၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

စက်ထဲက မိုးဇာ့တ်

အနည်းဆုံးတော့ ရေတိုကာလအတွင်း AI နှင့် စက်ရုပ်များက လက်ရှိ ရှိနေသည့် လုပ်ငန်းကိုင်ငန်းများအားလုံးကို လုံးလုံးလျားလျား အစားထိုးနိုင်ဦးမည်မဟုတ်ပါ။ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်ရသည့် အနည်းအကျဉ်းသော အလုပ်များတွင်သာ အလိုအလျောက် လုပ်စက်များဖြင့် အစားထိုးနိုင်ဦးမည် ဖြစ်ပါသည်။ သို့သော် သမားရိုးကျသိပ်မဆန်ဘဲ ကျွမ်းကျင်မှုမျိုးစုံကို တစ်ပြိုင်တည်း လိုအပ်သောအလုပ်များနှင့် မျှော်မှန်းမထားနိုင်သည့်အခြေအနေမျိုး ကြုံလာနိုင်သော အလုပ်များတွင်မူ လူသားများကို စက်များဖြင့် အစားထိုးရန် ခက်ခဲနေဦးမည် ဖြစ်ပါသည်။ ဥပမာ – ကျန်းမာရေးစောင့်ရှောက်မှုကိုကြည့်ပါ။ ဆရာဝန်အများစု၏ အလုပ်မှာ သတင်းအချက်အလက်ကိုသာ အဓိကအားဖြင့် ဆန်းစစ်ရခြင်းဖြစ်ပါသည်။ လူနာ၏ ရောဂါနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်ကိုရယူပြီး ဆန်းစစ်သုံးသပ်ကာ ရောဂါအမည်တပ်ရပါသည်။ သူနာပြုများမှာမူ ဆေးထိုးခြင်းအလုပ်လုပ်ရန်၊ ပတ်တီးလဲပေးရန် သို့မဟုတ် ခပ်ဆိုးဆိုး လူနာတစ်ယောက်ကို ချုပ်ထားရန် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် သက်ဆိုင်သော ကျွမ်းကျင်မှုများနှင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများလည်း လိုအပ်ပါသည်။ သို့ဖြစ်ရာ AI ဆရာဝန်များကို ကျွန်ုပ်တို့၏ စမတ်ဖုန်းများပေါ်တွင် အရင်ရနိုင်ဖို့ကများပြီး စိတ်ချရမည့် သူနာပြုစက်ရုပ်များပေါ်လာဖို့ ဆယ်စုနှစ်များစွာစောင့်ရနိုင်ပါသည်။ လူနာများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများကို စောင့်ရှောက်သည့် လူသားစောင့်ရှောက်မှု လုပ်ငန်းကြီးတစ်ခုလုံးမှာ လူသားအလုပ်အကိုင် ခံတပ်ကြီးသဖွယ် အချိန်အတော်ကြာ ကျန်ရှိနေဦးမည့်သဘောဖြစ်ပါသည်။ အမှန်ပင် ကလေးသူငယ်များနည်းလာပြီး လူသားများ အသက်ရှည်လာသည်နှင့်အမျှ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းမှာ အလျင်အမြန်ပင်ကြီးထွား လာနိုင်သည့် လူသားအလုပ်သမား ဈေးကွက်တစ်ခု ဖြစ်လာဖို့ရှိပါ၏။

လူသားစောင့်ရှောက်ရေးလုပ်ငန်းနည်းတူ တီထွင်ဖန်တီးနိုင်စွမ်းမှာလည်း အလိုအလျောက်လုပ်စက်များဖြင့် အစားထိုးရန် အထူးသဖြင့် ခက်ခဲနိုင်ပါသည်။ ကျွန်ုပ်တို့အနေနှင့် ဂီတကိုရောင်းဝယ်ရန် လူသားများ မလိုတော့ချေ။ ကျွန်ုပ်တို့အနေနှင့် ဂီတကို iTunes စတိုးမှ တိုက်ရိုက် ဒေါင်းလုတ်ချနိုင်သည်။ သို့သော် တေးရေးဆရာများ၊ အဆိုတော်များ၊ ဂီတသမားများ၊ ဒီဂျေများမှာ အသွေးနှင့်အသားနှင့် လူသားများ ဖြစ်နေပါသေးသည်။ ဂီတအသစ်များကို ဖန်တီးရုံသာမက အံ့ခမန်းများပြားသည့် ရွေးချယ်စရာများထဲမှ ရွေးချယ်နိုင်ရန် သူတို့၏ တီထွင်ဖန်တီးနိုင်မှုကို လိုအပ်ပါသည်။

သို့သော်ငြားလည်း ရေရှည်တွင်မူ မည်သည့်အလုပ်မျှ အလိုအလျောက်လုပ်စက်များဖြင့် အစားထိုးခံရခြင်းမှ လွတ်လမ်းမမြင်ပါ။ အနုပညာရှင်များကိုလည်း ဒီကိစ္စသတိပေးထားရမည်ဖြစ်သည်။ ခေတ်သစ်ကမ္ဘာတွင် အနုပညာဟုဆိုလျှင် လူသားများ၏ စိတ်ခံစားချက်မှုအကြောင်းက ပါလာစမြဲ။ ကျွန်ုပ်တို့ ထင်လေ့ရှိသည်က အနုပညာရှင်များမှာ ရင်ဘတ်ထဲက ဖန်တီးရခြင်းဖြစ်ပြီး အနုပညာ၏ အန္တိမရည်ရွယ်ချက်မှာလည်း ကျွန်ုပ်တို့ကို မိမိတို့၏ ခံစားချက်များနှင့် မိမိတို့ကို ပေါင်းစည်းပေးရန်နှင့် ခံစားချက်အသစ်များ မွေးဖွားပေးရန်ဖြစ်သည်။ ဆိုတော့ ကျွန်ုပ်တို့အနေနှင့် အနုပညာတစ်ရပ်ကို ဆန်းစစ်သည့်အခါ ပရိသတ်၏ရင်ထဲ ဘယ်လောက်ရောက်သလဲ၊ ဘယ်လိုခံစားရသလဲဆိုသည်နှင့် တိုင်းထွာလေ့ရှိသည်။ သို့တစေ အနုပညာကို လူသားများ၏ စိတ်ခံစားချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းဖြစ်သည်ဟုဆိုပါလျှင် ပြင်ပအယ်လ်ဂိုရစ်သမ်များက လူသားများ၏ စိတ်ခံစားချက်ကို ရှိတ်စပီးယားတို့၊ ဖရိုင်ဒါခါလိုတို့၊ ဘီယွန်းစေးတို့ထက် ပိုပြီးနားလည်လာမည်ဆိုလျှင်၊ ပိုပြီး ခံစားတတ်အောင် လုပ်လာနိုင်မည်ဆိုလျှင် ဘာတွေဖြစ်ကုန်မည်ထင်ပါသလဲ။

တကယ်တမ်းတော့ စိတ်ခံစားချက်များမှာ လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်ကြီးမှ လာခြင်းမဟုတ်။ သူတို့မှာ ဇီဝဓာတုဖြစ်စဉ်၏ ရလဒ်သာ ဖြစ်သည်။ သို့ဖြစ်ရာ သိပ်မဝေးတော့သော အနာဂတ်တွင် ကွန်ပျူတာအယ်လ်ဂိုရစ်သမ်တစ်ခုက စာဖတ်သူ၏ ခန္ဓာကိုယ်ထဲနှင့် ခန္ဓာကိုယ်ပေါ်တွင် တပ်ထားသော အာရုံခံကိရိယာများမှ အဆက်မပြတ် ဇီဝတိုင်းတာချက် ဒေတာများကိုသုံးသပ်ကာ စာဖတ်သူ ဘယ်လိုလူစားမျိုးဖြစ်သည်၊ စိတ်ခံစားချက် ဘယ်လိုအပြောင်းအလဲဖြစ်နေသည်၊ သီချင်းတစ်ပုဒ် သို့မဟုတ် ဂီတကီးတစ်ကွက်ကြောင့် စာဖတ်သူ စိတ်ဘယ်လိုဖြစ်သွားနိုင်သည်ကို တွက်ချက်လာနိုင်စွမ်းရှိသည့်အခြေအနေ ရောက်လာနိုင်သည်။

အနုပညာပုံစံအမျိုးမျိုးထဲမှ ဂီတမှာ မဟာဒေတာဆန်းစစ်မှု (Big Data Analysis) ကို အခံရနိုင်ဆုံးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဂီတနှင့် ပတ်သက်သည့် အဝင်ရော အထွက်ရောပါ သင်္ချာနည်းအရ တိကျစွာ ပုံဖော်လို့ရသည်။

ဂီတနှင့် ပတ်သက်သည့် အဝင်ဆိုသည်မှာ အသံလှိုင်းများ၏ သင်္ချာပုံစံများဖြစ်ပြီး အထွက်တွင် ဦးနှောက်အာရုံကြောလှိုင်းများ၏ လျှပ်စစ်ဓာတု ပုံစံများဖြစ်သည်။ ဆယ်စုနှစ်အနည်းငယ်အတွင်း ဂီတနှင့်ပတ်သက်သည့် ခံစားရမှုသန်းပေါင်းများစွာကို လေ့လာထားပြီးဖြစ်သည့် အယ်လ်ဂိုရစ်သမ်တစ်ခုအနေနှင့် မည်သို့အဝင်ပုံစံများရှိပါက မည်သည့်အထွက်ပုံစံများ ရနိုင်ကြောင်း ခန့်မှန်း၍ရလာနိုင်သည်။

စာဖတ်သူ ရည်းစားနှင့် အကြီးအကျယ် ပြဿနာတွေတက်လာသည်ဆိုကြပါစို့။ စာဖတ်သူ၏ အသံစနစ်ကို တာဝန်ယူထားသည့် အယ်လ်ဂိုရစ်သမ်အနေနှင့် ရင်ထဲမှ ဗလောင်ဆူနေသောအဖြစ်ကို ချက်ချင်း ရိပ်စားမိမည်။ စာဖတ်သူအကြောင်း သူသိထားသော အချက်များနှင့် လူသားများ၏ စိတ်အခြေအနေအပေါ် ယေဘုယျသိမှုတို့ကို အခြေခံကာ စာဖတ်သူ၏ ပူဆွေးမှုနှင့် ကြေကွဲဝမ်းနည်းမှုတို့ကို ထင်ဟပ်နိုင်မည့်သီချင်းများ ဖွင့်ပေးမည်ဖြစ်သည်။ ယင်းသီချင်းများမှာ အခြားသူများနှင့် ကိုက်ချင်မှ ကိုက်မည်ဖြစ်သော်လည်း စာဖတ်သူနှင့်တော့ လုံးဝကွက်တိကိုက်မည်ဖြစ်သည်။ အယ်လ်ဂိုရစ်သမ်က စာဖတ်သူ၏ ပူဆွေးမှုကို ဖြေသိမ့်ပေးပြီးသောအခါ စာဖတ်သူကို အားပေးနိုင်မည့်သီချင်းမျိုးကို ရွေးပြီး ဖွင့်ပေးမည်ဖြစ်သည်။ ယင်းသီချင်းမှာ စာဖတ်သူပင်မသိဘဲ ပျော်ရွှင်ခဲ့သော ကလေးဘ၀အမှတ်တရတစ်ခုခုနှင့် မိမိမသိစိတ်နှင့် ဆက်စပ်နေတာမျိုး ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဘယ်လူသား ဒီဂျေမှ ဤကဲ့သို့သော AI ၏ စွမ်းဆောင်နိုင်မှုကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

စာဖတ်သူအနေနှင့် ယင်းသို့ဆိုလျှင် AI သည် ကျွန်ုပ်တို့၏ အတိတ်က ကြိုက်မှု၊ မကြိုက်မှုတို့ကိုသာ အခြေခံသော ဂီတအမျိုးအစား ခပ်ကျဉ်းကျဉ်းထဲတွင်ပင် ပိတ်မိကာ အသစ်အသစ်သော အမှတ်မထင်အကြိုက်တွေ့နိုင်သည့် ဂီတအသစ်များ ရှာတွေ့နိုင်မှုကို ပိတ်ပင်ရာ ရောက်လိမ့်မည်ဟု ငြင်းချက်ထုတ်ဖွယ်ရာရှိပါသည်။ ဂီတအသစ်များ၊ ပုံစံအဆန်းများကို ဘယ်လိုရှာရပါတော့မည်နည်း။ ပြဿနာမရှိပါ။ စာဖတ်သူနေဖြင့် အယ်လ်ဂိုရစ်သမ်ကို ချိန်ညှိထားကာ ရွေးချယ်မှု ၅ ရာခိုင်နှုန်းကို ကျပန်းဖြစ်အောင် ဖန်တီးထားလို့ ရပါသည်။ ဤနည်းဖြင့် အမှတ်မထင် အင်ဒိုနီးရှားဆိုင်းဝိုင်းဂီတကို ဖွင့်ပြတာမျိုး၊ Rossini ၏ အော်ပရာဂီတကို ဖွင့်ပြတာမျိုး၊ ဒါမှမဟုတ် နောက်ဆုံးပေါ် K-Pop ဖွင့်ပြတာမျိုးလုပ်အောင် ရွေးထားလို့ရနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ AI မှာ စာဖတ်သူ၏တုံ့ပြန်မှုကို မှတ်သားထားကာ သူ့၏ ကျပန်းဖြစ်မှုကို ၃ ရာခိုင်နှုန်းသို့လျှော့ သို့မဟုတ် ၈ ရာနိုင်နှုန်းသို့ တင်ခြင်းဖြင့် သင့်တော်သော ကျပန်းပမာဏ ရွေးချယ်ကာ စာဖတ်သူ စိတ်အနှောင့်အယှက်မဖြစ်စေဘဲ အသစ်ရှာဖွေမှုကို အနေတော်ဖြစ်အောင် လုပ်လာနိုင်ပါသည်။

နောက်ထပ် ငြင်းချက်ထုတ်နိုင်သည်မှာ အယ်လ်ဂိုရစ်သမ်သည် ဘယ်လိုစိတ်ခံစားချက်မျိုးပေးအောင် ရွေးရမှန်းမသိ ဖြစ်နိုင်သည်ဟူ၍ ဖြစ်သည်။ စာဖတ်သူက ရည်းစားနှင့် ပြဿနာတွေ တက်လာသည်ဆိုလျှင် အယ်လ်ဂိုရစ်သမ်က စာဖတ်သူဝမ်းနည်းအောင် လုပ်သင့်သလား ဒါမှမဟုတ် ပျော်အောင်လုပ်ပေးရမလားဆိုတာ သိချင်မှသိပါမည်။ သူ့အနေနှင့် မျက်လုံးစုံမှိတ်ကာ ‘ကောင်းသော’ ခံစားချက်များ သို့မဟုတ် ‘ဆိုးသော’ ခံစားချက်များ နောက်သို့ လိုက်သင့်ပါသလား။ ဘ၀မှာ တစ်ခါတလေ ဇွတ်ပျော်ခိုင်းတာမျိုးမလုပ်ဘဲ ဝမ်းနည်းနေတာက ပိုကောင်းမည်ဆိုတာမျိုး ဖြစ်နိုင်မလား။ အမှန်တော့ ဤမေးခွန်းမှာ လူသားဂီတပညာရှင်များနှင့် ဒီဂျေများကိုလည်း မေးလို့ရပါသည်။ သို့သော် အယ်လ်ဂိုရစ်သမ်ရှိလာသောအခါ ဤမေးခွန်းအတွက် စိတ်ဝင်စားဖွယ်ကောင်းသော အဖြေများ ပေါ်လာသည်။

ပထမတစ်နည်းမှာ သုံးစွဲသူကိုစိတ်ကြိုက်ရွေးခွင့် ပေးထားလိုက်ခြင်းဖြစ်သည်။ စာဖတ်သူအနေနှင့် မိမိစိတ်ခံစားချက်ကို မိမိဘာသာ ဆန်းစစ်ကာ အယ်လ်ဂိုရစ်သမ်အနေနှင့် စာဖတ်သူရွေးချယ်ထားသည့်အတိုင်း လိုက်လုပ်ပေးရန်ဖြစ်သည်။ စာဖတ်သူ ကြေကွဲဝမ်းနည်းနေလိုသည်ဖြစ်စေ၊ မြူးတူးခုန်ပေါက်နေလိုသည်ဖြစ်စေ အယ်လ်ဂိုရစ်သမ်က သင်ရွေးချယ်ထားသည့်အတိုင်း စုံမှိတ်လိုက်နာမည်ဖြစ်သည်။ အမှန်ပင် အယ်လ်ဂိုရစ်သမ်အနေနှင့် စာဖတ်သူ မိမိကိုယ်တိုင်ပင် သိမလာသေးခင် ဘယ်လိုရွေးမည်ဆိုသည်ကိုပင် ကြိုသိလာနိုင်သည်။

သို့တည်းမဟုတ် စာဖတ်သူက ကိုယ့်ဘာသာကိုယ် ရွေးချယ်မှုကို စိတ်မချဘူးဆိုလျှင် အယ်လ်ဂိုရစ်သမ်က စာဖတ်သူ စိတ်ချသည့် ဘယ်နာမည်ကြီး စိတ်ပညာရှင်မဆို၏ ညွှန်ကြားမှုအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ ရည်းစားက ပစ်သွားသည်ဆိုလျှင် အယ်လ်ဂိုရစ်သမ်က ပူဆွေးခြင်း အဆင့်ငါးဆင့်အတိုင်း လမ်းညွှန်ပေးနိုင်သည်။ ပထမတစ်ဆင့်အနေဖြင့် Bobby McFerrin ၏ ‘စိတ်မညစ်နဲ့၊ ပျော်ပျော်နေ’ ကိုဖွင့်ပြပြီး ဖြစ်သွားသည့်ကိစ္စကို မဟုတ်ပါဘူးဟု ကိုယ့်ဘာသာကိုယ် ဖြေသိမ့်နိုင်သည်။ ထို့နောက်တွင် Alanis Morissette ၏ ‘မင်းသိဖို့ ကောင်းတယ်’ နှင့် မိမိ၏ ဒေါသတွေဖွင့်ဟပစ်လိုက်လို့ရသည်။ ယင်းနောက် Jacques Brel ၏ ‘ထားမသွားပါနဲ့’ နှင့် Paul Young ၏ ‘ပြန်လာပါ’ ဖြင့် ဈေးဆစ်ခိုင်းမည်။ ပြီးနောက် Adele ၏ ‘မင်းလိုလူ’ နှင့် ‘ဟဲလို’ တို့ဖြင့် အပီအပြင် ကြေကွဲပက်လက်ဖြစ်ပြီး အဆုံးတွင် Gloria Gaynor ၏ ‘ငါ ဒါနဲ့တော့ မသေပါဘူး’ ဖြင့် လက်ရှိအခြေအနေကို လက်ခံနိုင်ရန် အကူအညီပေးမည် ဖြစ်သည်။

နောက်တစ်ဆင့်တွင် အယ်လ်ဂိုရစ်သမ်က သီချင်းများ၊ တီးလုံးများကိုပါ စာဖတ်သူ စိတ်ကြိုက်ဖြစ်စေရန် စပြီးကလိလာနိုင်မည်ဖြစ်သည်။ အင်မတန်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်တည်းမှာပဲ စာဖတ်သူ မကြိုက်လှသည့် အပိုင်းလေးတစ်ပိုင်း ရှိသည်ဆိုပါစို့။ အယ်လ်ဂိုရစ်သမ်က စာဖတ်သူ မကြိုက်မှန်းကိုသိ၏။ အဘယ့်ကြောင့်ဆိုသော် ထိုအပိုင်းကိုနားဆင်သောအခါ စာဖတ်သူ ရင်ခုန်သံပြောင်းသွားပြီး Oxytocin ပမာဏလည်း နည်းနည်းလေးကျသွားသည်။ အယ်လ်ဂိုရစ်သမ်က ထိုမကြိုက်သည့် အပိုင်းများကို ပြန်ပြင်ရေးပေးမည် သို့မဟုတ် ဖျက်ထုတ်ပေးလိုက်မည် ဖြစ်သည်။

ရေရှည်တွင် အယ်လ်ဂိုရစ်သမ်များမှာ တေးသွားများကိုပါ အစအဆုံး သီကုံးလာနိုင်ဖွယ်ရှိပြီး လူသားများ၏ စိတ်ခံစားချက်များကိုလည်း ခလုတ်နှိပ်ကာ စန္ဒယားကြီးတီးသလို တီးလာနိုင်မည်ဖြစ်သည်။ စာဖတ်သူ၏ ဇီဝတိုင်းထွာချက် ဒေတာများကိုသုံး၍ တစ်လောကလုံးတွင် မိမိတစ်ဦးတည်းအတွက်ဖြစ်မည့် စိတ်ကြိုက်ဂီတသံစဉ်များ ဖန်တီးလာနိုင်ကောင်း လာနိုင်ပေမည်။

ပြောလေ့ရှိကြသည်မှာ လူသားများ အနုပညာကို နှစ်သက်ရခြင်းမှာ ယင်းအနုပညာတွင် မိမိကိုယ်ကိုယ် ရှာတွေ့နိုင်သောကြောင့် ဟူ၏။ ထိုအချက်မှာ ဖေ့စ်ဘွတ်ခ်က စာဖတ်သူအကြောင်း သူသိထားသမျှပေါ် မူတည်ပြီး စာဖတ်သူ ကြိုက်နိုင်လောက်မည့် ပုဂ္ဂလိက အနုပညာများ စဖန်တီးပေးလာပါလျှင် အံ့ဩစရာကောင်းပြီး တစ်နည်း ကြောက်မက်ဖွယ်ကောင်းနိုင်သည့် ရလဒ်များဖြစ်လာနိုင်သည်။ ကိုယ့်ရည်းစားက ကိုယ့်ကိုပစ်သွားသည်ဆိုလျှင် Adele တို့၊ Alanis Morissette တို့၏ အသည်းကိုခွဲသွားသည့် ဘယ်သူမှန်း ကိုယ်မသိသည့်သူအကြောင်း မဟုတ်တော့ဘဲ အဲဒီသောက်ကျင့်မကောင်းသည့်ကောင်အကြောင်း ဖွဲ့ထားသည့်သီချင်းကို ဖေ့စ်ဘွတ်ခ်က သင့်အတွက် ဖန်တီးလာနိုင်သည်။ သီချင်းထဲတွင် ဤလောကဝယ် သူနှင့်ကိုယ်သာ သိနိုင်သည့် အမှန်တကယ် ဖြစ်ပျက်ခဲ့သောကိစ္စများပင် ထိုသီချင်းထဲမှာ ပါကောင်းပါဝင်လာနိုင်ဖွယ် ရှိလေသည်။

ဟုတ်ပါသည်၊ ပုဂ္ဂလိက အနုပညာများမှာ ခေတ်စားလာချင်မှ လာပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူအများမှာ လူတိုင်းကြိုက်သော ပေါက်သည်ဆိုသည့် အရာများကိုသာ ဆက်လက်နှစ်သက်တာမျိုးလည်း ဖြစ်နိုင်ပါသည်။ ကိုယ့်အပြင် ဘယ်သူမှ မကြားဖူးသော သီချင်းများကို အခြားသူများနှင့် အတူတွဲဆိုရန်၊ ကရန်ခုန်ရန် ခက်ပါလိမ့်မည်။ သို့တစေ အယ်လ်ဂိုရစ်သမ်များမှာ လူတစ်ဦးချင်းသာနှစ်သက်သည့် ရှားရှားပါးပါး အနုပညာများ ဖန်တီးသည်ထက် ကမ္ဘာလုံး ချီပေါက်သည်ဆိုသည့် အနုပညာများကို ဖန်တီးရာတွင် ပို၍ပင်စွမ်းပါဦးမည်။ သန်းနှင့်ချီသော လူသားများထံမှ စုဆောင်းရရှိသည့် ဇီဝတိုင်းထွာချက် ဒေတာများကိုအသုံးပြု၍ နှိပ်ရမည့်တစ်ကမ္ဘာလုံး အရူးအနှမ်း မြူးကြွကခုန်ကြမည့် သီချင်းများကို ဖန်တီးလာနိုင်ပါသည်။ အကယ်၍ အနုပညာသည် လူသားများ၏ စိတ်ခံစားချက်များကို ညှို့ငင်ဖမ်းစားခြင်း သို့မဟုတ် ပြုပြင်ဖန်တီးခြင်း ဖြစ်သည်ဆိုပါက လူသားဂီတပညာရှင်များအနေနှင့် ထိုကဲ့သို့သော အယ်လ်ဂိုရစ်သမ်မျိုးနှင့် ယှဉ်ဖို့ခက်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် လူသား၏ ဇီဝဓာတုစနစ်ဆိုသည့် အဓိက တူရိယာကို အယ်လ်ဂိုရစ်သမ်များ နားလည်သလို လူသားများ နားလည်ဖို့ ခက်နိုင်သောကြောင့် ဖြစ်ပါသည်။

ဆိုတော့ကား ဤသို့ဖြစ်အင်များမှာ ကောင်းလှသည့်ဆိုသော အနုပညာများ ပေါ်ပေါက်လာစေမည်လော။ ဤအချက်မှာ အနုပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အပေါ်တွင် မူတည်ပါလိမ့်မည်။ အလှတရားဟူသည် နားဆင်သူ၏ သောတအာရုံတွင်သာ ရှိသည်ဟုဆိုပါက သုံးစွဲသူသည် အမြဲမှန်သည်ဟုဆိုပါက ဇီဝတိုင်းထွာချက်ကို အသုံးပြုနိုင်သည့် အယ်လ်ဂိုရစ်သစ်များမှာ သမိုင်းနှင့်ချီ၍ အကောင်းဆုံးဆိုသည့် အနုပညာများ ဖန်တီးရန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ အနုပညာသည် လူသားများ၏ စိတ်ခံစားချက်ထက် ပိုမိုနက်ရှိုင်းပြီး ကျွန်ုပ်တို့၏ ဇီဝဓာတု တုန်ခါမှုများထက် ပိုမိုသည်ဆိုပါက ဇီဝတိုင်းထွာချက်များကိုသုံးသည့် အယ်လ်ဂိုရစ်သမ်များမှာ သိပ်ကောင်းလှသည့် အနုပညာရှင်များ ဖြစ်မည်မဟုတ် ပေ။ သို့သော် လူသားအနုပညာရှင်များအနေနှင့်လည်း ထိုသို့ဆိုလျှင် သိပ်ထူးလှမည် မဟုတ်ပေ။ အနုပညာဈေးကွက်ထဲသို့ဝင်ပြီး လူသားတေးရေးဆရာများနှင့် အနုပညာရှင်များကို အစားထိုးရန်မှာ အယ်လ်ဂိုရစ်သမ်များအနေနှင့် ချက်ချင်းလက်ငင်း ချိုင်ကော့ဗ်စကီးထက်သာရန် မလိုပေ။ ဘရစ်တနီးစပီးယားထက်သာလျှင်ပင် အဆင်ပြေပါပြီ။ 

 

သီဟဝင့်အောင်
ဆက်လက်ဖော်ပြပါမည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *