ငြိမ်းချမ်းရေးအတွက် မြို့ ၁၁ မြို့သို့ ဆိုင်ကယ်စီးခရီးစဉ် စတင်မည်

ရန်ကုန်၊ မတ် ၂၂

ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြည်သူလူထု ပိုမိုစိတ်ဝင်စားရန်အတွက် မြို့ ၁၁ မြို့သို့ ဖြတ်သန်းကာ မိုင် ၁၅၀၀ ကျော် ငြိမ်းချမ်းရေးဆိုင်ကယ်စီးခရီးစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ် ဦးဆောင်သူ ကိုမင်းသွေးသစ်က ပြောကြားသည်။

အဆိုပါခရီးစဉ်ကို မတ်လ ၂၇ ရက် မှစတင်ကာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းဟောင်းစတင်ကာ ပေါင်းလောင်းထိ ထွက်ခွာမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးတို့ကိုရည်ရွယ်ပြီး ခရီးစဉ်ကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းခရီးစဉ်ကို ရန်ကုန်၊ ပျဉ်းမနား၊ ပင်လောင်း၊ လွိုင်ကော်၊ တောင်ကြီး၊ ပင်လုံ၊ လဲချား၊ မိုင်းနောင် သို့မဟုတ် မိုင်းရှူး၊ ဟိုက်ပါရေတံခွန်၊ မိုင်းကိုင်၊ နမ့်လန်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် စသည့်မြို့ကြီးများသို့ ဆိုင်ကယ်စီးမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးဆိုင်ကယ်ခရီးစဉ်အဖွဲ့မှ သိရသည်။

ခရီးစဉ်နှင့်ပတ်သက်ပြီး ဖြတ်သန်း သွားလာမည့် နေရာဒေသရှိ အစိုးရအဖွဲ့အစည်းများ၊ အာဏာပိုင်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ကြိုတင်အကြောင်းကြားထားပြီး လက်ရှိအချိန်ထိ ခရီးအတွက် တားဆီးခြင်းမရှိသေးကြောင်း ကိုမင်းသွေးသစ်က ဆိုသည်။

ယင်းငြိမ်းချမ်းရေး ဆိုင်ကယ်စီးပွဲကို Peace Bike Tour (ငြိမ်းချမ်းဆိုင်ကယ်စီးအဖွဲ့) က ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး လူဦးရေ ၅၀ ဦးခန့်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကာ ငြိမ်းချမ်းရေးမြတ်နိုးသည့် မည်သူမဆို ပါဝင်နိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ အဆိုပါ ငြိမ်းချမ်းရေးဆိုင်ကယ်စီးပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *