နဂါးကြီး၏ သတို့သမီးအသစ်

နဂါးကြီးသည် သတို့သမီးအသစ်ကို အပူတပြင်းရှာဖွေနေသည်။ သတို့သမီး မည်သူဖြစ်မည်နည်း။

ပုဂံဒေသတွင် တရုတ်က ပြဇာတ်ရုံတည်ဆောက်ရန် ပြင်ဆင်နေပြီ။

ယင်းသို့ တည်ဆောက်ရန်အတွက် မတ်လ ၂၇ ရက်နေ့တွင် ပုဂံသို့ လာရောက်၍ ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်၍ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ဟောင်ကောင်နှင့် မကာအိုနိုင်ငံတို့အနေနှင့် မြန်မာနိုင်ငံသို့ Visa Free ဖြင့် ဝင်ရောက်ခွင့်ပြုကြောင်း အစိုးရက တရားဝင်ကြေညာပြီးသည့်နောက် မြန်မာနိုင်ငံသို့ ဝင်ရောက်မှုအများဆုံးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

အလားတူ တရုတ်နိုင်ငံရှိ မြို့အချို့ နှင့် မန္တလေးမြို့တို့သည်လည်း လေကြောင်းလိုင်းများ အပြန်အလှန် ချိန်ဆက်မှုများရှိလာသဖြင့် တရုတ်နိုင်ငံသားတို့သည် မန္တလေးလေဆိပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာကြသည်။

၂၀၁၈ ခုနှစ်အတွင်း မန္တလေးတိုင်းသို့ လာရောက်သည့် ပြည်ပခရီးသွားဧည့်သည် ငါးသိန်းနီးပါးရှိသည့်အနက် ထက်ဝက်ခန့်မှာ တရုတ်ခရီးသွားများဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနစာရင်း များအရ သိရသည်။

စာရင်းများအရဆိုလျှင် တရုတ်ခရီးသွားများသည် ၂၀၁၈ ခုနှစ်၏ သုံးလအတွင်း နှစ်သိန်းခွဲနီးပါး ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ယင်းကိန်းဂဏန်းသည် ၂၀၁၄ ခုနှစ်အချိန် တိုင်းဒေသကြီးအတွင်းသို့ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက် မှုပမာဏနှင့် တူညီလေသည်။

“၂၀၁၉ ခုနှစ်ထဲမှာလည်း မန္တလေးတိုင်းရဲ့ ပြည်ပခရီးသွားအလားအလာက ပိုကောင်းလာဖို့ပဲ မျှော်လင့်ထားပါတယ်။ တရုတ်နိုင်ငံဘက်ကလူတွေလည်း ပိုမိုဝင်ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ဆိုသည်။

တရုတ်ခရီးသွားများသည် မန္တလေးမြို့အပြင် ပုဂံရှေးဟောင်းဒေသသို့ပါ တစ်ပြိုင်တည်း သွားရောက်ကြသည်။ တရုတ်အခြေစိုက် ခရီးသွားအေဂျင်စီအချို့ဆိုလျှင် ‘မန္တလေး-ပုဂံ-ရန်ကုန် ရှစ်ရက်ကြာခရီးစဉ်’ ကိုပင် စီစဉ်ထားကြသည်။

ပုဂံဒေသသို့လည်း တရုတ်ခရီးသွားများက နေ့စဉ်ဝင်ရောက်မှု ရာနှင့်ချီ၍ရှိနေကြောင်း ဒေသတွင်းဧည့်လမ်းညွှန်များနှင့် ဟိုတယ်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

ပုဂံဒေသသို့ တရုတ်ခရီးသွားများဝင်ရောက်မှုများလာသည်နှင့်အတူ တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့ကပါ ပုဂံဒေသသို့ လိုက်ပါလာသည်။ ပုဂံဒေသရှိ ဟိုတယ်၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များ နှစ်ချုပ်ငှားရမ်းခြင်းကို မတ်လဆန်းပိုင်း မှစ၍ လုပ်ဆောင်လာကြောင်း ဒေသတွင်း ဝါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောပြသည်။

“သူတို့က ပထမဆုံး ထမင်းချက်ကို အရင်ပြောင်းလိုက်တယ်။ မြန်မာထမင်းချက် မဟုတ်တော့ဘူး။ တရုတ်ထမင်းချက်ဖြစ်သွားတယ်။ Menu မှာလည်း တရုတ်စာတွေ ဖြစ်သွားတယ်” ဟု ပြောင်းလဲသွားပုံကို ဦးဇော်ဝင်းချိုက ပြောသည်။

စာရင်းအတိအကျ မသိရှိရသော်လည်း အနည်းဆုံး ဟိုတယ်ငါးခု၊ စားသောက်ဆိုင်နှစ်ခုမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်များထံသို့ နှစ်ချုပ်ဖြင့် ငှားရမ်းပြီးဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။ အများစုမှာ ပုဂံမြို့သစ်ဘက်တွင် ဖြစ်သည်။

“ကြိုက်တဲ့ဈေးရရင်တော့ ငှားကြမှာပဲလေ။ တရုတ်ကလည်း ငွေထုပ်ပိုက်လာတာဆိုတော့ ပေးနိုင်တယ်” ဟု ဒေသခံဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုနိုင်ထွန်းက သူ့အမြင်ကို ပြောသည်။

တရုတ်ခရီးသွားအဝင်များသော်လည်း ဒေသခံဧည့်လမ်းညွှန်ကို မငှားရမ်းခြင်းအပြင် စားသောက်တည်းခိုနေထိုင်မှုတို့သည်လည်း တရုတ်စီးပွားရေးလုပ်ငန်းရှင်များဖြင့်သာ လုပ်ဆောင်နေသဖြင့် ဒေသခံတို့အတွက် အကျိုးအမြတ်မရရှိကြောင်း ပုဂံ-ညောင်ဦး ယဉ်ကျေးမှုဒေသ ဖောင်ဆောင်ရေးအထောက်အကူပြု ကော်မတီဝင်လည်းဖြစ်သည့် ကိုနိုင်ထွန်း က ဆိုသည်။

တရုတ်၏ ခြေလှမ်းမှာ ထိုမျှမကသေး။ ပုဂံဒေသတွင် ပြဇာတ်ရုံကြီးတစ်ရုံ တည်ဆောက်ရန်အတွက်ပင် လာရောက်ကမ်းလှမ်းနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာန (ပုဂံဒေသခွဲ) ၏ ထုတ်ပြန်ချက်အရဆိုလျှင် တရုတ်တို့ မြန်မာ့မြေတွင် ပြဇာတ်ရုံတည်ဆောက်ရမည့် ရည်ရွယ်ချက်သည် ပုဂံဒေသ၏ ယဉ်ကျေးမှုတန်ဖိုး ခံ့ညားထည်ဝါ ကြီးမားမှုကို မြန်မာတိုင်းရင်းသားများပါဝင်သည့် အနုပညာရှင်များ၊ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းဖြစ်သည်ဟု ဆိုသည်။

ပုဂံတွင် ပြဇာတ်ရုံတည်ဆောက်မည့် ကုမ္ပဏီသည် တရုတ်အစိုးရပိုင်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အကြီးဆုံးသော ခရီးသွားလာရေးဆိုင်ရာ ကုမ္ပဏီများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း ပုဂံ ရှေး/သုဌာန၏ ထုတ်ပြန်ချက်တွင် ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဒေသတွင် ပြဇာတ်ရုံအပါအဝင် ယဉ်ကျေးမှုဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုသည် ကိုးနှစ်ရှိပြီဖြစ်ပြီး အန်ကောဝပ်၏ ခန့်ညားထည်ဝါမှုကို ပြဇာတ်ရုံဖွင့်လှစ်တင်ဆက်ခြင်းဖြင့် နိုင်ငံပေါင်း ၅၀ မှ ခရီးသွား ဧည့်သည် နှစ်သန်းခန့် လာရောက်ကြည့်ရှုသည်အထိ အောင်မြင်မှုရရှိခဲ့ကြောင်း ကုမ္ပဏီ၏ ပြောဆိုမှုကို ကိုးကား၍ ပုဂံ ရှေး/သုဌာနက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်လည်း ပြဇာတ်ရုံဖွင့်လှစ်၍ ပုဂံဒေသ၏ ခန့်ညားထည်ဝါမှုကိုပြသလျှင် ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိမည်ဖြစ်ကာ မြန်မာနိုင်ငံမှချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို အပြည့်အဝ လေးစားလိုက်နာမည်ဟု တရုတ်ကုမ္ပဏီဘက်က ပြောဆိုခဲ့သည်။

“Tourism Promotion အနေနဲ့ လိုအပ်တယ်” ဟု တရုတ်ကတည်ဆောက်မည့် ပြဇာတ်ရုံကိစ္စနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (အဆောက်အအုံ) ဦးစိုးစိုးလင်းက ပြောကြားသည်။

သို့သော် ရှေးဟောင်းနယ်နိမိတ်အတွင်း မဖြစ်သင့်သည့်နေရာတွင် မဖြစ်စေအောင် လုပ်ဆောင်ရမည်ဟု ၎င်းက ပြောသည်။

ပြဇာတ်ရုံတည်ဆောက်ရန်အတွက် အကြိုညှိနှိုင်းဆွေးနွေးမှုမျိုးသာဖြစ်၍ မည်သည့်နေရာတွင် တည်ဆောက်မည်၊ မည်သည့်ပုံစံ၊ မည်သည့်အရွယ်အစား တည်ဆောက်မည် စသည်တို့ကို မသိရှိရသေးကြောင်း ဦးစိုးစိုးလင်းက ဆိုသည်။

ဖြစ်နိုင်ခြေရှိသည်တစ်ခုမှာ ပုဂံမြို့ဟောင်းရှိ သဗ္ဗညုဘုရား (ငလျင်ကြောင့် ပျက်စီးမှုများကို တရုတ်မှ တာဝန်ယူပြုပြင်နေသည်) အနီးတွင် ပြဇာတ်ရုံ အဟောင်းရှိခဲ့ဖူးသဖြင့် ယင်းနေရာကို ရွေးချယ်မှု ပြုကောင်းပြုနိုင်သည်ဟု ပုဂံ-ညောင်ဦး ယဉ်ကျေးမှုဒေသ ဖော်ဆောင်ရေး အထောက်အကူပြုကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးတင့်လွင်ဦး က ပြောသည်။

ယင်းနေရာသည် အာနန္ဒာဘုရားနှင့် ပို၍နီးကပ်ပြီး ဘုရားနှင့် ကျုံးကြားတွင် ဖြစ်သည်။ အာနန္ဒာပြဇာတ်ရုံဟု ခေါ်ကြပြီး ရုပ်သေးပွဲများ ကပြခြင်း၊ ဘုရားပွဲအတွက် ဇာတ်ပွဲများကပြခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

သို့သော် ယင်းနေရာသည် ကျုံးနှင့် နီးကပ်လွန်းနေသဖြင့် တပ်မတော်အစိုးရလက်ထက် ၁၉၆၆ ခုနှစ် ပုဂံဒေသကို ယူနက်စကိုဝင်ရန် ကြိုးပမ်းချိန်တွင် ဖျက်ဆီးခဲ့သည်။ ထို့ကြောင့် ယင်းနေရာတွင် ပြန်လည်တည်ဆောက်ရန် နေရာသတ်မှတ်နိုင်ကြောင်း ဦးတင့်လွင်ဦးက ခန့်မှန်းသည်။

“မြေနေရာတစ်ခုခုကို ဝယ်ယူပြီး လုပ်တယ်ဆိုရင်တော့ အသံမထွက်နိုင်ပေမယ့် အများပိုင်နေရာမှာဆိုရင်တော့ ပြဿနာရှိနိုင်တယ်။ ကျွန်တော်တို့ကလည်း လက်ခံလို့ မရဘူး” ဟု ၎င်းက သူ့သဘောထားကို ပြောပြသည်။

ပြဇာတ်ရုံ တည်ဆောက်သည်ကို မူအားဖြင့် သဘောတူလက်ခံသော်လည်း ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းပါရရှိရန် လိုအပ်ကြောင်း၊ တည်ဆောက်ရမည့်နေရာသည်လည်း မြို့ဟောင်းဧရိယာနှင့် လွတ်ကင်းသည့်နေရာတွင် ဖြစ်စေချင်ကြောင်း ဝါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ဆိုသည်။

သို့သော် Tourism (ခရီးသွားလုပ်ငန်း) ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ပုဂံဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များသည် ယုတ်လျော့သွားဖွယ်ရှိကြောင်း ၎င်းက သုံးသပ်သည်။

“အရေးပေါ်ဥပဒေလိုမျိုးပေါ့၊ မြန်မြန်ဆန်ဆန်အသက်ဝင်မယ့် ဥပဒေတစ်ခု ရေးဆွဲပြီးတော့ ကာကွယ်ထားသင့်တယ်” ဟု ဦးဇော်ဝင်းချိုက ပုဂံကို ကာကွယ်ပေးနိုင်မည့် နည်းလမ်းတစ်ခုကို ပြောပြသည်။

ယင်းကဲ့သို့ တရုတ်တို့၏ ပုဂံသို့ လှမ်းလာသည့် ခြေလှမ်းများကြောင့် မကြာမီကာလတွင် တရုတ်တို့လွှမ်းမိုးမည့်ပုဂံဟု ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ညောင်ဦးဒေသခံ ယာဉ်မောင်း ဦးကျော်ကျော်ဝင်းက ပြောသည်။

“မြေတွေဘာတွေကို ဈေးကောင်းပေးဝယ်ရင် ကျွန်တော်ဆိုလည်း ရောင်းမိမှာပဲ။ အဲဒီအချိန်ကျရင် သူတို့ရဲ့ ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းဆိုတာ ရနိုင်မယ်လို့လည်း မထင်မိဘူး” ၎င်းက သူ့အမြင်ကို ပြောဆိုသည်။

အန်ကောဝပ်ဒေသတွင်ရှိသည့် ပြဇာတ်ရုံသည် ရှေးဟောင်းဒေသနှင့် လိုက်ဖက်မှုမရှိကြောင်း ယင်းဒေသရှိ ပညာရှင်တို့က ပြောဆိုကြသည်ဟု ယင်းဒေသသို့ ရောက်ရှိခဲ့ဖူးသည့် ယူနက်စကို ယဉ်ကျေးမှုဌာန အစီအစဉ်ညှိနှိုင်းရေးမှူးဟောင်း ဒေါ်ဥမ္မာမျိုးက ပြောသည်။

“တရုတ်နိုင်ငံမှာ ယူနက်စကိုစာရင်းဝင်ထားတဲ့ အမွေအနှစ်ပေါင်း ငါးဆယ်ကျော်ရှိတယ်။ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သူတို့ ကောင်းကောင်းသိတယ်” ဟု ၎င်းကဆိုသည်။

ပုဂံဒေသတွင် တရုတ်နိုင်ငံမှ ပြဇာတ်ရုံတည်ဆောက်မည့်ကိစ္စအတွက်မူ မည်သို့ဆောင်ရွက်မည်ဆိုသည်ကို မသိရှိရသေးသည့်အတွက် ဝေဖန်ပြောဆိုရန် အချိန်စောသေးကြောင်း ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။

တရုတ်နိုင်ငံ၏ ပြဇာတ်ရုံအပါအဝင် မည်သည့်ကိစ္စကို လုပ်သည်ဖြစ်စေ ပုဂံဒေသနေ ပြည်သူတို့၏ အကျိုးစီးပွားကို ထည့်တွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံတို့အကျိုးမရှိလျှင် ဒေသခံတို့၏ ဆန္ဒသဘောထားကိုလည်း ရရှိမည်မဟုတ်ကြောင်း ညောင်ဦးမြို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က ပြောသည်။

“ဒီဒေသက ကျဉ်းတယ်။ ဘယ်သူက ခွင့်ပြုလိုက်သလဲဆိုတာ ခဏအတွင်း သိနိုင်တယ်။ ဒေသခံတွေရဲ့ အကျိုးမရှိရင် လက်ခံမှာ မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

လွန်ခဲ့သည့်ငါးနှစ်က ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နှင့် ပတ်သက်သည့် စကားတစ်ခွန်း ရှိသည်။ ၂၀၁၄ ခုနှစ် မတ်လ ၂၃ ရက်နေ့က ပြင်ဦးလွင်မြို့၌ အထက်မြန်မာပြည်အခြေစိုက် စာရေးဆရာများနှင့် တွေ့ဆုံစဉ်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီမြစ်ဆုံကိစ္စအပါအဝင် မြန်မာနိုင်ငံတွင်းရှိ တရုတ်ကုမ္ပဏီများ အထူးအခွင့်အရေးရရှိနေခြင်းသည် အစိုးရ (ထိုစဉ်က ဦးသိန်းစိန်အစိုးရ) ၏ တာဝန်မဲ့မှုကြောင့်ဟု ယခုနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေသည့် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

“ဒီနိုင်ငံဟာ တရုတ်နိုင်ငံအောက်ပဲ ဖြစ်ဖြစ်၊ တခြားနိုင်ငံအောက်ပဲဖြစ်ဖြစ် ကိုလိုနီသဖွယ် မကျသွားချင်ဘူးဆိုရင် ဒီနိုင်ငံအတွက် အလိုအပ်ဆုံးက ဘာလဲဆိုတော့ နိုင်ငံရဲ့အကျိုးကို ပီပီပြင်ပြင် တာဝန်သိသိနဲ့ ထမ်းဆောင်မယ့် အစိုးရအဖွဲ့ပဲ ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က စာရေးဆရာများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

အထက်မြန်မာပြည်၏ ယဉ်ကျေးမှုမြို့တော်ဖြစ်သော၊ စီးပွားရေးမြို့တော်ဖြစ်သော၊ မြန်မာပြည်၏ ဗဟိုအချက်အချာကျသည့် မြို့တော်ဖြစ်သော မန္တလေးမြို့သည် ၂၀၀၀ ပြည့်နှစ်ခန့်မှစ၍ (တရုတ်လက်အောက်သို့) ကျဆုံးခဲ့ပြီဟု မန္တလေး မြို့ခံ စာရေးဆရာတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဖွင့်ကြသည်။

ယခုမူ မန္တလေးသည် တရုတ်တို့၏ လွှမ်းမိုးခံရမှုသည် ပို၍များလာသည်ဟု ယူဆရကြောင်း မန္တလေးမြို့၏ ယဉ်ကျေးမှုအကြောင်းများကို ဖော်ထုတ်ရေးသားနေသည့် အမျိုးသားစာပေဆုရ စာရေးဆရာ ဆူးငှက်က ဆိုသည်။

“OBOR နဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က အလုံးအရင်းနဲ့ ပြင်ဆင်နေပြီ။ အဲဒီအတွက် အဓိကကျတဲ့ မန္တလေးမှာလည်း လုပ်နေတယ်။ အခု မန္တလေးတင်မကဘူး။ ပုဂံထိပါ ရောက်သွားတယ်” ဟု ဆရာဆူးငှက်က ပြောသည်။

တရုတ်၏ လွှမ်းမိုးခံရမှု ပိုများလာသည်ဟု ဆိုရသော်လည်း ယင်းအပေါ် ကောင်းခြင်းဆိုးခြင်းသည် ဒေသခံတို့ အကျိုးရှိမရှိအပေါ် မူတည်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

“သူတို့ ခြေလှမ်းတွေက ဒေသအတွက် ဘယ်လိုအကျိုးရှိမလဲဆိုတာ မီဒီယာတွေက ဖော်ထုတ်တာမျိုးတွေ ဖြစ်သင့်တယ်။ ဒေသအကျိုးရှိရင် များလာခြင်းဟာ ကောင်းခြင်းလက္ခဏာပဲ” ဟု ဆရာဆူးငှက်က သူ့အမြင်ကို ပြောသည်။

မန္တလေးမြို့နှင့် ခရီးအားဖြင့် မိုင် ၁၀၀ ခန့်သာ ကွာဝေးသည့် မြန်မာ့အသည်းနှလုံးမြို့တော်ဖြစ်သော ပုဂံကို တရုတ်တို့ လွှမ်းမိုးလာဦးမည်လော။

“ကျွန်တော်ကတော့ အဲလိုမယူဆဘူး။ မန္တလေးနဲ့ ပုဂံနဲ့ မတူဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်က သူ့အမြင်ကို ပြောဆိုသည်။

စားသောက်ဆိုင်ဖွင့်လှစ်ခြင်း စသည်ကိစ္စများသာ ဖြစ်နိုင်ပြီး တရုတ်၏ လွှမ်းမိုးမှုခံရနိုင်သည်အထိ ဖြစ်ပေါ်လာရန် မရှိနိုင်ဟု ၎င်းကပြောသည်။

သို့သော် ဧည့်လမ်းညွှန်အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းသည့် ကိုနိုင်ထွန်းကမူ လက်ရှိ ပုဂံသည် ပျက်စီးနိုင်မည့် အန္တရာယ်အငွေ့အသက်များ ရှိနေသည်ဟု ခံစားရကြောင်း ဖွင့်ဟသည်။

ပုဂံဒေသသို့ ခရီးသွားများ ပိုမိုဝင်ရောက်ရန်အတွက် အခြားသောနည်းလမ်းများဖြင့် ဆွဲဆောင်သင့်ပြီး ပုဂံ၏ ဒြပ်မဲ့ယဉ်ကျေးမှုများ ပျောက်ကွယ်မသွားစေချင်ကြောင်း ကိုနိုင်ထွန်းက ဆိုသည်။

“ပုဂံတစ်ခုထဲမဟုတ်ဘူး။ လူမျိုးနဲ့ နိုင်ငံကိုပါ ထိခိုက်နိုင်တယ်” ဟု ကိုနိုင်ထွန်းက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောဆိုလေသည်။ 

 

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *