ဒါရိုက်တာခရစ္စတီးနားခီနှင့် မေးမြန်းမှု

“ပရိသတ်ထောက်ပြတဲ့ အမှားတွေကို အစ်မပြင်ရမယ်။ ပြင်ရင်းပြင်ရင်းနဲ့ အစ်မ ပိုကောင်းလာအောင် လုပ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် အစ်မလည်း တစ်ချိန်ချိန်မှာ ပရိသတ်ပစ်သွားတဲ့ အနုပညာရှင် ဖြစ်သွားမယ်”

အခုလက်ရှိရိုက်ကူးနေတဲ့ Now & Ever  ဇာတ်ကား ရိုက်ကူးပြီးစီးမှုအကြောင်း၊ စတုတ္ထမြောက်ရိုက်ကူးမယ့် အက်ရှင်ဇာတ်ကားနဲ့ တောမင်းသမီးဝတ္ထုရိုက်ကူးဖို့အတွက် ပြင်ဆင်မှုအပိုင်းတွေကို ဒါရိုက်တာခရစ္စတီးနားခီကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice :       အခုနောက်ပိုင်း ပရိသတ်တွေ ကလည်း ရုပ်ရှင်ကိုပြုပြင်ပြောင်းလဲမှုတွေ  လုပ်ချင်လာကြပြီဆိုတော့ ကိုယ်တိုင်ဘယ်လိုမျိုးတွေ ပြောင်းလဲချင်လဲ။

CK     :        ရုပ်ရှင်ဟာ အိန္ဒိယမှာပဲ ဖြစ်ဖြစ်၊ အစ်မကြိုက်တဲ့ အီရန်ကားပဲ ဖြစ်ဖြစ်၊ ကိုးရီးယားကားပဲ ကြည့်ကြည့်၊ လာအိုမှာ နောက်ဆုံးရိုက်သွားတဲ့ ကားလေးပဲဖြစ်ဖြစ် အခုထိုင်းပေါ့နော် တိုးတက်လာတဲ့အထဲမှာ ကိုးရီးယားပြီးရင် ထိုင်းကလည်း Asia မှာ နောက်ကနေ တော်တော်ကို လိုက်လာတယ်။ ဟောလိဝုဒ်အကြီးကြီး  တွေ မဟုတ်တောင်မှ နိုင်ငံပေါင်းစုံမှာတော့ သူရဲ့ပြုပြင်ပြောင်းလဲမှုတွေက လုံးဝရှိသွားပြီဆိုတာ အစ်မတို့ လက်ခံရမယ်။ အစ်မတို့  ကမ္ဘာမှာ အပြင်ကို တစ်ထီးတည်းပုဂ္ဂလိက  အနေနဲ့ ထွက်နေလို့ မရဘူးလို့ မြင်တယ်။ ဒါမှပဲ အစ်မတို့ ဈေးကွက်ချဲ့တဲ့နေရာမှာ တစ်ဖက်ကနေပြီးတော့ အစ်မတို့ ကားလေးတွေကို ကြည့်တဲ့အခါမှာ သူတို့ကြိုက်တဲ့ အရသာ ဖြစ်ရမယ်။ သူတို့ကြိုက်တဲ့ အရသာဆိုတဲ့နေရာမှာ အစ်မတို့က သူတို့ ကားတွေကို မြန်မာလူမျိုး မြန်မာကို ချစ်တဲ့ စိတ်နဲ့ပဲ သူတို့ကားကို ကြည့်နေတာကို လက်ခံလာသေးတာပဲ။ သူတို့ဘက်ကလည်း အစ်မတို့ကို အဲဒီလိုပဲ မြင်မှာပဲ။ မြန်မာမို့ မကြိုက်ဘူးဆိုတာ မရှိဘူး။ အနုပညာကို အနုပညာလို့ပဲ မြင်မယ်လို့ ထင်တယ်။ အဲဒီအတွက် ဒီဟာကို ပြုပြင်ပြောင်းလဲဖို့ ပရိသတ်တွေ ဖြစ်တယ်ဆိုတာလည်း ပရိသတ်များစွာက အခုဟာက ကမ္ဘာတစ်ခုလုံးကို မျက်လုံးဖွင့်ပေးခံလိုက်ရတာပဲ။ အခုပွင့်သွားပြီပေါ့ မျက်လုံးတွေက ။ ဒါပေမဲ့ ကျန်ခဲ့တဲ့သူတွေလည်း ကျန်ခဲ့နေသေးတယ်။ အချိန်တန်ရင်တော့ အကုန်ပြောင်းသွားမှာပဲ။ ဒီလိုပဲ US မှာလည်း တစ်ချိန် အနှစ် ၅၀ ကလည်း Method Action တို့ ဘာတို့ ပြောင်းခဲ့တာ ဒီလို လူတစ်စုက စခဲ့တာပဲ။ အစ်မထင်တာက ကောင်းသောပြောင်းလဲခြင်းဘက်ကို ဖြည်းဖြည်းခြင်းတော့ ရောက်သွားမယ်လို့ ထင်တယ်။ နောက်ဆုံးတော့ အစ်မတို့ အနုပညာသမားတွေက ပရိသတ်မရှိရင် မရတဲ့အတွက် ပရိသတ်ပြောတာလေးကို နားထောင်ရမှာပေါ့။

Voice :       Now & Ever ဇာတ်ကားက ရိုက်ကူးမှုအခြေအနေက ဘယ်လောက်လောက် ပြီးသွားပြီလဲ။

CK     : အပိုင်း သုံးပိုင်းခွဲလိုက်တယ်။ အခုနောက်ဆုံးအပိုင်းကိုတော့ ဧပြီထဲမှာ ပြီးရမယ်ပေါ့။ အဲဒီကားက  Challenge တွေလည်း အများကြီးပဲ။ ဇာတ်ညွှန်းက တစ်ဖွဲ့လုံးဖတ်လိုက်တုန်းက အစ်မတို့က Emotion ပဲ ခံစားပြီး ဖတ်တာ။ဒါပေမဲ့ သူက သေးသေးလေးတွေ လိုက်ဖော်ရတဲ့အခါ အဲဒီသေးသေးလေးကို လိုက်ရိုက်တဲ့ဟာက Location အပြောင်းအလဲတွေ အများကြီးဖြစ်သွားတယ်။ မထင်မှတ်ပဲနဲ့ ပိုပြီးတော့ ကုန်လာတယ်။ ပိုပြီးတော့ အချိန်ကြာလာတယ်။ ဒါပေမဲ့တစ်ဖွဲ့လုံးက  တော်တော်လေး စိတ်လှုပ်ရှားရတယ်။ အဓိကတော့ အစ်မ ထင်တယ် ပရိသတ်ကြောင့် အများကြီးပါတယ်။ ပရိသတ်ရဲ့ အားပေးမှုတွေအများကြီးရှိတဲ့အတွက် ဒီကားလေးမှာလည်း ပရိသတ်တွေ လာကြည့်ကြလိမ့်မယ်ဆိုပြီး ပိုဂရုစိုက်ကြတယ်။ အားလုံးက အရမ်းကြိုးစားကြတယ်။ ဒါပေမဲ့အားရကျေနပ်မှုက  ဘယ်တော့မှလည်း ၁၀၀ ရာခိုင်နှုန်းတော့ ရှိမှာ မဟုတ်ပါဘူး။

Voice :       ဒီကားက ကိုယ့်အတွက်  ဘယ်လောက်အထိ စိန်ခေါ်မူများနေလဲ။

CK     : အဲဒီလိုတော့ အစ်မမှာ မရှိဘူး။ အရင်ထဲကလည်း အစ်မက ခေါင်းမာတယ်။ အစ်မလုပ်ချင်တာပဲ လုပ်တာဆိုတော့ အစ်မရဲ့ရုပ်ရှင်ကို ပွင့်ပွင့်လင်းလင်း ပြောရရင် နာမည်တစ်ခုရလာချိန်မှာ အများကြီးပဲ။ နောက်ဆုံး ဘယ်လောက်အထိ ဖွင့်ပေးလဲဆိုရင် ကိုဇဏ်ခီနဲ့ပဲ ရိုက်ပါ၊ အစ်မကိုလည်း ဒါရိုက်တာလုပ်ပါဆိုတဲ့ အဆင့် ရောက်တယ်။ မင်းသမီးလည်း ကြိုက်တာရွေးသူတို့လည်း ဒီထက် ဖွင့်ပေးစရာ မရှိတော့ဘူးလေ။ ဒါပေမဲ့အစ်မက အဲဒီလမ်းကိုမလိုက်ဘူးလို့ လွန်ခဲ့တဲ့ဆယ်နှစ်ထဲက သန္နိဋ္ဌာန်ချထားတာဆိုတော့ အစ်မရဲ့ စိန်ခေါ်မှုကျတော့ အစ်မရဲ့ အနုပညာပဲ ဖြစ်သွားတယ်။ ဟိုလမ်းကြောင်းတွေ၊ ဒီလမ်းကြောင်းတွေ စိန်ခေါ်မှု မရှိဘူး။ ပရိသတ်အတွက် အစ်မက အနုပညာကို အစ်မတတ်သလောက်  စေတနာမှန်မှန်နဲ့ ချပြလိုက်တယ်။ အဲဒါကိုမှ ပရိသတ်ကြိုက်တယ်။ ပရိသတ်က ကြိုက်တယ်ဆိုရင် အမှားတွေ ရှိနေသေးတာကို သူတို့ ထောက်ပြတာလေးတွေ ရှိတယ်။ ပရိသတ်ထောက်ပြတဲ့ အမှားတွေကို အစ်မ ပြင်ရမယ်။ ပြင်ရင်း ပြင်ရင်းနဲ့ အစ်မ ပိုကောင်းလာအောင် လုပ်ရမယ်။ အဲဒီလိုမှမဟုတ်ရင်အစ်မလည်း တစ်ချိန်ချိန်မှာ ပရိသတ် ပစ်သွားတဲ့ အနုပညာရှင် ဖြစ်သွားမယ်။

Voice         :       တောမင်းသမီးဝတ္ထုလည်း ဝယ်ထားတော့ Now & Ever ဇာတ်ကားပြီးတာနဲ့ တောမင်းသမီးကို ဆက်ရိုက်ဖြစ်မှာလား။

CK     :        အစ်မဆုံးဖြတ်ထားတာက ကိုဇဏ်ကလည်း ပြောထားတာ တစ်နှစ်လောက်ကို ပြင်ရမယ်လို့ ပြောတော့ ပြင်ဖို့အတွက်ကို အစ်မ Central Base ကနေ ခွင့်တစ်နှစ်လောက်ကို ယူလိုက်မှာ။ ပြီးတော့ နောက်ဒါရိုက်တာတစ်ယောက်ကို စပြောနေတာလည်း ရှိတော့ ရှိနေပြီ လုပ်ဖြစ်မလား၊ မဖြစ်ဘူးလားဆိုတာ မသိသေးဘူး။ အစ်မရဲ့နိုင်ငံခြားက သူငယ်ချင်းကိုလည်း အစ်မက ခေါင်းထဲမှာ တွေးထားတယ်။ သူတို့က ကြားဝင်ပြီးတော့ အစ်မတို့ထုတ်လုပ်ရေးအတွက် ရိုက်ပေးမယ်ဆိုရင်တော့ အစ်မ  တောမင်းသမီးကို အချိန်ယူပြီးပြင်မယ်။ ကြားထဲမှာတော့ အက်ရှင်ကားတစ်ကားတော့ ရိုက်ဖြစ်အောင်ရိုက်မယ်လို့ စဉ်းစားထားတယ်။

Voice :       အက်ရှင်ကားက မင်းသားက ကိုဇဏ်ခီအပြင် တခြားဘယ်သူတွေ ပါဦးမလဲ။

CK     :        ကိုဇဏ်နဲ့ပဲ။ မင်းသားလည်း နောက်နှစ်ယောက်ထပ်ပါမယ်။ မင်းသမီး ကတော့ မသိသေးဘူး။ အဲဒီကားကို သေချာလေးလုပ်ချင်တယ်။ တောမင်းသမီးက ငါးနှစ်စာချုပ်ဆိုတော့ နောက်ထပ် ၂ နှစ်လောက်နေပြီးမှ ရိုက်ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ပွဲတွေလည်း တောက်လျှောက် လိုက်ကြည့်ချင်သေးတယ်။ အဲဒါကြောင့်အချိန်သေချာလေး ယူဖြစ်မယ်။

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *