“ဝန်ထမ်းတွေက အိမ်ပိုင်ချင်တယ်ဆိုလည်း Housing Loan ပေါ့။ ဒါမျိုးတွေကို ဒီရန်ပုံငွေထဲက ထုတ်ချေးလို့ရမှာပေါ့”

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်နှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံ၏ ပင်စင်အသုံးစရိတ်သည် နိုင်ငံ့ဂျီဒီပီ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိလာပြီဖြစ်သည်။ ပင်စင်အသုံးစရိတ်သည် စုစုပေါင်းအသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်း သုံးစွဲနေရသည်။ ပင်စင်အသုံးစရိတ်ကို နိုင်ငံတော်ဘက်ဂျက်မှ တိုက်ရိုက်သုံးစွဲသဖြင့် အစိုးရအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာပြီဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာကဲ့သို့ပင် ရန်ပုံငွေမှ ပင်စင်ခံစားခွင့်ပြုသည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေထူထောင်ရန် ပြင်ဆင်နေခြင်းကိုသိရှိရန် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်ကို The Voice Journal က မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – ဝန်ထမ်းနောင်ရေး ရန်ပုံငွေဆိုတာ ဘယ်လိုမျိုးလဲခင်ဗျ။ နည်းနည်း ရှင်းပြပေးပါ။

Dr.WWM – ဒီရန်ပုံငွေရဲ့ သဘောတရားက အထူးသဖြင့် လောလောဆယ်မှာ ပင်စင်ရဲ့ Burden (ဝန်) က အစိုးရအတွက် တော်တော်ကြီးနေတယ်။ ဒါကြောင့်မို့လို့ အခြားနိုင်ငံတွေမှာလည်း ပင်စင်အတွက် ရန်ပုံငွေ General Provident Fund တွေကို ထူထောင်ကြတယ်။ အစိုးရကလည်း အဲဒီမှာ ထည့်ဝင်ရတယ်။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကလည်း ဝန်ထမ်းတွေကလည်း ရာခိုင်နှုန်းတစ်ခု ထည့်ဝင်ရတယ်။ ထည့်ဝင်တဲ့ ရာခိုင်နှုန်းတွေကတော့ မတူဘူးပေါ့။ အချို့သောနိုင်ငံတွေမှာ လခရဲ့ ၅ ရာခိုင်နှုန်း၊ လခရဲ့ ၁၀ ရာခိုင်နှုန်း အစရှိသဖြင့်ပေါ့။ ချမ်းသာတဲ့ နိုင်ငံတွေက ချမ်းသာသလို ထည့်ဝင်တာပေါ့နော်။ ဒီရန်ပုံငွေကြီးကိုလည်း ဒီအတိုင်းထားတာမဟုတ်ဘူး။ တိုးပွားအောင် Bond (အစိုးရငွေတိုက်စာချုပ်)၊ Bill (အစိုးရငွေတိုက် လက်မှတ်တွေ) Mega Project ကြီးတွေ၊ Construction Project တွေ၊ SME Development Fund တွေ အစရှိသဖြင့်ပေါ့။ ဒီရန်ငွေတွေက အဲဒီထဲကိုဝင်ပြီးတော့ လှည့်ပတ်ပြီး ဆောင်ရွက်မှာပေါ့။ ဒီရန်ပုံငွေကြီးက တိုးပွားလာမယ်။ တိုးပွားလာတဲ့ အခြေအနေအတိုင်းပဲ ပင်စင်ကိုလိုက်ပြီး တော့တိုးဖို့ရာအတွက် ဆောင်ရွက်လေ့ရှိတာပေါ့။ အခုဟာက ပင်စင်အတွက် သတ်မှတ်တဲ့ဘတ်ဂျက်ထဲမှာ လျာထားပြီးတော့ ထုတ်သုံးနေတဲ့ပုံစံပေါ့။ ဒါကြောင့်မို့လို့ ဝန်ထမ်းရန်ပုံငွေ ထူထောင်ဖို့ရာကို ဆောင်ရွက်တာပေါ့။

The Voice Journal – ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ဖို့အတွက် ဥပဒေကြမ်းရေးဆွဲဖို့ ပြင်နေတယ်လို့သိရပါတယ်။ ဒီလုပ်ငန်းစဉ်တွေက ဘယ်အခြေအနေလောက်အထိ ရောက်နေပါပြီလဲ။

Dr.WWM – (ဥပဒေကြမ်းရေးဆွဲဖို့) အခုမှ ပထမဆုံးအကြိမ်အစည်းအဝေးပဲလုပ်ရသေးတာပေါ့။ ပထမဆုံး အစည်းအဝေးဖြစ်တဲ့အတွက် ဆပ်ကော်မတီ သုံးခုဖွဲ့စည်းပြီးတော့ ဆောင်ရွက်သွားမယ်ပေါ့နော်။ အစီအစဉ်ကတော့ အကြမ်းပဲရှိပါသေးတယ်။ အခုမှ အမည်စာရင်းတွေတောင်းတာ။ Drafting (ဥပဒေကြမ်း) ကလည်း ဆရာမတို့ဌာနအနေနဲ့ လေ့လာနေတုန်းပဲ ရှိပါသေးတယ်။ ဥပဒေကြမ်းရေးဖို့ ဆပ်ကော်မတီတွေ ဖွဲ့ပြီးတော့မှ ချပြပြီးတော့မှ ကျန်တဲ့ဌာနတွေရဲ့ ဥပဒေအမြင်ရှိတဲ့ ရှေ့နေချုပ်ရုံးတို့အပါအဝင် ပူးပေါင်းဆောင်ရွက်သွားမှာပေါ့။

The Voice Journal – ဆပ်ကော်မတီသုံးခုမှာ ဝန်ကြီးဌာန ဘယ်နှခုလောက်ပါမလဲ။

Dr.WWM – သက်ဆိုင်ရာဝန်ကြီးဌာနတွေဖြစ်တဲ့ နိုင်ငံတော်သမ္မတရုံး၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနပါမယ်။ ဝန်ထမ်းရွေးချယ်ရေးနှင့် လေ့ကျင့်ရေးဌာနလည်း ပါမယ်။ ဆရာမတို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ပင်စင်ဦးစီးဌာနတို့ ပါဝင်မှာပေါ့။

The Voice Journal – ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေက ဝန်ထမ်းတွေအတွက် ဘယ်လိုအကျိုးဖြစ်နိုင်ပါသလဲ။

Dr.WWM – ဝန်ထမ်းတွေအတွက်က အဓိကစုဆောင်းနိုင်တဲ့ Saving Attitude ရှိသွားမှာပေါ့။ ဒီရန်ပုံငွေကို ထားပြီးတော့ လှည့်ပတ်ရန်ပုံငွေအဖြစ်ထားပြီး လုပ်ငန်းတွေမှာ သုံးမှာဖြစ်တဲ့အတွက် အတိုးအပွားရမှာပေါ့။ ဝန်ထမ်းတွေက အိမ်ပိုင်ချင်တယ်ဆိုလည်း Housing Loan ပေါ့။ ဒါမျိုးတွေကို ဒီရန်ပုံငွေထဲက ထုတ်ချေးလို့ရမှာပေါ့။ ဥပမာ – တက္ကသိုလ်ကျောင်းသားရှိနေပြီးတော့ ကျောင်းမထားနိုင်ဘူးဆိုရင် Education Loan တွေ ချေးလို့ရတာပေါ့။ နောက်ပြီးတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အာမခံချက်တွေ အစရှိသဖြင့် ဒီလိုမျိုး Package တွေ လာမှာပေါ့။ ဝန်ထမ်းတွေက ဒါတွေကို ခံစားခွင့်ရှိမှာပေါ့နော်။

The Voice Journal – ပင်စင်အသုံးစရိတ်က နိုင်ငံအသုံးစရိတ် ၁၀ ရာခိုင်နှုန်းလောက်ရှိတယ်လို့ သိရတယ်။ ဒီအချိုးအစားက နိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်စေလားဗျ။

Dr.WWM – နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရငွေရဲ့ ခြောက်ပုံတစ်ပုံက နိုင်ငံတော်ဘက်ဂျက်ထဲကနေပြီးတော့ လျာထားပြီး တော့ သုံးနေရတာလေ။ အခြားနိုင်ငံကျတော့ ပင်စင်ရန်ပုံငွေက သီးသန့်ရှိတယ်။ ပင်စင်ပေးဖို့အတွက်ကို သူ့ရဲ့ Fund ဘုတ်အဖွဲ့ကရှာရတာ။ ပင်စင်ပေးဖို့ရာ အတွက်ကို အတိုးအပွားရဖို့ရာအတွက်ကို ရှာရတာ။ အဲဒီရှာလို့ရတဲ့ အတိုးအပွားငွေနဲ့ ပေးရတာပေါ့။ Funding ထောင်ထားတာပေါ့။ အခုကျတော့ Funding မရှိတဲ့အခါကျတော့ နိုင်ငံတော်ရဲ့ ဘတ်ဂျက်ထဲက ပေးနေရတဲ့ပုံစံဖြစ်ဖြစ်နေတယ်။

The Voice Journal – စောစောပိုင်းက ပင်စင် လစာတွေတိုးတဲ့အချိန်မှာ ဒီလိုမျိုးနိုင်ငံတော်က ပင်စင်အသုံးစရိတ်အတွက် ဝန်ထုပ်ဝန်းပိုးဖြစ်နေတဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားပါသလား။ ဘယ်လို ချိန်ညှိတာမျိုး ရှိပါသလဲ။

Dr.WWM – အဲဒီအချိန်က ဆရာမက ဒီဌာနမှာ မဟုတ်သေးဘူး။ လွန်ခဲ့တဲ့နှစ်လလောက်က ပြောင်းလာတာပေါ့။ အမှန်ကတော့ ပင်စင်လစာတိုးပေးတာတို့၊ လစာတိုးပေးတာတို့က နိုင်ငံတော်က လူကြီးတွေရဲ့ စေတနာပါပဲ။ တိုးပေးချင်တာပေါ့။ ကိုယ့်ရဲ့ဝန်ထမ်းတွေကို အဲဒီစိတ်နဲ့ပဲ တိုးပေးခဲ့တာပါ။ ရန်ပုံငွေမရှိဘူးဆိုတာလည်း သိပါတယ်။ တိုးပေးဖို့ရာအတွက် ဘတ်ဂျက်အခြေအနေကို ပြန်ပြီးတော့ ဝန်ကြီးဌာနကို မေးမြန်းမှုတွေတော့ ရှိမှာပေါ့လေ။ တိုးပေးဖို့ရာအတွက် ဘတ်ဂျက်ရှိလို့ပဲ။ တိုးပေးတာမျိုးဖြစ်မှာပေါ့။ ရန်ပုံငွေမရှိမှန်းတော့ လူကြီးတွေလည်းသိပါတယ်။ ရန်ပုံငွေမရှိလို့ဘဲ ဒီရန်ပုံငွေထူထောင်ဖို့အတွက် လမ်းညွှန်ထားတာပေါ့။

The Voice Journal – လက်ရှိဝန်ထမ်းဦးရေနဲ့ အငြိမ်းစားဝန်ထမ်းဦးရေအချိုးက ဘယ်လောက်များ ရှိပါသလဲ။

Dr.WWM – လက်ရှိဝန်ထမ်းဦးရေက ၁ ဒသမ ၁ သန်းလောက်ရှိတယ်။ အငြိမ်းစားဝန်ထမ်းကလည်း ကိုးသိန်းကျော်ကျော်လောက်ရှိတယ်။ ကာကွယ်ရေးရော၊ နိုင်ငံရေးရော၊ မြို့ပြပင်စင်ရောပေါ့။ နောက်တစ်ခုက ဆရာမတို့နိုင်ငံက အခြားနိုင်ငံတွေနဲ့မတူတာက ဆရာမတို့နိုင်ငံရဲ့ ပင်စင်စနစ်က ရက်ရောတယ်လို့ ပြောရမှာပေါ့။ သူများနိုင်ငံတွေကျတော့ ပင်စင်ရန်ပုံငွေဆိုပြီး ထူထောင်တဲ့အခါမှာ အဲဒီရန်ပုံငွေထဲကို သက်ဆိုင်ရာဝန်ထမ်းကလည်း ထည့်ဝင်ရတယ်။ အဲဒီ ဝန်ထမ်းအတွက်လည်း နိုင်ငံတော်က ထည့်ဝင်ပေးတယ်။ အဲဒီရန်ပုံငွေကြီးက ကိုယ်တိုင်ထည့်ဝင်တဲ့ရန်ပုံ ငွေလည်းပါဝင်တယ်။ မြန်မာနိုင်ငံရဲ့ ပင်စင်စနစ်ကျတော့ ဝန်ထမ်းက လုံးဝမထည့်ဝင်ဘူး။ နိုင်ငံတော်ကပဲ အကုန်အကျခံပေးတဲ့ပုံစံဖြစ်တယ်။ အဲဒီလို ကွာခြားတယ်။ နောက်တစ်ခုက သက်ဆိုင်ရာဝန်ထမ်းပင်စင်ယူတဲ့အခါမှာ သက်ဆိုင်ရာဝန်ထမ်း သေဆုံးသည်အထိ၊ ကွယ်လွန်သည်အထိပေးတဲ့အပြင် သူ့ရဲ့ဇနီး၊ ခင်ပွန်းက ဆက်ပေးသေးတယ်။ နောက်တစ်ခုက ဇနီး၊ ခင်ပွန်း သေသွားသည့်တိုင်အောင် မိသားစုခံစားခွင့်ပေါ့။ ဆိုလိုချင်တာက သားသမီးက ၁၈ နှစ်အောက်၊ ကျောင်းတန်းလန်းနဲ့ဖြစ်နေရင်လည်း ဆက်ပေးသေးတယ်။ ပင်စင်ရဲ့မူဝါဒသည် တောက်လျှောက်က ပင်စင်စားတွေကတိုးသာတိုးလာတယ်၊ ပင်စင်ရဲ့အမျိုးအစားတွေသာပြောင်းသွားတယ်။ ပင်စင်ပေးရတာ မလျော့ဘူး။

The Voice Journal – ဝန်ထမ်းနောင်ရေးရန်ပုံငွေ ဖြစ်လာပြီဆိုရင် လက်ရှိပင်စင်လစာကို နိုင်ငံတော်ဘက်ဂျက်ထဲက သုံးနေရတဲ့စနစ်က လုံးဝပပျောက်သွားမှာလား

Dr.WWM – ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်တဲ့အခါမှာ လက်ရှိ Old Service တွေက ရှိနေဦးမှာ။ သူကနေ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ ထူထောင်ခြင်းသည် ထပ်ပြီးတော့ခန့်ထားမယ့် အဖွဲ့ဝင်တွေက ဒီရန်ပုံငွေရဲ့ ဥပဒေပေါ်လာတဲ့အချိန် အကျုံးဝင်သွားမယ်။ အခု လက်ရှိဝန်ထမ်းတွေထဲမှာ ဥပမာပြောတာပေါ့။ အတည်တော့ မပြုရသေးဘူး။ ဥပဒေမှ မပေါ်လာသေးတာ။ လက်ရှိဝန်ထမ်းလုပ်သက်ပေါ့။ ဆယ်နှစ်အောက်ကို အကြုံးဝင်မလား။ ဆယ်နှစ်အထက်ဆိုရင် အကျုံးမဝင်တော့ဘူးလား။ ဒါကတော့ သူရဲ့မူဝါဒပဲ။ ဒီမူဝါဒအတွက်ပဲ ဖြစ်နိုင်ခြေရှိတဲ့အနေအထားတစ်ခုကို လူကြီးတွေကို တင်ပြနိုင်အောင် Working Group တွေ ဖွဲ့စည်းပြီးတော့ ဆောင်ရွက်နေတာလေ။ အဲလိုမျိုးဆိုတော့ မူဝါဒကမပြတ်သေးဘူး။ Law မှမပေါ်ပေါက်သေးတာ။ ဥပဒေမှာ ထည့်ရေးရမယ့်ကိစ္စတွေပေါ့။ Old System ကလည်း ရှိနေမယ်။ ဒီဘက်ဂျက်ကြီးမှာ လျာထားပြီးပေးရမယ့် အခုအဟောင်းတွေ မကွယ်လွန်မခြင်းပေးရမှာလေ။ Old System အနာကြီးကလည်းရှိနေမယ်။ အလားတူပဲ New System ကိုလည်း ထူထောင်မှရမယ်။ Old System ကြီး ဘယ်လောက်အထိ ကြာမှာလဲဆိုရင် ကြာမှာပဲ။ နှစ်က ၂၀၊ ၃၀ လောက်ကြာမှာပဲ။ ဒါကလည်း ပင်စင်ရဲ့ မူဝါဒအပြောင်းအလဲတွေပေါ်မှာ မူတည်တယ်။ တစ်ချိန်ထဲမှာလည်း နောင်ရေးရန်ပုံငွေ ကို မထူထောင်လို့မရဘူး။ မထူထောင်လို့ရှိရင် နေမြဲအတိုင်းပဲ ဘတ်ဂျက်ထဲကလျာထားပြီး သုံးဖို့ဆိုရင် ပင်စင်ကနေ ဆွဲချသွားတဲ့ ဘတ်ဂျက်ကလည်း နည်းတာ မဟုတ်ဘူးလေ။ ရန်ပုံငွေကိုလည်း ထူထောင်ရမယ်။ ရန်ပုံငွေ ငွေလုံးငွေရင်းကြီးက နိုင်ငံတော်ကို အထောက်ကူပြုတဲ့၊ ဝန်ထမ်းတွေကို အထောက်အကူပြုတဲ့ ရင်းနှီးမြှုပ်နှံမှုအသွင်ကို ပြန်ပြောင်းရမှာ။

The Voice Journal – ဒီရန်ပုံငွေ ထူထောင်ထားတဲ့ အခြားနိုင်ငံတွေကို သွားလေ့လာတာမျိုး ရှိပါသလား။

Dr.WWM – ဆရာမတို့ ပင်စင်ဦးစီးဌာနသွားရောက်လေ့လာတာမျိုးတွေ ရှိတယ်။ ဥပမာ – စင်ကာပူနိုင်ငံပေါ့။ စင်ကာပူနိုင်ငံက ဒီရန်ပုံငွေထူထောင်တာ အရမ်းကို အောင်မြင်နေပြီ။ နောက် ထိုင်းနိုင်ငံပေါ့။ မလေးရှား၊ အင်ဒိုနီးရှား အကုန်လုံး ဒီရန်ပုံငွေစနစ် ရှိကြပါတယ်။ အကုန်လုံးက ပြောင်းနေကြတယ်။ အဲဒီနိုင်ငံတွေကို သွားပြီးတော့ လေ့လာတာမျိုးရှိတယ်။ အကယ်၍ အဲဒီနိုင်ငံတွေ မသွားဘူးဆိုရင်လည်း အင်တာနက်ကနေပြီး Download လုပ်ပြီး ဖတ်လို့ရပါတယ်။ သူတို့ရဲ့ဝက်ဘ်ဆိုက်တွေ၊ Google Search လုပ်တဲ့အခါမှာ အကုန်လုံးရတယ်။

The Voice Journal – ဥပဒေကြမ်းကိုရော ဘယ်အချိန်လောက်မှ တင်သွင်းမယ်လို့ မျှော်မှန်းလဲ။

Dr.WWM – ဆရာမတို့က ဒီနှစ်မကုန်ခင် တင်ပြနိုင်အောင် ကြိုးစားနေတယ်။ ဥပဒေဆိုတာကလည်း အဆင့်ဆင့်ဆောင်ရွက်ရတယ်။ လွှတ်တော်အဆင့်ဆင့်ပေါ့။

The Voice Journal – ဘာများဖြည့်စွက်ပြောပါဦးမလဲခင်ဗျ။

Dr.WWM – အရင်တုန်းက ၁၉၂၆ တုန်းက Funds Act ဆိုတာရှိခဲ့တယ်။ General Provident Fund ဆိုတာ ရှိခဲ့တယ်။ ကြားထဲမှာတော့ ဖျက်သိမ်းတဲ့အထဲမှာ ပါသွားတာပေါ့။ အခုဟာကတော့ ဒီ Act ကိုပြန်ပြီး ရေးဆွဲရမှာပေါ့။ ခေတ်စနစ်နဲ့ညီအောင် ပြင်ဆင်ရေးဆွဲရမှာပေါ့။ နောက်တစ်ခု အခြားနိုင်ငံတွေ ဘယ်လိုဆောင်ရွက်သလဲဆိုတဲ့ အပိုင်းတွေကိုလည်း မျက်ခြည်မပြတ် လေ့လာပြီးတော့မှ ဥပဒေထဲမှာထည့် ရမှာပေါ့။ အဓိကကတော့ ဆရာမတို့ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေတည်ထောင်ခြင်းအားဖြင့် လူမှုဖူလုံရေးကို ဆောင်ရွက်နိုင်မယ်။ နောက်တစ်ခုက ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုလည်း အကူညီပေးရာရောက်မယ်။ နောက်တစ်ခုက အစိုးရရဲ့ ဘက်ဂျက်ဝန်ထုပ်ဝန်ပိုးကို လျှော့ချရာရောက်မယ်။ နိုင်ငံအတွက် ဖွံ့ဖြိုးမှုစီမံချက်အတွက်လည်း ဝန်ထမ်းတွေရဲ့ စုဆောင်းငွေတွေ Domestic Investment ခေါ်မှာပေါ့။ ဒါလည်း တိုးပွားမယ်။ ဝန်ထမ်းတွေရဲ့ နောင်ရေးအတိုင်းအတာတစ်ခုအထိ စိတ်လုံခြုံမှုရှိအောင်ပေါ့။ အထူးသဖြင့် ငွေဖောင်းပွမှုနှုန်းဒဏ်ကိုလည်း ကာမိအောင် ဆောင်ရွက်ရမယ့် အခြေခံသဘောတရားတွေလည်း ရှိတယ်။ ဒါမှသာလျှင် ဝန်ထမ်းတွေကလည်း ပါဝင်ဆောင်ရွက်ချင်စိတ်ရှိမှာပေါ့။ ဒီတော့ လောလောဆယ်မှာတော့ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်ပါတယ်။ အဲတော့ ဝန်ထမ်းတွေရဲ့ ထည့်ဝင်ကြေးရယ်၊ ထည့်ဝင်ငွေကနေ ရရှိလာမယ့် အကျိုးခံစားမှုကို ဒါကိုပဲ ဝန်ထမ်းတွေက ယှဉ်ကြမယ်။ အဲဒီတော့ သူတို့အကျိုးရှိအောင်၊ ခံစားနိုင်အောင်ပေါ့ ဆောင်ရွက်ပေးနိုင်မှသာလျှင် ဆရာမတို့ရဲ့ System ကို ယုံကြည်ပြီးတော့ ပါဝင်ဆောင်ရွက်မှာပေါ့။

 

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *