စစ်မက်ကြားက ရခိုင်သင်္ကြန်

ပျော်ရွှင်ရမည့် နှစ်သစ်ကူးသင်္ကြန်ကာလသို့ ရောက်ခါနီးနေပြီဖြစ်သော်လည်း ဦးမောင်မောင် (အမည်လွှဲ)မှာ မပျော်မရွှင်ဖြစ်နေရသည့်အပြင် အသက်ရှင်ရေးအတွက်ပင် စိုးရိမ်ထိတ်လန့်နေရသည်။

၎င်းမှာ မတ်လ ၂၉ ရက်နေ့က ပစ်ခတ်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့သည့် မြောက်ဦးမြို့နယ် အောက် သကန်ကျေးရွာသားဖြစ်သည်။ အိမ်ခြေနှစ်ရာကျော်ရှိသည့် ယင်းကျေးရွာတွင် ပစ်ခတ်မှုပြီးနောက် ဒေသခံရာနှင့်ချီ ထွက်ပြေးသွားပြီး လက်ရှိတွင် ကျေးရွာကို စောင့်ရှောက်ရန် လူဆယ်ဂဏန်းခန့်သာ ကျန်တော့ကာ ၎င်းသည်လည်း ကျေးရွာကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့သူဖြစ်သည်။

ကျေးရွာမှာ ခြောက်ကပ်ကပ်ဖြစ်နေသဖြင့် သင်္ကြန်ပွဲတော်ရောက်ရန် ၁၀ ရက်ခန့်သာ လိုတော့သည့်အချိန်အထိ သင်္ကြန်အကြောင်းကို မစဉ်းစားမိဘဲ ရွာကိုစောင့်ရှောက်ရင်း အသက်နှင့် ကိုယ် အိုးစားမကွဲရေးကိုသာ အာရုံစိုက်နေရကြောင်း ၎င်းက ဆိုသည်။

“သင်္ကြန်ကို လုံးဝသတိမရတော့ဘူး” ဟု ဦးမောင်မောင် စိတ်ပျက်လက်ပျက် ပြောဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသူ သုံးသောင်းခန့်ရှိသည့်အနက် ဦးမောင်မောင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။

တိုက်ပွဲအရှိန်မြင့်လာမှုကြောင့် စစ်ဘေးရှောင်သူ နေ့စဉ်နှင့်အမျှတိုးနေပြီး အရပ်သား ထိခိုက်သေဆုံးမှုလည်း မြင့်တက်လာကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲအခြေအနေသည် ရခိုင်ရိုးရာသင်္ကြန်ကို မည်သို့ သက်ရောက်နိုင်မည်နည်း။

ပျော်ခွင့်ရမည်လော

ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ ဖြတ်သန်းကြရမည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကာလတွင် မပျော်ရွှင်နိုင် ဖြစ်နေရသည့် ဒေသလည်း ရှိနေသည်။

ပဋိပက္ခဒဏ်၊ အကြမ်းဖက်ဒဏ်များကို ခါးစည်းခံခဲ့ရပြီး လက်ရှိတွင်လည်း စစ်မီးများတောက်လောင်ကာ စစ်ဘေးဒဏ်ကို အပြင်းအထန်ခံနေရသည့် မြန်မာနိုင်ငံ၏ အနောက်တံခါးဟု တင်စားကြသော ရခိုင်ပြည်နယ်တွင် အတာသင်္ကြန်ကာလမှာ ပျော်ရွှင်ခွင့်ရနိုင်ကြမည် မဟုတ်တော့ပေ။

တိုက်ပွဲကြောင့် ဒေသခံများ အသက်လုထွက်ပြေးနေကြရသည့်အခြေအနေမျိုးတွင် ရခိုင်သင်္ကြန်ပွဲတော်မှာလည်း ပျော်ပွဲရွှင်ပွဲများကို စွန့်လွှတ်ရမည့် အကြောင်းဖန်လာသည်။ စစ်ဘေးဒဏ် မရှိသည့် ရန်ကုန်မြို့တော်တွင်ပင် ရခိုင်ရိုးရာသင်္ကြန်တွင် ရေသဘင်ပွဲတော်ကို မကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။

ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာအရ နှစ်စဉ်ကျင်းပလာကြသော်လည်း စစ်ဘေးဒဏ်ကြောင့် အတိ ဒုက္ခရောက်နေသူများကို စာနာသည့်အနေနှင့် ပျော်ပွဲရွှင်ပွဲဖြစ်သည့် ရေသဘင်ပွဲတော်ကို ယခုနှစ်တွင် မကျင်းပကြရန် မြို့နယ်အချို့တွင် ဆုံးဖြတ်ကြခြင်းဖြစ်သည်။ စစ်ဘေးဒဏ်နှင့် လွတ်ကင်းသည့် မြို့နယ်၊ ကျေးရွာဒေသအချို့တွင် ကျင်းပမည်ဆိုပါကလည်း စည်စည်ကားကား ဖြစ်နိုင်ခြေမရှိကြောင်း ရခိုင်ဒေသခံအချို့က ယူဆကြသည်။

မကျင်းပတော့ပါ

၁၅ နှစ်ဆက်တိုက် အစဉ်အလာမပျက် ရန်ကုန်မြို့တော်တွင် ကျင်းပလာသည့် ရခိုင်ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်ကို ယခုနှစ်တွင် မကျင်းပတော့ကြောင်း ဧပြီလ ၃ ရက်နေ့တွင် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကိုသာ ကျင်းပမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲဖြစ်သည့် ရေသဘင်ပွဲတော်ကို မကျင်းပတော့ခြင်းဖြစ်သည်။

သုဝဏ္ဏအားကစားကွင်းတွင် ရေသဘင်ပွဲကျင်းပရန် စီစဉ်ထားပြီးဖြစ်သော်လည်း ရေကစားမဏ္ဍပ်များဖြင့် ပျော်မြူးကြမည့် အစီအစဉ်ကို ၁၀ ရက် ခန့်အလိုတွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတိုက်ပွဲများ ဖြစ်ပွားနေသည့် ဘူးသီးတောင်မြို့တွင်လည်း သင်္ကြန်တွင် ရေကစားမဏ္ဍပ်များ မဖွင့်လှစ်ရန်၊ ပျော်ပွဲရွှင်ပွဲများကို မပြုလုပ်ရန် ဧပြီလ ၄ ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြသည်။ ရွှေကျင်ဆရာတော်ကြီး ဦးဆောင်ပြီး ဂိုဏ်ပေါင်းစုံက ဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံများ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

မဏ္ဍပ် အကြီး၊အလတ်၊ အငယ်များ ဆောက်လုပ်၍ ရေမကစားရန်၊ အသံချဲ့စက်များ၊ ဆောင်းဘောက်များ တင်ဆောင်ကာ သောက်စားမူးယစ်ပြီး ကားဖြင့် မြို့ကို ပတ်၍ မပျော်မြူးကြရန်လည်း ကန့်သတ်လိုက်ကြောင်း ဘူးသီးတောင်မြို့မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးဇော်ဝင်းက ပြောဆိုသည်။ နံ့သာသွေးပွဲ၊ ဘုရားရေ သပ္ပာယ်ပွဲတို့တွင်လည်း အတီးအမှုတ် အကအခုန်မပါဘဲ ကျင်းပရန်အထိ ဆုံးဖြတ်ထားသည်။

ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေတွင်လည်း သင်္ကြန်တွင် ပျော်ရွှင်နိုင်ဖွယ်မရှိပေ။ ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကာ ဦးဥတ္တမပန်းခြံတွင် သင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်လှစ်လေ့ရှိသော်လည်း ယခုနှစ်တွင် ကျင်းပရန် မသေချာတော့ပေ။ သင်္ကြန် ကျင်းပရေးအတွက် အစိုးရအဖွဲ့တွင် အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချခြင်းလည်း မရှိသေးကြောင်း ဝန်ကြီးအချို့ထံမှ သိရသည်။

“အခုက အရမ်းနီးကပ်သွားပြီဆိုတော့ အစိုးရက ဦးဆောင်ကျင်းပမယ့် ပွဲကတော့ မဖြစ်နိုင်တော့ဘူးလို့ ပြောရမှာပေါ့လေ”ဟု ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီး ဦးကျော်လွင်က ပြောကြားသည်။

ယင်းအပြင် စစ်တွေမြို့ရှိရပ်ကွက်များတွင်လည်း မဏ္ဍပ်များဆောက်လုပ်ကာ ရေကစားရန် မသေချာ။ စစ်တွေမြို့ မိဇံရပ်ကွက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဝိုင်းမောင်ကမူ ၎င်းတို့ ရပ်ကွက်တွင် ရေကစားမဏ္ဍပ် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဟု ဆိုသည်။ အခြား ရပ်ကွက်များတွင်လည်း မဏ္ဍပ်ထည့်သွင်းနိုင်ခြေနည်းပါးကြောင်း ၎င်းက ခန့်မှန်းသည်။

ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြားမြို့ နယ်တို့တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်။ ည ၉ နာရီမှ နံနက် ၅ နာရီအတွင်း မထွက်ရသည့် အမိန့် ဖြစ်သည်။ ဘူးသီးတောင်မြို့မှာမူ ဘင်္ဂါလီအရေးကိစ္စကတည်းကပင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည်။

ယင်းသို့ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့် မြို့နယ်များသည် စစ်ဘေးဒဏ်ကို အများဆုံးခံစားနေရသည့် နေရာများလည်းဖြစ်ရာ သင်္ကြန်မဏ္ဍပ်များဖြင့် ပျော်ပွဲရွှင်ပွဲကျင်းပရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းကြောင်း အဆိုပါဒေသခံများကို မေးမြန်းချက်များအရ သိရသည်။ ဘူးသီး တောင်တွင်ဆိုလျှင် ရေသဘင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ မလုပ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။

ရသေ့တောင်မြို့၌ မြို့ပေါ်ရပ်ကွက်များတွင် မဏ္ဍပ်များ ဖွင့်လှစ်မည် မဟုတ်ဟု သတင်းများ ကြားနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

“တစ်ဖက်မှာ အသက်စွန့်ပြီး ထွက်ပြေးနေရတဲ့အချိန်မှာ ပျော်နေလို့ သဘာဝကျမလား။ လူတွေက အဲဒီလိုလည်း ပြောနေကြတယ်” ဟု လူထုကြားတွင် ဖြစ်ပေါ်နေသည့် အခြေအနေကို ၎င်းက ရှင်းပြ သည်။

ယင်းအပြင် စစ်ဘေးဒဏ်နှင့် လွတ်ကင်းသည်ဟုဆိုနိုင်သည့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင်လည်း သင်္ကြန်ပွဲတော်တွင် မဏ္ဍပ်များတည်ဆောက်ကာ ပျော်ပွဲရွှင်ပွဲများ ကျင်းပရန် မသေချာလှပေ။

သင်္ကြန်ရောက်ရန် ၁၀ရက်ခန့်သာလိုတော့ချိန်တွင် ပုံမှန်အားဖြင့် မဏ္ဍပ်များ တည်ဆောက်လေ့ရှိသော်လည်း သံတွဲမြို့ပေါ်နှင့် ငပလီကမ်းခြေတို့တွင် မဏ္ဍပ်ဆောက်လုပ်မှု မတွေ့ရသေးကြောင်း သံတွဲမြို့ခံတစ်ဦးဖြစ်သူ ဦးစိန်ချစ်က ပြောဆိုသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာများကလည်း မဏ္ဍပ်များတည်ဆောက်နေသည်ကို မတွေ့ရသေးဘဲ မဏ္ဍပ်မဖွင့်လှစ်ဖြစ်ဟုလည်း သတင်းများကြားရကြောင်း၊ သံတွဲမြို့ပေါ်တွင် ပြည်သူလူထုဘက်ကလည်း ယခုနှစ်တွင် မဏ္ဍပ်များဖြင့် သင်္ကြန်မကျင်းပတော့ဟု ကြားရကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်တွင် ကုန်ကျမည့် ငွေကြေးများကို အကျိုးရှိမည့်နေရာတစ်ခုခုတွင် အသုံးပြုမည်ဆိုသည့် ရည်ရွယ်ချက်လည်း ရှိနေပြီး အဓိကအားဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဘေးကြောင့် ဒုက္ခရောက်နေချိန် ပျော်ပွဲရွှင်ပွဲမကျင်းပသင့်ဆိုသည့် အယူအဆကြောင့် မကျင်းပကြခြင်းဖြစ်နိုင်ကြောင်း ဦးစိန်ချစ်က သုံးသပ်သည်။

ပြီးခဲ့သည့်နှစ်က ငပလီတွင် နိုင်ငံခြားခရီးသွားများကိုဆွဲဆောင်ရန် ပြည်နယ်အစိုးရက သင်္ကြန်ပွဲတော် ကျင်းပခဲ့သည်။ သို့သော်လည်း ယခုနှစ်တွင် ကျင်းပရန် မသေချာတော့ပေ။

“ဒီနှစ်တော့ မတွေ့သေးဘူး”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

ပျော်ပွဲရွှင်ပွဲများ မကျင်းပတော့သော်လည်း နံ့သာသွေးပွဲနှင့် ဘုရားရေ သပ္ပာယ်ပွဲများကို ပုံမှန်အတိုင်း ကျင်းပကြမည်ဖြစ်ကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။ ရန်ကုန်မြို့တော်က ရခိုင်သင်္ကြန်တွင်လည်း ယင်းနည်းအတိုင်းပင်ဖြစ်သည်။

“ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ ဘုရားရေသပ္ပာယ်ပြီးတော့ ရခိုင်ပြည်အေးချမ်းပါစေကြောင်း၊ စစ်ပွဲတွေ ရပ်စဲပါစေကြောင်း ဆုတောင်းပွဲလုပ်ဖို့ရှိတယ်” ဟု ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်  (ရန်ကုန်) ကျင်းပရေးဗဟိုကော်မတီ၏ နာယက ဒေါက်တာ စံလှကျော်က ပြောဆိုသည်။

မကျင်းပရခြင်း

သင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်များဖြင့် ပျော်ပွဲရွှင်ပွဲ မကျင်းပတော့ခြင်းမှာ အဓိက အကြောင်းအရင်း နှစ်ချက်ရှိသည်။ လုံခြုံရေးနှင့် စာနာထောက်ထားမှုတို့ ဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးကျော်လွင်ကမူ ရခိုင်ပြည်နယ် လက်ရှိအခြေအနေအပေါ် မူတည်ကာ အစိုးရအဖွဲ့က သင်္ကြန်ပွဲတော်ကို ကျင်းပသင့် မသင့် စဉ်းစားနေရကြောင်း ပြောဆိုသည်။

“ကိုယ့်ဒေသအတွက် အကျိုးရှိမယ့်၊ လူတွေအတွက် အထိအခိုက်မရှိတဲ့၊ နောက်ပြီးတော့ ဒီအချိန်မှာ အကုန်လုံး သိတဲ့အတိုင်းပါပဲ။ ပြည်သူတွေကလည်း သင်္ကြန်ကို မလုပ်ဖို့အတွက် ဝိုင်းဝန်းပြောဆိုနေတဲ့ အချိန်မှာ အစိုးရအဖွဲ့ကလည်း စဉ်းစားရတာပေါ့လေ”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒဏ်သင့်နေချိန် သင်္ကြန်မဏ္ဍပ်များဖြင့် ပျော်ပွဲရွှင်ပွဲ မကျင်းပသင့်ကြောင်း ထောက်ပြသူများရှိသည်။

“ဒီနေ့ ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေတဲ့အချိန်မှာ ပျော်ပွဲရွှင်ပွဲကို မလုပ်သင့်ဘူး” ဟု စစ်တွေမြို့ မိဇံရပ်ကွက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးဝိုင်းမောင်က မှတ်ချက်ပေးသည်။

သင်္ကြန်ပွဲတော် မကျင်းပတော့ခြင်းမှာ လုံခြုံရေးအခြေအနေ စိတ်မချရခြင်းကလည်း အကြောင်းအရင်းတစ်ရပ် ဖြစ်သည်။ ရန်ကုန်က ရခိုင်သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းခြင်းတွင်လည်း လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှု ပါဝင်သည်။

“လုံခြုံရေးပိုင်းက စိတ်ချရမှုနည်းတယ်။ တာဝန်ခံရတဲ့ လူကြီးတွေမှာလည်း တာဝန်ခံရမှု အရမ်းကြီးတယ်။ ပြဿနာတစ်ခုမှ မဖြစ်စေချင်ဘူး။ အဲဒီအတွက်လည်း မလုပ်ဖြစ်တာပါ” ဟု ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေးဗဟိုကော်မတီ၏ နာယကလည်းဖြစ်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှု အသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်စောခင်တင့်က ပြောဆိုသည်။

ရန်ကုန်က ရခိုင်သင်္ကြန်ကို ဖျက်သိမ်းခြင်းမှာ ရခိုင်ပြည်နယ်၏ လတ်တလောအခြေအနေများနှင့်လည်း ဆက်စပ်နေသည်။ ရခိုင်ပြည်နယ်က ဒေသခံပြည်သူလူထုနှင့် တညီတညွတ်တည်းရှိကြောင်း ပြသသည့် ဆုံးဖြတ်လည်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“လုံခြုံရေးနဲ့ စည်းလုံးမှုကို ထိခိုက်နိုင်တယ်။ နစ်နာနိုင်တယ်။ ဒေသခံ ရခိုင်သားတွေကိုလည်း ကိုယ်ချင်းစာတဲ့ အနေနဲ့ မလုပ်တာ ဖြစ်ပါတယ်” ဟု ဒေါ်စောခင်တင့်က ရှင်းပြသည်။

ရခိုင်ပြည်နယ်တွင် စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေချိန် ရန်ကုန်တွင် ရခိုင်သင်္ကြန်ကျင်းပရန် စီစဉ်ခြင်းကြောင့် ကနဦးတွင် ဝေဖန်ခံခဲ့ရသေးသည်။ ရခိုင် ပြည်နယ်က မြို့နယ်အချို့တွင် သင်္ကြန် မကျင်းပကြောင်း သတင်းများထွက်လာပြီးနောက် ရန်ကုန်က ရခိုင်သင်္ကြန်ကိုလည်း ဖျက်သိမ်းလိုက်သည်။

“လူတွေ ဒီလောက် မျက်ရည်ကျလို့ ဒုက္ခရောက်နေကြတဲ့အချိန်မှာ ရန်ကုန်မှာနေတဲ့ ရခိုင်လူမျိုးတွေ ပျော်ပွဲရွှင်ပွဲ မကျင်းပသင့်ဘူး။ နှစ်သစ်ကူးမှာ ဘုရားရေသပ္ပာယ်ပြီးတော့ပဲ ဆုတောင်းသင့်တယ်” ဟု ရခိုင်ရိုးရာ ယဉ်ကျေးမှု သင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေးဗဟိုကော်မတီ၏ နာယက ဒေါက်တာစံလှကျော်က ဝေဖန်ခံရမှုများနှင့် ပတ်သက်၍ ပြန်လည်ပြောဆိုသည်။

မပျော်နိုင်သူများ

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူ သုံးသောင်းနီးပါး ရှိနေပြီဖြစ်သည်။ ယင်းသို့ ဒုက္ခရောက်နေသူများအတွက် သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်ခွင့်ရရှိရေးမှာ စိတ်ကူးယဉ်ခွင့်ပင် မရှိသည့် အခြေအနေဖြစ်သည်။

ပုဏ္ဏာကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မင်းပြားမြို့နယ်တို့ရှိ စစ်ဘေးရှောင် စခန်းများတွင် ရောက်ရှိသူ ၁၉,၇၃၀ (နှစ်သောင်းနီးပါး) ရှိပြီး စစ်ဘေးသင့်ခြင်း သို့မဟုတ် တိုက်ပွဲကြား ပိတ်မိသူ ၈,၉၅၃ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC) က စာရင်းကောက်ယူပြီး ဧပြီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည်။ စုစုပေါင်းဆိုလျှင် သုံးသောင်းနီးပါး (၂၈,၆၈၃) မှာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေခြင်းဖြစ်သည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက မတ်လ ၂၈ ရက် နေ့တွင် ထုတ်ပြန်သည့် စာရင်းအရ ဆိုလျှင်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ခြောက်မြို့နယ်ရှိ ယာယီခိုလှုံရာနေရာ ၅၈ ခုတွင် စစ်ဘေးရှောင်သူ ၁၆,၀၀၀ ကျော်ရှိကြောင်း သိရသည်။

ပုံစာ – ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုအတွင်းမြင်ကွင်း

 

ယင်းအပြင် စစ်ဘေးရှောင်စခန်းများသို့ မရောက်ဘဲ နီးစပ်ရာ ဆွေးမျိုးမိတ်ဆွေများထံ ခိုလုံနေသူများလည်းရှိကြောင်း ရခိုင်ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ထို့ကြောင့် တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသူမှာ သုံးသောင်းထက်ပင် များနိုင်သည့် သဘောဖြစ်သည်။

ဒုက္ခရောက်သူများတွင် ဦးမောင်မောင်လည်း ပါဝင်သည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အောက်သကန် ဒေသခံများ အလုံးအရင်းဖြင့် ထွက်ပြေးသွားကြသဖြင့် ရွာကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ပြီး ၎င်း၏ မိသားစုဝင်အချို့ကိုလည်း ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းထားသည်။

“ရွာကလူတွေကလည်း လွတ်မြောက်ရာ လွတ်မြောက်ကြောင်း တိမ်းရှောင်နေကြတယ်။ အခုတော့ အလုပ်လည်း မရှိတော့ ငတ်နေကြတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

စားဝတ်နေရေး၊ ကျန်းမာရေးအခက်အခဲဖြစ်နေပြီး အိုးအိမ်စည်းစိမ်၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းဆုံးရှုံးမှုများအတွက် အပူကြီးပူပန်နေရချိန် ဖြစ်သဖြင့် သင်္ကြန်ပွဲတော်တွင် ပျော်ရွှင်ခွင့်မှာ အိပ်မက်ပင် မမက်နိုင်သည့် အခြေအနေ ဖြစ်နေသည်။ ထို့ကြောင့် ၎င်းတို့အပေါ် စာနာထောက်ထားကိုယ်ချင်းစာကာ ရခိုင်ရှိ မြို့နယ်အချို့ကလည်း သင်္ကြန်ပွဲတော် မကျင်းပတော့သဖြင့် တိုက်ပွဲများကြားက ရခိုင်သင်္ကြန်မှာ ပျော်ရွှင်ခွင့်ကင်းမဲ့နေမည့် အခြေအနေ ဖြစ်သည်။

အောက်သကန်ကျေးရွာသား ဦးမောင်မောင် (အမည်လွှဲ) ကမူ ပြီးခဲ့သည့်နှစ်များတွင်မူ သင်္ကြန်ကျရောက်ရန် ၁၀ ရက်ကျော်သာ လိုတော့ချိန်ဆိုလျှင် ယင်းပွဲတော်အတွက် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်း၊ အဝတ်အစား လှလှပပဝတ်ဆင်ကာ အလှူအတန်းလုပ်ရန်၊ ရေသဘင်ပွဲတွင် ပျော်ပါးရန်အတွက် ပြင်ဆင်နေကြချိန်လည်းဖြစ်ကြောင်း ဆိုသည်။ သို့သော်လည်း ကြောက်ကြောက်လန့်လန့်ဖြင့် နေထိုင်နေရသည့် လက်ရှိအခြေအနေမှာ ယင်းသို့ မပြင်ဆင်နိုင်တော့ပေ။

“သင်္ကြန်ကို လုံးဝ သတိမရတော့ဘူး။ လူတိုင်း (စစ်ဘေးရှောင်နေရသူများ) ရင်ထဲမှာ သင်္ကြန်ဆိုတာ မရှိတော့ဘူး ဆိုတဲ့ အတိုင်းအတာ ဖြစ်သွားပြီ”ဟု ၎င်းက ပြောဆိုသည်။

အေအမ်တီ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *