တရုတ်တွင် ကလေးများကို အဆိပ်ခပ်သည့် ကျောင်းဆရာကို ဖမ်းဆီး

ဘေဂျင်း၊ ဧပြီ ၂

တရုတ်နိုင်ငံ မူကြိုကျောင်းတစ်ကျောင်း၌ ကလေးများ၏ အစားအစာထဲတွင် အဆိပ်ခပ်သည်ဟု သံသယရှိသော ဆရာတစ်ဦးကို ဧပြီ ၂ ရက်နေ့တွင် ရဲက ဖမ်းဆီးလိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ခွန်နန်ပြည်နယ် ကြောင်းဆွတ်မြို့ရှိ မူကြိုကျောင်းတွင် ကလေး ၂၃ ဦးမှာ အစာစားပြီးပြီးချင်း အော့အန်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဆေးရုံသို့ အမြန်ဆုံးတင်ခဲ့ကြောင်း တရုတ်အစိုးရပိုင်သတင်းမီဒီယာက ဖော်ပြသည်။

ကနဦး စစ်ဆေးချက်များအရ နံနက်စာကွေကာအုပ်ထဲတွင် ဆိုဒီယမ်နိုက်ထရိုက်ပါဝင်မှုမြင့်မားနေခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ကလေးများကိုအဆိပ်ခပ်ရသည့်ကို ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း ကျောင်းဆရာမှာ သူ့၏လုပ်ဖော်ကိုင်ဖက်ကို လက်စားချေသည့်အနေနှင့် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ရဲနှင့် နီးစပ်သည့် သတင်းရင်းမြစ်ကို ကိုးကား၍ တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ဆေးရုံတင်ထားရသည့် ကလေး ၂၃ ဦးတွင် တစ်ဦးမှာ အပြင်းအထန် ဝေဒနာခံစားနေရပြီး ခုနစ်ဦးကိုလည်း ဆေးရုံတွင် ကုသနေဆဲဖြစ်သည်။

ကျန် ၁၅ ဦးကိုမူ ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

အဆိုပါ မူကြိုကျောင်းကို ယာယီပိတ်ထားခဲ့ပြီး ကလေးများကို အခြား ကျောင်းများသို့ပို့ထားကြောင်းလည်း ဒေသခံသတင်းတွင် ဖော်ပြထားသည်။

ဆိုဒီယမ်နိုက်ထရိုက်မှာ အစားအစာချက်ပြုရာတွင် မကြာခဏအသုံးပြုလေ့ရှိသော်လည်း ထည့်သည့်ပမာဏများပါက အဆိပ်အတောက်ဖြစ်စေကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *