မိဇာ ပညာတော်သင်ခရီး

နယူးဇီလန်နိုင်ငံရှိ University of Auckland တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ (Master of Public Policy) သင်တန်းတက်ရောက်နေသူ ဒေါက်တာသဉ္ဇာအောင်၏ ပညာဆည်းပူးမှု ကိုယ်တွေ့အတွေ့အကြုံများကို ရေးသားထားခြင်းဖြစ်ပါသည်။ (အယ်ဒီတာ)

အဖူး ။ ။ “မိဇာ နင်က နိုင်ငံခြား ဘာသွားလုပ်တာလဲ”
မိဇာ ။ ။ ကျောင်းသွားတက်တာလေ အဖူးရဲ့။
အဖူး ။ ။ နင်က အခုမှ ကျောင်း ပြန်တက်ရသလား။
မိဇာ ။ ။ မဟာဘွဲ့ ထပ်ယူတာ အဖူးရဲ့။ သမီးအလုပ်နဲ့ အရင်ရထားတဲ့ ဆရာဝန်ဘွဲ့ တခြားစီ ဖြစ်နေတာရယ်၊ နိုင်ငံခြားမှာ ကျောင်းတက်တဲ့ အတွေ့အကြုံ လိုချင်တာရယ်ကြောင့်ပါ။

ကြီးတော် (၁)။ ။ နင့်နှယ်ဟယ်… စွန့်စွန့်စားစား။ သမီးလေး ထားခဲ့ပြီးသွားရတယ်လို့။ ဒီအတိုင်းလည်း စားလောက်သားဟာကို။

ကြီးတော် (၂)။ ။ အေ့လေဟယ်။ ဒါနဲ့ နင်က အဲ့ဒီမဟာဘွဲ့ဆိုတာ ရပြီးရင် ရာထူးတိုးမှာလား။ လစာရော ဘယ်လောက်ရမှာလဲ။

မိဇာ ။ ။ အဲဒါတော့ သေချာ မသိသေးဘူး အဒေါ်ရဲ့။ ဘွဲ့ရပြီး ပြန်လာမှပဲ အလုပ်ထပ်လျှောက်ကြည့်ရမှာ။ ရာထူးမြင့်တာ၊ လစာမြင့်တာတော့ လျှောက်ရမှာပေါ့။

ကြီးတော်များ ။ ။ နင့်ဟာကလည်း မသေမချာနဲ့။ ကိုယ့်ဘာသာ အိမ်မှာ ကလေးနဲ့ အေးအေးနေတာမဟုတ်ဘူး။

မိဇာ ပြန်ပြောမနိုင်ပါ။ တကယ်တော့ ပညာတော်သင်ဆိုတာ နာမည်လေးက အတော်ကိုဂုဏ်ရှိပြီး တော်တော်လေး ကြိုးစားရယူလိုကြတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့လည်း အဲဒီပညာတော်သင်ဆိုတာရဲ့ နောက်ကွယ်မှာ လူတစ်ဦးချင်းစီတိုင်း အတွက် မရိုးနိုင်တဲ့ နောက်ခံဇာတ်လမ်းတွေ ရှိပါတယ်။ မိဇာဆိုတာကလည်း အဲဒီ ပညာတော်သင် ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တစ်ယောက်ပါ။ မိဇာရဲ့ မိဘများက ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်က တောရွာလေးတွေမှာ မွေးဖွားခဲ့ကြပါတယ်။ အမေက မူလတန်းပညာသာ သင်ခွင့်ရခဲ့ပြီး အဖေက သူတို့ခေတ် သူတို့အခါက ရွာမှာ ဉာဏ်ကောင်းစာတော်တဲ့အထဲ ပါတဲ့အတွက် သူ့မိဘတွေက အလယ်တန်းပြီး ကျောင်းနုတ်မယ်ဆိုတာကို ဆရာတွေက လက်မခံခဲ့ဘဲ သူတို့အိမ်မှာနေ ကျောင်းဆက်ထားပေးလို့ ရန်ကုန်တက္ကသိုလ်မှာ ရူပဗေဒအဓိကနဲ့ ဘွဲ့ရခဲ့ပါတယ်။ နောက်ပိုင်း အလယ်တန်းပြကျောင်းဆရာအဖြစ်နဲ့ အငြိမ်းစားယူပြီး လွန်ခဲ့တဲ့ လေးနှစ်က ကွယ်လွန်ခဲ့ပါတယ်။ အဖေကွယ်လွန်ချိန်မှာ အဖေ့ရဲ့ မိဘနှစ်ပါးလုံးက သက်ရှိထင်ရှား ရှိနေပါသေးတယ်။ မနှစ်ကမှ အဖီ (အဖွား) ကွယ်လွန်ခဲ့ပြီး မိဇာ ပညာတော်သင်သွားတဲ့အချိန်မှာ အဖူး (အဖိုး) တစ်ယောက်သာ ရှိပါတယ်။ အမေ့ဘက်ကတော့ အဖိုးအဖွားတွေက မိဇာငယ်စဉ်ကတည်းက ကွယ်လွန်ခဲ့တာဖြစ်လို့ ရွာမှာ ကြီးတော်တွေပဲ ကျန်ပါတယ်။ ရိုးရှင်းလှတဲ့ တောရွာဓလေ့နေထိုင်မှုပုံစံထဲမှာပဲ သူတို့ဘ၀တစ်လျှောက်လုံးမြှုပ်နှံခဲ့ကြတဲ့ အဖူးတို့၊ ကြီးတော်တို့ဟာ မိဇာရဲ့ နိုင်ငံခြားပညာတော်သင်ဆိုတဲ့ ဝိသေသကို လုံးဝနားမလည်နိုင်ပါဘူး။ ပိုဆိုးတာက မိဇာက ၂ နှစ်တောင် မပြည့်သေးတဲ့သမီးလေးကို ဘာလို့ထားသွားခဲ့တာလဲဆိုတာကို သူတို့နားမလည်နိုင်ကြပါ။ အဲဒါကြောင့် တအံ့တဩနဲ့ အထက်က မေးခွန်းတွေကို ယခု မိဇာတစ်ယောက် နိုင်ငံခြားကနေ နွေကျောင်းပိတ်ရက် ပြန်လာတဲ့အချိန်မှာ သူတို့ မေးမြန်းကြပါရော။

မိဇာရဲ့ ပညာတော်သင်ခရီးက တကယ်တော့ Semester သုံးခု၊ တစ်နှစ်ခွဲသာ ကြာမြင့်တဲ့ နယူးဇီလန်နိုင်ငံ University of Auckland က ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့အတွက် ဖြစ်ပါတယ်။ ထုံးစံအတိုင်း မိဇာလို မိန်းကလေးတစ်ယောက်အနေနဲ့ အင်္ဂလိပ်စကားပြော နိုင်ငံတစ်ခုက တက္ကသိုလ်မှာ မဟာဘွဲ့တက်နိုင်ဖို့အတွက် မချမ်းသာနေခဲ့ပါဘူး။ နယူးဇီလန်ပညာတော်သင်ဆု မရခင်မှာလည်း ပညာတော်သင်ဆုပေါင်းများစွာကို ၂၀၁၂ လောက်ကတည်းက ကြိုးစားခဲ့ဖူးပါတယ်။ ထူးထူးခြားခြား ဉာဏ်ကောင်းနေတာမဟုတ်တဲ့ မိဇာက ဘာသာစကားလေ့လာတဲ့နေရာမှာ အတော်ကို အားနည်းခဲ့ပါတယ်။ IELTS ၊ TOFEL စာမေးပွဲတွေကို ငွေယားလေးစုလိုက် သင်တန်းလေးတက်လိုက၊် ဖြေကြည့်လိုက် အမှတ်မပြည့်လိုက်နဲ့ လုံးချာလည်နေတဲ့သူပါ။ တကယ်တမ်း Essay တွေ အရေးကောင်းလို့ အင်တာဗျူးပါတော့လည်း Skype Interview တွေမှာ အဆင်မပြေဘဲ ပြုတ်တာများပါတယ်။ အဲဒီလိုနဲ့ ၂၀၁၆ မှာ မိဇာတစ်ယောက် ချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့အချိန်ကျမှ တကယ်ကို စုတ်ရော လာဘ်ပါဝင်ခဲ့တာပါ။ သမီးလေးကို ကိုယ်ဝန်ဆောင်တာရော၊ ၂၀၁၅ တည်းက လျှောက်ထားခဲ့တဲ့ နယူးဇီလန်ပညာတော်သင်ဆုအတွက် အင်တာဗျူးခေါ်တာရောပါ။ အင်တာဗျူးဖြေဖို့သွားတော့ မိဇာတစ်ယောက် သမီးလေး ကိုယ်ဝန်နဲ့ပါ။ ကံကောင်းချင်တော့ နယူးဇီလန်ပညာတော်သင်ဆုက အင်တာဗျူးကို ရန်ကုန်မှာပဲ လူကိုယ်တိုင်တွေ့ပြီး ဖြေရလေတော့ အဆင်ပြေပါလေရော။

ပြဿနာက ပညာတော်သင်ဆုကို လက်ခံရမလား၊ လက်မခံရဘူးလားဆိုတာကို မိဇာကိုယ်တိုင် မပြတ်သားတော့တာပါ။ စကတည်းက ထက်မြက်လွန်းနေတဲ့သူတစ်ယောက် မဟုတ်တဲ့အတွက် မိသားစုနဲ့ ခွဲပြီး နိုင်ငံရပ်ခြားမှာ ရုန်းကန်ရမှာကို မိဇာ တွေးကြောက်ပါတယ်။ သမီးလေးကိုလည်း ထားမသွားချင်ပါဘူး။ အိမ်ထောင်ကျပြီး ကိုယ်ပိုင်အိမ်ခန်းပိုင်ဆိုင်ဖို့တောင် မသေချာသေးတဲ့ဘ၀မှာ မိသားစုအရေးကို ပစ်ထားခဲ့ပြီး တစ်ကိုယ်ထဲ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ဆိုတာ အတော်ကို ခက်ခဲတဲ့ကိစ္စပါ။ ခင်ပွန်းနဲ့ ကလေးကို ခေါ်သွားဖို့ဆိုတာကလည်း လက်ရှိအလုပ်တွေကို ရပ်ထားခဲ့ပြီး ဘာမှန်းမသိသေးတဲ့ ဘ၀အသစ်ထဲကို ခုန်ချရမှာဖြစ်တဲ့အတွက် အဲဒီ Risk ကို မိဇာ မယူရဲပါ။ အစကတည်းက ဘာသာစကားနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းနေတဲ့ မိဇာဟာ ဟိုမှာစာသင်ရတဲ့အခါ ကလေးတစ်ဖက်နဲ့ ရုန်းကန်ရဖို့ဆိုတာလည်း အတော်ကြီးမားတဲ့ စိန်ခေါ်မှုပါ။ အဲဒီလို ဝိရောဓိတွေကြားကပဲ ပညာသင်ဆုကို လက်ခံဖို့ နောက်ဆုံးမိနစ်မှာ မိဇာဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဘ၀တစ်ခုရဲ့ နေဝင်ချိန်မှာ မလုပ်ခဲ့လိုက်ရတဲ့အရာတွေအတွက် နောင်တ ရမနေချင်လို့ပါပဲ …။

တကယ်တော့ ပညာတော်သင်သွားမယ့်သာ သွားရတယ် … နယူးဇီလန်နိုင်ငံ အကြောင်း၊ တက်ရမယ်ဆိုတဲ့ University of Auckland အကြောင်း၊ ယုတ်စွဆုံး ကိုယ်လိုချင်တဲ့ ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့ (Master of Public Policy) အကြောင်းကိုတောင် မိဇာ သေချာသိနေခဲ့တာ မဟုတ်ပါဘူး။ ဘ၀မှာ ပညာတော်သင်လေး သွားဖူးလေရဲ့ဆိုတဲ့ အတွေ့အကြုံလေး လိုချင်တာက တစ်ကြောင်း၊ နုံနဲ့လှတဲ့ ကိုယ့်ငါးပိသံနဲ့ အင်္ဂလိပ်စကားပြော နည်းနည်းပါးပါးများ တိုးတက်လေမလားဆိုတဲ့ မျှော်လင့်ချက်က တစ်ကြောင်း၊ ဆေးကျောင်းက ဘွဲ့ရပြီး ဘာလို့ ဆရာဝန်မလုပ်ဘဲ နိုင်ငံရေးလိုလို ဘာလိုလို လုပ်နေတာလဲလို့ အမေးခံရပါများလာတာကြောင့် တစ်ကြောင်း၊ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်၊ ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် ဘာဘာညာညာ စကားလုံးကြီးကြီးတွေကို လူရိုသေ၊ ရှင်ရိုသေ ပြောချင်သေးတာက တစ်ကြောင်း၊ သူများတွေ ပညာတော်သင်ဆုတွေ ရနေတဲ့အချိန် ကိုယ်လည်း ခေတ်မီချင်တာက တစ်ကြောင်းတွေကြောင့်သာ သွားချင်ခဲ့တာပါ။ ကြီးမားပြတ်သားတဲ့ ရည်ရွယ်ချက်ရယ်လို့လည်း သိပ်ရှိခဲ့တာမဟုတ်ပါဘူး။ အဲသလို အိုးနင်းခွက်နင်း ပြင်ဆင်မှုတွေနဲ့ မိဇာ Auckland မြေကို ခြေချမိပါတယ်။

မိဇာရဲ့ မူရင်းတက္ကသိုလ်ပညာရေးဆိုတာက ဒါကျက် ဒါမေး ဒါရေးဖြေ ဒါ နှုတ်ဖြေ ဒါလူနာရှေ့မှာဖြေဆိုတဲ့ တဖြေတည်း ဖြေခဲ့ရတဲ့ ဆေးကျောင်းစာမေးပွဲတွေနဲ့သာ အသားကျခဲ့တာမို့ အခု နိုင်ငံခြားမဟာဘွဲ့ပညာရေးကြီးဆိုတာကို နားမလည်ခဲ့ပါ။ Semester၊ Faculty၊ Taught Master၊ Thesis Master၊ Dissertation၊ Points၊ Grading System၊ Assignments စတဲ့ စကားလုံးတွေဟာ အဘိဓာန်ကြည့်လို့သာ နားလည်ခဲ့ရပေမယ့် တကယ့်အဓိပ္ပာယ်ကို လိုက်မမီခဲ့ပါ။ ပညာတော်သင်ကြီး သွားမလား မသွားဘူးလားနဲ့ လုံးချာလည်နေတာနဲ့တင် မိဇာတို့ မြန်မာပြည်တွင်းကတည်းက ပြင်ဆင်မှုအပိုင်း အားနည်းခဲ့ပါတယ်။

ဟိုလည်းရောက်ရော ကိုယ်တက်မယ့် Course တွေကို Enroll လုပ်ရမယ်တဲ့။ အဲဒါတွေ မလုပ်ရသေးရင် ကျောင်းသားကတ် ထုတ်မရ၊ ကျောင်းမှာ Wi fi သုံးမရ၊ ကျောင်းက ကွန်ပျူတာတွေ၊ မိတ္တူစက်တွေ၊ ပရင်တာတွေ သုံးမရ၊ ဘာဆိုဘာမှ လုပ်မရ။ အတူတူသွားကြတဲ့ သူငယ်ချင်းအသစ်စက်စက်တွေက အသီးသီး အသက ကျောင်းသားကတ်လေးတွေရပြီး အဆင်ပြေနေတဲ့အချိန်မှာ မိဇာတို့က Course ဘယ်နှခုကို ဘယ်လို Enroll လုပ်ရမလဲဆိုတာကို စလေ့လာနေတုန်း။ စီနီယာ့ စီနီယာ ပညာတော်သင်သူငယ်ချင်းတွေရဲ့ လေ့လာတွေ့ရှိချက်အရ ကျောင်းသားတစ်ယောက်အတွက် 15 Points တန်ဖိုးရှိတဲ့ Courses လေးခု အများဆုံးသာ Semester တစ်ခုမှာ တက်သင့်ပါတယ်တဲ့။ အဲဒါကြောင့် မိဇာက 180 Points Taught Master ယူထားတာမို့ Semester တစ်ခုကို Point ၆၀၊ Semester သုံးခုဆိုတော့ ၁၈၀ ယူရမှာပါတဲ့။ ဒါပေမဲ့ ကိုယ့်ကို ယူခွင့်ပေးထားတဲ့ Courses တွေဆိုတာ ရှိသေးတယ်။ မဖြစ်မနေယူရမယ့် Compulsory Courses နဲ့ ရွေးချယ်ယူလို့ရတဲ့ Elective Courses ပါတဲ့။ တချို့သော မာစတာတွေက Compulsory Courses နှစ်ခုလောက်ပဲရှိတဲ့အချိန်မှာ မိဇာရဲ့ ပြည်သူ့ရေးရာမူဝါဒက Courses လေးခုကို ပထမဆုံး Semester မှာ ယူရမှာဖြစ်ကြောင်း ဟိုလျှောက်ဖတ် သည်လျှောက်မေးနဲ့ သဘောပေါက်ခဲ့ပါတယ်။ အပိုဆောင်းအနေနဲ့ Statistics ဘာသာရပ်ကို Certificate Course အနေနဲ့ မဖြစ်မနေယူရပါမယ်တဲ့။ အဲဒီ Courses တွေကို Enroll လုပ်တာကတော့ အလွန်လွယ်ကူပါတယ်။ သူတို့က University Website မှာ အကုန်လုပ်လို့ရအောင် ဖန်တီးပေးထားတာကိုး။ Student Service Online ဆိုတဲ့ ကိုယ်ပိုင် Account တစ်ခု ကျောင်းစအပ်ပြီဆိုကတည်းက ဖန်တီးထားပေးပြီးသား။ အဲထဲကို ၀င်၊ ကိုယ် Enroll လုပ်ချင်တဲ့ Course ကို ရွေး၊ Click လေး တစ်ချက် နှစ်ချက် နှိပ်ရုံပဲ။ ဒါလောက်တော့ မိဇာ လုပ်တတ်ပြီလေ။

အဲဒီ Course တွေလည်း အပ်ပြီးရော Canvas ဆိုတာလေး ပေါ်လာပြန်ရော။ သူတို့က ကိုယ်သိကို သိရမယ့် Information တွေကို Email ပေါင်း သောင်းခြောက်ထောင်နဲ့ အသိ ခဏခဏပေးတဲ့အတွက် ဘယ်လိုမှ ရှောင်လို့မရ။ Canvas ထဲမတော့ ကိုယ်တက်ရမယ့်ဘာသာရပ်တွေနဲ့ သက်ဆိုင်တဲ့ Text Book တွေ၊ Reading Materials၊ Assessment ပုံစံတွေကို ဖော်ပြပေးထားပါတယ်။ အဲဒါတွေကိုလည်း အသေးစိတ်နားလည်ဖို့ မခက်ပါဘူး။ Facebook သုံးသလိုပဲ နည်းနည်းကလိလိုက်ရင် အကုန်သဘောပေါက်တယ်။ သက်ဆိုင်ရာ ဆရာတွေကလည်း Canvas ကတစ်ဆင့် ကျောင်းသူ ကျောင်းသားတွေကို အသိပေးချင်တာတွေ အမြဲတင်ပေးပါတယ်။ Social Media တစ်ခုလိုပဲ ဆရာနဲ့ ကျောင်းသားအကြား ဆက်သွယ်ပေးတဲ့ Platform တစ်ခုပါ။ တော်တော့်ကို အဆင်ပြေပါတယ်။

မထင်မရှား မဖွံ့မဖြိုး တိုင်းပြည်ငယ်လေးကလာတဲ့ ကိုယ့်လို ခပ်တုံးတုံးကျောင်းသူတစ်ယောက်အတွက်တော့ စစချင်း ဆောက်နဲ့ထွင်း နိုင်ငံခြားဆိုတဲ့ နေရာဒေသကြီးရဲ့ အဆင်ပြေအောင် စီမံထားမှုတွေက အံ့ဩဘနန်း ဖြစ်ခဲ့ရပါတယ်။ မိဇာလည်း ပညာတော်သင်ရယ်လို့ ဒီတစ်ခုပဲ ရဖူးတာမို့ တခြားကျောင်းတွေရဲ့ စနစ်တွေ မသိပါဘူး။ အခြေခံအားဖြင့်တော့ မဟာဘွဲ့တစ်ခုတက်မယ်ဆိုရင် ရွေးစရာနှစ်မျိုးပဲရှိတယ်လို့ ထင်ပါတယ်။ Coursework တက်မှာလား၊ Thesis လုပ်မှာလားပေါ့။ နောက်မှ တဖြည်းဖြည်း နားလည်လာတာက ဘာသာရပ်တစ်ခုက ကိုယ့်အတွက် လေ့လာဖို့ အသစ်ဖြစ်တယ်ဆိုရင် Coursework တက်သင့်ပြီး နယ်ပယ်တစ်ခုခုမှာ အသေးစိတ်သုတေသနလုပ်ချင်ရင်တော့ Thesis လုပ်သင့်တယ်ဆိုတာပါ။ မိဇာတို့ ကျောင်းမှာတော့ Coursework အချိန်များများတက်ပြီး Dissertation လေးလုပ်ရင် Taught Master ဆိုတာ ရပါတယ်။ Coursework အချိန်နည်း နည်းနဲ့ Thesis အကြီးကြီးလုပ်ရင်တော့ Thesis Master ဆိုတာ ရပါတယ်။ ကျန်တဲ့ကျောင်းတွေလည်း အလားတူပဲ ဖြစ်ပါလိမ့်မယ်။

နောင် ပညာတော်သင် သွားချင်တဲ့၊ သွားဖို့ ပြင်ဆင်နေကြတဲ့ ကျောင်းသူ ကျောင်းသားတွေကိုလည်း “ဘာမှ စိတ်မပူပါနဲ့။ မိဇာလို နကန်းတစ်လုံးမှ နားမလည်ဘဲ ရောက်သွားတဲ့သူတောင် အဆင်ပြေခဲ့တာပဲ” လို့ အားပေးချင်ပါတယ်။ ပညာတော်သင်ခရီးရဲ့ စိတ်ဖိစီးမှုတွေအကြောင်းကတော့ နောက်မှ သပ်သပ်ထပ်ပြောပြချင်ပါတယ်လို့။ 

 

မိဇာ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *