ဒါရိုက်တာ ခရစ္စတီးနားခီနှင့် တွေ့ဆုံခြင်း

“နောက်တစ်ခါ အစ်မက အဲဒီလို မငိုပါနဲ့၊ မရယ်ပါနဲ့ မျက်လုံးနဲ့ပဲ သရုပ်ဆောင်ပါဆိုရင် အစ်မစကားနားမထောင်တော့မှာ တော်တော်ကြောက်သွားတယ်”

အကယ်ဒမီဆုပေးပွဲအပြီး နောက်ဆက်တွဲဂယက်တွေအပါအဝင် ရုပ်ရှင်ကြည့်ပရိသတ်တွေပေးမယ့် ဂုဏ်ပြုဆုကို လက်ခံသွားဖို့ ရှိ မရှိ၊ အကယ်ဒမီပေးပွဲအပြီးမှာ မြန်မာကားတစ်ကားကို လူတွေမကြည့်ကြတဲ့အပေါ်အမြင်၊ တစ်ချိန်ကဝေဖန်ခဲ့တဲ့အနုပညာရှင်တွေ ကိုယ်တိုင်က အကယ်ဒမီဆု တစ်ခုခုရသင့်တယ်လို့ ထုတ်ပြောလာရမှုနဲ့ Star Awards ဆုရွေးချယ်မှု စတာတွေနဲ့ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကို တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

Voice : လမ်းကြောင်းသစ်သွားနေတဲ့သူဆိုတော့ အခုအကယ်ဒမီပေးပွဲအပြီးမှာ စိတ်ခံစားချက်က ဘယ်လိုဖြစ်မိလဲ။

Christina Kyi : ဆုအနေနဲ့က တက်ကတည်းက အစ်မ မမျှော်လင့်ထားဘူး။ အဲဒီနေရာရောက်သွားပြီး ထိုင်လိုက်ကတည်းကလည်း အစ်မသိတယ်၊ မရလောက်ဘူးဆိုတာ။ အဲဒီအတွက် ထွေထွေထူးထူးဘာမှ မရှိဘူး။ ဒါပေမဲ့ အစ်မ စိုးရိမ်လိုက်တာကျတော့ မီးမောင်းထိုးပြလိုက်တဲ့လမ်းကြောင်းတစ်ခုက အကယ်၍များ အစ်မရဲ့လမ်းကြောင်းကိုမထိုးပြလိုက်ဘူး၊ တစ်ဆုမှမရလို့ အစ်မရရမယ်လို့ပြောတာ မဟုတ်ဘူး။ အစ်မရဲ့ သရုပ်ဆောင်တွေထဲက တစ်ယောက်မှမရလိုက်ဘူးဆိုရင် နောက်တစ်ခါ အစ်မက အဲဒီလို မငိုပါနဲ့၊ မရယ်ပါနဲ့ မျက်လုံးနဲ့ပဲ သရုပ်ဆောင်ပါဆိုရင် အစ်မစကားနားမထောင်တော့မှာ တော်တော်ကြောက်သွားတယ်။ ဒါပေမဲ့ အဲဒီနေ့ပဲ ပရိသတ်ကမဟုတ်ဘူးဆိုတာ သိလိုက်တော့ အစ်မရဲ့အလုပ်သိပ်မထိခိုက်တော့ဘူးပေါ့။ အဲဒီအတွက်လည်း ပရိသတ်ကိုကျေးဇူးတင်ပါတယ်။ 

Voice : အကယ်ဒမီပေးပွဲပြီးတဲ့နောက်ပိုင်းမှာ အခုရုံတင်ပြသနေတဲ့ ဇာတ်ကားတစ်ကားကို သွားမကြည့်ကြတဲ့အထိဖြစ်နေတော့ နောက်ပိုင်းမြန်မာ့ရုပ်ရှင်အလားအလာက ဘယ်လိုဖြစ်မလဲ။

Christina Kyi : အဲဒီသတင်းကြားတော့အမှန်အတိုင်းပြောရရင် အစ်မကိုယ်တိုင်တိုင်ကလည်း ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ရိုက်ရတဲ့ ပရိုဂျူဆာဆိုတော့ ပရိုဂျူဆာချင်းတော့ ကိုယ်ချင်းစာတယ်။ စိတ်လည်းမကောင်းဘူး။ ပရိုဂျူဆာတစ်ယောက်အနေနဲ့ ဘာမှမဆိုင်တဲ့ကိစ္စတစ်ခုကိုဝင်ပါရသလို ဖြစ်သွားတာပေါ့။ ဒါပေမဲ့ အစ်မတို့နိုင်ငံအရ Social Issue တွေအကုန်လုံးဟာ မကောင်းတာ တစ်ခုခုဟာ ပျက်ချင်လာပြီဆိုရင်တော့ ကောင်းဖို့နောက်တစ်ခုဖြစ်လာတာလို့ပဲ အစ်မယုံကြည်ထားတယ်။ အစိုးရအပြောင်းအလဲမှာပဲဖြစ်ဖြစ် အစ်မတို့က အများကြီးစောင့်ခဲ့ရတယ်။ အစိုးရအပြောင်းအလဲမှ မဟုတ်ပါဘူး။ Social Issue တိုင်းမှာ ပြဿနာရှိနေတာဆိုတော့ တစ်ခုခုက လူတွေအားလုံး ညီလိုက်ရင်တော့ ကောင်းသောအလားအလာကိုရောက်သွားမယ်လို့ အစ်မမြင်တယ်။ ဒါပေမဲ့ အားလုံးဟာ ခဏတစ်ဖြုတ်ပြောင်းလဲခြင်းမျိုးမဟုတ်ဘဲနဲ့ လူညီရမယ်လို့ အစ်မထင်တယ်။

Voice : အခုပရိသတ်တွေကနေ ဂုဏ်ပြုဆုဆိုပြီး ပေးဖို့လုပ်နေတော့ ဒီဟာကို လက်ခံသွားဖို့ရှိလား။

Christina Kyi : ဒီနေ့တော့ အစ်မရဲ့မန်နေဂျာ သွားစကားပြောနေတယ်။ အစ်မတို့အနေနဲ့ တော်တော်ကို စဉ်းစားရခက်ပါတယ်။ စေတနာကိုစော်ကားသလိုဖြစ်သွားမှာ ကြောက်သလို အစ်မတို့အနေနဲ့လည်း ပရိသတ်အလုပ်ရှုပ်သွားတာတွေ မဖြစ်စေချင်ဘူး။ နောက်ဆုံး အစ်မတို့လက်ခံရင်တောင် အစ်မတို့အကျိုးအတွက် လက်ခံမှာမဟုတ်ဘူး။ တစ်ခုခုအတွက် အစ်မတို့လုပ်ပေးလိုက်နိုင်တဲ့ဟာလေးတွေ၊ လွှဲပြောင်းပေး လိုက်ရတာပဲဖြစ်ဖြစ် တစ်ခုခုပေါ့။ အကောင်းဆုံးအစီအစဉ်ဖြစ်အောင် အစ်ကိုနဲ့ တိုင်ပင်နေတယ်။ 

Voice : အကယ်ဒမီပေးပွဲအပြီးမှ အရင်ကကိုယ့်ကိုဝေဖန်ပြောဆိုခဲ့တဲ့ အနုပညာရှင်တွေ ကလည်း ဆုရသင့်တယ်လို့ပြောလာကြတဲ့အပေါ် ဘယ်လိုမြင်မိလဲ။

Christina Kyi : အဓိက Personal တိုက်ယူလို့မရဘူး။ အစ်မ အမေစုကို အမြဲတမ်းကြည့်လေ့ရှိတယ်။ သူသွားနေတဲ့လမ်းကြောင်းမှာ ဘယ်လောက်ခက်ခဲလိုက်မလဲ။ အစ်မရဲ့သေးသေးလေးမှာတောင် ဒီလိုဖြစ်နေတာဆိုတော့ သူ့နေရာကိုအမြဲနေကြည့်ပြီးတော့ ဒီဟာက ငါ ဘာမှမဖြစ်သေးဘူးလို့ သတ်မှတ်တယ်။ နောက်တစ်ခုက အစ်မတို့က Personal လုပ်လို့မရဘူး။ လမ်းကြောင်းတစ်ခုခုကို ဖောက်ထွက်တယ်ပဲဖြစ်ဖြစ်၊ တစ်ခုခုကို အပြောင်းအလဲလိုချင်တဲ့အချိန်မှာ အစ်မတို့က ပုဂ္ဂလိကခံစားချက် ပါသွားလို့မဖြစ်ဘူး။ အစ်မနဲ့ အစ်ကို အမြဲတမ်းပြောတာ မေတ္တာရောင်ပြန်ဟပ်တတ်တယ်။ မေတ္တာနဲ့ပဲ သွားလို့ရမယ်လို့ အစ်မ သတ်မှတ်တယ်။

Voice : မကြာခင် Star Awards ဆုပေးပွဲလာတော့မယ်၊ ဟိုဘက်ကမရပေမဲ့ ဒီဘက်မှာတော့ တစ်ခုခုရမယ်လို့ပြောဆိုနေကြတဲ့အပေါ် ဘာများပြောချင်လဲ။

Christina Kyi : အမှန်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဆုပေးပွဲဆို ဘယ်ဆုပေးပွဲမှစိတ်မဝင်စားဘူး။ ဝါသနာလည်း သိပ်မပါဘူး။ ဒါပေမဲ့လည်း အခုကျတော့ အစ်မတို့လည်းစိတ်ရှုပ်ရတဲ့ကဏ္ဍတွေ ဖြစ်လာတယ်။ ဟိုဘက်မရလို့ ဒီဘက်က အဲဒီလိုပုံစံတွေဖြစ်နေတော့ ကျဉ်းထဲကျပ်ထဲဖြစ်နေတာပေါ့။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *