အကျပ်ရိုက် ၂၀ ရာစုခေတ် မြန်မာ့ဘဏ်လောက

ဘဏ်လောကကို ဗဟိုဘဏ်က နောက်ထပ်ဝက်အူတစ်ရစ် ထပ်တင်းလိုက်ပြန်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဘဏ်လောကကို အကျပ်ရိုက်သွားစေသည့် စည်းမျဉ်းလေးချက်ပြီးနောက် ယခုတစ်ကြိမ် ညွှန်ကြားချက်ငါးချက်ဖြင့် မုန်တိုင်းဆင်လေပြီ။

ဘဏ်ပိုင်ရှင်၊ ဘဏ်ရှယ်ယာရှင်၊ ဒါရိုက်တာအဖွဲ့ဝင်၊ အကြီးတန်းအရာရှိနှင့် ပြင်ပစာရင်းစစ်တို့၏ အရည်အချင်း သတ်မှတ်ချက်များကို သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်များအတွက် ညွှန်ကြားချက်အဖြစ် ဗဟိုဘဏ်က အတိအကျ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါစံသတ်မှတ်ချက်များအရ လက်ရှိမြန်မာ့ဘဏ်လောကတွင် တာဝန်ယူထားသော ဘဏ်ဒါရိုက်တာအချို့မှာ တာဝန်မှ အနားယူရမည့် အခြေအနေရောက်သွားသည်။

ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၈/၂၀၁၉ အရ ဘဏ်ဒါရိုက်တာသည် ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ခုနစ်နှစ်မရှိထားလျှင် ဘဏ် ဒါရိုက်တာရာထူးကို စွန့်လွှတ်ရမည် ဖြစ်သည်။

ထို့အတူ ဘဏ်၏ အမှုဆောင်အရာရှိချုပ်သည် ဆုံးဖြတ်ခွင့်အာဏာရှိသော စီမံခန့်ခွဲမှုပိုင်းတွင် နောက်ဆုံး ခုနစ်နှစ် တာဝန်ယူဖူးသူဖြစ်ရန်လိုပြီး ဘဏ်လုပ်ငန်းတွင် အဆင့်ဆင့်စီမံခန့်ခွဲမှု အတွေ့အကြုံ အနည်းဆုံး ၁၀ နှစ်ရှိသူ ဖြစ်ရမည်။

အဆိုပါညွှန်ကြားချက်သည် ထုတ်ပြန်ပြီး တစ်နှစ်ပြည့်ချိန်တွင် စတင်အသက်ဝင်မည်ဖြစ်ရာ ဗဟိုဘဏ်၏ စံ သတ်မှတ်ချက်နှင့်ပြည့်မီမည့် ဒါရိုက်တာအသစ်များဖြင့် ဖွဲ့စည်းထားသော ဘဏ်ဒါရိုက်တာအဖွဲ့ရရှိရန် တစ်နှစ်အတွင်း လုပ်ဆောင်ရတော့မည်ဖြစ်သည်။

ပြည်တွင်းဘဏ်အများစု၏ ဒါရိုက်တာအဖွဲ့ဝင်များမှာ ဘဏ်ပိုင်ရှင်နှင့် ၎င်း၏ဆက်နွှယ်နေသူများ ပါဝင်နေလေ့ ရှိရာ ဗဟိုဘဏ်ညွှန်ကြားချက်သည် ပြည်တွင်းဘဏ်များ၏ ဒါရိုက်တာအဖွဲ့ဝင်များကို ‘ရုံခါ’ လိုက်ခြင်းပင်။

“ဒါရိုက်တာ၊အရာရှိတွေရဲ့ အရည်အချင်းသတ်မှတ်ချက်ကို လက်ရှိတာဝန်ထမ်းဆောင်ဆဲသူတွေ မကိုက်ညီရင် ဘယ်လိုလုပ်ရမလဲ။ ဒါကိုရတယ်လို့ ပြောမှာလား၊ မရဘူး အကုန်အသစ်ရှာခန့်လို့ ပြောမှာလား” ဟု နေပြည်တော်စည်ပင်ဘဏ်ဥက္ကဋ္ဌ ဦးရဲမင်းဦးက မေးခွန်းထုတ်သည်။

ငွေကြေးအရင်းအနှီးအများအပြားပိုင်ဆိုင်သူများသာ ဘဏ်လုပ်ငန်းလုပ်ကိုင် ကြသည့် မြန်မာ့ဘဏ်လောကတွင် ဘဏ်ပိုင်ရှင်၊ ဘဏ်၏အဓိကရှယ်ယာရှင်များမှာ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များဖြစ်ကြပြီး ဗဟိုဘဏ်၏ ယခုညွှန်ကြားချက်အရ ပညာအရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ နှစ်မျိုးလုံးနှင့်ပြည့်မီရန် အခက်ကြုံနေခြင်း ဖြစ်သည်။

“ဒါရိုက်တာအဖွဲ့ဝင်တွေ အရည်အချင်းပြည့်ရမယ်ပြောတာ တကယ်တမ်းက ဒီသတ်မှတ်ချက်အရ ဆိုရင်တော့ ဘယ်ရှိကြမလဲ။ ဘဏ်အသစ်တွေ ဘယ်လိုလုပ်ကြမလဲ။ ကြားကာလကို ဒီထက် နည်းနည်း Relax လုပ်ဖို့တော့ လိုမယ်” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က ထောက်ပြသည်။

ဘဏ်အကျပ်အတည်းဖြစ်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်များနောက်ပိုင်းတွင် ဘဏ်လုပ်ငန်းတတ်ကျွမ်းသူ Banker မျိုးဆက်ပြတ်သွားပြီး ယင်းမှာ ပုဂ္ဂလိကဘဏ်များတွင်သာမက ဗဟိုဘဏ်တွင်ပါ ကြုံတွေ့နေရသည့် စိန်ခေါ်မှု ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ပြည်တွင်းပုဂ္ဂလိကဘဏ်များအနက် သက်တမ်းအရင့်ဆုံးဘဏ်ဖြစ်သော ပထမပုဂ္ဂလိကဘဏ်၏ သက်တမ်းမှာ ၂၇ နှစ်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်မတိုင်မီအထိ ပုဂ္ဂလိကဘဏ် ၁၅ ခုရှိခဲ့သည်။

ဘဏ်သက်တမ်း ၁၀ နှစ်မပြည့် သေးသော ပုဂ္ဂလိကဘဏ် ၁၀ ခုရှိပြီး ယင်းအနက် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးရေးဘဏ် (Shwe Bank) ၊ ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A Bank) နှင့် ဂုဏ်ထူးဆောင်တောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ် (G Bank) တို့မှာ ဘဏ်သက်တမ်း ငါးနှစ်ပင် မပြည့်ကြသေးပေ။

ဘဏ်တည်ထောင်ကာ ဒါရိုက်တာရာထူးယူထားသူများမှာ ဗဟိုဘဏ် သတ်မှတ်ချက်နှင့်မညီပါက နုတ်ထွက်ပေးရမည်ဖြစ်သောကြောင့် သက်တမ်းနု ဘဏ်များအတွက် တင်းပြည့်ကျပ်ပြည့် ဒါရိုက်တာအဖွဲ့ဝင်ရရန် တစ်နှစ်အတွင်း ရှာဖွေရတော့မည်ဖြစ်သည်။

“ဒါကို တင်းတင်းကျပ်ကျပ်လုပ်ရင်တော့ ဘဏ်ကို ပြန်ရောင်းတာတွေဘာတွေဖြစ်လာနိုင်တာပေါ့။ မဖြစ်သင့်တဲ့ ကိစ္စတွေဖြစ်လာရင်တော့ မကောင်းဘူးပေါ့ဗျာ။ ဘဏ်ပိုင်ရှင်အပြောင်းအလဲ ဖြစ်တာက ဒီဘဏ်အပေါ် လူတွေရဲ့ ရှိပြီးသားယုံကြည်မှုကို ပြန်လျော့စေတာပေါ့” ဟု ဦးသန်းလွင်က ဆိုသည်။

ထိုစံသတ်မှတ်ချက်ကို အကျိုးသက်ရောက်မည့်အချိန် တစ်နှစ်ပေးထားသည့်အတွက် ယင်းကာလအတွင်း ဗဟိုဘဏ်နှင့် အပြန်အလှန်ဆွေးနွေး ညှိနှိုင်းရန်လိုကြောင်း ပြည်တွင်းဘဏ်အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

ပြည်တွင်းဘဏ်များ ရင်ဆိုင်ရမည့် နောက်တစ်ချက်မှာ ဆက်နွှယ်သူများဆိုင်ရာညွှန်ကြားချက် ဖြစ်သည်။

ဘဏ်၏ မတည်ရင်းနှီးငွေ ၁၀ ရာခိုင်နှုန်းနှင့်အထက်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပိုင်ဆိုင်သူ၊ လုပ်ငန်း စီမံခန့်ခွဲပိုင်ခွင့်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ်နိုင်သူကို ဘဏ်၏ အဓိကျသည့် အကျိုးစီးပွားရှိသူအဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားသည်။

ဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များ၊အရာရှိဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစု ဆွေမျိုးများ၊ ၎င်းတို့ပိုင်ဆိုင်သည့် လုပ်ငန်း အဖွဲ့အစည်းများကို အပေါင်ပစ္စည်းအာမခံထားခြင်း၊ ဈေးကွက်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ခြင်းတို့ဖြင့် ငွေထုတ်ချေးခြင်းမှလွဲ၍ မည်သည့် အကြောင်း၊ မည်သည့်အခွင့်အရေးနှင့်မျှ ချေးငွေထုတ်ချေးခြင်းမပြုရန် ဗဟိုဘဏ်က တားမြစ်လိုက်ခြင်း ဖြစ်သည်။

ယင်းသို့ ဘဏ်၏ဆက်နွှယ်သူကို ငွေထုတ်ချေးရာတွင်လည်း ၎င်းနှင့် ပတ်သက်သည့် ဒါရိုက်တာမပါဝင်သော ဒါရိုက်တာအဖွဲ့၏ အနည်းဆုံး သုံးပုံနှစ်ပုံက သဘောတူမှသာ ငွေထုတ်ချေးရန် အဆိုပါ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းဘဏ်အများစုကို လုပ်ငန်းများစွာပိုင်ဆိုင်သော ကုမ္ပဏီလုပ်ငန်းစုကြီးများကသာ တည်ထောင်ထားကြခြင်းဖြစ်ပြီး ဘဏ်နှင့် ဆက်နွှယ်နေသော လုပ်ငန်းများကြား ငွေထုတ်ချေးမှု အခြေအနေကို ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းလိုက်ခြင်းဖြစ်သည်။

ဘဏ်နှင့် ဆက်နွှယ်သူများကို ငွေ ထုတ်ချေးခြင်းနှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ်ကတည်းက စည်းမျဉ်းလေးချက် ထုတ်ပြန်ရာတွင် ပါဝင်ပြီးဖြစ်သော်လည်း ယခုတစ်ကြိမ် အသေးစိတ်ထပ်မံညွှန်ကြားလိုက်ခြင်းဖြစ်သည်။

“ဘဏ်ထောင်ပြီးတော့ ပြည်သူအပ်နှံငွေကို ကိုယ့်အထဲကိုပဲ ကိုယ်ပြန်ချေးနေရင် အပြင်က တကယ် လိုအပ်နေတဲ့၊ ပျိုးထောင်ရမယ့် SME လုပ်ငန်းတွေဆီ ဘယ်ရောက်တော့မလဲ။ ကိုယ့်အတွက်ပဲ ဖန်တီးသလို ဖြစ်နေမယ်။ အဲဒါကိုတော့ ကြပ်ကြပ်မတ်မတ်လုပ်ဖို့ လိုတယ်”ဟု ဦးသန်းလွင်က ဆိုသည်။

လွန်ခဲ့သည့်နှစ်နှစ် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းလေးချက်တွင် ပမာဏများပြားသော ကြွေးမြီဆိုင်ရာ စည်းမျဉ်းပါဝင်ပြီး ထိုစည်းမျဉ်းမှာ ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် ဘဏ်နှင့် ဆက်နွှယ်သူများကို ဘဏ်၏ အဓိကမတည်ငွေရင်း ၂၀ ရာခိုင်နှုန်းထက်ပိုမချေးရန်နှင့် ကျော်လွန်ထုတ်ချေးထားပါက သတ်မှတ်ကာလအတွင်း အချိန်မီပြန်ပေးသွင်းရန် ဗဟိုဘဏ်က ညွှန်ကြားထားခြင်းဖြစ်သည်။

ယခုညွှန်ကြားချက်မှာ ထိုစည်းမျဉ်းကို ထပ်မံအသေးစိတ်ကာ ဖြည့်စွက်လိုက်ခြင်းဖြစ်ပြီး ထုတ်ပြန်သည့်နေ့မှစ၍ ချက်ချင်း အကျိုးသက်ရောက်မည်ဖြစ်သည်။

“ဘဏ်တွေက အဲဒါကို ဆင်ခြင်ဖို့ လိုတယ်။ ဒါကို မြန်မြန်ဆန်ဆန်လုပ်ဖို့တောင် လိုမယ်။ ခြေလွန်လက်လွန် ဖြစ်နေတာတွေတောင် ရှိကောင်းရှိနိုင်တယ်” ဟု ဦးသန်းလွင်က ပြောသည်။

အဆိုပါညွှန်ကြားချက်ကို ချိုးဖောက်ရာရောက်သည့် ငွေထုတ်ချေးထားမှုများနှင့် လုပ်ငန်းဆောင်ရွက်မှုများကို မည်သို့ဖြေရှင်းမည်ဆိုသည်ကို တစ်လအတွင်း ဗဟိုဘဏ်သို့ အစီရင်ခံရမည်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေအရ အရေးယူခံရမည်ဖြစ်သည်။

ပြည်တွင်းဘဏ်အများစု၏ ချေးငွေများမှာ ဘဏ်နှင့် ဆက်နွှယ်နေသော၊ ရင်းနှီးမှုရှိသော လုပ်ငန်းများကိုသာ ထုတ်ချေးထားခြင်းဖြစ်ပြီး ချေးငွေဈေးကွက်မှာ ကျယ်ပြန့်မှုမရှိကြောင်း ယမန်နှစ်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖြေကြားထားသည်။

ထို့ကြောင့်ပင် ငွေရင်းလိုအပ်နေသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများထံသို့ ချေးငွေမရောက်ဘဲ အသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးတွင်သာ ချေးငွေများ ရောက်ရှိနေခြင်းကို ဗဟိုဘဏ်က အားမလို အားမရ ဖြစ်လာသည့်အတွက် နိုင်ငံခြားဘဏ်များကိုပါ ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းလုပ်ငန်းများသို့ ငွေချေးခွင့်ပြုလုပ်ခြင်းဖြစ်ကြောင်း ထိုစဉ်က ဗဟိုဘဏ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ဘဏ်နဲ့ပတ်သက်တဲ့ ကိုယ့်လုပ်ငန်းကို ငွေချေးတာ ဘဏ်ပုံရိပ်ကိုလည်း ထိခိုက်စေတယ်။ တကယ်က ကိုယ့် ပြည်တွင်း SME တွေကို ပျိုးထောင်ပေးဖို့ လုပ်ရမှာ။ သူတို့တွေဆီ ချေးငွေတွေ ရောက်သွားအောင် လုပ်ရမှာပေါ့” ဟု ဦးသန်းလွင်က မှတ်ချက်ပေးသည်။

ဘဏ်၏ ပိုင်ဆိုင်ခွင့်ရယူခြင်းနှင့်ပတ်သက်၍ ဗဟိုဘဏ်၏ ညွှန်ကြား ချက်အမှတ် ၁၂/၂၀၁၉ တွင် ရှင်းရှင်းလင်းလင်း မသိရသည့် အချက်တစ်ချက် ရှိနေသည်။

ယင်းမှာ ဘဏ်၏ မတည်ရင်းနှီးငွေ ၁၀ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်ရယူမည်ဆိုပါက ဗဟိုဘဏ်၏ ကြိုတင်သဘောတူခွင့်ပြုချက်ယူရန်လိုမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားထားရာ စတော့အိတ်ချိန်းတွင် စာရင်းဝင်ထားသော ဘဏ်များ၏ ရှယ်ယာအရောင်းအဝယ်နှင့် ပတ်သက်၍ ရှင်းလင်းမှုမရှိပေ။

စတော့အိတ်ချိန်း စာရင်းဝင်ဘဏ်လုပ်ငန်း၏ ရှယ်ယာ ၁၀ ရာခိုင်နှုန်းနှင့် အထက်ကို တစ်ဦးတည်း သို့မဟုတ် ပူးပေါင်းအဖွဲ့အစည်းဖြင့် ဝယ်ယူမည်ဆိုလျှင် မည်သို့ဆောင်ရွက်ရမည်ကို ညွှန်ကြားချက်တွင် ဖော်ပြမထားပေ။

“စတော့အိတ်ချိန်းတင်ထားတဲ့ ဘဏ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဝယ်တဲ့ သူကို မရောင်းဘူးဆိုပြီး ထားရမလား။ ဒါက ဗဟိုဘဏ်နဲ့ ရန်ကုန်စတော့အိတ်ချိန်း ဘယ်လိုဆက်သွယ်အတည်ပြုချက်ယူမလဲဆိုတဲ့ အချက်ပေါ့” ဟု ဦးရဲမင်းဦးက ပြောသည်။

လွန်ခဲ့သည့်နှစ်နှစ်က စည်းမျဉ်းလေးချက်ကြောင့် ပြည်တွင်းဘဏ်များ အကျပ်ရိုက်ကာ ချေးငွေထုတ်ချေးမှုနှုန်း လျော့ကျသွားခဲ့ပြီး ယခုအချိန်အထိ နာလန်မထူနိုင်သေးပေ။

ဘဏ်လုပ်ငန်းကြီးကြပ်မှုကို ယခင်က ပေါ့လျော့ကိုင်တွယ်ရာမှ နှစ်နှစ်အတွင်း တစ်ရစ်ထက် တစ်ရစ် ဝက်အူတင်းချိန်တွင် ပကတိအခြေအနေကိုကြည့်ကာ ဆွေးနွေးအဖြေရှာသင့်ကြောင်း ဘဏ်အသိုင်းအဝိုင်းက ဆိုသည်။

“တကယ်တော့ ပြည်တွင်းဘဏ်တွေတင် မဟုတ်ဘူး။ ဗဟိုဘဏ်ပါ အောက်ခြေကစပြီး ပြန်ပျိုးထောင်ဖို့ လိုနေတာ။ ကိုယ့်ဆီကလူတွေရော အရည်အချင်း ပြည့်ရဲ့လား ပြန်စစ်ကြည့်သင့်တယ်” ဟု ဦးသန်းလွင်က မှတ်ချက်ပေးသည်။

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *