ပြန်လည်ခေါင်းထောင်လာသော လူဖြူအမျိုးသားရေး အကြမ်းဖက်ဝါဒ

လွန်ခဲ့သည့်လက ယေဘုယျအားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ခပ်ကင်းကင်းရှိသည်ဟု ယူဆခံထားရသည့် နယူးဇီလန်နိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ ယခု အကြမ်းဖက်တိုက်ခိုက်မှုမှာ အစဉ်အလာလိုပင်ဖြစ်နေသည့် အစ္စလာမ်မစ်အကြမ်းဖက်တိုက်ခိုက်မှု မဟုတ်ပါ။ ယင်းနှင့် ပြောင်းပြန်ဟုဆိုနိုင်သည့် လူဖြူ အမျိုးသားရေးဝါဒီလူတစ်စုက အစ္စလာမ်ဗလီများကို သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း ဖြစ်သည်။  ဤတွင် ကမ္ဘာ့နေရာအချို့တွင် လူဖြူ လူမျိုးရေးအစွန်းရောက်များ ပြန်လည်ခေါင်းဆောင်လာပြီလော။ ၎င်းတို့၏အန္တရာယ် မည်မျှပြင်းထန်သနည်း စသည့် မေးခွန်းများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

မေး – နယူးဇီလန်ခရစ်ချာ့ခ်ျတိုက်ခိုက်မှုကနေ လူဖြူအမျိုးသားရေးရဲ့ခြိမ်းခြောက်မှု သိသိသာသာ မြင့်တက်လာတဲ့အပေါ် စိုးရိမ်မှုတွေတိုးလာလာတွေ့ရပါတယ်။ ဒီခြိမ်းခြောက်မှုက ဘယ်လောက်အရေးပါပါသလဲ။

ဖြေ – လူဖြူအမျိုးသားရေး အကြမ်း ဖက်ဝါဒမှာကမူကွဲတွေ ရှိပါတယ်။ လူမျိုးရေးခွဲခြားတဲ့ လူတွေ၊ ဂျူးဆန့်ကျင်သူတွေ၊ တခြားနိုင်ငံက မိမိနိုင်ငံတွင်းဝင်ရောက် နေထိုင်သူတွေကို ဆန့်ကျင်သူတွေ၊ နောက်ပြီး အစိုးရဆိုတာကို ဆန့်ကျင်သူတွေစသဖြင့် အမျိုးမျိုးရှိပါတယ်။ အဲဒီဟာတွေက ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်၊ အမေရိက၊ အီတလီနဲ့ ဩစတြေးလျနိုင်ငံတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိနေတဲ့အရာတွေပါ။ အရင်တုန်းကတော့ သူတို့တွေရဲ့ လုပ်ရပ်က များသောအားဖြင့် ကိုယ့်အစုနဲ့ ကိုယ်တစ်သီးတခြားသဘော၊ တစ်ခါတစ်ရံမှ ထဖြစ်တတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေအနေနဲ့ ရှိကြတာပါ။ ဒါပေမဲ့ အခုခေတ်မှာကျတော့ အင်တာနက်တို့ လူမှုကွန်ရက်မီဒီယာတို့က အဲဒီ တစ်သီးတခြားစီရှိနေကြတဲ့ စိတ်အချဉ်ပေါက်နေကြတဲ့ အဲဒီလူတွေကို အိုင်ဒီယိုလော်ဂျီအရ ပိုပြီနီးနီးကပ်ကပ်ရှိတဲ့ အသံထွက်နိုင်တဲ့နေရာတစ်ခုဖန်တီးပေးပြီးတော့ တစ်စုတစ်စည်းတည်းဖြစ်သွားစေပါတယ်။ အဲဒီနေရာကနေ အစွန်းရောက်အောင်၊ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ချင်လာအောင် စိတ်ပိုင်းဆိုင်ရာနှိုးဆွမှုပေးနေပါတယ်။

မေး – အချို့ရုပ်သံအစီအစဉ်တင်ဆက်သူတွေ ပြောတာရှိပါတယ်။အနောက်နိုင်ငံတွေဟာ ဒီလက်ယာစွန်း အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုကို မျက်ကွယ်ပြုနေပြီးတော့ အစ္စလာမ်မစ်အကြမ်းဖက်မှုကိုပဲ အာရုံစိုက်နေတယ်ဆိုပြီး ပြောကြာပါတယ်။ ဒီအမြင်တွေ ဘယ်လောက်မှန်ပါသလဲ။

ဖြေ  – နှိုင်းယှဉ်ခြင်းအားဖြင့် ပိုပြီးစုစည်းမှုအားကောင်းတဲ့၊ နိုင်ငံစုံကို ဖြတ်ကျော်ပြီးတော့ ဖြစ်နေတဲ့ အယ်လ်ကိုင်ဒါ၊  IS လိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးက ထောက်လှမ်းရေးသမားတွေ၊ ဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသူတွေရဲ့ အာရုံစိုက်မှုကို လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုလောက်အတွင်း ယူထားတာက ဖြစ်သင့် ဖြစ်ထိုက်တဲ့ ကိစ္စပါ။ အဲဒီလိုပြောလို့ လက်ယာစွန်း  အကြမ်းဖက်ဝါဒကို ပစ်ပယ်ထားတယ် မျက်ကွယ်ပြုထားတယ်လို့တော့ မဆိုနိုင်ပါဘူး။ အကြမ်းဖက်ဝါဒကို တိုက်ခိုက်တဲ့ စစ်ပွဲအထွတ်အထိပ်ကာလမျိုးမှာ တောင်အမေရိကန် FBI ထောက်လှမ်းရေးရဲ့ မဟာဗျူဟာအစီအစဉ်မှာ အစိုးရဆိုတာမျိုးကို ဆန့်ကျင်တဲ့၊ လူမျိုးရေးခွဲခြားမှုရှိတဲ့ လက်ယာစွန်းသမားတွေရဲ့ တစ်ကိုယ်တော် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ‘အသံတိတ် ပြည်တွင်းအကြမ်းဖက်ခြိမ်းခြောက်မှု’ ဆိုပြီး သတ်မှတ်ထားတာ တွေ့ရပါတယ်။  ဗြိတိန်မှာဆိုရင် ၂၀၁၆ ခုနှစ်မှာ နာဇီလက်သစ်လှုပ်ရှားမှုအုပ်စုကို ပိတ်ပင်ခဲ့တာ တွေ့ရပါတယ်။

မကြာသေးခင် ၂၀၁၈ အောက်တိုဘာ ၁ ရက်နေ့က အမေရိကန်က ထုတ်ပြန် လိုက်တဲ့ ‘အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး အမျိုးသားမဟာဗျူဟာ’မှာဆိုရင် အဲဒီဟာက ၉/၁၁အကြမ်းဖက်တိုက်ခိုက် ခံရအပြီးပထမဆုံးထုတ်ပြန်လိုက်တဲ့ စာရွက်စာတမ်းတွေလည်း ဖြစ်ပါတယ်။အဲဒီမှာဆိုရင် ပြည်တွင်းရော တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပါ လူဖြူအမျိုးသားရေး သို့မဟုတ် လက်ယာစွန်း အကြမ်းဖက်ဝါဒခြိမ်းခြောက်မှုမြင့်လာတာကို အာရုံစိုက်ဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။

အခု နယူးဇီလန်ဗလီတွေ တိုက်ခိုက်ခံရမှုဟာ အမေရိကန်မှာရော တခြားနိုင်ငံတွေမှာပါ မြင့်တက်လာတဲ့ လူဖြူအမျိုးသားရေးအကြမ်းဖက်မှုကို ပိုပြီးအာရုံစိုက်လာမယ်၊ စွမ်းအားအရင်းအမြစ်တွေကိုလည်း ပိုပြီးသုံးလားဆိုတာ ကျွန်တော် သံသယမရှိပါဘူး။ ဒီနေရာမှာ စိန်ခေါ်ချက်က အမေရိကန်ပြည်တွင်းမှာရော၊ နိုင်ငံတကာမှာပါ အကြမ်းဖက်ခြိက်ခြောက်မှုက အရေအတွက်ပိုများ၊ အမျိုးအစားပိုစုံ၊ ပိုပြီးတော့လည်း ရှုပ်ထွေးလာပေမယ့် တန်ပြန်အကြမ်းဖက်တိုက်ဖျက်ရေးဟာ အမေရိကန်အတွက် ဦးစားပေးအမျိုးသား လုံခြုံရေးစာရင်းမှာ မရှိတော့တဲ့ ကိစ္စပါ။

မေး  – အစိုးရတွေအနေနဲ့ အကြမ်းဖက်သမားတွေ အသုံးချနေတဲ့ နှစ်ဆယ့်တစ်ရာစုဆက်သွယ်ရေး ပလက်ဖောင်းကို ဘယ်လိုကိုင်တွယ်သွားသင့်ပါသလဲ။

ဖြေ  – နယူးဇီလန်အစိုးရကတော့လူတွေရဲ့စိတ်ညစ်ညူးစရာဖြစ်စေတဲ့ အဲဒီလို အွန်လိုင်းဝါဒဖြန့်ချိမှုတွေ မပျံ့နှံ့အောင် ထိန်းချုပ်ဖို့ အစိုးရတွေအနေနဲ့ ဘယ်လိုမျိုးမြန်မြန်ဆန်ဆန်ကြားဝင်ဟန့်တားနိုင်တယ်ဆိုတာကို လက်တွေ့ပြသခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီဟာကဖြစ်ပြီးမှာ လုပ်တဲ့ တုံ့ပြန်ချက်ပါ။ မဖြစ်အောင် ကြိုတင်တားဆီးတာ မဟုတ်ပါဘူး။ ကြိုတင်တားဆီးဖို့ကိစ္စကတော့ လူမှုကွန်ရက်လို ဆက်သွယ်ရေးပလက်ဖောင်းတွေကို ဖိဖိစီးစီးစိစစ်ရေး လုပ်ဖို့၊ အစိုးရအချင်းချင်းအကြား ဆွေးနွေးမှုတွေလုပ်ဖို့နဲ့ ဆိုင်ပါလိမ့်မယ်။ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်နေတဲ့အရေးကိစ္စမျိုးနဲ့ ပတ်သက်လာရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာနဲ့ အစိုးရဆီက မျှော်လင့်တဲ့အရာဖြစ်တဲ့ တိုင်းသူပြည်သားတွေကို အကာအကွယ်ပေးရေးဆိုတာကို ဟန်ချက်ညီအောင်လုပ်ရပါလိမ့်မယ်။

မေး  – အခုလို လူဖြူတစ်ကိုယ်တော်အကြမ်းဖက်သမားတွေ များလာတဲ့ကိစ္စ  မီဒီယာနဲ့ရော တစ်စိတ်တစ်ပိုင်း ဆိုင်နေသလား။

ဖြေ – မီဒီယာက အကြောင်းရင်းတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်အောင် လုပ်ပေးနေသူဆိုတာကိုတော့ ငြင်းမရပါဘူး။ ဥပမာ – အဟောင်းဖြစ်တဲ့ နှစ်ဆယ်ရာစုမီဒီယာကို သုံးတဲ့ အယ်လ်ကိုင်ဒါနဲ့ နှစ်ဆယ့်တစ်ရာစုဒစ်ဂျစ်တယ်ပလက်ဖောင်းကို သုံးတဲ့ IS အကြမ်းဖက်အဖွဲ့ကို ယှဉ်ကြည့်ရင် မီဒီယာရဲ့ အင်အားကို ဖော်ပြနေတာ တွေ့ရပါတယ်။

၂၀၀၁ ခုနှစ် ဒီဇင်ဘာလမှာ အဲဒီအချိန်တုန်းက အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင်ဖြစ်ပြီး အခုအယ်လ်ကိုင်ဒါ ခေါင်းဆောင်နေရာရောက်နေတဲ့ အယ်လ်ဇဝါဟရီက လန်ဒန်အခြေစိုက်အာရပ်ဘာသာနဲ့ ရေးသားတဲ့သတင်းစာကနေ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်မှာ အယ်လ်ကိုင်ဒါ  အကြမ်းဖက်အဖွဲ့ကို အာဖဂန်နစ္စတန်ကနေ မောင်းထုတ်လိုက်တာကြောင့် တစ်ကမ္ဘာလုံးမှာရှိကြတဲ့ အယ်လ်ကိုင်ဒါ လိုလားသူတွေ၊ ထောက်ခံသူတွေအနေနဲ့ တစ်ဦးချင်းအကြမ်းဖက်တိုက်တိုက်မှုတွေ လုပ်ကြဖို့တိုက်တွန်းထားတာပါ။ အဲဒီကြေညာချက်က ပုံနှိပ်သတင်းစာနဲ့ ထွက်လာပြီး စောင်ရေကလည်း အကန့်အသတ်နဲ့ပဲ ရှိပါတယ်။ လူတွေဆီက ဘာတုံ့ပြန်မှုမှလည်း ကောင်းကောင်းမရခဲ့ပါဘူး။ နောက်အနှစ် ၃၀ အကြာမှာ IS  အကြမ်းဖက်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မူဟာမက်အယ်လ်အက်ဒ်နာနီက သူတို့ အဖွဲ့ကို ထောက်ခံသူတွေကို အယ်လ်ကိုင်ဒါလိုပဲ တိုက်တွန်းချက်ထုတ်ပြန်ခဲ့ပါတယ်။ သူက နောက်ဆုံးပေါ်ဆိုရှယ်မီဒီယာ App တွေနဲ့ တခြားမီဒီယာ ပလက်ဖောင်း ကိုသုံးပြီးတော့ တိုက်တွန်းချက်ကို ထုတ်ပြန်ခဲ့တာပါ။ အက်ဒ်နာနီအနေနဲ့ ဩစတြေးလျမှာ၊ ကနေဒါမှာ၊ အင်္ဂလန်မှာ၊ ပြင်သစ်မှာ၊အမေရိကမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်အောင်စတင်နိုင်ခဲ့ပြီး အဲဒီအကြမ်းဖက်တိုက်ခိုက်မှုအရှိန်က ဒီကနေ့ထိဆက်ရှိနေတုန်းဆိုတာ တွေ့ရပါတယ်။

စာညွှန်း။       ။ How Serious Is White Nationalist Terrorism?

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *