီး သူတို့ကို အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ လစ်ဘရယ်ပုံပြင်မှာ လွတ်လပ်မှုမျှသာ မကသေး။ အထူးအားဖြင့် ကွန်မြူနစ်ဝါဒမှ စာနာတတ်မှုနှင့် ညီမျှမှုကို တန်ဖိုးထားမြှင့်တင်ရန် သင်ယူခဲ့လေသည်။

အစပိုင်းတွင် လစ်ဘရယ်ပုံပြင်မှာ ဥရောပတိုက်သား လူလတ်တန်းစားအမျိုးသားများ၏ လွတ်လပ်မှုနှင့် အခွင့်အရေးများကိုသာ ဂရုထားခဲ့ပြီး အလုပ်သမားလူတန်းစား၊ အမျိုးသမီးများ၊ လူနည်းစုများ၊ အနောက်တိုင်းသား မဟုတ်သူများကို မျက်နှာလွှဲထားခဲ့သည်။ ၁၉၁၈ တွင် အောင်ပွဲရ ဗြိတိန်နှင့် ပြင်သစ်တို့ အားကြိုးမာန်တက်လွတ်လပ်မှုအကြောင်း ဆွေးနွေးကြသောအခါ သူတို့၏ နယ်ချဲ့အင်ပါယာကြီးများအတွင်းမှ ကျေးတော်မျိုး ကျွန်တော်မျိုးများကို ထည့်သွင်းစဉ်းစားခြင်း မရှိချေ။ ဥပမာ – အိန္ဒိယ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တောင်းဆိုမှုကို ၁၉၁၉ တွင် ဗြိတိသျှစစ်တပ်က လက်နက်မဲ့ဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သော အမ္မရစ်ဆာအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြီးဖြင့် အဖြေပေးခြင်းမျိုး ဖြစ်ပါသည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင်ပင် အနောက်လစ်ဘရယ်များမှာ သူတို့၏ ကမ္ဘာလုံးဆိုင်ရာဟု ဆိုကြသော စံတန်ဖိုးများကို အနောက်ကမ္ဘာမှ မဟုတ်သော လူများကို ပေးဖို့ရန် ဝန်လေးနေကြဆဲဖြစ်သည်။ ဆိုတော့ကား နာဇီများ၏ ရက်စက်ကြမ်းကြုတ်သော ၅ နှစ်ကြာ သိမ်းပိုက်အုပ်စိုးမှုမှ ဒတ်ခ်ျများ ၁၉၄၅ တွင် လွတ်လာပြီးပြီးချင်း ပထမဆုံးလုပ်သည်မှာ စစ်တပ်ပြန်ထူထောင်ပြီး ကမ္ဘာတစ်ဝက်လောက်ခြားသော သူတို့၏ ကိုလိုနီဟောင်း အင်ဒိုနီးရှားကို ပြန်သိမ်းဖို့ လွှတ်လိုက်ခြင်းဖြစ်၏။ ၁၉၄၀ တုန်းကတော့ ဒတ်ခ်ျများမှာ သူတို့လွတ်လပ်ရေးကို လေးရက်လောက်ကြာ ခုခံတိုက်ခိုက်ပြီး အရှုံးပေးလိုက်သော်လည်း အင်ဒိုနီးရှားလွတ်လပ်ရေးလှုပ်ရှားမှုကိုမူ ၄ နှစ်ကျော်ကြာ ခါးခါးသီးသီးတိုက်ပွဲ ဆင်နွှဲဖိနှိပ်လေသည်။ ကမ္ဘာတလွှား လွတ်လပ်ရေးကြိုးပမ်းမှုများမှာ သူတို့ကိုယ် သူတို့လွတ်လပ်မှု၏ ချန်ပီယံများဟု ကြွေးကြော်သော အနောက်ထက် ကွန်မြူနစ်မော်စကိုနှင့် ကွန်မြူနစ်ဘေဂျင်းကို အားကိုးချင်ကြသည်မှာလည်း မဆန်းလှပေ။

သို့တစေ လစ်ဘရယ်ပုံပြင်မှာ သူ၏ မိုးကုတ်စက်ဝိုင်းကို တဖြေးဖြေးခြင်းချဲ့ထွင်လာခဲ့ပြီး အနည်းဆုံးစာရွက်ပေါ်တွင်တော့ လူသားအားလုံး၏ လွတ်လပ်မှုနှင့် အခွင့်အရေးများကို ခြွင်းချက်မရှိ တန်ဖိုးထားပါသည် ဖြစ်လာသည်။ လွတ်လပ်မှု၏ အဝန်းအဝိုင်းကျယ်ပြန့်လာသည်နှင့်အမျှ လစ်ဘရယ်ပုံပြင်မှာ ကွန်မြူနစ်စတိုင် လူမှုဖူလုံရေးအစီအစဉ်များ၏ အရေးကြီးပုံကို အသိအမှတ်ပြုလာသည်။ လွတ်လပ်မှုမှာ လူမှုလုံခြုံရေးအစောင့်အရှောက် တစ်မျိုးမျိုးမရှိလျှင် သိပ်အဖိုးမတန်လှ။ ဆိုရှယ်ဒီမိုကရက် လူမှုချမ်းသာရေးလုပ်သည့် နိုင်ငံများ (Welfare States) မှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် နိုင်ငံက အထောက်အပံ့ပေးသည့် ပညာရေး၊ ကျန်းမာရေးအစီအစဉ်များကို ပူးပေါင်းလုပ်ဆောင်သည်။ အရင်းရှင်ထွဋ်ခေါင် အမေရိကန်နိုင်ငံမှာပင် လွတ်လပ်မှုကို အကာအကွယ်ပေးရန် အစိုးရလူမှုဖူလုံရေးအစီအစဉ်အချို့ အနည်းဆုံးလိုအပ်ကြောင်း သဘောပေါက်လာသည်။ ငတ်ပြတ်နေသော ကလေးသူငယ်များတွင် အဘယ်မှာ လွတ်လပ်မှုရှိနိုင်ပါအံ့။

၁၉၉၀ အစောပိုင်းနှစ်များတွင် အတွေးအခေါ်ပညာရှင်များနှင့် နိုင်ငံရေးသမားများမှာ သမိုင်းနိဂုံးချုပ်ပြီဟု ကြွေးကြော်ကြပြီး အတိတ်က နိုင်ငံရေးနှင့် စီးပွားရေးမေးခွန်းကြီးများ ပွဲသိမ်းပြီ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်သောဈေးကွက်များနှင့် အစိုးရလူမှုဖူလုံရေးအစီအစဉ်များဖြင့် မွမ်းမံထားသည့် လစ်ဘရယ်အတွဲကြီးက လွဲလျှင် ကျန်တာတွေ ဖွဲနှင့်ဆန်ကွဲ (the only game in town) ဟု ခပ်ရဲရဲဆိုကြလေသည်။ ယင်းအတွဲကြီးသာလျှင် ကမ္ဘာတလွှားပြန့်ပွားကာ အတားအဆီးအခက်အခဲများကို ကျော်ဖြတ်၊ နိုင်ငံနယ်နိမိတ်များကို ဖယ်ရှားပြီး လူသားမျိုးနွယ်စုကို တစ်ခုတည်းသော လွတ်လပ်သည့် ကမ္ဘာ့လူ့အသိုက်အဝန်းအဖြစ် ပြောင်းလဲပေးလတ္တံ့ဟု ထင်ကြလေသည်။

သို့သော် သမိုင်းက နိဂုံးမချုပ်။ ဖာဒီနန်ခေတ်၊ ဟစ်တလာခေတ်နှင့် ချီဂွေဗားရားခေတ်များ အကျော် ယခု ထရမ့်ခေတ်နှင့် ကြုံရပြန်လေပြီ။ သည် တစ်ကျော့တွင်မူ လစ်ဘရယ်ပုံပြင်မှာ နယ်ချဲ့ဝါဒ၊ ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့ကဲ့သို့ ကြောင်းကျိုးဆီလျော်သည့် ဝါဒရေးရာပြိုင်ဘက်များနှင့် ဆုံရခြင်း မဟုတ်ပေ။ ထရမ့်အခိုက်အတန့်မှာ ပို၍နတ္ထိက သဘောဆန်လေသည်။

နှစ်ဆယ်ရာစု၏ အဓိကလှုပ်ရှားမှုကြီးများတွင် တကမ္ဘာလုံးကို ချယ်လှယ်ရေး၊ တော်လှန်ရေး၊ လွတ်လပ်ရေး မည်သည့်အရေးမဆို လူသားမျိုးစိတ်တစ်ခုလုံး ဘယ်လိုဘယ်ပုံဖြစ်သင့်သည်ဟု အမြင်ရှိသော်လည်း ဒေါ်နယ်ထရမ့်မှာ ဘာအမြင်ကိုမျှ မပေး။ သပ်သပ်နှင့် တခြားဖြစ်သည်။ သူ့၏ အဓိကအာဘော်ကား ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်အမြင်ပန်းတိုင်ချမှတ်ရန်၊ မြှင့်တင်ရန်မှာ အမေရိကန်အလုပ် မဟုတ်။ ထို့အတူ ဗြိတိန်မှ ဥရောပသမဂ္ဂခွဲထွက်ရေးသမားများမှာလည်း မစည်းလုံးသည့် ဘုရင့်နိုင်ငံတော်၏ အနာဂတ်အတွက် စီမံကိန်းမရှိသလို ဥရောပနှင့် ကမ္ဘာကြီးဆိုသည်မှာ ပို၍ပင် ဝေးသေးသည်။ ထရမ့်နှင့် ဥရောပသမဂ္ဂမှ ခွဲထွက်ရေးမဲပေးခဲ့သူများမှာ လစ်ဘရယ်အတွဲကို တစ်တွဲလုံးအနေနှင့် လက်မခံငြင်းပယ်လိုက်ခြင်း မဟုတ်ပေ။ သူတို့အနေဖြင့် ယင်း၏ တစ်ကမ္ဘာလုံးပြန့်ပွားရေးကိစ္စကိုသာ အယုံအကြည်ကင်းမဲ့လာခြင်း ဖြစ်သည်။ ၎င်းတို့မှာ ဒီမိုကရေစီ၊ လွတ်လပ်သောဈေးကွက်၊ လူ့အခွင့်အရေးနှင့် လူမှုတာဝန်များကို ဆက်လက်ယုံကြည်သော်လည်း အဆိုပါ အိုင်ဒီယာကောင်းများမှာ သူတို့၏ နိုင်ငံနယ်နိမိတ်တွင်သာ အဆုံးသတ်သော ဟူ၏။ အမှန်စင်စစ်ပင် ယော့ခ်ရှိုင်းယားနှင့် ကန်တက်ခီတွင် လွတ်လပ်မှု၊ ကြွယ်ဝမှုများကို ထိန်းသိမ်းနိုင်ရန် နယ်စပ်တွင် တံတိုင်းကြီးကာပြီး နိုင်ငံခြားသားများကို လစ်ဘရယ်မဆန်စွာ ဆက်ဆံဖို့က အကောင်းဆုံးဖြစ်လေသည်ဟု ယုံကြည်ကြလေ၏။

အင်အားကြီးလာသည့် တရုတ်ဆူပါ ပါဝါမှာမူ ကြေးမုံပြင်တွင် မြင်ရသကဲ့သို့ ဘယ်သည် ညာ၊ ညာသည် ဘယ် ဖြစ်သည်။ သူ့အနေဖြင့် ပြည်တွင်းနိုင်ငံရေးကို လစ်ဘရယ်ပြုရန် ဝန်လေးသော်လည်း ကျန်ကမ္ဘာ့ရေးရာများကို ချဉ်းကပ်ရာတွင်မူ လစ်ဘရယ်ဆန်စွာ ဆောင်ရွက်လေ၏။ လွတ်လပ်စွာကုန်သွယ်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များတွင် ရှီကျင့်ပင်မှာ အိုဘားမားကို တကယ့်အမှန်တကယ်ဆက်ခံသူ ပိုဆန်သည်မှာ အမှန်ပင်။ မက်စ်-လီနင်ဝါဒကို ချောင်ထိုးထားပြီးနောက် တရုတ်မှာ ကမ္ဘာကြီး၏ လစ်ဘရယ်ဖြစ်မှုအခြေအနေကို ကျေနပ်ပုံရသည်။

ပြန်လည်ရှင်သန်လာသော ရုရှားမှာ သူ့ကိုယ်သူ ကမ္ဘာ့လစ်ဘရယ်အစဉ်၏ အားကောင်းသော ပြိုင်ဘက်အဖြစ်မြင်ပြီး စစ်ရေးအရ စွမ်းအောင်ပြန်ဖွဲ့ပြီးသော်လည်း ဝါဒရေးရာအားဖြင့် အခွံသာကျန်လေသည်။ ဗလာဒီမာပူတင်မှာ ရုရှားနှင့် ကမ္ဘာတစ်လွှားရှိ လက်ယာစွန်းအုပ်စုများအကြား သေချာပေါက်ရေပန်းစားသော်လည်း သူ့တွင် အလုပ်လက်မဲ့ စပိန်သူစပိန်သားများ၊ မကျေမချမ်း ဘရာဇီးသူဘရားဇီးသားများ၊ အိပ်မက်ကမ္ဘာထဲက ကိန်းဘရစ်ခ်ျ ကျောင်းသူကျောင်းသားများကို ဆွဲဆောင်နိုင်မည့် ကမ္ဘာ့အမြင်မျိုး မရှိချေ။

လစ်ဘရယ်ဒီမိုကရေစီနှင့် အပြိုင်ရွေးချယ်စရာ မော်ဒယ်တစ်ခုကို ရုရှားက မပေးဘူး မဟုတ် ၊ သို့သော် ယင်းမော်ဒယ်မှာ ကျိုးကြောင်းကိုက်ညီသည့် နိုင်ငံရေးဝါဒတစ်ရပ် မဟုတ်ပေ။ နိုင်ငံ၏ အာဏာနှင့် ဘဏ္ဍာကို လူတစ်စုက လက်ဝါးကြီးအုပ်ထားပြီး မီဒီယာကို သုံးကာ အာဏာမြဲအောင် လုပ်ထားသည့် နိုင်ငံရေးနည်းလမ်းသာ ဖြစ်သည်။ ဒီမိုကရေစီသည် အေဗရာဟင်လင်ကွန်း ပြောသည့် ‘လူအားလုံးကို ကာလအတိုင်းအတာတစ်ခုအထိ လှည့်စားလို့ ရရင်ရမယ်၊ တချို့လူတွေကို အမြဲလှည့်စားလို့ရရင် ရမယ်၊ လူအားလုံးကိုတော့ အမြဲလှည့်စားထားလို့ မရ’ ဆိုသည်ကို အခြေခံသည်။ အစိုးရတစ်ရပ်မှာ ခြစားပြီး လူအများ၏ ဘ၀ကိုတိုးတက်အောင် မဆောင်ရွက်နိုင်ပါက တစ်ချိန်တွင် ထိုအချက်ကို သဘောပေါက်ကာ အစိုးရကို ဖြုတ်ချမည့် နိုင်ငံသားများ ရှိလာမည်ဖြစ်သည်။ သို့သော် အစိုးရက မီဒီယာကို ထိန်းချုပ်နိုင်ပြီး နိုင်ငံသားများအမှန်တရားကို မသိအောင် ဖုံးကွယ်ထားနိုင်သောအခါ လင်ကွန်းအယူမှာ မမှန်တော့။ မီဒီယာကို လက်ဝါးကြီးအုပ်ထားနိုင်သည့် အတွက် နိုင်ငံကိုအုပ်စိုးနေသည့် လူနည်းစုအနေဖြင့် ၎င်းတို့၏ အမှားများကို အခြားသူများအပေါ် ပုံချနိုင်ပြီး ပြည်သူများ၏ အာရုံကို တကယ်ဟုတ်သည့် ခြိမ်းခြောက်မှုများဖြင့် ဖြစ်စေ၊ တကယ်မဟုတ်သည့် ခြိမ်းခြောက်မှုများဖြင့် ဖြစ်စေ ပြင်ပသို့ လွှဲထားနိုင်သည်။

ထိုသို့နိုင်ငံရေးအာဏာကို လူနည်းစုက ချုပ်ကိုင်ထားသည့် စနစ်အောက်တွင် နေရသည့်အခါ တစ်ချိန်လုံး အရေးကြီးအခြေအနေတစ်မျိုးပြီး  တစ်မျိုး ကြုံရတော့သည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုလို ကိစ္စများမှာ ပျင်းစရာကောင်းသည့် ကိစ္စရပ်များဖြစ်လာပြီး ယင်းတို့ အကြောင်းမကြားရတော့။ တိုင်းပြည်မှာ ပြည်ပရန်ကျူးကျော်မှုအတွက် ပြင်နေရ သို့မဟုတ် အစိုးရဖြုတ်ချရန် ဆိုးယုတ်လှသည့် အားထုတ်မှုမျိုးကို တားဆီးနေရသည်ဆိုလျှင် လူများပြွတ်သိပ်နေသော ဆေးရုံများနှင့် ညစ်ညမ်းနေသည့် မြစ်များအတွက် အဘယ်သူ စိုးရိမ်ချိန်ရှိပါမည်နည်း။ အရေးကြီးအခြေအနေဆိုသည်များ တစ်ခုပြီး တစ်ခုဖန်တီးခြင်းဖြင့် လက်ဝါးကြီးအုပ်ထားသည့် အာဏာရှင်များအနေဖြင့် သူတို့၏ အုပ်စိုးမှုကို အကန့်အသတ်မရှိ ကြာရှည်အောင် ထိန်းထားနိုင်လေသည်။

လက်တွေ့ကျင့်သုံးရာတွင် ကြာရှည်ခံနိုင်သော်လည်း ဤလူနည်းစုလက်ဝါးကြီးအုပ်စနစ်ကို မည်သူမှ မနှစ်မြို့ကြ။ မိမိအမြင်ကို ဂုဏ်ယူစွာတင်ပြသည့် အခြားဝါဒများနှင့် မတူဘဲ အုပ်စိုးနေသည့် လူနည်းစုမှာလည်း ၎င်းတို့ကိုယ်တိုင်၏ အမူအကျင့်များကို မနှစ်မြို့ကြသည့်အလျောက် အခြားဝါဒများဖြင့် ဟန်လုပ်ဖုံးဖိထားရသည်။ ဆိုတော့ကာ ရုရှားမှာ ဒီမိုကရေစီအရေခြုံထားပြီး သူ့ခေါင်းဆောင်များမှာလည်း လူနည်းစုလက်ဝါးကြီးအုပ်ဝါဒထက် ရုရှားအမျိုးသားရေးဝါဒီနှင့် အော်သိုဒေါက်ခရစ်ယာန်စံတန်ဖိုးများကို အလေးထားကြောင်း ဟန်ပြရသည်။ ပြင်သစ်နှင့် ဗြိတိန်ရှိ လက်ယာအစွန်းရောက်များမှာလည်း ရုရှားအထောက်အပံ့နှင့် ပူတင်ကို ကြည်ညိုကြောင်း ပြောကောင်းပြောနိုင်သော်လည်း သူတို့၏ မဲဆန္ဒရှင်များမှာမူ အကျင့်ပျက်ခြစားမှုအမြစ်တွယ်နေပြီး အစိုးရဝန်ဆောင်မှုများ ပျက်ယွင်းနေကာ တရားဥပဒေစိုးမိုးမှု မရှိသော လူတန်းစားကွာဟမှုကြောက်ခမန်းလိလိ ကြီးမားနေသည့် ရုရှားမော်ဒယ်ကို အတုယူသော နိုင်ငံမျိုးတွင်မူ မနေလိုကြပေ။ အချို့တိုင်းထွာချက်များအရ ရုရှားမှာ ကမ္ဘာတွင် လူတန်းစားကွာဟမှုအကြီးမားဆုံးနိုင်ငံများထဲမှ တစ်ခု ဖြစ်သည်။ နိုင်ငံကြွယ်ဝမှု၏ ၈၇ ရာခိုင်နှုန်းမှာ နိုင်ငံ့လူဦးရေ၏ အချမ်းသာဆုံး ၁၀ ရာခိုင်နှုန်း၏ လက်ထဲတွင် ရှိသည်။ ပြင်သစ်က Front National ပါတီမှ အလုပ်သမားလူတန်းစားထောက်ခံသူ မည်ရွေ့ မည်မျှက ထိုသို့သော ကြွယ်ဝမှုဝေမျှသည့် ပုံစံကို ပြင်သစ်တွင် ဖော်ဆောင်ချင်ပါမည်နည်း။

လူသားများမှာ ခြေထောက်ဖြင့် မဲပေးကြခြင်းဖြစ်သည်။ ကျွန်တော်၏ ကမ္ဘာတစ်လွှား ခရီးစဉ်များတွင် အမေရိကန်၊ ဂျာမနီ၊ ကနေဒါ၊ ဩစတြေးလျသို့ ပြောင်းရွှေ့အခြေချနေထိုင်ချင်သူ အမြောက်အမြားကို တွေ့ခဲ့ရသည်။ တရုတ်နှင့် ဂျပန်သို့ ပြောင်းနေချင်သူအနည်းငယ်ကို တွေ့ဖူးသည်။ သို့သော် ရုရှားသို့ ပြောင်းရွှေ့နေထိုင်ရန် စိတ်ကူးနေသူ တစ်ဦးတလေမှ မတွေ့ခဲ့ရ။

‘ဂလိုဘယ်လ်အစ္စလာမ်ဝါဒ’ မှာကား သူ့နယ်နိမိတ်အတွင်း မွေးဖွားလာသူ အများစုကို ဆွဲဆောင်သည်။ ဆီးရီးယားနှင့် အီရတ်ရှိ လူအချို့နှင့် ဂျာမနီ၊ ဗြိတိန်တို့ရှိ ဖယ်ကြဉ်ခံမွတ်ဆလင်လူငယ်အချို့အတွက် သဘောကျစရာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကနေဒါ၊ တောင်ကိုရီးယားထားဘိ၍ ဂရိနှင့် တောင်အာဖရိကတို့ သူတို့ပြဿနာများကို ဖြေရှင်းရန် ကမ္ဘာလုံးဆိုင်ရာ ခလီဖွာကြီးဆီ ဝင်လာခစားဖို့ဆိုတာ တော်တော်လေးခဲယဉ်းသည်။ ဒီကိစ္စတွင်လည်း လူများက ခြေထောက်ဖြင့် မဲပေးခြင်းဖြစ်သည်။ ဂျာမနီမှ မွတ်ဆလင်လူငယ်တစ်ဦး အရှေ့အလယ်ပိုင်းသို့ ထွက်လာပြီး မွတ်ဆလင်ဘာသာရေးခေါင်းဆောင်များ အုပ်ချုပ်မှုအောက် ခိုဝင်ချင်သည်ဆိုပါစို့။ တစ်ချိန်တည်းတွင် ရာချီသော အရှေ့အလယ်ပိုင်းမှ လူငယ်များက လစ်ဘရယ်ဂျာမနီထံသို့ ခရီးနှင်လာကာ ဘ၀သစ်စဖို့ ကြိုးစားနေကြသည်ကို တွေ့ရပေမည်။

ဤသို့ဆိုလျှင် လက်ရှိဖြစ်နေသည့် လစ်ဘရယ်ပုံပြင်ပေါ် ယုံကြည်မှုကျဆင်းလာခြင်း အကျပ်အတည်းမှာ ရှေးအကျပ်အတည်းများလောက် မပြင်းထန်ဟု ကောက်ချက်ချဖွယ်ရှိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြုံလေသမျှ ဖြစ်ရပ်များကြောင့် စိတ်ညစ်ညူးရသည့် လစ်ဘရယ်များအဖို့ ၁၉၁၈၊ ၁၉၃၈၊ ၁၉၆၈ လောက်ကို ပြန်ကြည့်ပြီး အခြေအနေတွေ ဘယ်လောက်ဆိုးခဲ့သလဲဟု ပြန်တွေးကာ ဖြေဖွယ်ရှိသည်။ အဆုံးတွင် လူသားမျိုးနွယ်မှာ လစ်ဘရယ်ပုံပြင်ကို လက်လွှတ်မည် မဟုတ်။ အဘယ့်ကြောင့်ဆိုသော် တခြားရွေးချယ်စရာ မရှိသောကြောင့်ဖြစ်သည်။ လူအများမှာ စနစ်ကို ပါးတွေချည်း ပစ်ရိုက်လိုက်ချင်သော်လည်း အဆုံးတွင် ဘယ်မှ သွားစရာမရှိသောကြောင့် အချိန်တန် အိမ်ပြန်လာရမည်သာ ဖြစ်သည်။

သို့တည်းမဟုတ် လူအများမှာ ဘယ်လို ကမ္ဘာ့ပုံပြင်မျိုးကိုမှ မရှာတော့ဘဲ ဒေသရှိ အမျိုးသားရေးပုံပြင်များနှင့် ဘာသာရေးပုံပြင်များတွင် ခိုလှုံလာနိုင်သည်။ နှစ်ဆယ်ရာစုတွင် အမျိုးသားရေးလှုပ်ရှားမှုများမှာ ကမ္ဘာ့နိုင်ငံရေး၏ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ သို့သော် သူတို့တွင် ကမ္ဘာကို အစိတ်စိတ်အပိုင်းပိုင်း အမျိုးသားနိုင်ငံတော်များအဖြစ် ပိုင်းခြားခြင်းမှ အပ တစ်ပေါင်းတစ်စည်းတည်းဖြစ်ပြီး ကြောင်းကျိုးဆီလျော်သော ကမ္ဘာ့အမြင် မရှိချေ။ ယင်းကြောင့်ပင် အင်ဒိုနီးရှားအမျိုးသားရေးဝါဒီများမှာ ဒတ်ခ်ျအုပ်စိုးမှုကို တွန်းလှန်ပြီး ဗီယက်နမ်အမျိုးသားရေးဝါဒီများမှာ လွတ်လပ်သော ဗီယက်နမ်ကို အလိုရှိသော်လည်း လူသားမျိုးနွယ်တစ်ခုလုံးအတွက် အင်ဒိုနီးရှားပုံပြင် သို့မဟုတ် ဗီယက်နမ်ပုံပြင် မရှိပေ။ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် အခြားလွတ်လပ်သော နိုင်ငံများ တစ်နိုင်ငံနှင့် တစ်နိုင်ငံမည်သို့ဆက်ဆံသင့်သနည်းဆိုသည့် မေးခွန်းနှင့် ကမ္ဘာလုံးဆိုင်ရာပြဿနာများဖြစ်သည့် နျူကလီးယားအန္တရာယ်ကဲ့သို့သော ကိစ္စရပ်များကို အဖြေရှာသည့် ကိစ္စမျိုးတွင် အမျိုးသားရေးဝါဒီများမှာ လစ်ဘရယ်အိုင်ဒီယာ သို့မဟုတ် ကွန်မြူနစ်အိုင်ဒီယာဘက်သို့သာ လှည့်ရတော့သည်။

သို့သော် ယခုအခါ လစ်ဘရယ်ဝါဒရော ကွန်မြူနစ်ဝါဒပါ အလုပ်မဖြစ်တော့ဟုဆိုလျှင် လူသားများအနေနှင့် တစ်ခုတည်းသော ကမ္ဘာ့ပုံပြင်ဆိုသော အိုင်ဒီယာကို စွန့်လွှတ်ရတော့မည်လော။ တကယ်တမ်းတွင် ကွန်မြူနစ်ဝါဒပင်အပါအဝင် ယင်း ကမ္ဘာ့ပုံပြင်အားလုံးမှာ အနောက်နယ်ချဲ့ဝါဒ၏ ထွက်ကုန်များပင် မဟုတ်တုံလော။ ဗီယက်နမ်မှ ရွာသားများမှာ တြီယာမှ ဂျာမန်ကြီးတစ်ဦးနှင့် မန်ချက်စတာမှ စက်မှုလုပ်ငန်းရှင်ကြီးတစ်ဦး၏ ဉာဏ်အလင်းပွင့်မှုကို အဘယ့်ကြောင့် နားထောင်သင့်ပါသနည်း။ နိုင်ငံတစ်ခုချင်းစီတွင် ကိုယ့်သမိုင်းနှင့် ကိုယ့်လမ်းကြောင်း ကိုယ်ဖော်သင့်သည် မဟုတ်ပါလော။ အနောက်တိုင်းသားများလည်း ကမ္ဘာကြီး ဘယ်လိုဘယ်ပုံဖြစ်သင့်သည် လုပ်မနေဘဲ တစ်ခါလောက် ကိုယ့်ကိစ္စလေးကို အာရုံပြုနေရင် မကောင်းတုံလော။

ကမ္ဘာတစ်လွှား လက်ရှိတွင် ဤသို့ပင်ဖြစ်နေသည်ဟု ဆိုနိုင်သည်။ လစ်ဘရယ်ပုံပြင်ပြိုသောအခါ သူ့နေရာတွင် ဒေသရှိ ရွှေရောင်လွှမ်းသော နေ့များကို ပြန်တမ်းတသည့် ပုံပြင်များ ရောက်လာသည်။ ဒေါ်နယ်ထရမ့်က အမေရိကန်သီးသန့်ရပ်တည်ရေးမူကို ‘အမေရိကား၏ ကြီးကျယ်သောနေ့ရက်များဆီ ပြန်သွားမည်’ ဆိုသော ကြွေးကြော်ချက်ဖြင့် တွဲမဲဆွယ်သည်။ သူတို့ပြောနေသည်မှာ အမေရိကန်သည် ၁၉၈၀ သို့မဟုတ် ၁၉၅၀ ပြည့်နှစ်များတွင် အင်မတန်မှပြီးပြည့်စုံသော လူ့အဖွဲ့အစည်းကြီးဖြစ်နေသလိုလို။ ယင်းကြောင့်ပင် ၂၁ ရာစုတွင် ပြန်လုပ်သင့်သလိုလို။ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးသမားများမှာလည်း ဝိတိုရိယဘုရင်မကြီးလက်ထက်တော်မှာ နေနေရသေးပြီး ‘သီးခြားနေတော်မူခြင်း’ မှာ အင်တာနက်ခေတ်နှင့် ပူနွေးလာသော ကမ္ဘာကြီးတွင် အလုပ်ဖြစ်ဦးမည် အောက်မေ့ကာ ဗြိတိန်ကို လွတ်လပ်သောပါဝါအဖြစ် ထူထောင်ရန် စိတ်ကူးဖဲရိုက်ကြသည်။ တရုတ်ရေပေါ်ဆီများအဖို့ကား ရှေးတရုတ်ထီးမွေနန်းမွေနှင့် ကွန်ဖြူးရှပ်အမွေများကို မာ့စ်ဝါဒနှင့် တွဲသုံးရန် သို့မဟုတ် အနောက်မှ တင်သွင်းလာသည့် ယင်းသံသယဖြစ်ဖွယ် မာ့စ်ဝါဒနေရာတွင် လုံးလုံးအစားထိုးရန် တွေ့ရှိသွားကြသည်။ ရုရှားတွင်ကား ပူတင်၏ လူသိရှင်ကြားတရားဝင်အမြင်မှာ အကျင့်ပျက်ခြစားသော လူနည်းစုလက်ဝါးကြီးအုပ်ဝါဒ ထူထောင်ရန် မဟုတ်ဘဲ ရှေးဇာဘုရင်အင်ပါယာကြီးကို ပြန်လည်အသက်သွင်းရန် ဖြစ်သည်။ ဘော်ရှီဗစ်တော်လှန်ရေး ရာစုနှစ်တစ်ခုလွန်ပြီးနောက် ဘောတစ်မှ ကော်ကေးဆက်ထိ အာဏာဖြန့်ကြက်ထားနိုင်သော ဇာဘုရင်အင်ပါယာ၏ ဂုဏ်သတင်းကျော်စောမှုများကို ပြန်အသက်သွင်းမည့် အာဏာရှင်အုပ်ချုပ်ရေးထူထောင်မည်ဟု ပူတင်က ကတိပေးပြီး ယင်းမှာ ရုရှားအမျိုးသားရေးဝါဒနှင့် အောသိုဒေါက်ဘာသာရေးကိုင်းရှိုင်းမှုအပေါ် အခြေခံမည်ဖြစ်သည်။

အလားတူ အမျိုးသားရေးစွဲလမ်းမှုနှင့် ဘာသာရေးဓလေ့ထုံးတမ်းများကို ရောထားသော အတိတ်ကို ပြန်တမ်းတသည့် အိပ်မက်များကို အိန္ဒိယ၊ ပိုလန်၊ တူရကီနှင့် အခြားနိုင်ငံအမြောက်အမြားမှ အစိုးရများတွင် တွေ့ရသည်။ ဤစိတ်ကူးယဉ်အိပ်မက်များမှာ အရှေ့အလယ်ပိုင်းတွင် ပို၍ အစွန်းရောက်သည်။ အစ္စလာမ်မစ်အစွန်းရောက်များမှာ တမန်တော်မိုဟာမက် လွန်ခဲ့သော နှစ် ၁၄၀၀ ကျော်က မဒီနာမြို့တွင် တည်ထောင်ခဲ့သော စနစ်ကို ကူးယူတည်ထောင်လိုသည်။ ထို့ထက် ပိုဆိုးသော အဖွဲ့များကား အစ္စရေးက ဘာသာစွဲကြီးသော ဂျူးများပေတည်း။ သူတို့က သမ္မာကျမ်းစာပါ နှစ်ပေါင်း ၂၅၀၀ ကျော်ထိ ပြန်သွားဖို့ စိတ်ကူးယဉ်ကြသည်။ အစ္စရေးညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များမှာ ယနေ့ခေတ်အစ္စရေးကို သမ္မာကျမ်းစာပါ အစ္စရေးနယ်နိမိတ်အထိ ချဲ့၍ သမ္မာကျမ်းစာဥပဒေကို ပြန်အသက်သွင်းကာ ဂျေရုစလင်ရှိ အယ်လ်အက်စဗလီနေရာတွင် ယားဝေ၏ ရှေးဘုရားကျောင်းကို ပြန်ဆောက်လိုကြောင်း သူတို့၏ စိတ်ကူးကို ပေါ်တင်ပင် ပြောကြလေသည်။

လစ်ဘရယ်အီလစ်များမှာ ယင်းဖြစ်ထွန်းမှုများကို အလန့်တကြားကြည့်ကြပြီး လူသားမျိုးနွယ်အနေဖြင့် ကပ်ဆိုးဆိုက်မှာကို ရှောင်ရှားရန် အချိန်မီလစ်ဘရယ်လမ်းပြန်လိုက်ဖို့ မျှော်လင့်ကြ၏။ သမ္မတအိုဘားမား၏ ၂၀၁၆ စက်တင်ဘာက ကုလသမဂ္ဂတွင် ပြောကြားခဲ့သည့် နောက်ဆုံးမိန့်ခွန်းတွင် ‘နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ မျိုးနွယ်စု စသည့် ရှေးနှစ်ပေါင်းများစွာ ကွဲပြားနေမှုများကို အခြေခံသော စိတ်ဝမ်းကွဲပြီး ပဋိပက္ခတွင် အဆုံးသတ်သော ကမ္ဘာကြီး’ အဖြစ် ပြန်မသွားရန် သူ့ပရိသတ်ကို သတိပေးခဲ့သည်။ အိုဘားမားက ‘ပွင့်လင်းသော ဈေးကွက်များနှင့် တာဝန်ခံမှုရှိသော အုပ်ချုပ်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ နိုင်ငံတကာဥပဒေများကို အခြေခံသော စည်းမျဉ်းများသာလျှင် ဤရာစုနှစ်တွင် လူသားများတိုးတက်ဖြစ်ထွန်းရန် ခိုင်မာသော အုတ်မြစ်’ ဟု ဆိုလေသည်။

အိုဘားမားထောက်ပြသည်မှာ မှန်ပေသည်။ လစ်ဘရယ်အတွဲတွင် အားနည်းချက်များစွာရှိသော်လည်း အခြားဝါဒများနှင့် ယှဉ်လျှင် သမိုင်းကြောင်းကောင်းလေသည်။ လူသားအများစုမှာ ၂၁ ရာစုအစောပိုင်းရှိ လစ်ဘရယ်အစဉ်အောက်နေရသလောက် ငြိမ်းချမ်းမှု၊ ကြွယ်ဝမှုမျိုး မကြုံဖူးချေ။ သမိုင်းတွင် ပထမဦးဆုံးအကြိမ် ကူးစက်ရောဂါကြောင့် သေဆုံးခြင်းမှာ သဘာဝအတိုင်း အသက်ကြီးရင့်ပြီး သေဆုံးခြင်းအောက် နည်း၏။ အစာငတ်မွတ်သေဆုံးရခြင်းမှာ အဝလွန်မှုကြောင့် သေဆုံးရခြင်းအောက် နည်း၏။ အကြမ်းဖက်မှုကြောင့် သေဆုံးရခြင်းမှာ မတော်တဆမှုကြောင့် သေဆုံးရခြင်း အောက်နည်း၏။

သို့သော် လစ်ဘရယ်လစ်ဇင်တွင် ကျွန်ုပ်တို့ကြုံရသည့် အကြီးဆုံးပြဿနာများ ဖြစ်သည့် ဂေဟစနစ်ပြိုလဲမှုနှင့် နည်းပညာ၏ရိုက်ခတ်မှုတို့အတွက် ရေရာသည့်အဖြေ မရှိချေ။ လစ်ဘရယ်စနစ်မှာ သမိုင်းကြောင်းအားဖြင့် ခက်ခဲသော လူမှုရေး၊ နိုင်ငံရေးပဋိပက္ခများကို မှော်ဆန်ဆန်ဖြေရှင်းပြရန် စီးပွားရေးတိုးတက်မှုအပေါ် မှီခိုရသည်။ လစ်ဘရယ်စနစ်မှာ ဘူဇွာများနှင့် အလုပ်သမားလူတန်းစား၊ မူရင်းနေထိုင်သူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ၊ ဥရောပသားများနှင့် အာရှသားများကို လူတိုင်းပိုကြီးသည့် မုန့်အစိတ်အပိုင်းရစေရမည်ဟု ကတိပေးခြင်းဖြင့် ပြေလည်အောင် ပေါင်းစည်းပေးသည်။ မုန့်က တစ်ချိန်လုံးကြီးလာနေပါက ထိုသို့ ဖြစ်နိုင်ပါသည်။ သို့သော် စီးပွားရေးတိုးတက်မှုက ကမ္ဘာ့ဂေဟဗေဒစနစ်ကို ကယ်တင်နိုင်မည် မဟုတ်ချေ – ပြောင်းပြန်ဖြစ်သည်။ စီးပွားရေးတိုးတက်မှုကြောင့် ဂေဟဗေဒစနစ်အကျပ်အတည်းကြုံရခြင်းဖြစ်သည်။ ပြီးတော့ စီးပွားရေးတိုးတက်မှုက နည်းပညာရိုက်ခတ်မှုကို ပြေလည်စေမည် မဟုတ်ပေ။ စီးပွားရေးတိုးတက်မှုမှာ သာ၍ဂယက်ရိုက်စေမည့်နည်းပညာများကို မှီခိုရသည်။

လစ်ဘရယ်ပုံပြင်နှင့် အရင်းရှင်စနစ်၏ လွတ်လပ်သောဈေးကွက်အယူအဆက လူအများကို မျှော်လင့်ချက်များ ကြီးကြီးထားစေသည်။ နှစ်ဆယ်ရာစုနှောင်းပိုင်းတွင် ဟူစတန် ဖြစ်စေ၊ ရှန့်ဟိုင်း ဖြစ်စေ၊ အစ္စတန်ဘူ ဖြစ်စေ၊ ဆောင်ပေါ်လို ဖြစ်စေ ယင်းနေရာများရှိ မျိုးဆက်တိုင်းမှာ သူတို့ရှေ့မျိုးဆက်ထက် ပိုကောင်းသော ပညာရေး၊ ပိုသာသော ကျန်းမာရေးနှင့် ပိုမြင့်သော ဝင်ငွေများ ခံစားရသည်။ သို့သော် လာမည့်ဆယ်စုနှစ်တွင် နည်းပညာ၏ ရိုက်ခတ်မှုနှင့် ဂေဟစနစ်ပျက်ယွင်းမှုကြောင့် နောက်မျိုးဆက်သစ်မှာ ယခုအခြေကျန်လျှင်ပင် ကံကောင်းသည် ပြောရမလို။

ယင်းကြောင့်ပင် ကျွန်ုပ်တို့တွင် ကမ္ဘာအတွက် ပုံပြင်ကို စဉ်ဆက်မပြတ်ဆန်းသစ်ရန် တာဝန်ရှိလေသည်။ စက်မှုတော်လှန်ရေး၏ ကသောင်းကနင်းဖြစ်မှုများက နှစ်ဆယ်ရာစု၏ သစ်ဆန်းသောအယူဝါဒများကို မွေးထုတ်ပေးလိုက်သလို လာမည့်ဇီဝနည်းပညာနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ တော်လှန်ရေးများကြောင့် အမြင်အသစ်များ လိုနိုင်ပေသည်။ ထို့ကြောင့် လာမည့် ဆယ်စုနှစ်များတွင် အတွင်းအဇ္ဈတကို ပြန်လည်အပြင်းအထန်ရှာဖွေကာ လူမှုရေး၊ နိုင်ငံရေးမော်ဒယ်အသစ်များကို ဖန်တီးရဖွယ်ရှိသည်။ ၁၉၃၀ နှင့် ၁၉၆၀ ပြည့်နှစ်များတွင် ကြုံတွေ့ခဲ့ရသည့် အကျပ်အတည်းများတွင် ဖြစ်ခဲ့သည့် အလားတူလစ်ဘရယ်ဝါဒမှာ သူ့ကိုယ်သူ ပြန်လည်ဆန်းသစ်ကာ ရှေးကထက် ပိုဆွဲဆောင်မှုရှိစွာ ပေါ်ထွက်လာမည်လော။ ရှေးရိုးစွဲဘာသာရေးနှင့် အမျိုးသားရေးဝါဒများက လစ်ဘရယ်များ မပေးနိုင်သည့် အဖြေကို ပေးနိုင်မည်လော။ ခေတ်မီကမ္ဘာ့အမြင်ကို ရှေးသူဟောင်းတို့၏ ပညာဉာဏ်ဖြင့် ဖော်နိုင်ပါမည်လော။ သို့တည်းမဟုတ် အတိတ်နှင့် အဆက်ဖြတ်ပြီး ရှေးနတ်ဘုရားများနှင့် အမျိုးသားနိုင်ငံများကို သာမက လွတ်လပ်မှု၊ မျှတမှုကို အခြေခံသော ခေတ်စံများကိုပင် ကျော်လွန်ကာ လုံးလုံးလျားလျားပုံပြင်အသစ်တစ်ပုဒ် သီကုံးချိန်တန်ပြီလော။

လက်ရှိတွင် လူသားမျိုးနွယ်မှာ ဤမေးခွန်းများအတွက် အများသဘောတူအဖြေမရသေး။ ကျွန်ုပ်တို့မှာ ပုံပြင်အဟောင်းများကိုလည်း အယုံအကြည်ကင်းမဲ့နေပြီးနောက် လူအများပုံပြင်သစ်တစ်ပုဒ်ရှာမတွေ့သေးခင် မှန်းချက်နှင့် နှမ်းထွက်မကိုက်၍ ဒေါသထွက်နေသော ဘာမှမရှိသည့် ဗလာအခြေနတ္ထိအခြေတွင်သာ ရှိသေးသည်။ ဆိုတော့ ဘာဆက်လာမည်နည်း။ ပထမလုပ်ရမည်မှာ ကမ္ဘာပျက်ပါပြီ ဟောနေသည်များကို လျှော့ပြီး ထိတ်လန့်နေသည့် အဖြစ်မှ စိတ်ရှုပ်စရာကောင်းသော အခြေအနေပါဟု ပြောင်းလက်ခံရမည်။ ထိတ်လန့်နေရပါသည်ဆိုသည်မှာ မာနတမျိုးဖြစ်ပြီး ကမ္ဘာကြီးအောက်ထဲ ထိုးဆင်းနေပါပြီဟု အပီသိသည့် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခြင်းမှ လာသည်။ စိတ်ရှုပ်စရာကောင်းသည့် အခြေအနေပါဟု ဝန်ခံခြင်းမှာ ပို၍ နှိမ့်ချရာရောက်သည့်အတွက် ပိုပြီးကောင်းကောင်း မြင်နိုင်သည်။ ပေတစ်ရာပေါ်ထွက်ပတ်ပြေးပြီး ‘ကမ္ဘာပျက်ပါပြီ’ အော်ချင်စိတ်ပေါက်လာတိုင်း ‘မဟုတ်သေးဘူး။ တကယ်တမ်းက ကမ္ဘာကြီးမှာ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိဘူး’ ဟု ကိုယ့်ကိုကိုယ် ပြောကြည့်ကြဖို့ ကောင်းသည်။

နောက်လာမည့် အပိုင်းများတွင် ကျွန်ုပ်တို့ကြုံနေရသည့် ဖြစ်တန်ခြေအသစ်များ၏ စိတ်ရှုပ်ဖွယ်ကောင်းပုံများကို ရှင်းလင်းရန်ကြိုးစားပြီး ဤနေရာမှ မည်သို့ရှေ့ဆက်မည်ကို တင်ပြသွားမည်ဖြစ်ပါသည်။ သို့သော် လူသားမျိုးနွယ်၏ အကျပ်အတည်းများကို ဖြေရှင်းရန် နည်းမရှာခင် နည်းပညာ၏ စိန်ခေါ်မှုကို ကောင်းကောင်းသဘောပေါက်ရန် လိုအပ်ပါသည်။ သတင်းအချက်အလက်နည်းပညာနှင့် ဇီဝနည်းပညာတော်လှန်ရေးများက သန္ဓေတည်စသာရှိသေးပြီး လက်ရှိလစ်ဘရယ်စနစ်၏ အကျပ်အတည်းမှာ ယင်းတို့ကြောင့် မည်ရွေ့မည်မျှဖြစ်ပါသည်ဆိုသည်မှာ ငြင်းချက်ထုတ်လို့ ရပါသည်။ ဘာမင်ဂန်၊ အစ္စတန်ဘူ၊ စိန့်ပီတာစဘတ်နှင့် မွန်ဘိုင်းရှိ လူအများစုမှာ AI ထွန်းကားလာမှုနှင့် ယင်း၏ သူတို့ ဘ၀များအပေါ်သက်ရောက်မှုများကို သိတယ်ဆိုလျှင်ပင် မဆိုစလောက်သာ သိကြပေမည်။ သို့တစေ နည်းပညာတော်လှန်ရေးများက နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း အရှိန်ရလာမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်ပြီး လူသားမျိုးနွယ်မှာ မကြုံစဖူးခက်ခဲသည့် စိန်ခေါ်မှုများနှင့် ကြုံရမည်ဖြစ်သည်။ လူသားမျိုးနွယ်က သစ္စာတော်ခံမည့် မည်သည့်ပုံပြင်မဆို သတင်းအချက်အလက်နည်းပညာနှင့် ဇီဝနည်းပညာပူးတွဲတော်လှန်ရေးများကို မည်သို့ဖြေရှင်းနိုင်သနည်းဆိုသည့် အချက်နှင့် မှတ်ကျောက်တင်ခံရမည် ဖြစ်သည်။ လစ်ဘရယ်ဝါဒဖြစ်စေ၊ အမျိုးသားရေးဝါဒဖြစ်စေ၊ အစ္စလာမ် သို့မဟုတ် မည်သည့်အယူဝါဒအသစ်မဆို ၂၀၅၀ ကမ္ဘာကြီးကို လွှမ်းမိုးပုံဖော်လိုသည်ဆိုလျှင် AI ၊ အကြီးစားဒေတာအယ်လ်ဂိုရစ်သမ်နှင့် ဇီဝအင်ဂျင်နီယာနည်းပညာများကို နားလည်ရုံတင်မကဘဲ ယင်းတို့ကို ပုံပြင်အတွင်း မည်သို့အဓိပ္ပာယ်ရှိရှိ ထည့်သွင်းနိုင်ဖို့ လိုအပ်မည် ဖြစ်သည်။

ဤနည်းပညာစိန်ခေါ်မှု၏ သဘောသဘာဝကို နားလည်ရန် အလုပ်အကိုင်ဈေးကွက်ကနေ စဆွေးနွေးကြည့်ကြပါစို့။ ၂၀၁၅ ခုနှစ်မှစ၍ ကျွန်တော့်အနေဖြင့် ကမ္ဘာတစ်လွှားလှည့်လည်ပြီး အစိုးရအရာရှိများ၊ စီးပွားရေးသမားများ၊ လူမှုရေးတက်ကြွလှုပ်ရှားသူများ၊ ကျောင်းသူကျောင်းသားများနှင့် တွေ့ဆုံပြီး လူသားအကျပ်အတည်းအကြောင်း ဆွေးနွေးခဲ့ပါသည်။ AI ၊ မဟာဒေတာအယ်လ်ဂိုရစ်သမ်နှင့် ဇီဝအင်ဂျင်နီယာနည်းပညာများအကြောင်း ပြောလို့ သူတို့ပျင်းလာတိုင်း သို့မဟုတ် စိတ်မရှည်ဖြစ်လာတိုင်း မှော်စကားလုံး တစ်လုံးသုံး၍ သူတို့ပြန်စိတ်ဝင်စားလာအောင် လုပ်နိုင်ပါသည် – ‘အလုပ်’ ဖြစ်သည်။ နည်းပညာတော်လှန်ရေးက မကြာမီ လူဘီလီယံနှင့် ချီ၍ အလုပ်လက်မဲ့ဖြစ်စေပြီး အသုံးမဝင်သည့် လူတန်းစားအသစ်တစ်ရပ်ပေါ်ပေါက်လာစေနိုင်သည်။ ထိုအခါ လူမှုရေး၊ နိုင်ငံရေးကသောင်းကနင်းဖြစ်ပြီး မည်သည့်ဝါဒကမျှ မဖြေရှင်းနိုင်သည့် အကျပ်အတည်းများ ဖြစ်လာနိုင်စေသည်။ နည်းပညာအကြောင်းတွေ၊ ဝါဒတွေမှာ စိတ်ကူးသက်သက်ဆန်ပြီး ကိုယ်နှင့်မဆိုင် ထင်ရနိုင်သော်လည်း လူအများစု အလုပ်လက်မဲ့ဖြစ်လာနိုင်ခြေ သို့မဟုတ် မိမိကိုယ်တိုင် အလုပ်လက်မဲ့ဖြစ်လာနိုင်ခြေ ရှိနေမှုကိုကား ဘယ်သူက တုံဏှိဘာဝ နေနိုင်ပါမည်နည်း။

သီဟ၀င့်အောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *