ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း၊ ပုံပြင်တစ်ပုဒ်

မကြာသေးခင်က ပါကစ္စတန်က တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (China Pakistan Economic Corridor – CPEC) မှာ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူတစ်ယောက်ကို ဖိတ်ခေါ်ပြီး သူတို့ရဲ့ အတွေ့အကြုံဝေမျှတဲ့ပွဲကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိရပ်တည်ချက်ကိုလည်း ပြန်လည်ဝေမျှနိုင်ပါတယ်။ စီမံကိန်းတာဝန်ရှိသူတစ်ယောက်ရဲ့ ဆွေးနွေးချက်တွေကို နားထောင်ပြီး ကျွန်တော်တို့တစ်တွေ လုပ်စရာတွေ အများကြီးရှိနေသေးတယ်လို့ ခံယူမိသလို တခြားဘက်က အမြင်တွေကိုလည်း ဆက်လက်လေ့လာဖြစ်ခဲ့ပါတယ်။

ပါကစ္စတန်ကပုဂ္ဂိုလ်ရဲ့ပြောကြားချက်မှာ စီမံကိန်းရဲ့အောင်မြင်မှုတွေကို အားပါးတရ ကြားနာရပါတယ်။ သူတို့က နှစ်နိုင်ငံသဘောတူညီချက်ကို ၂၀၁၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက်ပိုင်း ဒေါ်လာ ၄၆ ဘီလီယံကုန်မယ့် စီမံကိန်းကို ပါကစ္စတန်လာရောက်လည်ပတ်ရင်း အတည်ပြုခဲ့ပါတယ်။ ၂၀၂၀-၂၅ စီမံကိန်းတန်ဖိုး ဒေါ်လာ ၁၀၀ ဘီလီယံလောက်အထိ ရှိနိုင်ပြီး ၂၀၃၀ မှာ စီမံကိန်းပြီးစီးမယ်လို့ ဆိုပါတယ်။

စီမံကိန်းမှာ အဓိကအားဖြင့် ဆိပ်ကမ်းတွေမြို့တွေပါဝင်မယ့် ဂွါဒါဒေသ (Gwadar) စီမံကိန်း၊ စွမ်းအင်နဲ့ပတ်သက်လို့ နည်းလမ်းမျိုးစုံနဲ့ ရယူဖို့၊ ရထား၊ ကား၊ လေကြောင်းတွေ တည်ဆောက်ဖို့၊ လွတ်လပ်တဲ့ ဂွါဒါကုန်သွယ်ရေးဇုံနဲ့ အခြားစက်မှုဇုန်ကိုးခုတည်ဆောက်ဖို့နဲ့၊ အခြားသော နှစ်ဦးနှစ်ဖက်သဘောတူညီတဲ့ နယ်ပယ်တွေ၊ လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ပါ။

ပါကစ္စတန်က အခုစီမံကိန်းဟာ ကမ္ဘာ့မြေပုံပေါ်မှာ အချက်အချာကျတဲ့နေရာမှာရှိနေတယ်လို့မြင်တယ်။ နိုင်ငံရဲ့စီးပွားရေး အားနည်းချက်တွေကို ကုစားပေးနိုင်မယ်လို့ ရှုမြင်ထားတယ်။ ပါကစ္စတန်နဲ့ တရုတ်ရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်တဲ့အတွက် စီမံကိန်းကို ဆန့်ကျင်သူမရှိဘဲ စီမံကိန်းကပိုပြီး အကျိုးအမြတ်ဝေစု အပြိုင်အဆိုင်ရယူလိုမှုတွေပဲရှိတယ်လို့ ဆိုပါတယ်။ ဒီစီမံကိန်းကြီးဟာ ပါကစ္စတန်ရဲ့ ၂၀၂၅ မျှော်မှန်းချက်မှာပါဝင်တဲ့ ဒေသဆိုင်ရာ လမ်းပိုင်းဆက်သွယ်မှု ကောင်းမွန်ရေးနဲ့လည်း ဆက်နွှယ်နေပါတယ်။ ဂွါဒါဆိပ်ကမ်းဟာ တခြားဆိပ်ကမ်းတွေထက် သာလွန်နိုင်ပါသတဲ့။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံရဲ့ ကြွေးကြော်သံကိုယ်၌က ‘ပါကစ္စတန်ပြည်နယ်အားလုံးရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းခင်းပေးရေး’ လို့ ဆိုထားတယ်။

လုပ်ငန်းစီမံကိန်းတွေ ရွေးချယ်ရာမှာ ပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေကို အများကြီးအားကိုးဖို့လိုတယ်။ လုပ်ငန်းစီမံကိန်းတွေအားလုံးဟာ ချေးငွေတစ်ခုတည်းသာမဟုတ်။ Grants တွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေလည်း ရယူသွားတာဖြစ်တဲ့အကြောင်း တွေ့ရတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆိုရင် ချေးငွေမဟုတ်တဲ့အတွက် သက်ဆိုင်ရာကုမ္ပဏီကသာ ပြန်ဆပ်ဖို့တွေ၊ အတိုးပေးဖို့တွေ ပူပင်စရာလိုတယ်။ နိုင်ငံက ပူပင်စရာမလိုဘူးလို့ ရှင်းပြတာကို တွေ့ရတယ်။

တရုတ်နိုင်ငံက ပါကစ္စတန်မှာ ရင်းနှီးမြှုပ်နှံတဲ့ပုံစံတွေကို ကြည့်လိုက် တော့ ဒေါ်လာ ၄၆ ဘီလီယံလောက်နဲ့စရာက အခုဆို ဒေါ်လာ ၆၈ ဘီလီယံ လောက်ဖြစ်နေပြီ။ အခြေခံအဆောက်အဦအတွက်က ၁၅ ဘီလီယံ လောက်ဖြစ်နေပြီ။ စွမ်းအင်အတွက် ၃၈ ဘီလီယံနဲ့ ဂွါဒါဆိပ်ကမ်းအတွက် က ၁၅ ဘီလီယံ အကုန်အကျခံထားတာကို တွေ့ရတယ်။

စွမ်းအင်ကဏ္ဍမှာ လုပ်ငန်းစီမံကိန်း ၂၂ ခုရှိရာမှာ ခုနစ်ခုကပြီး၊ ၁၃ ခုက လုပ်ဆောင်ဆဲ၊ လေ့လာဆဲ နှစ်ခုရှိတယ်။ စွမ်းအင်ပြည့်စုံနေပြီဖြစ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ လုပ်ငန်းစီမံကိန်းကြီးတစ်ခု ရပ်ဆိုင်းတာဟာ တရုတ်-ပါကစ္စတန်ဆက်ဆံရေးကို ထိခိုက်နိုင်ခြင်းရှိ-မရှိ ဆွေးနွေးကြတာ တွေ့ရတယ်။ အခြေခံအဆောက်အဦတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေနဲ့ပတ်သက်လို့ ရထားလမ်း ငါးခု၊ ကားလမ်း သုံးခု၊ စုစုပေါင်း ရှစ်ခုရှိပြီး၊ ဂွါဒါဆိပ်ကမ်းနဲ့ပတ်သက်လို့ လုပ်ငန်း ၁၂ ခုမှာ ပြီးပြီးသား နှစ်ခု၊ ဆောက်လုပ်ဆဲ ၁၀ ခုရှိတယ်။ ဖိုက်ဘာကြိုးဆွဲတာတွေ၊ မိုးလေ၀သ ကြိုတင်သတိပေးစနစ်တွေအတွက် လုပ်ငန်းတစ်ခုပြီးစီးပြီး နှစ်ခုကျန်သေးတယ်။ လုပ်ငန်းအားလုံးဟာ သတ်မှတ်ချိန်ထက်စောပြီးတယ်လို့ ဆိုပါတယ်။

ပါကစ္စတန်ပါမောက္ခရဲ့အမြင်အရ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ အစိတ်အတွင်းမှာ တရုတ်နိုင်ငံက အဓိကလုပ်ငန်းကြီး သုံးခုကို လုပ်ခဲ့တယ်။ အဲဒါတွေကတော့ ပြည်သူ့ဝန်ထမ်းပြုပြင်ပြောင်းလဲရေး၊ အခွန်စနစ်နဲ့ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပါသတဲ့။

စိတ်ဝင်စားစရာကောင်းတာက ပါကစ္စတန်တာဝန်ရှိသူတွေကိုယ်တိုင်က နိုင်ငံအနှံ့တက္ကသိုလ်တွေ၊ အဖွဲ့အစည်းတွေအားလုံးကို လိုက်ရှင်းပြတယ်။ မေးသမျှ မေးခွန်းတွေဖြေတယ်။ ဉာဏ်ကြီးရှင်အဖွဲ့ (Think Tanks) တွေနဲ့ တွေ့တယ်။ လုပ်သမျှအားလုံးကို အင်တာနက်ဝက်ဘ်ဆိုက်ပေါ်မှာ တင်ထားတယ်။

လောလောဆယ်ရထားတဲ့ ရလဒ်ကတော့ လျှပ်စစ်မီးမရှိတဲ့နေရာတွေမှာ အခုလျှပ်စစ်မီးရတယ်။ လျှပ်စစ်မီးရတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရကြတယ်။ အလုပ်အကိုင်တွေရကြတယ်။ အင်တာနက်သုံးရတာ ပိုမြန်ဆန်လို့၊ လုပ်ငန်းလုပ်ဆောင်ရတာ၊ လုံခြုံရေးလုပ်ရတာတွေ ပိုမြန်လာတယ်။ တစ်နေရာနဲ့တစ်နေရာ သွားလာရတာ လွယ်ကူမြန်ဆန်လာတယ်လို့ ပြောပါတယ်။

စိန်ခေါ်မှုတွေရှိသပေါ့။ အမေရိကန်ထက်၊ တရုတ်နဲ့ ပိုရင်းနှီးသွားမလား စိုးရိမ်ကြတယ်။ တန်ပြန်လှုပ်ရှားတဲ့အနေနဲ့ အမေရိကန်က ဒေါ်လာ ၆၀ ဘီလီယံ အခြေခံအဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံတယ်။ ဂျပန်ကလည်း ၂၀၀ ဘီလီယံထုတ်မတဲ့။ အိန္ဒိယကလည်း ပါကစ္စတန်နဲ့ ပတ်သက်လို့ စိတ်ပူတယ်။ စာနယ်ဇင်းတွေက အမေရိကန်တွေ တရုတ်အပေါ်မြင်တဲ့ ‘တရုတ်ပြည်မှာလုပ်သည်၊ တရုတ်ပြည်အတွက် လုပ်သည်’ ဆိုတာကို သံယောင်လိုက်ကြတယ်။ လုံခြုံရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ထင်တဲ့ အိန္ဒိယရဲ့အသံနောက်ကိုလည်း လိုက်ကြတယ်။ ခက်တာက နိုင်ငံတစ်ခုနဲ့တစ်ခု (ဥပမာ – ပါကစ္စတန်နဲ့မလေးရှား) ကျင့်သုံးတဲ့မူဝါဒတွေ မတူညီကြဘူး။ ဘာသာစကားအခက်အခဲ၊ ကျွမ်းကျင်သူရဖို့ အခက်အခဲ၊ လုပ်ငန်းလုပ်ဆောင်ရာမှာ စရိတ်ကြီးမားမှုတွေနဲ့ ကြုံရတယ်။ ထူးခြားတာက မူဝါဒချမှတ်သူတွေဟာ ပရော်ဖက်ရှင်နယ်မဆန်တဲ့ သဘောထားအမြင် (Non-professional attitudes of policy makers) မရှိ ဆိုတဲ့ ဝေဖန်ချက်ပါပဲ။

ပါကစ္စတန်နဲ့ တခြားနိုင်ငံတွေမှာ တရုတ်ရဲ့စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အကျင့်ပျက်ခြစားမှုတွေ၊ ကိုယ်ကျင့်တရားအားနည်းချက်တွေ၊ ပတ်ဝန်းကျင်ထိခိုက်မှုတွေရှိနေတာကို ပါးပါးလေးထောက်ပြသွားပေမယ့် အသေးစိတ် ဆွေးနွေးသွားခြင်းတော့ မရှိပါဘူး။ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်တဲ့အကြောင်း ထောက်ပြတယ်။ မူဝါဒရှင်းရှင်းလင်းလင်းမရှိတာ၊ ဝန်ကြီးဌာနတစ်ခုနဲ့ တစ်ခု ညှိနှိုင်းတိုင်ပင်ခြင်းမရှိတာ၊ တာဝန်ယူမှုနဲ့ အဆင့်မြင့်နည်းပညာ တွေမရှိတာ၊ ပဋိပက္ခအငြင်းပွားမှုယန္တရားနဲ့ အဖွဲ့အစည်းမရှိတာတွေကိုလည်း စိန်ခေါ်မှုအနေနဲ့ ထောက်ပြထားတယ်။

အကြမ်းဖက်မှုအန္တရာယ်ကလည်း ဒီလုပ်ငန်းစီမံကိန်းတွေမှာ တွေ့ကြုံနေရပြီး အကြီးမားဆုံးအခက်အခဲက တရုတ်နဲ့လက်တွဲဖက်နိုင်ငံတွေကြားမှာ ကြွေးမြီနဲ့ပတ်သက်လို့ တရုတ်အပေါ် ယုံကြည်မှုနည်းနေတာဖြစ်တယ်။ တရုတ်က အကြွေးပိအောင်လုပ်တာမဟုတ်လို့ ရှင်းရှင်းလင်းလင်း အာမခံချက်ပေးထားဖို့လိုတယ်လို့ ထောက်ပြပါတယ်။

တခြားတနေရာမှာလုပ်ခဲ့တဲ့ ဆွေးနွေးပွဲတစ်ခုမှာလည်း တရုတ်အနေနဲ့ လုပ်ငန်းစီမံကိန်းတွေ စတင်ရာမှာ သက်ဆိုင်ရာနိုင်ငံအတွက် ခြေနိုင်လက်နိုင် လုပ်ငန်းအငယ်လေးတွေကနေ စသင့်တယ်လို့ ဆွေးနွေးတာကို ကြားသိခဲ့ရဘူးပါတယ်။

ပါကစ္စတန်အနေနဲ့ ၂၀၂၃ ရောက်မှ အကြွေးပြန်ဆပ်ရမယ်။ အကြွေးကလည်း နည်းတယ်။ အခု နိုင်ငံဒေဝါလီခံရမယ့်ကိစ္စတွေဟာ တရုတ်နဲ့ မပတ်သက်ဘဲ နိုင်ငံရဲ့ဘဏ္ဍာရေးနဲ့ပတ်သက်လို့ စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ဖြစ်ရတာဖြစ်ကြောင်း ပါမောက္ခက သုံးသပ်ပါတယ်။

ပါမောက္ခက မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို မြန်မာနိုင်ငံကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း အလေးအနက်ထားပြောပြတယ်။ ရေတိုရေရှည် ကြုံတွေ့ရမယ့် စွန့်စားစရာတွေကို သေသေချာချာ ပြင်ဆင်တွက်ချက်ထားဖို့ လိုတယ်တဲ့။

နိဂုံးချုပ်ရာမှာတော့ ပါမောက္ခက ဖွံ့ဖြိုးပြီးနိုင်ငံအတွက်ရော ဖွံ့ဖြိုးဆဲနိုင်ငံအတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိနိုင်တယ်လို့ ပြောတော့ သူက များများ၊ ကိုယ်က နည်းနည်းပဲ အကျိုးရှိမှာလားလို့ သံသယရှိကြတာတွေ တွေ့ရတယ်။ ဘယ်နိုင်ငံမဆို လိုအပ်နေတဲ့ အခြေခံအဆောက်အဦတွေကို ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း (BRI) က ဖြည့်ဆည်းပေးနိုင်တယ်။ အမေရိကန်အစိုးရက မလိုလားပေမယ့် အမေရိကန်ကုမ္ပဏီတွေဖြစ်တဲ့ GE တို့၊ Caterpillar တို့က ဝင်ဒိုင်ဗင်ထိုးပြီး ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံလောက်မြတ်နေတယ်။ အင်္ဂလန်၊ ဂျာမနီ၊ ရုရှ၊ ပြင်သစ်တို့ကလည်း ဒီစီမံကိန်းကို ကြိုဆိုကြတယ်။

ထိရောက်အောင်မြင်တဲ့ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်းဖြစ်ဖို့ဆိုရင် နိုင်ငံရေးတည်ငြိမ်မှု၊ တရားရေးစနစ်၊ ကုန်သွယ်မှုမြင့်မားလာဖို့၊ ကမ္ဘာလှည့်ခရီးသွာလာမှုတွေ များပြားလာဖို့၊ ခေါင်းဆောင်တွေရော၊ အများပြည်သူတွေကပါ ဝိုင်းဝန်းကူညီဖို့လိုတယ်။ ရှေ့မှာပြောခဲ့သလို နိုင်ငံတွေ အကြွေးနွံနစ်မှာ စိုးရိမ်တာတွေကို တရုတ်က ဖြေရှင်းပေးသင့်တယ်လို့ ထောက်ပြတယ်။

မြန်မာအကြီးတန်းအရာရှိကြီးတစ်ယောက်ရဲ့ ဆွေးနွေးချက်မှာတော့ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) အောင်မြင်ရေးဟာ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းဒေသမှာ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး၊ ပတ်ဝန်းကျင်နဲ့ လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုတွေကို ဂရုစိုက်မှု၊ ပြည်သူပိုင်ကဏ္ဍနဲ့ ပုဂ္ဂလိကပိုင်ကဏ္ဍ လက်တွဲဆောင်ရွက်နိုင်မှု၊ ငွေကြေးရရှိမှုနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုနဲ့၊ ဗျူရိုကရေစီ လျော့ပါးမှုတွေအပေါ် မူတည်တာလို့ ထောက်ပြတာ တွေ့ရတယ်။

မြန်မာက ဘာလိုအပ်လဲ၊ ဘယ်လို အကျိုးသက်ရောက်မှုတွေရှိသလဲ၊ ဘယ်လိုနည်းပညာတွေ ဝင်ခွင့်ပြုမလဲ အထူးစီးပွားရေးဇုန်တွေက ပို့ကုန်တွေ တိုးလာစေမလား၊ နိုင်ငံအတွက် ဘယ်လောက်အကျိုးရှိစေမလဲ၊ လောင်စာစွမ်းအင်တစ်နေရာတည်းက မရယူသင့်ဘဲ ဖြန့်ကြက်ရယူသင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေ ပေးသွားပါတယ်။

အခုထိတော့ ကျွန်တော်တို့တစ်တွေဟာ တရုတ်ရဲ့စီမံကိန်းထဲမှာ ဟိုဟာပါသလိုလို၊ ဒီဟာမပါဘူးလိုလို မှန်းဆချင့်ချိန်နေရတဲ့ အပြင်လူတွေပဲ ဖြစ်နေပါသေးတယ်။ 

 

ခင်မောင်ညို (ဘောဂဗေဒ)
၀၁.၀၄.၂၀၁၉

ညွှန်း – KHALID MEHMOOD, BRI: China-Pakistan-Economic Corridor Lessons for Myanmar

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *