“စီးပွားဖြစ်မဏ္ဍပ် ခွင့်ပြုချက်မရှိပါဘူး။ စီးပွားမဖြစ်မဏ္ဍပ်လည်း မပေးဘူး”

YCDC တွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် တွေ့ဆုံခြင်း

မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ကာလကိုရောက်ရှိရန် သီတင်းပတ်အနည်းငယ်သာလိုတော့သည် ဖြစ်သည်။ နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုခြင်း ရှိ မရှိ၊ သံချပ်များကို စိစစ်ရေးတင်ရခြင်း ရှိ မရှိ၊ မဏ္ဍပ်များတွင် သီဆိုမည့်သီချင်းများအတွက် မူပိုင်ခွင့်ကိစ္စ၊ လမ်းလျှောက်သင်္ကြန်အကောင်အထည်ဖော်ရေး စသည့်အချက်များနှင့်ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွဲဖက်အတွင်းရေးမှူး ဦးသန်းနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – သင်္ကြန်မဏ္ဍပ် ဘယ်နှခုခွင့်ပြုပေးဖို့ ရှိမလဲ။

UT – ယာဉ်ကြောကျပ်တည်းမှုကိုလည်း ဖြေလျှော့နိုင်အောင်၊ နောက် ရန်ကုန်မြို့ထဲကို ရေပက်ခံထွက်တဲ့ နေရာမှာလည်း အဆင်ပြေနိုင်အောင် ရေပက်ခံမဏ္ဍပ်တွေကို နေရာချထားပေးရေးလမ်းကြောင်းက သုဝဏ္ဏအားကစားကွင်းကစတင်ပြီး သုဝဏ္ဏအားကစားကွင်းအတိုင်း ဝေဇယန္တာလမ်းမကိုသွားမယ်။ အဲဒီကနေပြီးတော့ ပါရမီလမ်း၊ ပါရမီလမ်းမကနေပြီးတော့မှ ကျိုက်ဝိုင်းဘုရားလမ်း၊ မင်းဓမ္မ၊ ကျိုက်ဝိုင်းဘုရားလမ်းကနေပြီးတော့မှ ပြည်လမ်းကို ပြန်ဆင်းလာမယ်။ လှည်းတန်းမီးပွိုင့်ကနေ အထဲကိုဝင်ပြီးတော့ ရေပက်ခံချင်တယ်ဆိုရင် ပြည်လမ်းအတိုင်း တက္ကသိုလ်ရိပ်သာလမ်းကို သွားမယ်။ အဲဒီမှာ မဏ္ဍပ်ကြီးတွေရှိပါမယ်။ အဲဒီလိုမဝင်ဘဲနဲ့ ပြည်လမ်းအတိုင်း ပြန်ဆင်းလာမယ်ဆိုရင် ဗိုလ်ချုပ်လမ်းတို့ အနော်ရထာလမ်းတို့၊ မဟာဗန္ဓုလလမ်းတို့ အဲဒီလိုရှိမယ်။ မဟာဗန္ဓုလလမ်းကနေ အောက်ပုဇွန်တောင်လမ်း၊ အထက်ပုဇွန်တောင်လမ်းမကြီးကနေ သံသုမာလမ်းမကြီးကနေ သွားပြီးတော့ သုဝဏ္ဏအားကစားကွင်းကို ပြန်ပြီးဆုံးမယ်ဆိုရင် တစ်ပတ်ပြည့်သွားမှာ။ အဲဒီသုဝဏ္ဏအားကစားကွင်းနေရာမှာ ရခိုင်ရိုးရာမဏ္ဍပ်ရှိမယ်။ ဒီလမ်းကြောင်းတစ်လျှောက်မှာ ရေကစားမဏ္ဍပ်နေရာ ၃၅ ခု လျာထားပေးပါတယ်။ တကယ်လို့ ပြည်လမ်းအတိုင်း ဆင်းလာပြီတော့ လှည်တန်းမီပွိုင့်ကနေ ကားကျပ်လို့ ကြည့်မြင်တိုင်ကမ်းနားလမ်းဘက် ပြန်ပတ်မယ်ဆိုရင် အဲဒီမှာတော့ ရေကစားမဏ္ဍပ်မဟုတ်ဘဲ ဆုပေးမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေ လုပ်မယ်ဆိုရင်လည်း ခွင့်ပြုပေးထားပါတယ်။ ဒါပေမဲ့ အဲဒီလို ဖျော်ဖြေရေးမဏ္ဍပ်တို့၊ ဆုပေးမဏ္ဍပ်တို့ လျှောက်ထားတာမရှိဘူး။ စောစောကနေရာမှာ ရေကစားမဏ္ဍပ်နေရာခွင့်ပြုဖို့ ၃၅ နေရာလျာထားချက်ထဲမှာ မဏ္ဍပ်တွေဆောက် လုပ်ခွင့်လျှောက်ထားခွင့်ကို ပြီးခဲ့တဲ့ မတ်လ ၃ ရက် နေ့ကနေပြီးတော့မှ မတ်လ ၂၅ ရက်နေ့ညနေအထိ လျှောက်လွှာတွေကို လက်ခံခဲ့ပါတယ်။ အဲဒီတော့ လျှောက်လွှာကတော့ မနေ့ကပိတ်လိုက်ပြီ။ လောလောဆယ် လျှောက်လွှာစုစုပေါင်း ၃၅ ခု လက်ခံရရှိပါတယ်။ မဏ္ဍပ်အကြီးက ၁၈ ခု၊ မဏ္ဍပ်အလတ်က ၁၁ ခု လမ်းလျှောက်သင်္ကြန်က ငါးခု၊ နောက်ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်ကြီးတစ်ခု စုစုပေါင်း ၃၅ နေရာ လျှောက်ထားတယ်။ လမ်းလျှောက်သင်္ကြန် ငါးနေရာက မဟာဗန္ဓုလပန်းခြံလမ်းရယ် ဦးဥတ္တမပန်းခြံထဲမှာ တစ်နေရာ၊ ကန်တော်ကြီးမှာတစ်နေရာ၊ နောက်တစ်ခုကတော့ အင်းယားလမ်း (တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းယားလမ်းမီးပွိုင့် ပြည်လမ်းမီးပွိုင့်ကြားကနေ တစ်ဆက်တည်းပဲ ဟိုဘက်က အင်းယားကန်ဘောင်ဘေး ကွန်ကရစ်လမ်းဘေးတစ်လျှောက်ပေါ့) အဲဒီမှာ လမ်းလျှောက်သင်္ကြန်လုပ်ထားပါတယ်။ နောက်တစ်ခုက မြကျွန်းသာထဲမှာတစ်နေရာ အားလုံးစုစုပေါင်း ငါးနေရာ လျှောက်ထားတဲ့အတွက်ကြောင့် ဒါတွေက အားလုံးပြီးပါပြီ။

မဏ္ဍပ်အကြီး ၁၈ ခုက နေရာတစ်နေရာတည်းကို လေးယောက်ပြိုင်ပြီး လျှောက်နေတာရှိတဲ့အတွက်ကြောင့် သုံးဦးကတော့ ပယ်ရမှာ။ အဲဒီတော့ တစ်နေရာပဲရမယ်။ ဘာကြောင့်လဲဆိုတော့ ၂၈ ရက်နေ့မှာလုပ်မယ့် မဏ္ဍပ်နေရာချထားနေရနဲ့ ကြံခိုင်မှုစစ်ဆေးရေး ကော်မတီအစည်းဝေးကို တင်ပြပြီးတော့ မူအရတော့ လျှောက်လွှာဦးဆုံးတင်တဲ့သူကိုပေးရမှာ။ တစ်နေရာတည်းကို လေးဦးလျှောက်တဲ့အတွက်ကြောင့် သုံးယောက်ကတော့ ကျန်မယ်။ အခြားနေရာကို အစားထိုးပြီး လျှောက်မယ်ဆိုရင် သူတို့ကိုချပေးမယ်။ အန်ကယ်တို့ ဒီမဏ္ဍပ်နေရာချထားရေးကော်မတီကနေပြီးတော့ သတ်မှတ်ထားတဲ့နေရာကို ပြန်လည်ပြီးတော့ အစားထိုးလျှောက်တယ်ဆိုရင်တော့ ပြန်ချပေးမှာပေါ့။ နောက်တစ်ခုက တက္ကသိုလ်ရပ်သာလမ်း၊ အင်းယားလမ်းမီးပွိုင့်နဲ့ ဒီဘက်က ကုက္ကိုင်းမီးပွိုင့်ကြားကို မဏ္ဍပ်နေရာ လျာထားချက်မပေးထားဘူး။ အဲဒီနေရာက ကန့်သတ်နေရာ။ အဲဒီနေရာမှာ တစ်နေရာလာလျှောက်တဲ့အတွက်ကြောင့် ဒါကတော့ ပယ်ရမယ်။ သို့သော်လည်းပဲ ပြန်ပြီးတော့ တခြားခွင့်ပြုနိုင်တဲ့ နေရာမှာ အစားထိုးလျှောက်မယ်ဆိုရင် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။

လေးယောက်ပြုံပြီးလျှောက်တဲ့နေရာက RC နှစ်ထပ်ကွေ့၊ ပြည်လမ်းမှာ RC နှစ်ထပ်ကွေ့ရှိတယ်။ အဲဒီနေရာမှာ လေးရောက်ပြိုင်လျှောက်တာ။ နေရာက တစ်နေရာတည်း သတ်မှတ်ပေးထားတာ။

The Voice Journal – ထွေ/အုပ်မဏ္ဍပ်တွေ ဒီနှစ်မှာရော ရှိဦးမလား။

UT – ထွေ/အုပ်မဏ္ဍပ်တွေ ရှိပါတယ်။ ခရိုင်အလိုက် ထွေ/အုပ်မဏ္ဍပ်တွေ လေးနေရာလုံး မဏ္ဍပ်အကြီး ၁၈ နေရာထဲမှာ ထွေ/အုပ်မဏ္ဍပ်တွေပါပါတယ်။ မြို့နယ်အလိုက် ပေ ၅၀ အောက်မဏ္ဍပ် အသေးလေးတွေကတော့ မဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်မှုစစ်ဆေးရေး ကော်မတီကိုတင်ပြ လျှောက်ထားစရာမလိုဘူး။ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်ထွေ/အုပ်တွေရဲ့ စိစစ်ခွင့်ပြုချက်နဲ့ ခွင့်ပြုမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီစာရင်းကတော့ ဒီကော်မတီမှာမရှိပါဘူး။ သင်္ကြန်ကာလပြီးတဲ့အခါကျမှ လိုက်ပြီးတော့စိစစ်ရင်းနဲ့ ဘယ်နေရာတွေမှာ မဏ္ဍပ်အသေးတွေ ခရိုင်မြို့နယ်ထွေအုပ်ခွင့်ပြုချက်နဲ့ ဆောက်တယ်ဆိုတာ သူတို့တွေက တင်ပြလာမယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တင်ပြလာတဲ့အခါမှ မဏ္ဍပ်စာရင်းကို ပြန်လည်စုစည်းရမှာ ဖြစ်ပါတယ်။

The Voice Journal – ဆိုလိုတာက ပြီးခဲ့တဲ့နှစ်က တိုင်းအစိုးရအစီစဉ်နဲ့ တစ်မြို့နယ် မဏ္ဍပ်တစ်ခု ထွေအုပ်မဏ္ဍပ်တွေ မရှိဘူးပေါ့။

UT – မှန်ပါတယ်။ ဒီနှစ်ကတော့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပါပဲ။ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ တစ်မြို့နယ်တစ်ခု ဆောက်ရမယ်လို့ သတ်မှတ်ပေးထားတာ မရှိပါဘူး။ ကိုယ့်မြို့နယ်နဲ့ ကိုယ်ဆောက်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုရင်လည်း ခွင့်ပြုမှာပါ။ မဏ္ဍပ်အရေအတွက် အသေးလေးတွေကတော့ မနှစ်ကတော့ မဏ္ဍပ်သေးစုစုပေါင်း ၈၃ ခု တည်ဆောက်ခဲ့တယ်။

The Voice Journal – လမ်းလျှောက်သင်္ကြန်ကို ဆရာတို့က အဆိုပြုတာလား။ လုပ်ငန်းရှင်တွေက အဆိုပြုတာလား။ အင်းယားလမ်းလျှောက်သင်္ကြန်ဆိုရင် ကျပ်သိန်း ၂၅၀၀ လောက် အသုံးပြုမယ်လို့ ပြောထားပြီး ဆိုင်ခန်းတွေ ဘာတွေ ပြန်ရောင်းချမယ်လို့လဲသိရတယ်။ အဲဒါတွေကို ခွင့်ပြုလားစီးပွားဖြစ် မဏ္ဍပ်တွေကို ခွင့်မပြုဘူးလို့ စည်းကမ်းချက်ထဲမှာ ပါတော့လေ။

UT – စီးပွားဖြစ်မဏ္ဍပ် ခွင့်ပြုချက်မရှိပါဘူး။ စီးပွားမဖြစ်မဏ္ဍပ်လည်း မပေးဘူး။ လမ်းလျှောက်သင်္ကြန်ဆိုတာကလည်း မူလကတည်းကိုက မနှစ်ကလုပ်သွားတဲ့ လမ်းလျှောက်သင်္ကြန် နေရာမှာလည်းပဲ စတုဒီသာကျွေးတဲ့ မဏ္ဍပ်လေးတွေပါတယ်။ အစားအသောက်ရောင်းချတဲ့ ဆိုင်ခန်းလေးတွေလည်းပါတယ်။ ဒီနှစ်လမ်းလျှောက်သင်္ကြန် ခွင့်ပြုတာကလည်းပဲ လျာထားချက်နေရာ ပေးထားတယ်။ ပေးထားတဲ့အပေါ်မှာ လျှောက်ထားချက်ကို စိစစ်ပြီးတော့ ခွင့်ပြုရတာဖြစ်ပါ တယ်။ အဲဒီတော့ အင်းယားလမ်းမှာလုပ်တဲ့ လမ်းလျှောက်သင်္ကြန်က မနှစ်ကလည်း ဒီနေရာကလျာထားချက်ထဲမှာပါတယ်။ သို့သော် လုပ်ကိုင်မည့်သူမရှိတဲ့အတွက်ကြောင့် မနှစ်က အင်းယားလမ်းမှာ မလုပ်ရဘူး။ ဒီနှစ်က မြတ်မေတ္တာမွန်ကုမ္ပဏီက လျှောက်ထားလာတယ်။ အလားတူပဲ မနှစ်ကတော့ မြကျွန်းသာထဲမှာ လမ်းလျှောက်သင်္ကြန်မရှိဘူး။ ဒီနှစ် KMA Group of Company ကနေပြီးတော့ လျှောက်ထားလာတဲ့အတွက်ကြောင့် အဲဒီနေရာကို ခွင့်ပြုပေးထားတာဖြစ်တယ်။ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့် နေရာတိုင်းက စတုဒီသာကျွေးမွေးတာတွေ၊ တိုင်းရင်းသားရိုးရာအကတွေနောက်ပြီးတော့ အစားအသောက်ရောင်းချတဲ့ဆိုင်ခန်းတွေကတော့ သူတို့ဘာသာသူတို့ ပါမှာပဲ။ ဒါပြန်ပြီးတော့ စီးပွားဖြစ်ရောင်းချတာမဟုတ်ဘူး။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မဟာဗန္ဓုလပန်းခြံလမ်းမှာ ကိုယ်တိုင်လုပ်မယ့် လမ်းလျှောက်သင်္ကြန်မှာ အဲဒီလိုဆိုင်ခန်းလေးတွေပါတယ်။ ဒါက သူတို့ကို အစားအသောက်ရောင်းချင်တဲ့သူရှိလို့ရှိရင် ဆိုင်ခန်းလေးတွေပြန်ပြီးတော့ ရောင်းပေးတယ်။ ဒါက စီးပွားဖြစ်မဟုတ်ဘူး။ အလှကုန်ပစ္စည်းလာပြီးတော့ ကြော်ငြာချင်တာရှိတယ်။ စတုဒီသာလာပြီးတော့ ကျွေးမွေးချင်တာရှိမယ်။ အခန်းချပေးတယ် ရောင်းပေးတာ။ သူတို့အင်းယားလမ်းမှာလုပ်မယ့် လမ်းလျှောက်သင်္ကြန်က သိန်းဘယ်လောက်ကုန်မယ်မကုန်ဘူးဆိုတာကတော့ သူတို့လုပ်မယ့်လုပ်ငန်းစဉ်ပေါ်မူတည်တယ်။ ကာယကံရှင်လုပ်တဲ့သူက စီးပွားဖြစ်ပြန်ပြီးရောင်းတဲ့ပုံစံမျိုးလည်း မဟုတ်ဘဲနဲ့ မိသားစုကုမ္ပဏီအနေနဲ့ လုပ်တဲ့လုပ်ငန်းဖြစ်တဲ့အတွက် ကုမ္ပဏီအနေနဲ့ပဲ ကြီးမှူးပြီးတော့ လမ်းလျှောက်သင်္ကြန်လုပ်တာဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ အစီအစဉ်အရပဲ သူတို့တင်ပြချက်အရဆိုရင် စတုဒီသာကျွေးမွေးမယ့် မဏ္ဍပ်လေးတွေပါမယ်။ ရိုးရာရေကစားမဏ္ဍပ်လေးတွေ အဆောက်အအုံလေးတွေပါမယ်။ နောက်တစ်ခါ အစားအသောက်ရောင်းချမယ့် ဆိုင်ခန်းလေးတွေပါမယ်။ နောက်ပြီးကျတော့ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေတဲ့ မဏ္ဍပ်လေးတွေပါမှာဖြစ်ပါတယ်။ အားလုံးဒီနေရာကိုယူပြီးတော့မှ အစားအသောက်ရောင်းချင်တဲ့သူတွေကို စီးပွားဖြစ်ပြန်လည်ရောင်းချဖို့ဆိုတာဟာ သူတို့ကုမ္ပဏီအနေနဲ့ လုပ်တဲ့အစီအစဉ်။ ကုမ္ပဏီကပဲ အကုန်အကျခံလုပ်တာဖြစ်ပါတယ်။ အလာတူပဲ မြကျွန်းသာလမ်းလျှောက်သင်္ကြန်ကလည်းပဲ သက်ဆိုင်ရာ KMA ကုမ္ပဏီကပဲ ရေကစားမဏ္ဍပ်ပါမယ်။ အစားအသောက်ရောင်းချတာပါမယ်။ စတုဒီသာကျွေးမွေးတဲ့မဏ္ဍပ်လေးတွေ ပါမှာဖြစ်ပါတယ်။

The Voice Journal – လာရောင်းမယ့်သူတွေက အခမဲ့လာရောင်းလို့ရလား။

UT – ဒါကကုမ္ပဏီရဲ့ အစီအစဉ်။ ဒီမဏ္ဍပ်နေရာချထားရေးနဲ့ ကြံ့ခိုင်ရေးကော်မတီက သတ်မှတ်ထားတာ မရှိဘူး။ သူတို့ကို သတ်မှတ်ထားတာ စည်ကမ်းချက် ၄၆ ချက်ရှိတယ်။ ရေကစားတာရော၊ ဖျော်ဖြေရေးမဏ္ဍပ်တွေရော၊ လမ်းလျှောက်သင်္ကြန်တွေရော အားလုံးစုစုပေါင်း သင်္ကြန်နဲ့ပတ်သက်လို့ လိုက်နာရမယ့်စည်းကမ်းချက် ၄၆ ချက်ရှိတယ်။ အားလုံးကတော့ တစ်ပြေးညီ လိုက်နာရမယ်။

The Voice Journal – ဆရာတို့ဆီမှာ မဏ္ဍပ်လျှောက်ပြီတော့၊ မဏ္ဍပ်ရပြီးတော့မှ လာကစားတဲ့သူတွေဆီက လက်မှတ်ဖိုးယူရင်ရော။

UT – စည်းကမ်းချက်တွေထဲမှာပါတယ်။ သူတို့က အစကတည်းကကို လာကစားတဲ့သူဆီက ပိုက်ဆံယူပြီး လုပ်တာမဟုတ်ဘူး။ လျှောက်ထားမှုပုံစံအရ စုပေါင်းပြီးတော့ မဏ္ဍပ်ဆောက်မယ်။ ဥပမာ – ပြည် လမ်းမမှာ ပုဂ္ဂလိကခြံတွေရှေ့မှာဆောက်မယ့် မဏ္ဍပ် တွေက ခြံပိုင်ရှင်ကို အနည်းဆုံးသိန်း ၅၀၀ တို့၊ ၈၀၀ တို့၊ ၁၀၀၀ တို့ ပေးရတာတွေရှိတယ်။ ဒါတွေက သူတို့ဘာသာသူတို့ မဏ္ဍပ်မဆောက်မီထဲက စုပေါင်းပြီးတော့ ပေးရတာဖြစ်တဲ့အတွက်ကြောင့် မဏ္ဍပ်ကိုပေး လိုက်မယ်။ တစ်နေ့ကို ငါးသောင်းတို့၊ သုံးသောင်းတို့ ဒီလိုပြန်ပြီးတော့ စီးပွားဖြစ်လုပ်တာကို ခွင့်ပြုထားတာမရှိဘူး စည်းကမ်းချက်ထဲမှာလည်း အဲဒါပါတယ်။ လုပ်ရင်လည်းပဲ စုပေါင်းပြီးတော့ စုစည်းပြီးတော့ လုပ်တာပဲဖြစ်မယ်။

The Voice Journal – ဒီနှစ်သင်္ကြန်မဏ္ဍပ်တွေကို ခွင့်ပြုထားတဲ့ စည်းကမ်းချက်အပြောင်းအလဲရှိလား။ ဒါမှမဟုတ် လိုတိုးပိုလျှော့တာတွေ ရှိလား။ အတူတူပဲလား။

UT – စည်ကမ်းချက်အပြောင်းအလဲ မရှိပါဘူး။ မနှစ်က ၄၆ ချက်အတိုင်းပဲ ဒီနှစ်လည်း အဲဒီအတိုင်းပဲ ပြန်သတ်မှတ်တာပါ။

The Voice Journal – ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြားကန့်သတ်ထားတာ ရှိပါသလား။

UT – ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဒီနှစ်သင်္ကြန် ပွဲတော်ကျင်းပတဲ့အခါမှာ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေးကော်မတီဆိုတာ ရှိပါတယ်။ အဲဒီကော်မတီကနေပြီးတော့ ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းတဲ့အနေနဲ့ အားလုံးသော မြို့တော်သူ မြို့တော်သားတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ဖို့အတွက် ရိုးရာယဉ်ကျေးမှုနဲ့အညီ ပျော်ရွှင်စွာရေကစားနိုင်ဖို့အတွက် ဒီကော်မတီကနေပြီးတော့ ဝတ်စားဆင်မှုနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာ့ရိုးရာဆန့်ကျင်ပြီးတော့မှ ယဉ်ကျေးမှုနဲ့ဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေ မလုပ်ဖို့လည်းပဲ သူတို့က ကြီးကြပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

The Voice Journal – မူပိုင်ခွင့်ပေါ့လေ။ မဏ္ဍပ်တွေမှာ သီချင်းတွေဖျော်ဖြေတဲ့အခါမှာ မူပိုင်ခွင့်ယူပြီးတော့ ဖျော်ဖြေရမယ်ဆိုတဲ့ အချက်တစ်ချက်တွေ့ ပါတယ်။ အဲဒါတွေက အရင်နှစ်က မတွေ့မိဘူးလားလို့။ အသစ်လား။

UT – မူပိုင်ခွင့်ခွင့်ပြုချက်က ဥပမာ – မြို့တော်မဏ္ဍပ်မှာလည်း မြို့တော်မဏ္ဍပ်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ ဗဟိုမဏ္ဍပ်ဖြစ်ပါတယ်။ အဲဒီတော့ မြို့တော် ခန်းမရှေ့မှာရှိတဲ့ မဏ္ဍပ်ကြီးမှာ Sky Net ကနေပြီးတော့ ရုပ်သံ Live လွှင့်မှာရှိတယ်။ အဲဒီမှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့က လာရောက်ဖျော်ဖြေမှာတွေရှိတယ်။ အဲဒါတွေကို Live လွှင့်မှာရှိတယ်။ မူပိုင်ခွင့်နဲ့ ပတ်သက်လို့ ခွင့်ပြုပေးဖို့ တိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာ ကာယကံရှင်၊ မူပိုင်သီချင်းဆိုတဲ့သူတွေ မူပိုင်သီချင်းရေးတဲ့သူတွေဆီက ခွင့်ပြုချက်တောင်းခံပေးရမှာ ဖြစ်ပါတယ်။

The Voice Journal – အခြားမဏ္ဍပ်တွေရော အဲဒီအတိုင်းပဲလား။ မူပိုင်ခွင့်ယူရမှာလား။

UT – အခြားမဏ္ဍပ်တွေက သူတို့ဖျော်ဖြေမှုနဲ့ သူတို့လုပ်မှာလေ။ ဇော်ဝင်းထွဋ်တို့ တီးဝိုင်းငှားရင်လည်း ဇော်ဝင်းထွဋ်တို့ပဲ ဆိုကြမှာလေ။ Sky Net ၁၉ လမ်း မဏ္ဍပ်ဆိုရင်လည်းပဲ Sky Net က Myanmar Idol က အဆိုတော်တွေရှိမယ်၊ အခြားသူတို့ငှားထားတဲ့ အဆိုတော်တွေရှိမယ်။ သူတို့မူပိုင်သီချင်းတွေပဲ ဆိုကြမှာဆိုတော့ မူပိုင်ခွင့်နဲ့ပတ်သက်လို့ အခြားမဏ္ဍပ်တွေမှာတော့ မပေးထားတာမရှိပါဘူး။ သူတို့ဘာသာသူတို့ ခွင့်ပြုချက်ယူစရာရှိရင်တော့ ယူရမှာပေါ့။ ဗဟို မဏ္ဍပ်ကြီးအနေနဲ့ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ခွင့်ပြုချက်တောင်းပေးမှာ ဖြစ်ပါတယ်။

The Voice Journal – မြို့တော်ခန်းမရှေ့မှာလုပ်မယ့် ဗဟိုမဏ္ဍပ်မှာ သံချပ်အစီအစဉ်ရော ဝင်သေးလား။

UT – ဒီမဏ္ဍပ်ကတော့ သံချပ်လာပြီးတော့ ယှဉ်ပြိုင်ခွင့်မရှိပါဘူး။ ယိမ်းအကတွေ ယှဉ်ပြိုင်ခွင့်ရှိတယ်။ ဖျော်ဖြေပွဲတွေရှိပါတယ်။ ဒါကြောင့် ယိမ်းအကယှဉ် ပြိုင်ပွဲတွေနဲ့ ဖျော်ဖြေမှုတွေလုပ်မှာ ဖြစ်တဲ့အတွက်ကြောင့် သံချပ်အသွင် လာရောက်ယှဉ်ပြိုင်ဖို့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့် သူတို့က တာမွေမှာရှိတဲ့တာမွေမြို့နယ်မဏ္ဍပ်မှာ သွားပြီးတော့ သံချပ်ယှဉ်ပြိုင်ဖို့အတွက်နေရာ သတ်မှတ်ပေးထားတယ်။ အဲဒီမှာပဲသွားပြီးတော့ ယှဉ်ပြိုင်ကြရမှာပါ။

The Voice Journal – သံချပ်တိုက်မယ့်စာသားတွေကို ကြိုပြီးတော့ တင်ရမှာလား။

UT – ရှိပါတယ်။ သံချပ်စိစစ်ရေးကော်မတီက ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦဇော်အေးမောင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ရှိပါတယ်။ သဘင်ပညာရှင် တွေပါဝင်တဲ့အတွက်ကြောင့် သက်ဆိုင်ရာ သံချပ်ယှဉ်ပြိုင်တဲ့အဖွဲ့တွေက ဒီစိစစ်ရေးကော်မတီကို တင်ရမယ်။ သူတို့ စိစစ်ခွင့်ပြုပြီးတော့မှ စိစစ်ခွင့်ပြုထားတဲ့ သံချပ်ကိုပဲ သွားရောက်ယှဉ်ပြိုင်ရပါမယ်။

The Voice Journal – YCDC အနေနဲ့ သင်္ကြန်တွင်း ရေပေးဝေရေးကို ဘယ်လိုစီစဉ်ထားလဲ။

UT – YCDC အနေနဲ့ရေပေးဝေရေးကို နှစ်စဉ် နှစ်တိုင်းလိုပါပဲ။ ရန်ကုန်မြို့ ရေပေးဝေနေတဲ့ ရေပိုက်လိုင်းတွေကနေ ရေသွယ်တန်းတာရှိတယ်။ အင်းယားကန်တို့ ကန်တော်ကြီးတို့ကနေပြီးတော့ ရေယူတာတွေ ရှိပါတယ်။ အဲဒီအတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေလည်း ရှိပါတယ်။

အဲဒီတော့ ရေပေးဝေရေးမပြောမီ မဏ္ဍပ်နေရာချထားရေးနဲ့ပတ်သတ်ပြီးတော့ ပေးသွင်းရတဲ့နှုန်းထားတွေရှိပါတယ်။ ဒါလေးတွေလည်း ဖြည့်ပြီးတော့ ပြောချင်ပါတယ်။ မဏ္ဍပ်တည်ဆောက်တဲ့အခါမှာလည်း စပေါ်ငွေအနေနဲ့ပေါ့ မဏ္ဍပ်အကြီးကို ကျပ်သိန်း ၂၀၀၊ မဏ္ဍပ်အလတ်ကို ကျပ်သိန်း ၁၀၀ ပေးသွင်းရပါမယ်။ ဒီစပေါ်ငွေဟာ ပြန်ထုတ်ပေးမယ့် စပေါ်ငွေပါ။ သင်္ကြန်ကာလ မဏ္ဍပ်တည်ဆောက်ပြီးလို့ ပြန်ဖျက်တဲ့အခါမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သက်ဆိုင်တဲ့ ပလက်ဖောင်းတို့၊ လမ်းတို့၊ ခြံစည်းရိုးတို့ ဒီလို Infrastructure တွေ ပျက်စီးမှုရှိတယ်ဆိုရင်တော့ ပျက်စီးမှုတန်ဖိုးကို ဒီစပေါ်ငွေထဲကနေပြီးတော့ ပြန်ပြီးတော့ခုနှိမ်ရမှာဖြစ်ပြီးတော့ ကျန်တဲ့ငွေကို ထုတ်ပေးရမှာဖြစ်ပါတယ်။ ပျက်စီးမှုတစ်စုံတစ်ရာမရှိဘူးဆိုရင်တော့ စပေါ်ငွေကို မဏ္ဍပ်အကြီးဆို သိန်း ၂၀၀၊ အလတ်ဆို သိန်း ၁၀၀ ပြန်ထုတ်ပေးမှာဖြစ်ပါတယ်။ ဒါကစပေါ်ငွေပါ။ မဏ္ဍပ်မြေအသုံးပြုခအနေနဲ့ မဏ္ဍပ်အကြီးဆို ခုနစ်သောင်း၊ အလတ်ဆိုရင် ငါးသောင်းကျပ် ဒါကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကို ပေးသွင်းရမှာဖြစ်ပါတယ်။ နောက် သန့်ရှင်းရေးခွန်ဆိုတာ ရှိပါတယ်။ သန့်ရှင်းရေး ဆောင်ရွက်ခအတွက် မဏ္ဍပ်အကြီးဆို ကျပ်တစ်သိန်း၊ မဏ္ဍပ်အလတ်ဆို ကျပ်လေးသောင်း၊ မဏ္ဍပ်အသေးဆို နှစ်သောင်းနဲ့ YCDC ကို ပေးသွင်းရမှာဖြစ်ပါတယ်။ ရေသွယ်တာနဲ့ပတ်သက်ပြီး ရန်ကုန်မြို့တော်ကော်မတီ ရေပိုက်လိုင်းတွေက သွယ်မယ်ဆိုရင် တစ်လက်မပိုက်ကို ကျပ်နှစ်သိန်း၊ တစ်လက်မခွဲပိုက်ဆို သုံးသိန်း၊ နှစ်လမပိုက်ကို လေးသိန်းသုံးသောင်း ပေးသွင်းရမှာဖြစ်ပါတယ်။ အကယ်၍ ကန်တော်ကြီးတို့ အင်းယားတို့ရေကိုယူပြီး အသုံးပြုမယ်ဆိုရင်တော့ သုံးလက်မပိုက်တစ်လိုင်းကို လေးသိန်း၊ လေးလက်မပိုက်တစ်လိုင်းကို ခြောက်သိန်းခွဲနဲ့ ခြောက်လက်မပိုက်တစ်လိုင်းကို ၁၀ သိန်းဆိုပြီးတော့ ပေးသွင်းရမှာဖြစ်ပါတယ်။ ဒါကတော့ ရေသုံးတာနဲ့ ပတ်သက်ပြီးတော့ ပေးသွင်းရမယ့် နှုန်းထားတွေပါ။

The Voice Journal – ရပ်ကွက်တွေမှာ ရေမပြတ်အောင် ဘယ်လိုများ ဆောင်ရွက်ပေးထားလဲ။

UT – ရပ်ကွက်တွေမှာ ရေမပြတ်အောင် ရေကစားချိန်ကို သတ်မှတ်ပေးထားတာရှိတယ်။ ရေကစားချိန်က မနက် ၈ နာရီကနေ ၁၂ နာရီ၊ ညနေ ၃ နာရီကနေ ညနေ ၆ နာရီ။ အဲဒီလို ရေကစားချိန်သတ်မှတ်ထားပြီးတော့ ရပ်ကွက်တွေ ပုံမှန်ရေပေးဝေတာကိုလည်း မပြတ်အောင် အလှည့်ကျပေါ့နော်။ တချို့ အလုံဘက်တို့ ဘာတို့မှာ မူလကတည်းကလည်း ရေရရှိမှုကနည်းတယ်။ အဲဒီလိုနေရာတွေလည်း ရေမပြတ်အောင် အချိန်ကန့်သတ်ပြီးတော့မှ ရေကစားချိန်နဲ့ ရေအများဆုံးသုံးတဲ့အချိန်နဲ့ ရေပေးဝေချိန်တွေကို တွက်ချက်ပြီး အချို့ဆို ညဘက်ပိုပြီး ရေပေးဝေရေးလုပ်ရမှာပေါ့။ တချို့မြို့နယ်တွေလည်း ညနေ ၆ နာရီရေကစားချိန်ပြီးတော့မှ ရေပေးဝေရေး တိုးမြှင့်ပြီးလုပ်ပေးမှာတွေ ရှိပါတယ်။ ပုံမှန်ပြည်သူတွေရေသုံးစွဲမှု မပြတ်လပ်အောင်တော့ မြို့တော်စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းမှုဌာနက ဆောင်ရွက်ထားပါတယ်။

The Voice Journal – ပြီးခဲ့တဲ့နှစ်တွေတုန်းက ရေပြတ်ရင်ဆက်သွယ်ဖို့ Hot Line ထားပေးတယ်။ ဒီနှစ်ရော အဲဒီလိုမျိုးအစီအစဉ်ရှိလား။

UT – ဒီနှစ်လည်း အဲဒီလိုပဲ ရေပြတ်တယ်ဆိုရင် ဆက်သွယ်ဖို့အတွက် ခရိုင်အလိုက် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေနဲ့ ဆက်သွယ်ရမည့်သူ ပေးထားမှာပါ။ ဒါလည်းပဲ ရေသန့်ဌာနက ကြေညာမှာပါ။ ရေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ အခက်အခဲရှိလို့ရှိရင် ဆက်သွယ်ရမယ့် Contact Person တွေကို သက်ဆိုင်ရာ ခရိုင်အလိုက်၊ မြို့နယ်အလိုက် ရေနဲ့ သန့်ရှင်းရေးဌာနက ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။

The Voice Journal – လုံခြုံရေးအနေနဲ့ လုံခြုံရေးအပိုင်းနဲ့ မူယစ်ရမ်းကားမှုတွေအတွက် စည်ကမ်းချက်ထဲပါလား။ လုံခြုံရေးအတွက် နယ်လုံတို့ ဘာတို့နဲ့ ပူးပေါင်းဆောင်ရွက်ထားတာရှိပါသလား။

UT – လုံခြုံရေးနဲ့ပတ်သက်လို့ စည်ပင်ကလုပ်တာ မဟုတ်ဘူး။ ရန်ကုန်တိုင်းဒေသကြီး သင်္ကြန်ပွဲတော်ကျင်းပရေးနဲ့ပတ်သက်ပြီး ဦးစီးကော်မတီဆိုတာ ရှိတယ်။ ဦးစီးကော်မတီမှာတော့ မြို့တော်ဝန်က ဥက္ကဋ္ဌပေါ့။ ကျန်တဲ့အစိုးရအဖွဲ့က ဝန်ကြီးတွေလည်း ပါပါတယ်။ သီးခြားလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဆိုတာ သီးခြားဖွဲ့ထားပါတယ်။ အဓိကအားဖြင့်တော့ လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရယ်၊ နောက်တစ်ခါ CSO တွေရယ် (အရပ်ဘက်ဆိုင်ရာ လူမှုအဖွဲ့စည်းတွေရယ်)၊ မီးသတ်တို့၊ ကြက်ခြေနီတို့ ဒီအဖွဲ့တွေအားလုံး ပူးပေါင်းပြီးတော့မှ လုံခြုံရေးကို လုပ်မှာဖြစ်ပါတယ်။

လုံခြုံရေးအရေးက အပိုင်းသုံးပိုင်းခွဲထားပါတယ်။ သင်္ကြန်ပွဲတော်မတိုင်မီ လုံခြုံရေးဆောင်ရွက်ခြင်းရယ်၊ သင်္ကြန်ကာလလုံခြုံရေးရယ်၊ သင်္ကြန်ပြီး လုံခြုံရေးရယ်ဆိုပြီးတော့ သုံးပိုင်းလုပ်မယ်။ သင်္ကြန်အကြိုကာလလုံခြုံရေးကတော့ မဏ္ဍပ်ဆောက်လုပ်မယ့်နေရာတွေကို အတည်ပြုပြီးပြီးဆိုရင် ဒီနေရာတွေကို လုံခြုံရေးအဖွဲ့တွေက ကြိုတင်ပြီးတော့ မဏ္ဍပ်တွေက အလုံပိတ်အခန်းတွေ ပါ မပါ၊ မူးယစ်ဆေးဝါး သုံးစွဲတာရောင်းချတာ ရှိ မရှိ၊ မဏ္ဍပ်တွေက စည်ကမ်းချက်နဲ့အညီ တည်ဆောက်ထားတာ ဟုတ် မဟုတ် ဒါတွေ စိစစ်ပါ့မယ်။ ပြီးလို့ရှိရင် CCTV ကင်မရာ လုံခြုံရေးတွေ တပ်ထားတာရှိရမယ်။ နောက်တစ်ခါ မိုင်းရှာဖွေရေးတွေ လုပ်ပါမယ်။ ဒါကကြိုတင်ပြီးတော့ လုပ်မှာ။ သင်္ကြန်ပွဲတော်ကာလတစ်လျှောက်လုံးမှာလည်း မဏ္ဍပ်တွေ၊ ဆုပေးမဏ္ဍပ်တွေ နောက်တစ်ခါ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ ပြီးရင် ရေပက်ခံလမ်းတစ်လျှောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေကို တပ်ဖြန့်ပြီးတော့မှ တောက်လျှောက် Round လှည့်ပြီးတော့မှ လုံခြုံရေးကို စိစစ်နေမှာဖြစ်ပါတယ်။ သင်္ကြန်ပြီးသွားတဲ့အခါ လုံခြုံရေးကတော့ သင်္ကြန်ကာလမှာဖြစ်ပွားတဲ့ မှုခင်းတွေရှိခဲ့ရင် ဖြစ်ပေါ်ခဲ့တဲ့ မှုခင်းတွေကို အမြန်ဆုံးပြီးအောင် ဆုံးဖြတ်စီရင်နိုင်ရေးအတွက် လိုအပ်တဲ့လုံခြုံရေးဆိုင်ရာအချက်အလက်တွေကို သူတို့ ဒါ သက်ဆိုင်ရာတရားရုံးနဲ့ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

 

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *