လည်ချောင်းနာခြင်းကို သက်သာစေနိုင်မယ့် နည်းလမ်းငါးမျိုး

နွေရာသီမှာ အပူရှပ်ခြင်းနဲ့ ဖုန်မှုန့်တွေကြောင့် လည်ချောင်းယားယံမှုနဲ့ အတူ အာသီးရောင်ခြင်း၊ လည်ချောင်းနာကျင်ခြင်းဝေဒနာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုနာကျင်ရင် အစားအသောက်တွေ မျိုချတဲ့အခါမှာလည်း ခက်ခဲလှပါတယ်။ ဒီနာကျင်မှုတွေကို ကုစားဖို့အတွက် ဆေးရုံ၊ ဆေးခန်းမသွားနိုင်ခင်မှာ ဦးစွာသက်သာစေနိုင်ဖို့ အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေထဲက ငါးမျိုးကို ဖော်ပြလိုက်ပါတယ်။

ပျားရည်

ပျားရည်နဲ့ လက်ဖက်ရည်ကြမ်းကို ရောစပ်သောက်သုံးခြင်းဟာ လည်ချောင်းနာကျင်ခြင်းအတွက် သက်သာကောင်းမွန်စေတဲ့ အိမ်တွင်းဆေးဝါးတစ်မျိုးပဲဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ ပျားရည်ဟာ ချောင်းဆိုးခြင်းတွေကို သက်သာစေနိုင်ပြီး ထိုထက်မက ညအချိန်ချောင်းဆိုးခြင်းကို ထိန်းချုပ်နိုင်မှုကို ပိုလို့ အကျိုးသက်ရောက်စေတယ်လို့ သိရပါတယ်။ အနာရောဂါတွေကို ငြိမ်းစေသူအဖြစ်လည်း အကူအညီပေးတဲ့ အရာဖြစ်ပါတယ်။

ဆားရည်

အာခံတွင်းမှာ ဆားရေနွေးနွေးနဲ့ ထိတွေ့ပြီး အာလုပ်ကျင်းပေးတာကလည်း လည်ချောင်းနာကျင်ခြင်းကို တိုက်ထုတ်နိုင်ပါတယ်။ လည်ချောင်းနာကျင်စေတဲ့ ဗက်တီးရီးယားတွေကို ဆားရည်က သေစေနိုင်ပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဝက်စာ ဆားနဲ့ ဖန်ခွက်တစ်ခွက်စာ ရေနွေးနွေးကို ရောစပ်ပြီး ဆားရည်ဖျော်စပ်နိုင်ပါတယ်။ လည်ချောင်းကို သန့်ရှင်းစေပြီး အာခေါင်မှာ ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဆားရည်ငုံခြင်းကိုတော့ သုံးနာရီခြားတစ်ခါ ပြုလုပ်ပေးသင့်ပါတယ်။

ပူစီနံ

ပူစီနံအဆီ ရောစပ်ပါဝင်တဲ့ စပရေးဟာ လည်ချောင်းနာခြင်းကို သက်သာစေဖို့ ထောက်ပံ့ကူညီနိုင်ပါတယ်။ Mantol ပါဝင်တဲ့အတွက် လည်ချောင်းမှာ ချွဲကပ်ခြင်း၊ ချောင်းဆိုးခြင်းနဲ့ လည်ချောင်းနာခြင်းတွေကို သက်သာစေဖို့ ကူညီပေးပါတယ်။ ပူစီနံဟာ ရောင်ရမ်းခြင်းတွေကို ဆန့်ကျင်ပေးသလို ဗက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ သံလွင်ဆီ၊ ဗာဒံဆီ၊ အုန်းဆီလို အဆီမျိုးတွေနဲ့တော့ ရောစပ်အသုံးပြုဖို့လိုပါတယ်။ ပူစီနံအဆီ ငါးစက်နဲ့ အထက်ပါအဆီများထဲက ကြိုက်နှစ်သက်ရာတစ်မျိုးကို ရောစပ်ပြီး အသုံးပြုနိုင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကို ဆားရည်နဲ့ ရောနှောပြီးတော့ အာခံတွင်းနဲ့ ထိတွေ့စေခြင်းကလည်း လည်ချောင်းနာခြင်းကို သက်သာစေနိုင်ဖို့ ကူညီပေးပါတယ်။ ဗက်တီးရီးယားတွေကို သေစေနိုင်ပြီး မှိုပေါက်ဖွားမှုတွေကို တားဆီးပေးပါတယ်။ ဖန်ခွက်တစ်ခွက်စာ ရေနွေးနွေးထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်းရဲ့ လေးပုံတစ်ပုံ၊ ဆားလက်ဖက်ရည်ဇွန်းရဲ့ ရှစ်ပုံတစ်ပုံကို ရောစပ်ပြီး အာခံတွင်းမှာငုံပြီး သုံးနာရီခြားတစ်ခါ အာလုပ်ကျင်းပေးနိုင်ပါတယ်။

ပန်သီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာ သဘာဝအရ ဗက်တီးရီးယားကို ဆန့်ကျင်တိုက်ထုတ်တဲ့ အရာများစွာပါဝင်ပါတယ်။ ၎င်းရဲ့ သဘာဝအက်ဆစ်ဓာတ်က လည်ချောင်းမှာကပ်နေတဲ့ ချွဲတွေကို ချေဖျက်ပေးပြီး ဗက်တီးရီးယားတွေ ပျံ့နှံ့မှုကို ရပ်တန့်စေပါတယ်။ လည်ချောင်းနာခြင်းကို စပြီးခံစားရပြီဆိုတာနဲ့ ရေဖန်ခွက်တစ်ခွက်စာနဲ့ စားပွဲတင်ဇွန်းတစ်ဝက်ကို ရောစပ်ပြီး အာခံတွင်းမှာ ငုံပေးနိုင်ပါတယ်။ တစ်နာရီခြားတစ်ခါ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြန်လည်ငုံပေးရပါမယ်။ ပန်းသီးရှာလကာရည်ငုံရင်းဖြင့် ကြားအချိန်မှာလည်း ရေများများ သောက်ပေးဖို့လိုပါတယ်။ 

မေသက်ဇင်

Ref: https://www.healthline.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *