“နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့ နေရာတွေအားလုံးကို လိမ်းထားရမယ်”

မကြာမီ သင်္ကြန်ကာလကို ရောက်ရှိတော့မည်ဖြစ်သောကြောင့် နေရောင်နှင့် ရေအမျိုးမျိုးကြားတွင် အရေပြားထိခိုက်မှုများလည်း ရှိလာနိုင်မည်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားနေချိန်လည်းဖြစ်ရာ သင်္ကြန်ကာလအတွင်း ရေကစားကြသူတိုင်းအတွက် အရေပြားမပျက်စီးစေရန် ကြိုတင်ကာကွယ်သင့်သည့် နည်းလမ်းများကို အရေပြားနှင့် အလှအပရေးရာ အထူးကုဆရာဝန် ဒေါက်တာမျိုးသန့်နှင့် ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

The Voice Journal – နေရောင်ခြည်နဲ့ အချိန်ကြာကြာထိတွေ့ရင် အရေပြား အတွက် ဘယ်လိုထိခိုက်မှုတွေ ရှိနိုင်ပါ သလဲ။

Dr.MT – နေရောင်ခြည်မှာ ခရမ်းလွန် ရောင်ခြည်ဖြစ်တဲ့ UVA UVB တို့ပါ တော့ အရေပြားကို ပျက်စီးစေတယ်။ ကြာရှည်ဖြစ်လာရင် အရေပြားကို နေရောင်ခြည်သင့်ရင် တင်းတိပ်တို့၊ မှဲ့ခြောက်တို့၊ အမဲစက်တို့ ဘာတို့ထွက်လာတာပေါ့။ မှဲ့ကို နေရောင်ကြာရှည် ထိရင်လည်း မှဲ့ကအရောင်ပြောင်းပြီး ကြီးလာရင် မှဲ့ကင်ဆာတို့၊ အရေပြားကင်ဆာတို့ဖြစ်တာပေါ့။ ဒါက ကြာရှည်ထိတဲ့သူတွေမှာ ဖြစ်တာပေါ့။ နောက် နေပူလောင်တာပေါ့။ နေပူလောင်ရင် ပထမအဆင့်အရေပြားက ပန်းရောင်သန်းလာမယ်။ ပြီးရင် နီလာမယ်။ နီလာပြီး ကြာကြာထိတွေ့တာနဲ့ အရေပြားကြီးက နီရဲပြီး အပူရှိန်တွေတက်ပြီးတော့ တချို့ဆို အရည်ကြည်ဖုတွေတောင် ဖြစ်တယ်။ အရည်ကြည်ဖုကနေ မဲခြောက်ပြီး အနာဖတ်တွေလို ဖြစ်သွားတာပေါ့။

The Voice Journal – သင်္ကြန်အတွင်းမှာလည်း နေရောင်ရော၊ ရေအမျိုးမျိုးရော တိုက်ရိုက်ထိတွေ့မှုတွေ ရှိနိုင်တဲ့အတွက် အရေပြားမှာ ဘယ်လိုပြဿနာမျိုးတွေ ဖြစ်နိုင်ပါသလဲ။

Dr.MT – သင်္ကြန်တွင်းဆိုတော့ ရေလည်းပါမယ်။ နေပူတာလည်း ပါမယ်။ ရာသီဥတုကလည်း ပူတယ်။ ပူလိုက်အေးလိုက်နဲ့ဖြစ်တာပေါ့။ အပူချိန်အပြောင်းအလဲက မြန်တယ်။ တချို့ရေတွေကလည်း မသန့်ရှင်းတဲ့ ရေတွေရှိတယ်လေ။ ဒါတွေကလည်း မကောင်းဘူး။ အရေပြားကို ပျက်စီးစေတာပေါ့။ နေပူထဲကြာရှည်သွားရင်းနဲ့ အပူထဲကနေ အအေးကို တိုက်ရိုက်တွေ့လိုက်တာမျိုးတွေ။ ရေအေးနဲ့လောင်းလိုက်တော့ အပူချိန် ရုတ်တရက်ပြောင်းသွားတယ်။ အပူချိန် ရုတ်တရက်ပြောင်းတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်မြင့်ပြီး သတိလစ်သွားတယ်ဆိုရင် အသက်အန္တရာယ်ကိုတောင် ထိခိုက်နိုင်တယ်။ ရေတောင်မှ ရေနွေးကို သောက်ရတာ။ ရေခဲရေလို ရေအေးကို သောက်လိုက်ရင်လည်း အပူရှပ်တာဖြစ်တယ်။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေမှာ ပိုခံစားရတာပေါ့။

The Voice Journal – ဒီလို အရေပြားပျက်စီးမှုတွေမဖြစ်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုတင်ကာကွယ်ရှောင်ရှားသင့်ပါသလဲ။

Dr.MT – ဒါတွေကို ဘယ်လိုရှောင်ရှားရမလဲဆိုရင် နေ့လယ် ၁၁ နာရီ၊ ၁ နာရီ၊ ၂ နာရီ အဲဒီအချိန်ကတည်းက နားသင့်တဲ့ အချိန်တွေပေါ့။ အရိပ်ရတဲ့နေရာ၊ လေဝင် လေထွက် ကောင်းတဲ့နေရာ၊ အေးတဲ့နေရာမှာ အနားယူသင့်တယ်။ အရမ်းအေးတဲ့ အဲယားကွန်းအခန်းထဲလည်း မဟုတ်ဘူး။ ညနေ နေစောင်းသွားမှ တစ်ခါထွက်ဆော့ပေါ့။ သုံးနာရီ၊ လေးနာရီလောက်ပေါ့။ အရေပြားအတွက်တော့ ပိုအရေးကြီးလာတာပေါ့။ နေရောင်ကာလူးဆေး Sun Cream လို့ခေါ်တာပေါ့။ အဲဒီမှာ သာမန်အားဖြင့် SPF 25 လောက်က လုံလောက်တယ်ဆိုပေမယ့် အခုလို နေရောင်ထဲမှာ တစ်ချိန်လုံး သွားလာနေမယ်ဆိုရင် SPF 35/45/50 ပေါ့။ အဲဒီလောက်ဟာမျိုးကို နေရောင်ခြည်နဲ့ ထိတွေ့နိုင်တဲ့နေရာတွေ အားလုံးကို လိမ်းထားရမယ်။ နောက်တစ်ခုက နေကာမျက်မှန်တပ်သင့်တယ်။ UV ကာကွယ်တဲ့ဟာဆိုရင်တော့ အကောင်းဆုံးပေါ့။ နောက်တစ်ခုက ဦးထုပ်တို့ ဘာတို့ဆောင်းသင့်တယ်။ အင်္ကျီဆိုရင်လည်း ချည်သားပွပွရှည်ရှည်၊ ဦးထုပ်ဆိုလည်း ချည်သားပါတာကို ဝတ်သင့်တယ်။ အိမ်ပြန်ရောက်ရင်လည်း ရေကောင်း ရေသန့်နဲ့ ပြန်ချိုးသင့်တယ်။ အဲဒါမှ အရေပြားပျက်စီးမှုအတွက် စိတ်ချရမယ်။ အရေပြားကို ပြန်ပြုပြင်ဖို့အတွက် အစိုဓာတ်ထိန်းတဲ့ ခရင်မ်တေ၊ွ နို့ရည်လိုဟာမျိုးတွေကို လိမ်ပေးသင့်တယ်။

The Voice Journal – ဒီလို ပျက်စီးသွားတဲ့ အရေပြားကို ဘယ်လိုပြန်လည်ကုသဖို့ လိုပါသလဲ။

Dr.MT – သူ့ရဲ့ နေရောင်ထိတွေ့မှု ဘယ်လောက်ပြင်းသလဲအပေါ် မူတည်ပြီး ကုသမှုတွေက အမျိုးမျိုးကွာသွားတာပေါ့။ လိမ်းဆေးတွေ လိမ်းလို့ရတာ ရှိတယ်။ လိမ်းဆေးလည်း တော်တော်လိမ်းရတယ်။ ၁၅ မိနစ်လောက်ထိလို့ဖြစ်တဲ့ အရေပြားပျက်စီးမှုက ၁၅ ရက်လောက်နဲ့ ပျောက်ဖို့ မလွယ်ဘူး။ ကြာကြာထိလေ ကြာကြာပျက်စီးလေဆိုတော့ ထိတွေ့မှုအပေါ်မူတည်ပြီး ကုသမှုတွေ ကွာသွားတာပေါ့။ ကုထုံးတွေလည်း အမျိုးမျိုးရှိပါတယ်။

The Voice Journal – ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပြပေးပါဦးဆရာ။

Dr.MT – သင်္ကြန်တွင်းမှာဆိုရင် ရိုးရာမပျက် ရေကစားတာလည်း ကောင်းပါတယ်။ သင်္ကြန်တွင်းဆိုတော့ ပျော်ကြတယ်။ နေပူထဲလည်း လျှောက်လည်တယ် ပူလို့ ပူမှန်းမသိဘူး။ ရေတွေစိုတယ်။ အရက်တွေဘာတွေသောက်တယ်။ ဆေးရုံတွေ ဘာတွေရောက်လာပြီး အသက်အန္တရာယ် ဆုံးရှုံးတာတွေ ဖြစ်နိုင်တယ်။ အရက်သောက်တာလည်း မကောင်းဘူး။ လူလတ်ပိုင်းတွေ ပိုများတာပေါ့။ ပျော်ရင်း ကဲရင်း၊ သောက်ရင်း စားရင်းနဲ့ ဒီလိုတွေလည်း ဖြစ်တတ်တာပေါ့။ အမူးလွန်၊ အပူရှပ် နှစ်ခု သုံးခုဖြစ်တာပေါ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်အန္တရာယ် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးတာ။ ဒါကလည်း နေအပူကြောင့် သင်္ကြန်တွင်း ဖြစ်တတ်တာတွေပေါ့။ အပျော်မလွန်ကြဖို့နဲ့ အရေပြားမပျက်စီးအောင် ထိန်းထိန်းသိမ်းသိမ်း ဂရုစိုက်ကြဖို့ပေါ့။ အထက်မှာပြောခဲ့တဲ့ နည်းလမ်းတွေကိုလည်း သေသေချာချာ လိုက်နာဖို့လိုပါတယ်။ 

 

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *