အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌ ဒါရိုက်တာဦးကြည်စိုးထွန်းနှင့် တွေ့ဆုံခြင်း

“ဆရာတို့က လုပ်တုန်းက အဂတိတရားလေးပါးနဲ့ လွတ်ကင်းအောင် တတ်နိုင်သမျှ လုပ်သွားတယ်။ ဒါတွေက မမျှတဘူး။ အဘိုးကြီးတွေလုပ်တာ ခေတ်မမီဘူးဆို လူငယ်တွေကို အစားထိုးကြပါ”

အကယ်ဒမီဆုပေးပွဲအပြီးမှာ ရရှိသွားတဲ့အကယ်ဒမီဆုတွေနဲ့ ပရိသတ်နဲ့သဘောထားခြင်း မကိုက်ညီတဲ့အပေါ် အမြင်၊  နောက်နှစ်တွေမှာ အကဲအဖြတ်အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်သွားဖို့ ရှိ မရှိ ဆိုတာတွေကို ယခုနှစ်မှာ အကယ်ဒမီအကဲဖြတ်အဖွဲ့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ ဒါရိုက်တာဦးကြည်စိုးထွန်းကို မေးမြန်းထားတာ ဖြစ်ပါတယ်။

Voice :       အကယ်ဒမီဆုရွေးချယ်တာတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေရှိတော့ အဲဒီအပေါ် ဘာများ ပြောချင်လဲ။

KST   :        ဆရာတို့က ဘာနဲ့တူလဲဆိုတော့ မီးပြင်းပြင်းပေးတဲ့ သံချောင်းတွေလို့ပဲ ကိုယ့်ကိုယ်ကိုယ် သဘောထားရတော့မှာပဲ။ မီးပြင်းပြင်းပေးအထုအနှက်ခံပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်ပြီး လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဆရာတို့ကို ဘယ်သူမှ တာဝန်ပေးတာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာလုပ်ချင်လို့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆရာတို့ လုပ်ကိုင်ခဲ့တာ အဂတိတရားလေးပါးကို ထိန်းသိမ်းပြီးတော့ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ ချစ်ခြင်း မုန်းခြင်း မရှိဘူး။ ဘယ်သူ့ကို ချစ်လို့ ပေးလိုက်တယ်။ သူ့ကိုတော့ မချစ်လို့ မပေးဘူးဆိုပြီးပေးခဲ့တာမျိုး မရှိဘူး။ ကော်မတီဝင်တွေက အထပ်ထပ်အခါခါ ဝေဖန်ဆုံးဖြတ်ပြီးတော့  လုပ်ခဲ့တာ ဖြစ်ပါတယ်။ နှလုံးသားနဲ့ကြည့်ပြီး ခံစားတာရှိသလို ဦးနှောက်နဲ့ ဆင်ခြင်ဆုံးဖြတ်ခဲ့တာရှိပါတယ်။ နောက်တစ်ခုက ဒီမိုကရေစီစနစ် ဖြစ်ပါတယ်။ အများဆုံးဖြတ်ရာ အဲဒီအဖြေကို ယူရမှာ ဖြစ်ပါတယ်။ အဲဒီဟာကို မှန်သည်၊ မှားသည် ပြောလို့ မရပါ။

Voice :       ဇာတ်ကားကောင်းတွေက များတော့ ရွေးချယ်မှုအပိုင်းမှာ ဘယ်လိုမျိုး အခက်အခဲကြုံရလဲ။

KST   :        ဒီနှစ်က ၈၃ ကားဆိုတော့ ရွေးချယ်ရတဲ့ကားတွေ များပါတယ်။ Nomination ကားဆို ၂၅ ကားလောက် ရှိတယ်။ အပြိုင်အဆိုင်ကို ကောင်းနေတော့ တော်တော်ကို ဦးနှောက်ခြောက်ပါတယ်။ အဖွဲ့ဝင်တွေအနေနဲ့ ခဏခဏ ပြန်ကြည့်ရတယ်။ ဟိုတုန်းကဆို ကောင်းတာကို ပြန်ရှာကြည့်ရတယ်။အခုဆိုရင် ဘယ်ဟာက ချို့ယွင်းချက်များလဲဆိုတာအဲဒီဟာကို ပယ်ပယ်ပြီးတော့ ရွေးခဲ့ရတယ်။

Voice :       ဒီနှစ်မှာ ရွှေကြာက ဆုတော်တော်များရတဲ့အပေါ် ဝေဖန်မှုတွေရှိသလို  အကယ်ဒမီ နာမည်စာရင်းတွေပေါက်ကြားလာတဲ့အပေါ် ဘာများပြောချင်လဲ။

KST   :        ဆရာကိုယ်တိုင်က ရွှေကြာ မပေးဘူး။ မပေးဘူးဆိုတာ ပြောသင့်တဲ့စကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ရွှေကြာက ဆရာထင်ထားတာနဲ့ မတူဘူး။ ရွှေကြာကို မကောင်းတဲ့ ပြည့်တန်ဆာကားလို့ ထင်ထားပေမယ့် မဟုတ်ဘူး။ ပြည့်တန်ဆာတွေရဲ့ လုံခြုံမှု၊ ကျန်းမာရေးတို့ကို စာနာပြီး ရိုက်ထားတဲ့ကား ဖြစ်တယ်။ ညစ်ညစ်ပတ်ပတ်ကား မဟုတ်ဘူး။ နောက်တစ်ခုက Golden Lotus ကားနဲ့တူတယ်လို့ ပြောကြတယ်။ အဲဒီကားကို ဆရာတို့ ကြည့်တယ်။ကြည့်တဲ့သူတွေကို မေးတယ်။အဲဒီကားက တရုတ်ရာဇဝင်ကား ဖြစ်တယ်။ မတူပါဘူး။ နောက်တစ်ခုက အကယ်ဒမီစာရင်းသာ စောစောစီးစီးအဖြေတွေ ပေါက်ကြားလာရင် အကယ်ဒမီကိုလာတဲ့လူတွေကို ဘယ်ကားက ရနိုင်လဲ၊ ဘယ်သူရနိုင်လဲဆိုတာ မေးကြတဲ့အခါ ခန့်မှန်းဖြေတာတွေက ဘယ်သူဘယ်သူဆို ဖြေကြတာ မတူဘူး။ ရှေ့မှာ ပထမဦးဆုံး ထွက်တာက ကွန်ပျူတာနဲ့ ရိုက်ထားတဲ့ဟာတစ်ခု ထွက်တယ်။ အဲဒီဟာက တော်တော်လွဲတာလေးတစ်ခု။ ညပိုင်းမှာ လက်ရေးနဲ့ဟာ ထပ်ထွက်လာတယ်။ ဒီနှစ်က လာဘ်ပေးလာဘ်မယူဖြစ်အောင် စည်းကမ်းချက်တွေ ထုတ်ထားတာ။

Voice :       နောက်နှစ်တွေမှာ အကယ်ဒမီရွေးချယ်တဲ့အဖွဲ့ကို လူငယ်တွေနဲ့ လုပ်ကြပါဆိုပြီး ပြောဆိုနေကြတဲ့အပေါ် ဘာများပြောချင်လဲ။

KST   :        အဘိုးကြီး၊အဘွားကြီးတွေ ဆုံးဖြတ်တာမမျှတဘူးဆိုရင် လူငယ်တွေနဲ့ အစားထိုးကြပါ။ လူငယ်တွေ ရှာကြပါ။ ဘယ်လို လူငယ်တွေနဲ့ လုပ်ကြမလဲ။ လုပ်ကြပါ ဆရာတို့ ကျေနပ်တယ်။ ကောင်းရင် ပြီးတာပဲ။ မျှတရင် ပြီးတာပဲ။ ဆရာတို့လုပ်ရမှ မဟုတ်ဘူး။ ဆရာတို့က လုပ်တုန်းက အဂတိတရား လေးပါးနဲ့ လွတ်ကင်းအောင် တတ်နိုင်သမျှ လုပ်သွားတယ်။ ဒါတွေက မမျှတဘူး။အဘိုးကြီးတွေ လုပ်တာ ခေတ်မမီဘူးဆို လူငယ်တွေကို အစားထိုးကြပါ။

Voice :       ဒီနှစ်မှာ အထူးဆုတွေ မပေး ဖြစ်တာ ဘယ်လိုကြောင့်လဲ။

KST   :        ဥပမာ – လူ ၄၀ ရှိရင် ၂၀ ကျော်က ဒါကိုပေးချင်တယ်ဆိုမှ ပေးလို့ရတာပါ။ ၁၀ ယောက်လောက်က အဝတ်အစားတွေ ကောင်းတယ်၊ ဟိုဟာက ကောင်းတယ်။ ဘယ်ဟာကောင်းတယ်ဆိုပြီးတော့ ပေးလို့ မရဘူး။အများစုကြိုက်မှ ရတာပါ။

Voice :       ရသွားတဲ့ဆုတွေက ပရိသတ်နဲ့ မကိုက်ညီတဲ့အပေါ် ဘာများပြောချင်လဲ။

KST   :        အတတ်နိုင်ဆုံး ဆရာတို့အုပ်စုက လိပ်ပြာသန့်သန့်နဲ့ စိတ်ဖြောင့်ဖြောင့် လုပ်ခဲ့တယ်။ ပရိသတ်နဲ့ မကိုက်ညီတာ မပြောတတ်ဘူး။ အရင်တုန်းကလည်း ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။

Voice :       နောက်နှစ်တွေမှာ အကယ်ဒမီ အကဲဖြတ်အဖွဲ့ထဲမှာ ဆောင်ရွက်သွားဖို့ အစီအစဉ်ရှိလား။

KST   :        အခြေအနေအရ လူငယ်တွေလုပ်မယ်ဆိုရင် ဆရာတို့ နားရတာပေါ့။ အမှန်တော့ ဆရာတို့လည်း နားသင့်ပါပြီ။ လူငယ်တွေကို ကြိုဆိုပါတယ်။

Voice :       ဒီနှစ်ကစပြီး အကယ်ဒမီစည်းမျဉ်း၊ စည်းကမ်းစာအုပ်နဲ့ ရွေးချယ်ခဲ့တာဆိုတော့ နောက်နှစ်တွေလည်း အဲဒီစာအုပ်နဲ့ပဲ ရွေးချယ်သွားမှာလား။

KST   :        ဟုတ်ပါတယ်။ ဒါပေမဲ့ ကောင်းအောင် ပြင်ပြင်သွားမယ်။ ဒီနှစ်ချို့ယွင်းချက်ရှိသွားရင် နောက်နှစ်တွေမှာ အဲဒီဟာတွေကို ပြင်ဆင်ပြီးတော့ ကောင်းအောင်လုပ်သွားမယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *