နွေသောက

ရိုးတံကျဲကျဲအပင်များက နွေရာသီရောက်ရှိကြောင်း သတင်းပေးနေသည့်နှယ်။ ခြောက်သွေ့စွာတိုက်ခက်နေသည့် လေအပူကပါ နွေကိုပို၍အထောက်အပံ့ဖြစ်စေသည်။

နွေ၏ သရုပ်ဖြစ်သည့် နေ့အပူချိန် တိုးလာခြင်းနှင့်အတူ ရေကန်များလည်း ခြောက်သွေ့စပြုလာ၏။ ရေရှားပါးသော နေရာများလည်း များလာသည့်နည်းတူ မီးလောင်သည့်သတင်းများလည်း ဟိုတစ်စ ဒီတစ်စကြားနေရပြန်သည်။

ကမ္ဘာကြီးပူနွေးလာမှုကြောင့် အပူချိန်များနှစ်စဉ်တိုးနေရာ မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာသည်။ မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများတွင်လည်း နွေအပူကို ပို၍ ခံစားနေရသည်။ လက်ရှိမှာပင် အပူချိန်က ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးနေသည်။

မကွေးတိုင်းဒေသကြီးတွင် နွေရာသီ၏ ပူပြင်းမှုကိုခံစားနေရပြီ။ ကျောင်းအုပ်ဆရာကြီး ဦးကိုမြင့်အတွက်မူ အပူဒဏ်ကို မမှုပေ။ နှစ်စဉ်ကြုံနေကျမို့ ယခုနှစ်တွင်လည်း ၎င်းနေထိုင်ရာ မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် တောင်ဦးရွာတွင် ဖုန်ထူ၊ ဖုန်ထသည့်နေရာများနှင့် မြေအက်ကွဲနေသည့်နေရာများ ရှိနေပြီဖြစ်သည်။

အပူပိုင်းဒေသတွင် နေထိုင်သူများဖြစ်သည့်အလျောက် ကျောင်းအုပ်ဆရာ ဦးကိုမြင့်(အမည်လွှဲ) အပါအဝင် ဒေသခံများမှာ အပူဒဏ်နှင့်တရင်းတနှီးရှိနေကြပြီ။ အပူချိန်ကို နည်းလမ်းအမျိုးမျိုးဖြင့်လည်း အံတုနေကြသည်။

“ပူတာက တော်တော်ပူနေပြီ။ နှစ်စဉ်ပူနေတာဆိုတော့ ဒီကလူတွေက ရိုးနေပါပြီ။ အပင်တွေ နေ့လယ်နေ့ခင်းဆို ညှိုးရော်နေတာပဲ” ဟု ကျောင်းအုပ်ဆရာ ဦးကိုမြင့်က ဆိုသည်။

အားပျော့သည့် အယ်နီညိုရာသီဥတုဖြစ်သော်လည်း အပူချိန်များက တိုးနေမည်ဖြစ်သည်။ နွေလည်ရောက်ပါက အပူချိန်က ပို၍၊ ပို၍ပူပြင်းလာမည် ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် နေရာ ဒေသကွဲပြား၍ အပူချိန် ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့်အထက်တိုးနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

၂၀၁၉ ခုနှစ် မတ်လမှစကာ ဧပြီ၊ မေလအထိ အပူချိန်တိုးနေမည်ဟု ခန့်မှန်းထားချက်အရ မုတ်သုံမဝင်ခင် အချိန်ထိ အပူချိန်များမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပူတဲ့ဒေသဆိုတော့ အရိပ်ကောင်းကောင်းရှိတဲ့ နေရာမှာစုနေကြတယ်။ တတ်နိုင်သမျှ အပြင်မထွက်ကြဘူး” ဟု ဦးကိုမြင့် က ဆိုသည်။

သို့ရာတွင် နွေအပူကို သစ်ရိပ်ထဲတွင် ခိုနားရင်းရှောင်နိုင်သော်လည်း ယခုနောက်ပိုင်း အရိပ်ကောင်းသော သစ်ပင်ကြီးများ ရှားပါးလာခြင်းကလည်း အပူဒဏ်ကို ပိုမိုခံစားရလေသည်။

သို့သော်လည်း ခုတ်ယူမှုကြောင့် မရှိတော့သည့် သစ်ပင်များနေရာတွင် အစားထိုး ပြန်စိုက်ရင်း အပူချိန်ကို ကာကွယ်ကြရန် ဦးကိုမြင့်က မျှော်လင့်နေသည်။ အဘယ်ကြောင့် ထိုသို့ပြုလုပ်ရန် လိုအပ်သနည်း။

အပူပိုင်းဒေသဖြစ်သည့် မကွေးတိုင်းဒေသကြီး၏ ပျှမ်းမျှအပူချိန် ၄၀ မှ ၄၁ ဒီဂရီစင်တီဂရိတ်ရှိရာမှ ၄၂ မှ ၄၃ ဒီဂရီ စင်တီဂရိတ်အထိ တိုးနိုင်ကြောင်း ဒေါက်တာကျော်မိုးဦး က ခန့်မှန်းသည်။

ယင်းကလည်း ထိုဒေသတွင် နေထိုင်သူတို့အတွက် သတင်းဆိုးလည်း ဖြစ်လေသည်။ ရှေ့လျှောက် ကျောကော့အောင် အပူဒဏ်ကို ခံစားရနိုင်လေသည်။

ယင်းအပြင် ရန်ကုန်မြို့ အပူချိန်မှာ ပျှမ်းမျှ ၃၇ မှ ၃၈ ဒီဂရီစင်တီဂရိတ်ရှိ ရာမှ ၄၀ မှ ၄၁ ဒီဂရီစင်တီဂရိတ်ထိတိုးနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ဆိုသည်။

ပြီးခဲ့သည့်နှစ်များတွင်း မြန်မာနိုင်ငံ၌ အပူချိန်စံချိန်သစ်တင်သော မြို့ ၁၂ မြို့အထိရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

လာမည့်နှစ် ၅၀ အတွင်း နိုင်ငံတစ်ဝန်းလုံးရှိအပူချိန်သည် ၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်မှ ၂ ဒဿမ စင်တီ ဂရိတ်အထိ မြင့်တက်လာနိုင်ပြီး အပူချိန် ၃၉ ဒီကရီစင်တီဂရိတ်အထိ ရှိနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာဘေးဖြစ်နိုင်မှုအခြေအနေ အစီရင်ခံစာအရသိရသည်။

အပူချိန် သတိပေးခေါင်းလောင်းသံသည် တစ်နိုင်ငံလုံးအနှံ့ မြည်ဟီးနေပြီ။

လက်ရှိအချိန်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင် အပူချိန်မြင့်တက်မှုများ ကြုံတွေ့နိုင်ပြီး လူများကို အန္တရာယ်ဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများလည်း အလွန်မြင့်မားသည့်အဆင့်တွင်ရှိနေကြောင်း မိုးလေ၀သနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးသည်။

နွေအပူ ရေအခန်း

တဖွေးဖွေးလှိုင်းထနေသည့် ရေကန်များမှာ မြေသားအက်ကွဲကာ ခန်းခြောက်နေသည်။ ရေမရှိ၍ ရေခပ်သူများလည်းမရှိချေ။ ကန်ဘောင်ကြီးက အသက်မဲ့ခြောက်သွေ့နေသည်။

ထိုမြင်ကွင်းမှာ အပူပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကန်ရေအသုံးပြုရသည့် ဒေသများရှိ ရေကန်အချို့မှာ နွေရာသီရောက်ရှိလာချိန်တွင် မြင်တွေ့ရလေ့ရှိသည်။

နှစ်စဉ်ရေရှားပါးနေကျနေရာဖြစ်သည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် ရေရှားပါးမှုများ ဖြစ်ပေါ်နေသည်။ ယင်းအပြင် ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်ရှိ အချို့ဒေသများတွင်လည်း ရေရှားနေပြီဖြစ်သည်။

ကျောင်းပန်းတောင်းမြို့ တောင်ဘက် ငါးရွာ၊ အနောက်ဘက် သုံးရွာ၊ ညောင်ဦးနယ်ထဲမှ နှစ်ရွာတို့တွင် ရေရှားပါးနေပြီဖြစ်ကြောင်း၊ ချောက်နှင့် ရေနံချောင်းဘက်ရှိ ရွာများတွင်လည်း ရေပြတ်လပ်မှုများ ဖြစ်ပေါ်နေကြောင်း ကျောက်ပန်းတောင်း မြို့ခံ ဦးဌေးအောင်က ဆိုသည်။ ၎င်းသည် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ရေရှားကျေးရွာများထံ ရေလှူဒါန်းနေသည် မှာ ၁၅ နှစ် သက်တမ်းရှိပြီဖြစ်သည်။

“နှောင်းမိုးနည်းလို့ ကန်ထဲရေဝင် နည်းလို့ ရေအစောကြီးပြတ်တယ် ” ဟု ၎င်းက ဆိုသည်။

ယင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ရေရှားပါးမှုများကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ရပ်ရွာဒေသခံများပေါင်းကာ ရေလှူဒါန်းလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ရေရှားပါးတဲ့နေရာက ရှားနေပြီ။ အများကြီးတော့ မဖြစ်သေးဘူး။ သိပ်မများ သေးဘူး ” ဟု ကျေးလက်ဒေသ ဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမင်းဦးက ပြောကြားသည်။

သို့ရာတွင် ရေရှားပါးလာမည့် နေရာများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကျေးလက်ဦးစီးဌာနများတွင် ပြင်ဆင်ထားပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

နွေရာသီ ရောက်လာချိန်တွင် ရေရှားပါးမှုဘေးက နှစ်တိုင်းကြုံတွေ့နေကျပင်။ အစိုးရဌာနများနှင့် လူမှုရေးအသင်းအဖွဲ့များက ရေတွင်းရေကန်များ နှစ်စဉ်တူးဖော်ပေးလျက်ရှိသည်။ သို့ရာတွင် ရေရှားပါးသည့်နေရာက ရှိမြဲပင်။

ယခုနွေရာသီရာသီတွင် ရေရှားပါးနိုင်သည့် ကျေးရွာပေါင်း ၂၀၀ ကျော်ရှိသည်။ ထိုကျေးရွာများကို ဦးစားပေးကာ ကြိုတင်ပြင်ဆင်နေကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းမင်းဦးက ဆိုသည်။

ယင်းအပြင် ရေရှားပါးဖြစ်ပေါ်ပါက အရေးပေါ်သုံးစွဲရန် ရန်ပုံငွေများလည်း ချထားပေးပြီးဖြစ်၍ ကြိုတင်ပြင်ဆင်ထားသည့်အတွက်ကြောင့် ရေရှားပါးမှုကို အထိုက်အလျောက် သက်သာနိုင်မည် ဖြစ်ကြောင်းက ၎င်းက ဆိုသည်။

မြန်မာအလယ်ပိုင်းဒေသများတွင် နှစ်စဉ်ရေရှားပါးမှုများကို ကြုံတွေ့နေရခြင်းဖြစ်ကာ ထိုဒေသများတွင် ရေရှားပါးလာမှုဖြစ်ပွားလာပါက ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနထံ ဆက်သွယ်နိုင်သည်။

အပူကြားက လောင်မြိုက်နိုင်သည့်မီး

နွေရာသီရောက်ရှိလာပြီဆိုလျှင် မီးဘေးအန္တရာယ်ကိုလည်း မေ့ထား၍ မရပေ။ မီးလောင်မှုဖြစ်စဉ်များတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှုအများဆုံးဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှုပေါင်း ၂၃၅ ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုထဲမှ ပေါ့ဆမီးကြောင့် ၁၁၃ ကြိမ်၊ လျှပ်စစ်မီးကြောင့် ၈၃ ကြိမ်နှင့် မီးဖိုမီးကြောင့် ၁၉ ကြိမ် လောင်ကျွမ်းခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ် ပန်းလှိုင်ဂေါက်ကွင်းအနီး ညောင်ရွာတွင် Level 3 အဆင့်ရှိ စိုးရိမ်ဖွယ်ရာ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အလုံး ၁၀၀ ကျော်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၀၀ ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် နေအိမ်ပျက်စီးသွားသူများမှာ ယင်းကျေးရွာ အောင်မင်္ဂလာကျောင်းတိုက်တွင် ခေတ္တနေထိုင်ရပြီး နောက်ပိုင်း နေအိမ်ပြန်ရရန် အခက်အခဲများရှိနေကြောင်း မီးဘေးသင့်ရွာသားများက ဆိုသည်။

“ဘယ်နေရာရယ်တော့မဟုတ်ပါဘူး။ ပေးတော့လည်းယူရမယ်။ ကိုယ်တွေက အခန်းငှားနေတဲ့သူဆိုတော့ အစိုးရချပေးတဲ့အပေါ် မူတည်ပြီးနေရမှာ” ဟု မသက်ထားရီက ဆိုသည်။

အိမ်ထောင်စုတွင် မိသားစုလေးယောက်ရှိသူဖြစ်သည့်အတွက် အိမ်သုံးပစ္စည်းများပြည့်စုံသော်လည်း နေအိမ်ပြန်ရရှိရေးက ခက်ခဲပြီးအရေးကြီးဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

၂၀၁၉ ခုနှစ်တွင် ဇန်နဝါရီလမှ မတ်လအထိ မီးလောင်ကျွမ်းမှုများတွင် ပေါ့ဆမီးကြောင့် ၃၉ ကြိမ်နှင့် လျှပ်စစ်မီးကြောင့် ၃၄ ကြိမ်မီးလောင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

နှစ်စဉ်နှစ်တိုင်းနွေရာသီရောက် ချိန်မှာ ရပ်ကွက်ထဲတွင် တစ်အိမ်တက် တစ်အိမ်ဆင်းကာ မီးဘေးအန္တရာယ်
အကြောင်း၊ မီးသတ်ဘူးများ အိမ်တိုင်းဆောင်ထားရမည့်အကြောင်းများကို အသိပညာပေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောကြားသည်။

“လူတွေကသတိမထားကြဘူး။ သတိမထားလို့ လောင်တာတွေများတယ်။ သတိထားဖို့ လိုတယ်” ဟု ၎င်းက ဆိုသည်။

ပြည်သူများနှင့် မီးသတ်တပ်ဖွဲ့တို့ပူးပေါင်းကာ အချိန်မီငြှိမ်းသတ်နိုင်လျှင် မီးလောင်မှုကြီးများမဖြစ်နိုင်ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အထပ်မြင့်အဆောက်အအုံများရှိ အရေးပေါ်ထွက်ပေါက်နှင့် လှေကားများကို အချိန်မရွေးအသုံးပြုနိုင်ရန် ထိုနေရာများကို ရှင်းလင်းထားရမည်။ အိမ်တိုင်းမီးသတ် ဆေးဘူးများ ဆောင်ထားရမည်ဖြစ်သည်။

အဆောက်အအုံများတွင် မီးလောင်မှုဖြစ်ပွားမှုက ထွက်ပြခြင်းမပြုဘဲ စိတ်ကိုတည်တည်ငြိမ်ထားရမည်ဖြစ်သည်။ မီးကို ကျိတ်ငြှိမ်းသတ်ခြင်းမပြုဘဲ ပတ်ဝန်းကျင်ကိုအကူညီတောင်းခြင်း၊ မီးသတ်စခန်းကိုအကြောင်းခြင်း ပြုလုပ်ရမည်ဖြစ် ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။

မည်သို့ပင်ဆိုစေ နွေသည် နှစ်စဉ်နှစ်တိုင်း နွေပီသစွာ ပတ်ဝန်းကျင်တိုင်းတွင် ပူပြင်းခြောက်သွေ့ခြင်းကသာ နေရာယူ ကြီးစိုးနေ၏။ ထို့ကြောင့်လည်း နှစ်စဉ်ဆိုသလို နွေ၏ သောကကား မသေးပေ။ သို့သော်လည်း နွေဒဏ်ကို အံတုရင်း မလွဲမရှောင်ရင်ဆိုင်ဖြတ်သန်းရပေဦးမည်ပင်။ 

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *