မန္တလေးသင်္ကြန် နန်းဆန်လာပြီလော

၂၀၁၉ ခုနှစ် (မြန်မာသက္ကရာဇ်  ၁၃၈၁ ခုနှစ်)အတွက် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို တစ်နိုင်ငံလုံးတွင် ကျင်းပတော့မည်ဖြစ်သည်။ ယဉ်ကျေးမှုမြို့တော်ဟု တင်စားခေါ်ဝေါ်ကြသည့် မန္တလေးမြို့တော်တွင်လည်း သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်နေပြီ ဖြစ်သည်။

ယခုနှစ်မန်းသင်္ကြန်တွင် ယခင်နှစ်များကနှင့်မတူညီသည့် အစီအစဉ်များထပ်မံပါဝင်လာမည်ဖြစ်ပြီး လူကြိုက်များခဲ့သည့် လမ်းလျှောက်သင်္ကြန်နှင့် တောသင်္ကြန်ညဈေးများကိုလည်း ဆက်လက်ကျင်းပမည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

မြန်မာဆန်ဆန် ယိမ်းအကအလှ

ယခင်မန္တလေးမြို့၏ သင်္ကြန်ကာလတွင် ပေါ်ထွက်ခဲ့သည့် ရပ်ကွက်ယိမ်းအကများကို ယခုနှစ်သင်္ကြန်အတွက် အစီအစဉ်အသစ်အဖြစ် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်လိုက်သည်။ ယင်းကို မန္တလေးဒေသခံတို့က ကြိုဆိုကြသည်။

ယိမ်းအကပြိုင်ပွဲကို ပြုလုပ်ပေးပြီး ပြိုင်ပွဲဝင်မည့် အသင်းတိုင်းအတွက် ကျပ် ငါးသိန်းစီထောက်ပံ့ပေးမည်လည်း ဖြစ်သည်။ သို့သော် ပြိုင်ပွဲမဝင်ဖြစ်လျှင် ငွေပြန်သွင်းရမည်ဖြစ်သည်။

မန္တလေးသင်္ကြန်သည် ယိမ်းအက၊ ယိမ်းအလှများဖြင့် နှစ်ပေါင်းများစွာကင်းကွာနေခဲ့ပြီးမှ ယခုနှစ်တွင် ပြိုင်ပွဲပုံစံဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယှဉ်ပြိုင်သည့် သင်္ကြန်ယိမ်းအဖွဲ့များကို အမှတ်ပေးမှုတွင် ဦးရေနှင့် ဝတ်စားဆင်ယင်မှုအက၊ အဆိုနှင့် သီချင်းဟူ၍ ကဏ္ဍလေးမျိုးခွဲခြား၍ အမှတ်ပေးလေ့ရှိသည်။ အမှတ်အများဆုံးမှာ အကအတွက်ဖြစ်ပြီး ကကွက်ဆန်းသစ်မှုအတွက် ၁၅ မှတ်အထိ ပေးတတ်ပြီး အသံပီသအေးမြမှု အတွက်လည်း ၁၅ မှတ်အထိ ပေးတတ်သည်။

သင်္ကြန်ယိမ်းအကပြိုင်ပွဲတွင် ပထမဆုကျပ် ၁၅ သိန်း၊ ဒုတိယဆုကျပ် ၁၂ သိန်း၊ တတိယဆုကျပ် ၁၀ သိန်းနှင့် အထူးဆုတစ်ဆုလျှင် ကျပ်ငါးသိန်းစီချီးမြှင့်မည်ဟု မန်းစည်ပင်က ကြေညာထားသည်။

သင်္ကြန်ယိမ်းပြိုင်ပွဲများကို ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံကွင်းတွင် ပြုလုပ်ပေးမည်ဖြစ်သည်။

ယှဉ်ပြိုင်သူများလာမည့် သံချပ်

ယခင်နှစ်ကသံချပ်အဖွဲ့ခုနစ်ဖွဲ့ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင် ပိုမိုများလာနိုင်ဖွယ်ရှိသည်ဟု မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီထံမှ သိရသည်။

သံချပ်ပြိုင်ပွဲများကို ယခင်က မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ရန် မူလကလျာထားခဲ့သော်လည်း ရာသီဥတုအခြေအနေကြောင့် ည ၇ နာရီမှ ၉ နာရီသို့ ပြောင်းလဲခဲ့သည်။

အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင်ဦးရေ ၄၅ ဦးအထိ ခွင့်ပြုပေးထားပြီး ပထမဆုကျပ် ၁၅ သိန်း၊ ဒုတိယဆုကျပ်သိန်း ၂၀၊ တတိယဆုကျပ် ၁၀ သိန်းနှင့် နှစ်သိမ့်ဆုကျပ် ခုနစ်သိန်းစီချီးမြှင့်မည်ဖြစ်သည်။

လက်ရှိအထိယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် သံချပ်အသင်းခြောက်ဖွဲ့ရှိပြီး ယခုနှစ်အတွက် ပထမဆုံးယှဉ်ပြိုင်မည့် အဖွဲ့သစ်သုံးဖွဲ့ရှိကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ပြိုင်ပွဲဝင်များသည် သင်္ကြန်အကြိုနေ့၊ အကျနေ့နှင့် အကြတ်နေ့များတွင် မနော်ရမ္မံကွင်းအတွင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ချိန်မှာ လေးဆယ့်ငါးမိနစ်ခန့် ဖြစ်သည်။

ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့ဝင်များအနေဖြင့် အစိုးရ၏ဂုဏ်သိက္ခာကို ထိပါးနိုင်သည့် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်ရေးသားသီဆိုမှုများ မပါရှိရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်သည့် ရေးသားသီဆိုမှုများမပါရှိရန်၊ မည်သည့်ဘာသာ၊ သာသနာကိုမဆို ထိပါးစော်ကားသည့်စာသားများ မပါရှိရန်နှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သို့မဟုတ် အဖွဲ့အစည်းတစ်ရပ်ရပ်အပေါ် တစ်ဖက်သတ်စွပ်စွဲပုတ်ခတ်မှုများမပါရှိရန် စည်ပင် သာယာရေးကော်မတီက ထုတ်ပြန်ထားသည်။

ဗကသ ကျောင်းသားများဖြင့် ဖွဲ့စည်းထားသည့် ဟိုထိုးဒီထိုးရွှေလက်ညှိုးသံချပ်အဖွဲ့သည် သတ်မှတ်ချိန်ထက်ကျော်လွန်ယှဉ်ပြိုင်မှု၊ တည်းဖြတ်ထားသည့်စာသားများ ထည့်သွင်းရွတ်ဆိုမှုများကြောင့် အမည်ပျက်စာရင်းသွင်းခဲ့ပြီး ယခုနှစ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ဟု စည်ပင်က ဆိုသည်။

သို့သော် သံချပ်ပြိုင်ပွဲကော်မတီဥက္ကဋ္ဌ ဝန်ကြီးဦးမြတ်သူနှင့် ရွှေလက်ညှိုးအဖွဲ့တို့ တွေ့ဆုံခဲ့မှုအရ ပြန်လည်ညှိနှိုင်းပေးမည်ဟု ပြောဆိုကြောင်း သံချပ်အဖွဲ့ဝင် ကိုရဲမျိုးဆွေက ပြောဆိုသည်။

ယှဉ်ပြိုင်ခွင့်မရလျှင်လည်း မြို့တွင်းလှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ပြီး သံချပ်စာသားများတွင် မြစ်ဆုံကိစ္စ၊ အခြေခံဥပဒေကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စနှင့် အလုပ်မဖြစ်သော ပွဲတက်ဝန်ကြီးများကိစ္စတို့ကို ဝေဖန် ထောက်ပြသွားမည်ဟု ဟိုထိုးဒီထိုးရွှေလက်ညှိုးသံချပ်အဖွဲ့က ဆိုသည်။

ကျုံးပတ်လည်က မဏ္ဍပ်များ

နှစ်စဉ်လူအစည်ကားဆုံးဖြစ်သည့် မန္တလေးကျုံးပတ်လည်တွင် ရေကစားမဏ္ဍပ်ပေါင်း ၂၇ ခုချထားရန် တာဝန်ရှိသူများက စီစဉ်ခဲ့သည်။

အလျားပေ ၁၀၀ _အနံ ၂၅ ပေအကျယ်အဝန်းရှိသည့် ရေကစားမဏ္ဍပ်ကြီးများကို ကျုံးအနောက်ဘက်တွင် ၁၇ ခု၊ ကျုံးမြောက်ဘက်တွင် ၁၀ ခု၊ စုစုပေါင်း ၂၇ ခုကို အိတ်ဖွင့်လေလံစနစ်ဖြင့် ချထားပေးခဲ့ရာ ခုနစ်နေရာသာ လေလံအောင်ခဲ့သည်။

ကျုံးမြောက်ဘက်တွင် ချပေးမည့် မဏ္ဍပ်နေရာများအတွက် လေလံယှဉ်ပြိုင်သူမရှိခဲ့ဘဲ ကျုံးအနောက်ဘက်အတွက်လည်း ၁၇ နေရာအနက် ခုနစ်နေရာသာ လေလံအောင်ပြီး ငါးနေရာမှာ လေလံ  ကျိုးခဲ့သည်။ ကျန်သည့် ငါးနေရာမှာမူ လေလံဆွဲသူပင် မရှိခဲ့ပေ။

လေလံကြမ်းခင်းဈေးမှာ ကျုံးအနောက်ဘက်အတွက် တစ်နေရာလျှင် ကျပ်သိန်း ၁၀၀နှင် ကျုံးမြောက်ဘက်တစ်နေရာလျှင် ကျပ်သိန်း ၈၀သတ်မှတ်ထားရာ ယခုနှစ်အတွက် လေလံကြေးကျပ်သိန်း ၇၀၀ ကျော်သာ ရရှိခဲ့ခြင်းဖြစ်သည်။

ယခင်နှစ်ကမူ ကျုံးပတ်လည်တွင် မဏ္ဍပ်နေရာ ၁၀ အထိ လေလံအောင်မြင်ခဲ့ပြီး လေလံကြေး ကျပ်သိန်း ၁၂၀၀ ကျော်ရရှိခဲ့သည်။ ယင်းငွေများကို မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်သည်။

လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ကျုံးအရှေ့ဘက်နှင့် ကျုံးတောင်ဘက်ခြမ်းများကိုသာ စီးပွားဖြစ် ရေကစားမဏ္ဍပ်ဆောက်လုပ်သူများက စိတ်ဝင်စားကြသည့်အတွက် လေလံယှဉ်ပြိုင်သူနည်းပါး ခဲ့ခြင်း ဖြစ်သည်။

ယခင်နှစ်က ကျုံးအရှေ့ဘက်တွင်လည်း စီးပွားဖြစ်မဏ္ဍပ်များခွင့်ပြုခဲ့သော်လည်း ယခုနှစ်တွင်မူ ပလက်ဖောင်းအဆင့်မြှင့်တင်မှုများကြောင့် ခွင့်မပြုခဲ့ခြင်းဖြစ်သည့်အပြင် လမ်းလျှောက်သင်္ကြန်ကိုပါ တိုးချဲ့ကျင်းပမည်ဖြစ်သည်။

ကျုံးအနောက်ဘက်ရှိ နံပါတ်၁မဏ္ဍပ်နေရာကို ကျပ် ၁၀၁ သိန်းကျော်ဖြင့် လေလံဈေးအများဆုံးရရှိခဲ့ပြီး ယခင်နှစ်က ကျုံးအရှေ့ဘက်ရှိနေရာတစ်ခုကို ကျပ် ၂၈၆ သိန်းကျော်ဖြင့် လေလံဈေးအများဆုံးရရှိခဲ့သည်။

ယခင်နှစ်များကမူ မန္တလေးကျုံးပတ်လည်တွင် စီးပွားဖြစ်မဏ္ဍပ်ပေါင်း ၄၀ ခန့်ခွင့်ပြုပေးခဲ့သည်။

လမ်းလျှောက်သင်္ကြန်

မန္တလေးမြို့တွင် လမ်းလျှောက်သင်္ကြန်ကို ၂၀၁၇ ခုနှစ်ကစတင်ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်ပြုလုပ်မည်ဖြစ်သည်။

မန္တလေးမှ ပြန်လည်စတင်လိုက်သည့် နောက်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့သွားခဲ့သည့် လမ်းလျှောက်သင်္ကြန်သည် ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီးဖြစ်သလို ရေကိုလည်း ချွေတာပြီးဖြစ်လေသည်။

ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း မန္တလေး၏လမ်းလျှောက်သင်္ကြန်ပွဲကို လူဦးရေသိန်းနှင့်ချီ၍ လာရောက်ဆင်နွှဲခဲ့ကြသည်။

လမ်းလျှောက်သင်္ကြန်တွင် ရေပက်ခံရုံသာမကမဏ္ဍပ်ငယ်များ၏ ဖျော်ဖြေမှုများ၊ စတုဒိသာမဏ္ဍပ်တို့၏ အကျွေးအမွေးများကိုပါ ခံစားနိုင်ဦးမည်လည်းဖြစ်သည်။

တောသင်္ကြန် ညဈေးတန်း

ယခင်နှစ်က လူထုစိတ်ဝင်စားမှုရရှိခဲ့သည့် ကျုံးအရှေ့ဘက်တောသင်္ကြန် ညဈေးတန်းတွင် ဖွင့်လှစ်မည့် ဈေးဆိုင်ခန်းများအတွက် ဆိုင်ခန်းငှားရမ်းခကို ကောက်ခံမည်ဖြစ်သည်။

ယခင်နှစ်က အခမဲ့ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက်မူ တစ်ခန်းလျှင် ကျပ် ငါးသိန်းသတ်မှတ်လိုက်ကာ အာမခံကြေးကျပ်ငါးသောင်းပေးသွင်းရမည်ဟု စည်ပင်က ကြေညာခဲ့သည်။ သို့သော် ဈေးနှုန်းမြင့်သည်ဟု ဝေဖန်မှုများကြောင့် ကျပ်နှစ်သိန်းသို့ လျှော့ချသတ်မှတ်ပေးခဲ့သည်။

တောသင်္ကြန်ညဈေးတန်းသည် တစ်နယ်တကျေးမှ မန္တလေးသင်္ကြန်သို့ လာရောက်လည်ပတ်သူများအတွက် ညအချိန်လည်ပတ်သွားလာနိုင်ရန် ရည်ရွယ်ပြီးဖွင့်လှစ်ခြင်းဖြစ်သည်။ အဆိုပါဈေးတန်းတွင် ဒေသထွက်အစားအသောက်များ၊ အမှတ်တရပစ္စည်းများကို လေ့လာဝယ်ယူနိုင်မည်လည်းဖြစ်သည်။

ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၉ လမ်းမှ ၂၃ လမ်းအထိ လမ်းဧရိယာအတွင်း နေ့ရောညပါ ရောင်းချနိုင်မည့် ၁၀ ပေပတ်လည်ဈေးဆိုင်ခန်းပေါင်း ၂၁၈ ခန်းကို ဦးရာလူစနစ်ဖြင့် ချထားပေးမည်ဖြစ်သည်။

တောသင်္ကြန်ညဈေးတန်းသည် ၂၀၁၈ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

သင်္ကြန် လုံခြုံရေး

မတော်တဆထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ပေါ်လာပါက ကူညီပေးနိုင်ရန် အတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ပြင်ဆင်နေသည်။

အရေးပေါ်ဖုန်းနံပါတ်များကိုလည်း ကြေညာပေးထားမည်ဖြစ်ပြီး မန္တလေးဆေးရုံကြီးတွင် စေတနာ့ဝန်ထမ်းအယောက် ၁၀၀ ခန့်ဖြင့် သင်္ကြန်ကာလအတွင်း ကူညီလုပ်ဆောင်ပေးမည်လည်း ဖြစ်သည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း မန္တလေးမြို့၏ ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ဆောင်သူများကို အရေးယူမည်ဟုလည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆိုသည်။

မဏ္ဍပ်များကို သတ်မှတ်စည်းကမ်းများနှင့်အညီ တည်ဆောက်ခြင်းရှိ မရှိတို့အပြင် အိပ်ခန်းပုံစံထည့်သွင်းခြင်း၊ အလုံပိတ်ပြုလုပ်ခြင်းစသည်တို့ကို လက်ခံမည်မဟုတ်ဘဲ ဥပဒေများအတိုင်း အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

မဏ္ဍပ်များတွင် အရက်သေစာရောင်းချခြင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းများ ရှိမရှိကိုလည်း သင်္ကြန်ကာလအတွင်း ရှောင်တခင်စစ်ဆေးကြပ်မတ်မည်ဟုလည်း ဆိုထားသည်။

ပြီးခဲ့သည့်နှစ်က ကျုံးအနောက်ဘက်တွင် စီးပွားဖြစ်မဏ္ဍပ်တစ်ခုသည် သုံးထပ်အထိ ဆောက်လုပ်ခဲ့သဖြင့် ဖျက်ခိုင်းပြီး အရေးယူခဲ့သည်။

သင်္ကြန်ကာလခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ရမ်းကားခြင်းများကို အရေးယူရန်အတွက် နှစ်စဉ်သင်္ကြန်တွင်း မြို့နယ်တရားရုံးများကို ဖွင့်လှစ်ထားလေ့ရှိသည်။

၂၀၁၈ခုနှစ်တွင် ခါးပိုက်နှိုက်မှု ၃၅ မှုဖြစ်ပွားခဲ့သည်။ အများဆုံးမှာ လမ်းလျှောက်သင်္ကြန်တွင် ဖြစ်ပွားခြင်းဖြစ်သည်။ ယခင်နှစ်များကမူ သင်္ကြန်ကာလအတွင်းလူသတ်မှု၊ မုဒိမ်းမှု၊ ယာဉ်တိုက်မှုများ ဖြစ်ပွားလေ့ရှိသော်လည်း ယခင်နှစ်များကမူ မရှိသလောက် နည်းပါး ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ပြည်ထောင်စုသင်္ကြန်

ယခုနှစ် မန္တလေးသင်္ကြန်၏ အမည်မှာ ‘ပြည်ထောင်စုသင်္ကြန်’ဖြစ်သည်။

တိုင်းရင်းသားတို့၏ ရိုးရာဝတ်စုံများဝတ်ဆင်၍ ရေကစားခြင်းများပါဝင်မည် ဖြစ်သည့်အတွက် မည်သည့်တိုင်းရင်းသားမဆို ပါဝင်ဆင်နွှဲနိုင်ကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

ယိမ်းအကအလှများ၊ သံချပ်များ၊ အလှပြယာဉ်များဖြင့် နန်းဆန်သည့် မန်းဟန်သင်္ကြန်ဖြစ်စေရန် ပြန်လည်ဖော်ထုတ်နေသေးသော်လည်း ယခင်မန်းသင်္ကြန်များကိုတော့ မမီနိုင်သေးပေ။

ယခင်နှစ်ကမူ ရတနာပုံခေတ်သင်္ကြန်ဟန်အဖြစ် နန်းဝတ်နန်းစားများ ဝတ်ဆင်ကာ သင်္ကြန်တော်အမိန့်တော်ပြန်တမ်းသရုပ်ပြအစီအစဉ်များ ပြုလုပ်ခဲ့ကြသေးသည်။

သင်္ကြန်ကာလတွင် သီဆိုကခုန်လေ့ရှိကြသည့် သင်္ကြန်သီချင်း ၉၀ ရာခိုင်နှုန်း ခန့်မှာ မန္တလေးမြို့မှ ဖန်တီးခဲ့ခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွင် မရှိသလောက်နည်းပါးလာခဲ့ရာမှ မန်းသင်္ကြန်၏ အရသာများတဖြည်းဖြည်းလျော့ကျခဲ့ရသည်ဟု မန္တလေးအခြေစိုက်စာရေးဆရာအချို့က ပြောဆိုကြသည်။

လက်ရှိတွင်မူ စီးပွားဖြစ်မဏ္ဍပ်များ လျော့နည်းလာကာ ဒေသရနံ့များဖြင့် ထုံမွှမ်းလာသည့် မန်းသင်္ကြန်ဟုခေါ်ဆိုရဦးမည်ဖြစ်သည်။

ယဉ်ကျေးသည့် မန်းသင်္ကြန်၊ နန်းဆန်သည့် မန်းဟန်သင်္ကြန်ဖြစ် မဖြစ်ကိုမူ လာမည့်ရက်သတ္တပတ်အတွင်း တွေ့မြင်ရမည်ဖြစ်သည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *