သံတိုင်နောက်က ပန်းကလေးများ

photo by MDY Police (ကိုမျိုးမင်းဦး သေဆုံးခဲ့မှုတွင် ပါဝင်ခဲ့သည်ဟု ဆိုသော တရားခံများ)

“ငါတို့ ငွေလိုနေတယ်။ မင်းတို့ လိုင်းပေါ်မှာ တွေ့ထားတဲ့သူရှိရင် ချိန်းလိုက်။ ငါတို့ ဝင်လုကြမယ်”

မတ်လ ၂၃ ရက်နေ့ ညနေ ၆  နာရီ အချိန် သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်တွင်တွေ့ဆုံစဉ် ဖိုးချမ်း၏ ပြောစကား ဖြစ်သည်။ ယင်းစကားကပင် သူတို့ သူငယ်ချင်းငါးဦးကို လူသတ်သမားဘ၀သို့ တွန်းပို့ခဲ့ခြင်း ဖြစ်လေသည်။

ဖိုးချမ်း၏ အကြံပြုတိုက်တွန်းစကားကြောင့် သီဟအောင်နှင့် ခွန်းဆက် မျိုးအောင် (ခ) နောင်နောင်တို့ နှစ်ယောက်က သူတို့၏ Facebook Messenger မှတစ်ဆင့် သားကောင်ရှာသောအခါ အသက် ၄၂ နှစ်ခန့်ရှိသည့် မျိုးမျိုး (ခ)  မျိုးမင်းဦးဆိုသူကို ချိတ်ဆက်မိလေသည်။

ကိုမျိုးမင်းဦးကို ၆၂ လမ်းပေါ်ရှိ မနော်ရမ္မံဥယျာဉ် အနောက်ပေါက်တွင် တွေ့ဆုံရန်ချိန်းဆိုခဲ့သော်လည်း ယင်းနေရာသို့ အရောက်တွင် လူများနေသည်နှင့် ကြုံသဖြင့် အခွင့်မသာခဲ့။ ထို့ကြောင့်  ကိုမျိုးမင်းဦးကို တမ္ပ၀တီရပ်ကွက် စန္ဒာမုနိဘုရားလမ်းကြားသို့ ခေါ်ဆောင်လာရန် သီဟအောင်နှင့် နောင်နောင်ကို ဖိုးချမ်းက  ညွှန်ကြားလေသည်။

ထိုလမ်းကြားတွင်မူ ဖိုးချမ်းသည်  သူငယ်ချင်းဖြစ်သူ ညီညီလွင်၊ ဝေလင်းဦးတို့နှင့်အတူ စောင့်ဆိုင်းနေခဲ့လေသည်။

သီဟအောင်၊ နောင်နောင်နှင့် မျိုးမျိုး (ခ) မျိုးမင်းဦးတို့ သုံးဦးချိန်းဆိုရာ နေရာသို့ ရောက်ရှိစဉ် ဖိုးချမ်းတို့လည်း ရောက်လာပြီး ကိုမျိုးမင်းဦး၏ လက်ကိုင်ဖုန်းကို တောင်းယူစဉ် မပေးဘဲ ဆိုင်ကယ်မောင်းပြေးသဖြင့် အသင့်ပါလာသည့် ဓားမြှောင်ဖြင့် ဖိုးချမ်းက ကိုမျိုးမင်းဦးကို ထိုးလိုက်သည်။

ဖိုးချမ်းထိုးလိုက်သော ဓားတစ်ချက်သည် ၎င်းတို့အားလုံးကို လူသတ်သမား၊  လုယက်မှုကျူးလွန်သူများအဖြစ် တံဆိပ်ရိုက်ပေးလိုက်လေသည်။

ထို့နောက် သူတို့ လူစုခွဲ၍ နေအိမ်အသီးသီးသို့ ပြန်ကာ ဟန်မူရာမပျက်နေလိုက်ကြသည်။

ဆယ်ကျော်သက်လူငယ်အချို့ လုယက်သတ်ဖြတ်မှုကို အလွယ်တကူကျူးလွန်လာနေကြပါသလား။

ဖိုးချမ်းသည် အသက် ၁၉ နှစ် အရွယ်ဖြစ်ပြီး ကျန်သူငယ်ချင်းလေးဦးမှာလည်း အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ်များဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်သည် အချိန်အားဖြင့် သုံးနာရီခန့်သာ ကြာမြင့်ခဲ့သော်လည်း ငယ်ရွယ်သည့် သူများကို လုယက်သတ်ဖြတ်သူအဖြစ် ရောက်ရှိစေခဲ့သည်။

ငွေလိုသည်ကို အကြောင်းပြု၍ လူတစ်ဦးကို ချိန်းဆိုခဲ့ကြသော်လည်း လက်ကိုင်ဖုန်း၊ ဆိုင်ကယ်စသည်တို့ကို သူတို့ ယူမသွားနိုင်ကြ။ သူတို့လိုအပ်သည့် ငွေသည် ဂိမ်းကစားရန်အတွက်လား၊ ဆိုင်ကယ်ပြင်ရန် အတွက်လား၊ အခြားသော ကိစ္စများအတွက်လား၊ မည်သည့်အကြောင်းကြောင့် လိုအပ်သည်ဖြစ်စေ ငွေလိုသဖြင့် လုယက်မည်ဆိုသည့် အတွေးမျိုးကို တွေးတောနေနိုင်ခြင်းသည် အန္တရာယ်များစွာရှိလေသည်။

ယင်းဖြစ်ရပ်နှင့် အလားသဏ္ဌာန်တူသည့် ဖြစ်ရပ်တစ်ခုလည်း ရှိသည်။

၂၀၁၈ ခုနှစ် ဩဂုတ်လအတွင်းက ကျောက်ဆည်မြို့အတွင်း ဆိုင်ကယ်စီးနင်းနေသည့် ကျောက်ဆည်အစိုးရစက်မှုလက်မှုသိပ္ပံ တတိယနှစ်ကျောင်းသား နေမင်းထက်ထံမှ လက်ကိုင်ဖုန်းကို လုယက်စဉ်ခိုက်ရန်ဖြစ်ပွားပြီး လုယက်သူသုံးဦးက ဓားဖြင့်ထိုးခဲ့သဖြင့် နေမင်းထက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယင်းအမှုကို ကျူးလွန်သူများသည် အသက် ၂၀ ဝန်းကျင်လူငယ်များသာ ဖြစ်သည်။

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်းကလည်း မန္တလေးဗဟိုအကျဉ်းထောင်တွင် တာဝန်ထမ်းဆောင်နေသည့် သူနာပြု ဆရာမနှစ်ဦး နေအိမ်သို့ ပြန်လာစဉ် မန္တလေးတောင် အရှေ့ဘက်ရှိ တောင်ပတ်လမ်းအရောက် ဆိုင်ကယ်စီးလူငယ်နှစ်ဦးက လုယက်ခဲ့သည်။

လုယက်မှုကြောင့် လက်ကိုင်ဖုန်းနှင့် အခြားပစ္စည်းများပါသွားသည့်အပြင် နောက်မှလိုက်သည့် ဆရာမမှာ ပြုတ်ကျသဖြင့် ဒဏ်ရာများ ရရှိခဲ့သေးသည်။

ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ ပြစ်မှုကျူးလွန်သူများသည် အသက် ၂၀ နှစ်အရွယ်ရှိလူငယ်များ ဖြစ်သည်။ ၎င်းတို့သည် ကမ်းနားလမ်းညောင်ကွဲ ရပ်ကွက်တွင် နေထိုင်ကြပြီး ကျပန်းအလုပ်လုပ်ကိုင်သူများဖြစ်သည်ဟု ဆိုသည်။

“လူငယ်တွေစုပြီး လုပ်တတ် (ကျူးလွန်တတ်) ကြတယ်။ အဓိကကတော့ ငွေရလွယ်လို့ လုပ်ကြတာပါပဲ”ဟု သူနာပြုဆရာမများ လုယက်ခံရမှုကို ဥပမာပေး၍ အမှတ် (၂) နယ်မြေရဲစခန်းတာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ဆိုင်ကယ်ဖြင့် လုယက်မှုကျူးလွန်ခြင်း၊ ခိုးမှုကျူးလွန်ခြင်းစသည့် မကောင်းမှုကို ကျူးလွန်ကြသူများတွင် အသက်ငယ်ရွယ်သူ၊ အသက်မပြည့်သေးသူများ ပိုမိုပါဝင်လာနေသည်။ ၂၀၁၇ ခုနှစ် ဩဂုတ်လအတွင်းက မန္တလေးမြို့တွင် ဖြစ်ပေါ်ခဲ့သည့် သက်ငယ်လူမိုက်ကလေးတို့ အကြောင်းမှာလည်း  စိတ်မကောင်းစရာ ဖြစ်လေသည်။

အသက် ၂၀ နှစ်အောက် လူငယ်နှစ်ဦးသည် သူငယ်ချင်းထံမှ ဆိုင်ကယ် ငှားရမ်းကာ ရှေ့ဆိုင်ကယ်မောင်းနှင်သူ၏ ခါးကြားတွင် ထိုးထားသည့် လက်ကိုင်ဖုန်းကို လုယူထွက်ပြေးမှု မန္တလေးမြို့လယ်ကောင် ၈၂ လမ်းပေါ်တွင် ဖြစ်ပေါ်ခဲ့သေးသည်။ ပြစ်မှုကျူးလွန်သူများမှာ အသက် ၁၈ နှစ်နှင့် ၁၉ နှစ်အရွယ်တို့ ဖြစ်သည်။

ယင်းအပြင် မန္တလေးကန်တော်ကြီးကန်ပတ်လမ်းတွင် စကားပြောနေသည့် သမီးရည်းစားစုံတွဲကို ဓားဖြင့် ထောက်၍ လက်တော့ပ်တစ်လုံးလုယက်သွားသည့် ပြစ်မှုကို ကျူးလွန်ခဲ့သူများကလည်း အသက် ၁၉ နှစ်နှင့် ၂၁ နှစ်အရွယ်တို့ ဖြစ်ကြသည်။

ယင်းကဲ့သို့ ဖြစ်ရပ်မျိုး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအတွင်းက ပြန်လည်ဖြစ်ပေါ်ခဲ့ပြန်သည်။

တောင်သမန်ကန်ပတ်လမ်းဘေးခုံတန်းတွင် စကားပြောဆိုနေသည့် ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုစိုးမိုးဟိန်းတို့စုံတွဲထံ လူလေးဦး ရောက်လာပြီး အကူအညီတောင်းစရာရှိသည်ဟုပြောဆိုကာ ကိုစိုးမိုးဟိန်းကို ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူများမှာ အသက် ၂၀ နှစ်ဝန်းကျင်အရွယ်များဖြစ်ပြီး ကျူးလွန်ရာတွင် ပါဝင်သူတစ်ဦးကို မတ်လအတွင်းက ဖမ်းမိထားသည်။ ကျန်သုံးဦးမှာမူ စုံစမ်းနေဆဲဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းဖြစ်ရပ်များကို ကြည့်လျှင် ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပေါ်ခဲ့သည့် သက်ငယ်လူမိုက် သို့မဟုတ်  အသက်ငယ်ရွယ်သူများ ကျူးလွန်ကြသည့် အမှုအခင်းများတွင် လုယက်ခြင်းများကို တွေ့ရသော် လည်း အသက်အန္တရာယ်ပြုသည်အထိ မကျူးလွန်ကြပေ။

သို့သော် ၂၀၁၈ ခုနှစ်အတွင်း၌မူ လုယက်မှုကျူးလွန်ရင်း လူသတ်မှုပါ တစ်ပါတည်းကျူးလွန်လာကြသည်ကို စိတ်မကောင်းဖွယ်တွေ့မြင်ရသည်။

နာမည်ကြီးခဲ့သည့် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသား ကိုထက်လင်းသန့်ကို  လုယက်ရိုက်နှက်ကာသတ်ဖြတ်ခဲ့သည့် အမှုတွင်လည်း ကျူးလွန်ခဲ့သူများထဲတွင် အသက် ၁၆ နှစ်မပြည့်သေးသူတစ်ဦး ပါဝင်ခဲ့သည်။

ထိုသူသည် အမှု၏ အဓိကတရားခံစာရင်းတွင် ပါဝင်သော်လည်း အသက်မပြည့်သေးသူ (၁၆ နှစ်မပြည့် သေးသူ)  ဖြစ်၍ ကလေးသူငယ်ဥပဒေအရ ထောင်ဒဏ် ခုနစ်နှစ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး အခြားသူပြစ်မှုကျူးလွန်သူများထက် ပြစ်ဒဏ်မှာများစွာ လျော့နည်းခဲ့သည်။

ယင်းအပေါ် မိဘ၊ ဆရာ၊ ကျောင်းသူ ကျောင်းသားတို့က ကျေနပ်မှုမရှိကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားနေပါလျက် တည်ဆဲဥပဒေတစ်ရပ်၏ ပြဋ္ဌာန်းချက်အချို့ကြောင့် တရားခံအပေါ် အကာအကွယ်ဖြစ်စေသည်ဟု ထင်မြင်ယူဆမိကြောင်း နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး) ကျောင်းသားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မိဘ၊ ဆရာ၊ ကျောင်းသူကျောင်းသားများ၏ စိတ်တွင် အသက်မပြည့်သေးသူများသည် ကြီးလေးသောပြစ်မှုကို အထူးဥပဒေတစ်ရပ်ရပ်၏ အကာအကွယ်ပေးမှုဖြင့် ကျူးလွန်နေမှုသည် ဖြစ်သင့်၏လောဟု မေးခွန်းထုတ်ရန်ဖြစ်သည်ဟု ယင်းသမဂ္ဂက ထောက်ပြသည်။

ယင်းအပြင် ချစ်ခွင့်ပန်ထားသည့် မိန်းကလေးကို ဓားဖြင့် ထောက်၍ အဖြေတောင်းသည့် အသက် ၂၀ နှစ်အရွယ်လူငယ်တစ်ဦးအကြောင်းကလည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်းက ဖြစ်ခဲ့သည့် ဟာသနှောသည့် ရင်မောဖွယ်ဖြစ်ရပ်ဖြစ်သည်။

“အရှက်ကွဲခံမလား၊ အသေခံမလား၊ ငါ့ကို ယူမလား”ဟု ခြိမ်းခြောက်ပြောဆိုပြီး လက်ထပ်ရမည်ဟုဆိုကာ ဆိုင်ကယ်ပေါ်တင်ဆောင်ရန် ကြိုးစားစဉ် မိန်းကလေး၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

အမျိုးသားမှာ ကန့်ဘလူနည်းပညာကောလိပ် ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး မန္တလေးမြို့ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုတွင် မူကြိုဆရာမအဖြစ် လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်အရွယ် မိန်းကလေးကို ချစ်ခွင့်ပန်ရာပြန်လည်ချစ်ကြိုက်ခြင်းမရှိသဖြင့် အရိုးအသွားကိုးလက်မရှိသည့် ဓားချွန်ဖြင့် လည်ပင်းကို ထောက်၍ အဖြေတောင်းခဲ့ခြင်း ဖြစ်သည်။

သာမန်ကြည့်လျှင် အချစ်ကြီးသည့် အမျိုးသားအပေါ် စာနာရခက်၊ ရယ်ရခက်ဖြစ်ပြီး လူသတ်မှုအထိပါ ဖြစ်ပေါ်စေနိုင်သည့် ဖြစ်ရပ်အတွက်မူ ရှုတ်ချရမည်လည်းဖြစ်သည်။ ပြစ်မှုကျူးလွန်ရန်အတွက် တုတ်၊ ဓား စသည့်လက်နက်များကို အလွယ်တကူဆောင်ယူလာတတ်ခြင်းမှာလည်း ကြောက်လန့်ဖွယ်ဖြစ်သည်။

မည်သို့ဆိုစေ ငယ်ရွယ်သူများ အမှုအခင်းကျူးလွန်မှုများလာသည်မှာ  အထက်ပါအကြောင်းခြင်းရာများက သက်သေပြလျက်ရှိသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။

ထို့အတူ ကိုမျိုးမင်းဦး သေဆုံးခဲ့မှုအတွက် ကျူးလွန်သူလူငယ်များကို မည်ကဲ့သို့ ဖော်ထုတ်ခဲ့ပါသနည်း။

ဆောင်းပါးအစပိုင်းတွင် ဖော်ပြခဲ့သည့် Facebook Messenger မှ တစ်ဆင့်ချိန်းဆိုပြီး လုယက်ကာ လူသတ်မှုကျူးလွန်ခဲ့သူများကို ရဲတပ်ဖွဲ့က စုံစမ်းခဲ့သည်။

ကျူးလွန်ခံရသူ၏ လက်ကိုင်ဖုန်းရှိ  Facebook Messenger တွင် Sharr Wana အမည်ရှိ လူငယ်တစ်ဦးနှင့် တွေ့ဆုံရန် ချိန်းဆိုထားပြီး ဖုန်းနံပါတ်တစ်ခုကို ဆယ်သွယ်ရန် ရေးသားထားသဖြင့် အမျိုးသမီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနံပါတ်သို့ မှားယွင်းဆက်မိဟန်ဆောင်၍ ချိန်းဆိုခဲ့ကြသည်။

ထိုအခါ ဖုန်းနံပါတ်ပိုင်ရှင်က မဟာမုနိဘုရားကြီးပန်းခြံတွင် လာရောက်တွေ့ဆုံမည်ဟု ပြောဆိုခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေစဉ် ၄၁ လမ်းရှိ သားရေစက်ရုံရှေ့တွင် ဆိုင်ကယ်ဆီပြတ်နေသဖြင့် လာရောက်ရန် ဖုန်းဆက်လာသဖြင့် သွားရောက်ကြရာ ဖုန်းပိုင်ရှင် သီဟအောင်နှင့် ခွန်းဆက်မျိုးအောင် (ခ) နောင်နောင်တို့ကို တွေ့ရှိဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် ညီညီလွင်ဆိုသူကိုလည်း ဖမ်းဆီးရမိထားပြီး ဖိုးချမ်း (ခ) ငြိမ်းချမ်းအောင်နှင့် ဝေလင်းဦးတို့ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် မူခင်းများကို ကျူးလွန်သူများသည် အသက် ၁၆ နှစ်မှ ၁၉ နှစ်အတွင်းရှိ လူငယ်များဖြစ်ပြီး သံပန်း၊ ပန်းရံ၊ ဆေးသုတ်၊ ဆိုင်ကယ်ကယ်ရီ စသည့် ကျပန်းအလုပ်လုပ်ကိုင်ရသူများ ဖြစ်ကြကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။

အမှုအခင်းကျူးလွန်ကြသည့် လူငယ်များသည် ဆင်းရဲနွမ်းပါးသူများဖြစ်ပြီး ပညာကောင်းစွာ မသင်ခဲ့ကြရကြောင်း၊ ယင်းကြောင့် စဉ်းစားတွေးခေါ်မှုအားနည်းပြီး မှုခင်းများကို ကျူးလွန်ကြခြင်းဖြစ်ကြောင်း အောင်မြေသာစံမြို့နယ်တွင် နေထိုင်သည့် အသက်လေးဆယ်အရွယ် ကိုထွန်းက ဆိုသည်။

လုယက်မှုသည် လိုချင်သည့် ပစ္စည်းအကုန်ရသည့်သဘောဖြစ်နေသောကြောင့် အလွယ်လမ်းစဉ်လိုက်ကြခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အာဏာရှင်တို့ ကြီးစိုးခဲ့သည့် နိုင်ငံတွင် လူငယ်များကို ဆင်းရဲမွဲတေရန်၊ ပညာမဲ့ရန်နှင့် ပဋိပက္ခများဖြစ်ပွားရန်အတွက် ဖန်တီးလေ့ရှိကြောင်း မန္တလေးမြို့မှ စာရေးဆရာကောင်းပြည့်သော်က ပြောသည်။

“သူက ပထမနှစ်ချက်ဖြစ်ပြီဆိုရင် တတိယအချက်က အလိုလိုဖြစ်တတ်တယ်။ လူငယ်တွေ ပျက်စီးတာမျိုးက ချက်ချင်းဖြစ်လာတာ မဟုတ်ဘူး။ ဒီလို ဖြစ်အောင် အရင်က လှုံ့ဆော်ပေးတာမျိုးက ရှိတယ်”ဟု ၎င်းက ဆိုသည်။

လူငယ်တို့၏ ပတ်ဝန်းကျင်သည် အရေးကြီးပြီး ၎င်းတို့ ကြည့်ရှုသည့် ဇာတ်ကားများ၊ ဖျော်ဖြေရေးကဏ္ဍများကို ဂရုစိုက်ရမည်ဟု ဆရာကောင်းပြည့်သော်က အကြံပြုသည်။

“Facebook မှာ ယဉ်ကျေးလူ့အဖွဲ့အစည်းပျောက်ဆုံးနေတာမျိုးက လူငယ်တွေအတွက် အန္တရာယ်ပါပဲ။ လူငယ်တွေဟာ ကိုယ်ရချင်တာပဲ သိတယ်။ ဒါကို ကျူးလွန်လို့ ဘာဆက်ဖြစ်နိုင်သလဲဆိုတဲ့ ဖြန့်ကြက်တွေးခေါ်တာမျိုးက ပျောက်ဆုံးနေတယ်”ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါးကို လက်တစ်ကမ်းတွင် အလွယ်တကူရရှိနေသည့်ကိစ္စမှာလည်း လူငယ်များအတွက် အန္တရာယ်ဖြစ်ပြီး မူးယစ်သားကောင်လူငယ်များသည် ပင်ကိုစိတ်ပျောက်ဆုံးကာ ငွေရရန် ဘာမဆိုလုပ်ကိုင်မည့်အခြေအနေများနှင့် ရင်ဆိုင်ရလေ့ရှိကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“လူငယ်ဗဟိုပြုအခန်းကဏ္ဍကို သေချာတည်ဆောက်ပေးရမယ်။ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးရမယ်”ဟု ဆရာကောင်းပြည့်သော်က ဆိုလေသည်။

ယင်းသို့ဆိုလျှင်ကော သက်ငယ်လူမိုက်ပြဿနာက အမှန်တကယ် ပြေလည်နိုင်သွားပါမည်လော။

သံတိုင်နောက်သို့ ပန်းကလေးများနှင့်တူသော လူငယ်တို့ မရောက်ရှိရေး  ဧကန်လိုအပ်နေပြီဖြစ်သည်။

လတ်မျိုးဆွေ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *