အပေါင်း အနုတ်တို့ မရှုပ်

ပေါင်းနုတ် မြှောက်စား ဤနည်းမှား၏၊ မြှောက်စားပေါင်းနုတ် ဤနည်းဟုတ်၏ဆိုတဲ့ သင်္ချာကွင်းရှင်းတွက်နည်း အညွှန်းစာကို မှတ်သားမိပါတယ်။ လူတိုင်း နေ့စဉ်စက္ကန့်မလပ် သင်္ချာကိန်းဂဏန်းများနဲ့ ပတ်သက်ဆက်နွှယ်နေပါတယ်။ အမှန်တော့ လူရဲ့ ရုပ်ပိုင်းနဲ့ စိတ် (နာမ်) ပိုင်းအားလုံးကို သင်္ချာကိန်းဂဏန်းအခြေခံ တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ရုပ် ၁၈ ပါး၊ စိတ် တစ်ပါး၊ စေတသိတ် ၅၂ ပါး အားလုံး ပေါင်း ၇၁ ပါးဖြစ်ပါတယ်။ စိတ်နဲ့ စေတသိတ်ယှဉ်တော့ စိတ်ချည်း ၈၉ ပါးဖြစ်ပါတယ်။ ကုသိုလ်စေတသိက် ၂၅ ပါးနဲ့ယှဉ်တဲ့စိတ်က ကုသိုလ်စိတ်ဖြစ်ပါတယ်။ အကုသိုလ်စေတသိက် ၁၄ ပါးနဲ့ယှဉ်တဲ့စိတ်က အကုသိုလ်စိတ်ဖြစ်ပါတယ်။ လူဟာ အခါမလပ် ဒီစိတ်နှစ်မျိုးနဲ့ အသက်ရှင်နေတာ ဖြစ်ပါတယ်။ အသိပညာနဲ့ ပါးနပ်လိမ္မာသူက ကုသိုလ်စိတ်နဲ့ နေတတ်လို့ အပေါင်းလက္ခဏာဆောင်ပြီး ဘ၀အရည်အသွေး တိုးတက်ပါတယ်။ အသိပညာမဲ့ တုံးအသူကတော့ အကုသိုလ်စိတ်နဲ့သာ နေတတ်လို့ ဘ၀အရည်အသွေးကျဆင်းညစ်ထေးပါတယ်။

မြန်မာအများစုက ယခုချိန်အထိ အသိပညာရေချိန်နိမ့်၍ နိုင်ငံရေးအမြင်တိမ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး (ရင်ကြားစေ့ရေး) နဲ့ လတ်တလော လက်နက်ကိုင်အဖွဲ့များနဲ့ စေ့စပ်ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တစ်ထပ်တည်း၊ တစ်စိတ်တည်းဖြစ်နေကြပါတယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အမျိုးသားပြန်လည်သင့်မြတ်ရေး မူဝါဒလမ်းစဉ်ရဲ့ လက်အောက်ခံပြဿနာဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးပြဿနာက ဦးသောအကြောင်းအားဖြင့် ၁၉၆၂ ခုနှစ် တစ်ပါတီခေတ်မှာ အစပြုခဲ့တဲ့ အမျိုးသားစိတ်ဝမ်းကွဲပြားမှုပြဿနာကြောင့်ဖြစ်ပါတယ်။ ဝေးသောအကြောင်းအားဖြင့် မြန်မာ့နိုင်ငံရေးသမိုင်းအရ ၁၉၃၀ ပြည့်နှစ်လောက်မှ စတင်ပေါ်ပေါက်လာတဲ့ ဒို့ဗမာအစည်းအရုံးပါတီခေတ်မှာ သခင်ကိုယ်တော်မှိုင်းအင်အားစု (သခင်အောင်ဆန်းပါဝင်) နဲ့ သခင်ဗစိန်အင်အားစု (သခင်ရှုမောင်ပါဝင်) တို့ သဘောထားကွဲတဲ့အချိန်ကတည်းက အစပျိုးတယ်လို့ ဆိုနိုင်ပါတယ်။

တချို့ပုဂ္ဂိုလ်များက မျက်မှောက်ခေတ်မှာ လူတန်းစားခွဲခြားဆက်ဆံရေးစနစ် ချုပ်ငြိမ်းသွားပြီလို့ ဆိုပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှာတော့ ချုပ်ငြိမ်းတယ်ဆိုတာ မှန်ပါလိမ့်မယ်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှာမူ လူတန်းစားခွဲခြားဆက်ဆံရေးစနစ် ချုပ်ငြိမ်းရေးအတွက် ရုန်းကန်နေဆဲလို့ မြင်ပါတယ်။ မြန်မာ့နိုင်ငံရေးပြဿနာက တိုင်းရင်းသားလူမျိုးစုရေးရာ ပြဿနာဖြစ်တယ်လို့ ဆိုတာကိုလည်း တွေ့ရပါတယ်။ ဒါက လူတန်းစား ခွဲခြားဆက်ဆံရေးဖြစ်တဲ့ အမျိုးသားရေးပြဿနာရဲ့ လက်အောက်ခံဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်လှုပ်ရှားမှုများဟာ တကယ့်သရုပ်မှန်ဘ၀အနေနဲ့ တိုင်းရင်းသားလူမျိုးစုများကို လှည့်စားပြီး လက်နက်နဲ့ ခြယ်လှယ်အုပ်စိုးတဲ့သဘောဖြစ်ပါတယ်။ ထို့အတူ ပြည်မဒေသများမှာလည်း ပြည်သူလူထုကို ငွေကြေးနဲ့ ခြယ်လှယ်လွှမ်းမိုးမှုများ ရှိနေပါသေးတယ်။ ငွေကြေးအင်အားကြီးမားတဲ့ တရုတ်၊ အိန္ဒိယ စတဲ့ နိုင်ငံကြီးများက မြန်မာပြည်သူလူထုအပေါ် ငွေအားနဲ့ ခြယ်လှယ်မှုများရှိနေသေးတာ ထင်ရှားပါတယ်။ တန်းတူကုန်သွယ်မှုအခွင့်အရေး မရရှိသေးဘူးလို့ ယူဆပါတယ်။

ဗျူရိုကရက်တစ်မူဝါဒနဲ့ ဒီမိုကရက်တစ်မူဝါဒရဲ့ ဝိရောဓိ (ပဋိပက္ခ) က ကိုယ်ကျိုးစီးပွားအဓိကနဲ့ ဝေမျှရေး အဓိကအရင်းခံ ဆန့်ကျင်ဘက်သဘောထားကြောင့် ဖြစ်ပါတယ်။ ဗျူရိုကရက်တစ်မူဝါဒက ပုဂ္ဂလိကဗဟို ပြုဝါဒ၊ ဒီမိုကရက်တစ်က လူထုဗဟိုပြုဝါဒဖြစ်ပါတယ်။ ဗျူရိုကရက်တစ်ဝါဒက လူတန်းစားခွဲခြားဆက်ဆံရေးမူကိုကိုင်စွဲပြီး ဒီမိုကရက်တစ်က လူတန်းစားခွဲခြားဆက်ဆံရေးမူဝါဒကို ဆန့်ကျင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့အခါ ဆိုရှယ်လစ်အင်အားစု (ဖဆပလ) အာဏာရပါတီအတွင်းမှာ ဆိုရှယ်လစ် အပြာ အဝါ အနီလို့ (ဗျူရိုကရက်တစ်နဲ့ ဒီမိုကရက်တစ်) အုပ်စုကွဲတွေ ပေါ်လာပါတယ်။ တကယ်လို့သာ လွတ်လပ်စမြန်မာနိုင်ငံမှာ ဗျူရိုကရက်တစ်မူဝါဒကို ကျင့်သုံးနိုင်ခဲ့ရင် ယခုအချိန်မှာ အာဆီယံထိပ်တန်းနိုင်ငံထဲမှာ ပါဝင်နိုင်ကောင်းပါတယ်။ ဒါမှမဟုတ်လို့ ၁၉၆၂ ခုနှစ်ဖြစ်စေ၊ ၁၉၈၈ ခုနှစ်မှာဖြစ်စေ ဒီမူကိုကျင့်သုံးနိုင်ရင်လည်း ဖွံ့ဖြိုးတိုးတက်မှုက ယခုအခြေအနေထက် များစွာ သာလွန်နိုင်ပါတယ်။

ဒါက ဖြစ်တန်ကောင်းတဲ့သဘောကိုသာ ပြောတာပါ။ တကယ့်လက်တွေ့ဘ၀မှာ အခြေအနေမပေးလို့ မတိုးတက်ဘဲ ယခုလက်ရှိ အခြေဆိုက်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံက အခြေခံလူတန်းစား လွှမ်းမိုးတဲ့နိုင်ငံဖြစ်ပါတယ်။ မူဝါဒသဘောထားခံယူချက်က ခွင့်တူညီမျှ (ကံ ဉာဏ် ဝီရိယ) ဝါဒဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်သတ်လွှမ်းမိုးခြယ်လှယ်ရေး အခြေခံသဘောထားရှိတဲ့ ဗျူရိုကရက်တစ်မူဝါဒကို ယုံကြည်လက်ခံလိုခြင်း မရှိပါဘူး။ ဆန့်ကျင်ငြင်းပယ်တဲ့သဘောထားရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုက လက်ရှိ NLD အစိုးရကို စီးပွားရေး၊ လူမှုရေးအရ ခွင့်တူညီမျှမှုလိုလားချက်နဲ့ ဝန်းရံနေတာဖြစ်ပါတယ်။ လိုလားချက်မပြည့်ဝရင် သွေဖည်ကျောခိုင်းသွားနိုင်ပါတယ်။ လတ်တလော အခြေအနေကို မီဒီယာတချို့က မူလသဘောထားအတိုင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အခြေခံဥပဒေပြင်ဆင်ရေး စတဲ့အချက်များကိုပဲ အဓိကထားစဉ်းစားပါတယ်။ NLD ပါတီနဲ့ အစိုးရကလည်း ဒီသဘောထားအတိုင်း ရှိပုံရပါတယ်။

၂၀၂၀ အချိုးအကွေ့က ၂၀၁၅ အခြေအနေနဲ့ ထပ်တူမဖြစ်နိုင်ပါဘူး။ လူထုခေါင်းထဲမှာ ထိုအတိတ်အရေးကိစ္စများက မှိန်ဖျော့ပြီး လတ်တလောကုန်ဈေးနှုန်းနဲ့ ဝင်ငွေအလုပ်အကိုင်အရေးကိစ္စများက ပိုပြီးထက်သန်အားကောင်းနိုင်ပါတယ်။ ဒီလူထုသဘောထားကို လတ်တလော ဒေသအနှံ့ ထူပြောပြန့်ပွားနေတဲ့ ဒုစရိုက်မှုတွေက သရုပ်ပြနေပါတယ်။ ခိုဆိုးတိုက်လုသတ် မီးရှို့ ဗုံးခွဲ စတဲ့ပြဿနာတွေဟာ အတိုက်အခံ နိုင်ငံရေးလှုံ့ဆော်မှုလို့ ဆိုနိုင်ပေမယ့် လူထုမကျေနပ်ချက် (ပစ္စည်းမဲ့ ဒေါသ) နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ဆက်စပ်နေတဲ့ သဘောကို နားလည်ဖို့လိုပါတယ်။ ဒီကြားထဲမှာ ကုန်ဈေးနှုန်း ထူးပြီးမတက်ပါဘူး၊ ဘာပြဿနာမှ မရှိပါဘူးဆိုတဲ့အသံတွေကို ယုံထားလို့မရပါဘူး။ ယခင်က တစ်ဒေါ်လာတန်ပစ္စည်းကို ၉၀၀/၁၀၀၀ ကျပ်နဲ့ ဝယ်လို့ရနိုင်ပေမယ့် ယခုအခါ ၁၅၀၀ ကျပ် ပေးရပါတယ်။ ဒီတော့ ကုန်ဈေးနှုန်း ထူးပြီးမတက်ဘူးဆိုတဲ့အသံက ကူမယောင်နဲ့ ထိုးနှစ်တဲ့အသံလည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပွဲစည်အောင် စုရုံးနိုင်ပေမယ့် အားဖြစ်အောင် မပေါင်းစည်းနိုင်ပါဘူး။ သမ္မတကြီးကလည်း ဓားကိုထက်အောင် ကောင်းကောင်းသွေးနိုင်ပေမယ့် ပြတ်အောင်မခုတ်နိုင်ပါဘူး။ သစ်တုံးက မာလို့လား၊ ခုတ်အားပျော့တာလားတော့ မသိနိုင်ပါဘူး။ ခြုံယူယုတ္တိနဲ့ကြည့်ရင် အခြေအနေက နည်းနည်းတော့ ရင်လေးစရာကောင်းပါတယ်။

ဒီကြားထဲမှာ ခုတစ်လော မီဒီယာစာမျက်နှာတွေပေါ်မှာ တွေ့မြင်ရတဲ့ အစိုးရနဲ့ တပ်မတော်ကြားက မျဉ်းကြောင်းပါးလေးကလည်း ကောင်းတဲ့လက္ခဏာလို့ မထင်ပါဘူး။ အပေါင်းလက္ခဏာမျှော်ကာမှ အနုတ်လက္ခဏာတွေချည်း တွေ့မြင်နေရပါတယ်။ ရခိုင်လက်နက်ကိုင် အဖွဲ့ AA အရေး၊ တစ်ကျော့ပြန်မြစ်ဆုံအရေး၊ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ပြဿနာတွေကလည်း တိုက်ဆိုင်တာလည်း ဖြစ်နိုင်သလို အချိန်ကိုက်ဗြုန်းစား ပေါ်လာတယ်ထင်လို့လည်း စိုးရိမ်မိပါတယ်။ ဒါတွေကလည်း အပေါင်းလက္ခဏာတော့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ အနုတ်လက္ခဏာပဲ ဆောင်ပါလိမ့်မယ်။ ရှုံးတာ၊ နိုင်တာအပထားပြီး ၂၀၂၀ ရွေးကောက်ပွဲကြီး အေးအေးပြေပြေ ချောချောမောမော ပြီးမြောက်နိုင်ပါ့မလားလို့ ကျွန်တော်တွေးတော စိုးရိမ်မိတာ အမှန်ဖြစ်ပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့မြင်ကြားသိနေတာတွေကလည်း ကြည်လင်သာယာတယ်လို့ မထင်ပါဘူး။ မှုန်မှိုင်းအုံ့ဆိုင်းနေတဲ့ သဘောလို့ပဲ ယူဆပါတယ်။ တစ်နေရာမှာ ဒီအဖွဲ့ကဝင်တော့ ဟိုအဖွဲ့က ထွက်သွားပါတယ်။ ဟိုအဖွဲ့ကဝင်တော့ ဒီအဖွဲ့က ထွက်ပါတယ်။ တစ်နေ့ တစ်နေ့ ဒီလိုပဲ အစုအဖွဲ့တွေဟာ ဝင်လိုက်ထွက်လိုက်၊ စုလိုက်ပြဲလိုက်၊ ပေါင်းလိုက် နုတ်လိုက်နဲ့ ရှုပ်ပွေနေပါတယ်။ ကျွန်တော်ကတော့ အိမ်တွင်းမှာ ငြိမ်ကုပ်နေပြီး နားနဲ့မျက်စိကိုပဲ ဖွင့်ထားရပါတယ်။ ကျွန်တော့်စာက အစိုးရကို အပူတိုက်ပေးနေသလား သို့မဟုတ် သိမ်ငယ်အောင်လုပ်နေသလားလို့ အမြင်တိမ်းမှာ စိုးမိပါတယ်။ ကျွန်တော့်ရဲ့ တကယ့်စေတနာက ပြဿနာအားလုံး ပြေပြေအေးအေး ပြီးငြိမ်းစေချင်တာ အမှန်ဖြစ်ကြောင်း ပြောလိုရင်းပါဗျာ။ 

 

ကျော်အောင်ဗလ

မှတ်ချက် – ပါတီထောက်ပံ့ပေးကမ်းမှုဟာ အကြီးဆုံးအဂတိ လိုက်စားမှုနဲ့ အဆိုးဆုံးသပ်လျှိုသွေးခွဲမှု ဖြစ်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *