တရားရုံးများ ပြည်သူကို စိတ်ကျေနပ်မှု ရစေသလော

တရားရုံးများအပေါ်  ပြည်သူများ၏စိတ်ကျေနပ်မှု မြင့်တက်လာကြောင်း အစိုးရက အစီရင်ခံစာတွင် ထည့်သွင်းထုတ်ပြန်လိုက်သည်။ ပြည်သူများ အမှန်တကယ် စိတ်ကျေနပ်ကြပါ၏လော။

၂၀၁၈ ခုနှစ်တွင် တရားရုံးဝန်ဆောင်မှုများနှင့် ဆောင်ရွက်ချက်များအပေါ် ပြည်သူများ၏ စိတ်ကျေနပ်မှုသည် ၇၁ ရာခိုင်နှုန်းအထိရှိလာကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည့် ၂၀၁၈ ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြသည်။

တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ခိုင်မာရေးကိုလည်း ထင်ရှားစွာဆောင်ရွက်နိုင်ပြီး အမှုများ မြန်မြန်ဆန်ဆန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။

ယိမ်းယိုင်နေသည့် တရားစီရင်ရေးဟု ကာလကြာရှည်ဝေဖန်ခံနေရချိန် တရားရုံးများ၏ ဝန်ဆောင်မှုနှင့် ဆောင်ရွက်ချက်များအပေါ် ပြည်သူစိတ်ကျေနပ်မှုမြင့်တက်လာသည်ဆိုခြင်းမှာ ဆန်းစစ်ရမည့် အခြေအနေဖြစ်လာသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလအစပိုင်းအထိ တရားစီရင်မှုအပေါ် ပြည်သူများ စိတ်ကျေနပ်မှုသည် ၅၆ ရာခိုင်နှုန်းသာရှိခဲပြီး ခြောက်လကြာပြီးနောက် စစ်တမ်းကောက်ယူသည့်အချိန်တွင် ၇၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။

အဆိုပါစစ်တမ်းသည် တရားစီရင်ရေးကို ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ အမှုသည်၊ ရှေ့နေများနှင့် သက်သေများ၊ တရားရုံးကို လာရောက်သူများ စုစုပေါင်းအရေအတွက် သုံးထောင်နီးပါး (၂,၈၆၆ ဦး) အပေါ် ကောက်ယူထားသည့် စစ်တမ်းဖြစ်သည်။

တရားစီရင်ရေးမဏ္ဍိုင်တည့်မတ်ခိုင်မာရေး၊ ဘက်လိုက်မှုကင်းပြီး အဂတိတရားကင်းစင်ရေး၊ တရားရုံး သက်သေခံပစ္စည်းများ ထိရောက်မြန်ဆန်စွာစီမံခန့်ခွဲရေးကို တရားရုံးအဆင့်ဆင့်က တာဝန်ယူမှု၊ တာဝန်ခံမှု ထင်ရှားစွာဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

တရားမျှတသည့် တရားစီရင်ရေးဖြည့်ဆည်းပေးရန်၊ တရားရုံးအပေါ် ပြည်သူလူထုရဲ့ ယုံကြည်မှုနှင့် ထိရောက်မှုရှိသည့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ပေးရန်မှာ တရားစီရင်ရေး၏ အဓိကရည်မှန်းချက် ဖြစ်ကြောင်း ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံးမှ ညွှန်ကြားရေးမှူးဒေါ်တင်နွယ်စိုးက ပြောဆိုထားသည်။

သို့သော် ပြည်သူများက တရားစီရင်မှုအပေါ် ယုံကြည်မှုနည်းနေဆဲဖြစ်ကြောင်း ရှေ့နေများက ထောက်ပြသည်။

ယင်းစစ်တမ်းအရ ပြည်သူများ၏ စိတ်ကျေနပ်မှုမြင့်တက်လာသည်ဟုဖော်ပြသော်လည်း လက်တွေ့တွင် ပြည်သူများက တရားရုံးများ၏ တရားစီရင်ရေးအပေါ် ယုံကြည်၊ စိတ်ကျေနပ်မှုနည်းနေပြီး စစ်တမ်းနှင့် ကွဲလွဲနေကြောင်း ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောဆိုသည်။

“အစီရင်ခံစာထုတ်ပြန်ချက်နဲ့ အောက်ခြေက ပြည်သူတွေ လက်တွေ့ကြုံနေရတဲ့ အခြေအနေကတော့ ကွဲလွဲမှုတွေ ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည့် တရားစီရင်ရေးအပေါ် ပြည်သူများ စိတ်ကျေနပ်မှု တိုးလာသည်ဟုဆိုသည့် စစ်တမ်းသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ၎င်းတို့ လက်အောက်ရှိ တရားရုံးများအပေါ် သုံးသပ်သည့် စစ်တမ်းဖြစ်သောကြောင့် ယုံကြည်ရလောက်သည့် အခြေအနေမရှိကြောင်း ဦးခင်မောင်မြင့်က သုံးသပ်သည်။

“ဒါက အပြင်အဖွဲ့အစည်းတွေကနေ သုံးသပ်ထားတဲ့ စစ်တမ်းမဟုတ်ဘူး။ ပြည်ထောင်စုအဆင့် ကော်မရှင်ဖွဲ့စည်းပြီး လွတ်လွတ်လပ်လပ်သုံးသပ်တာလည်း မဟုတ်ဘူး။ တရားစီရင်ရေးက ပြောင်းလဲတာ သိပ်မရှိသေးဘူး။ တရားရုံးတွေမှာ အဂတိလိုက်စားမှုတွေ၊ မသမာမှုတွေ အများကြီးတွေ့နေရတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

ဥရောပသမဂ္ဂ၏ ပံ့ပိုးမှုဖြင့် ဗြိတိသျှကောင်စီက ဆောင်ရွက်နေသော My Justice ၏ ၂၀၁၈ ခုနှစ်စစ်တမ်းတွင်လည်း တရားစီရင်ရေးတိုးတက်လာသည်ဟု ရှုမြင်သည့် ပြည်သူ ၅၀ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြသည်။

My Justice အဖွဲ့သည် မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော်အပါအဝင် တိုင်းနှင့် ပြည်နယ်အားလုံးရှိ မြို့နယ်အချို့မှ လူဦရေသုံးထောင်ကျော် (၃,၅၆၅ဦး) ကို တရားမျှတမှုဆိုင်ရာစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်။ ယင်းစစ်တမ်းကို ၂၀၁၇ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တရားရုံးနှစ်စဉ်အစီရင်ခံစာတွင် ပြည်သူများက တရားရုံး၏ ဆောင်ရွက်ချက်များအပေါ် စိတ်ကျေနပ်မှုပိုမိုမြင့်တက်လာသည်ဟု ဖော်ပြသော်လည်း မည့်သည့်အကြောင်းကြောင့် မြင့်တက်လာသည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

ပြည်သူများက ပိုမိုယုံကြည်လာသည်ဟု စစ်တမ်းကောက်ပြောဆိုနေသော်လည်း မြင့်တက်လာရသည့် အကြောင်းရင်းကို ပွင့်လင်းမြင်သာစွာပြောဆိုခြင်းမရှိပါက စာရွက်ထဲတွင်သာရှိသည့် စစ်တမ်းတစ်ခုသာဖြစ်ကြောင်း ဦးခင်မောင်မြင့်က မှတ်ချက်ပေးသည်။

တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးစစ်တမ်းအရ တရားရုံးဆောင်ရွက်ချက်များအပေါ် ပြည်သူများစိတ်ကျေနပ်မှုပိုမိုမြင့်တက်လာသည်ဟုဆိုသော်လည်း တရားစီရင်ရေးသည် ပြောင်းလဲမှုမရှိကြောင်း ပြောဆိုသည်။

“လာဘ်စားမြဲစားနေတယ်။ စာရေးတွေကလည်း ပိုက်ဆံယူမြဲယူနေတယ်။ ဥပဒေဝန်ထမ်းတွေကလည်း အရင်လိုပါပဲ။ ဘာမှမပြောင်းလဲဘူး”ဟု ၎င်းက ဆိုသည်။

အစိုးရကမူ ယိမ်းယိုင်နေသည့် တရားစီရင်းရေးပြန်လည်တည့်မတ်လာရန် မဟာဗျူဟာစီမံကိန်းရှိသည်ဟု ဆိုသည်။ ယိမ်းယိုင်နေသည့် တရားစီရင်ရေးပြန်လည်ကောင်းမွန်လာစေရန် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းကို ၂၁၀၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ငါးနှစ်တာစီမံကိန်းဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

တရားစီရင်ရေးကို ပြည်သူများ စိတ်ကျေနပ်စေရန်နှင့် ယုံကြည်မှုရရှိစေရန် အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ညွှန်ကြားချက်များ၊ မဟာဗျူဟာအစီအစဉ်များဖြင့် လုပ်ဆောင်နေသော်လည်း အောက်ရုံးတွင် တာဝန်ရှိသည့် တရားသူကြီးအချို့က လက်တွေ့လုပ်ဆောင်ခြင်း မရှိကြောင်း ဦးခင်မောင်မြင့်က ပြောဆိုသည်။

“လက်တွေ့ဆောင်ရွက်ရမယ့် အောက်ရုံးတရားသူကြီးတွေ မဆောင်ရွက်သရွေ့ ခုနပြောနေတဲ့ မဟာဗျူဟာမြောက်ညွှန်ကြားချက်တွေ အစီအစဉ်တွေက စာရွက်ထဲမှာပဲ ရှိတယ်။ ဘာမှ ပြောင်းလဲလာစရာ အကြောင်းမရှိဘူး”ဟု ၎င်းက ဝေဖန်သည်။

၂၀၁၈ တွင် တရားစီရင်ရေးယိမ်းယိုင်သည်ဟု အကြီးအကျယ်ဝေဖန်ခံရသည့် အမှုများလည်း ရှိခဲ့သည်။

ဟာသသရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုတွင် ပြစ်မှုကျူးလွန်သူဟု ယူဆထားသူသုံးဦးကို စွဲချက်မတင်ခင် တရားရှင်လွှတ်လိုက်သဖြင့် ပြည်သူများက တရားစီရင်ရေးကို ဝေဖန်မှုမှာလည်း တစ်ခုအပါအဝင် ဖြစ်သည်။

စင်္ကာပူနိုင်ငံက ပြန်လာသည့် အိမ်အကူအမျိုးသမီးတွင် ငွေစက္ကူအတုများတွေ့ရှိ၍ အာမခံမပေးဘဲ ဖမ်းဆီးခံခဲ့ရသည်။ သို့သော် ရွှေတိဂုံဘုရားတွင် နိုင်ငံခြားသားနှစ်ဦးထံမှ ငွေစက္ကူအတုများတွေ့သော်လည်း အာမခံပေးခဲ့သည့်အတွက် တရားစီရင်ရေးကို ထပ်မံဝေဖန်လာကြသည်။

နောက်ပိုင်းမှသာ အိမ်အကူမိန်းကလေးကို အာမခံပေးပြီး ငွေစက္ကူအတုတန်ဖိုးအတိုင်း ပြန်လည်ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

ယင်းအပြင် ပြစ်မှုကျူးလွန်ကြောင်း သက်သေထင်ရှားအောင်မပြသနိုင်ဘဲ ရိုက်တာသတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေဖြင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်လိုက်ခြင်း အပေါ်လည်း ဝေဖန်မှုများ ရှိနေသည်။

ပြည်သူအများစိတ်ဝင်စားခဲ့သည့် လက်နက်များ၊ မူးယစ်ဆေးဝါးများတွေ့ရှိမှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် ဖြိုးကိုကိုတင်ဆန်းအမှုကို စစ်ဆေးနေရာတွင်လည်း တစ်နှစ်ခွဲခန့်ကြာနေပြီဖြစ်သော်လည်း ယနေ့အထိ အပြီးသတ်အမိန့်ချမှတ်နိုင်ခြင်း မရှိသေးပေ။

၂နှစ်နီးပါးကြာမြင့်ခဲ့သည့် ရှေ့နေ ဦးကိုနီအမှုကိုမူ ၂၀၁၉ ခုနှစ်နှစ်ဆန်းပိုင်းတွင်မှ အမိန့်ချမှတ်နိုင်ခဲ့သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကမူ ၂၀၁၈ ခုနှစ်တွင် အပြီးသတ်အမိန့်ချနိုင်မှု ပိုမိုမြင့်တက်လာသည်ဟု ထုတ်ပြန်သည်။ ၂၀၁၇ ခုနှစ်တွင် တရားစွဲဆိုမှု ၄,၃၄၄ မှုအထိရှိခဲ့ပြီး ၃,၈၂၃ မှု ပြီးပြတ်ခဲ့သည်။

၂၀၁၈ ခုနှစ်တွင်မူ တရားစွဲဆိုထားသည့် အမှုငါးထောင်ကျော် (၅,၆၆၈) ရှိပြီး ၅,၂၀၃ မှု ပြီးပြတ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။ ယင်းအချက်အလက်များအရ တရားစွဲမှာ ၂၀၁၇ ခုနှစ်ထက် ၁၆ ရာခိုင်နှုန်းကျော် ပိုမိုများပြားခဲ့ပြီး အမှုပြီးပြတ်မှုနှုန်းကလည်း ၃၆ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။

အမှုပြီးပြတ်မှုနှုန်းကို ဆောင်ရွက်ရာ၌ ၂၀၁၈ ခုနှစ်တွင် ချင်းပြည်နယ်တရားလွှတ်တော်က ရာဇဝတ်မှုပြီးပြတ်မှု ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းတရားလွှတ်တော်က ရာဇဝတ်ပြီးပြတ်မှုနှုန်း အနည်းဆုံးဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်း မန္တလေးတိုင်းတရားလွှတ်တော်တွင် ရာဇဝတ်မှု ၁၂၃၀ မှုဖြင့် အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်းက ၁၀၅၈ မှု၊ ရန်ကုန်တိုင်းက ၉၉၄ မှု ဖြစ်ပွားခဲ့သည်။

တိုင်းနှင့် ပြည်နယ်များရှိ ခရိုင်များတွင် ရာဇဝတ်မှုပြီးပြတ်မှုရာခိုင်နှုန်းသည် ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်များ အမှုပြီးပြတ်မှုနှုန်းက ၈၅ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံးဖြစ်နေသည်။

အမှုပြီးပြတ်မှုမြင့်တက်လာသည် ဆိုသော်လည်း ရန်ကုန်လေဆိပ်လူမြင်ကွင်းတွင် သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရသည့် ရှေ့နေဦးကိုနီအမှုတွင် ၂ နှစ်နီးပါးကြာစစ်ဆေးခဲ့ခြင်းကြောင့် တရားစီရင်ရေးနှောင့်နှေးကြန့်ကြာသည်ဟု ဝေဖန်ခံရသည်။

သေနတ်အများအပြားနှင့် ဖမ်းမိသည့် ပြည်ထောင်စုဝန်ကြီးဟောင်းဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအမှုမှာလည်း တစ်နှစ်ကျော်ကြာသည်အထိ စွဲချက်တင်ပြီးသည့် အဆင့်တွင်သာ ရှိနေသေးသည်။ သရုပ်ဆောင်မိုးအောင်ရင်အမှုမှာလည်း ၂ နှစ်ကျော်ကြာမြင့်ခဲ့သည်။

ထို့ကြောင့် အမှုများပြီးပြတ်မှုနှုန်းမြင့်တက်လာခြင်းမှာလည်း မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။

အမှုများကို အမြန်ပြီးပြတ်အောင် ဆောင်ရွက်နိုင်သည်မှာ တရားစီရင်အတွက် ကောင်းမွန်သော်လည်း တရားစီရင်ရာတွင် တရားမျှတပြီးမှန်ကန်သည့် တရားစီရင်မှုဖြစ်ရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က မှတ်ချက်ပေးသည်။

“တရားမျှတမှုကို ဘာနဲ့ တိုင်းမလဲ။ အရေးကြီးတာ တရားမျှတဖို့ပဲ။ တရားမျှတမှုမရှိလို့ မကျေနပ်လို့ အယူခံတွေပြင်ဆင်မှုတွေ တက်နေကြတာပေါ့”ဟု ၎င်းက ပြောဆိုသည်။

တရားစီရင်မှုအပေါ် ပြည်သူများယုံကြည်လာစေရေးအတွက် တရားရေး ဝန်ကြီးဌာနလည်း လိုအပ်ပြီး လက်ရှိတရားစီရင်နေသည့် တစ်ပါးထိုင်တရားစီရင်စနစ်ထက် ဂျူရီစနစ်ဖြင့် တရားစီရင်ရေးလုပ်သင့်ကြောင်း ဦးကြီးမြင့်က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် တရားစီရင်ရေးပြန်လည်ကောင်းမွန်လာစေရန်နှင့် ပြည်သူများက တရားစီရင်ရေးကို ယုံကြည်လာရေး၊ တရားစီရင်မှုအပေါ် စိတ်ကျေနပ်မှုရှိလာစေရေးအတွက် တရားရေးဝန်ကြီးဌာန ဖွဲ့စည်းရန်လိုအပ်ကြောင်းကို တရားလွှတ်တော်ရှေ့နေအချို့က ထောက်ပြကြသည်။

၂၀၁၈ ခုနှစ်တရားရုံးများဆောင်ရွက်မှုတစ်နှစ်တာအစီရင်ခံစာတွင် တရားရုံးအသုံးပြုသူများ၏ စိတ်ကျေနပ်မှုသည် လူဦးရေ ၂၈၆၆ ဦးအပေါ် အခြေခံကာ စိတ်ကျေနပ်မှု ၇၁ ရာခိုင်နှုန်း အထိ ရရှိခဲ့သည်ဟု ဖော်ပြထားသော်လည်း အဆိုပါလူဦးရေထဲတွင် အစိုးရဝန်ထမ်း မဟုတ်သည့် ပြည်သူ မည်မျှပါဝင်ကြောင်း အတိအကျပြောဆိုထားခြင်း မရှိပေ။ အဆိုပါ ၂၈၆၆ ဦးတွင် ရဲဝန်ထမ်းများနှင့် တရားရုံးဝန်ထမ်းများလည်း ပါဝင်နေသည်။

တရားရုံးဆောင်ရွက်ချက်ကို ပြည်သူများစိတ်ကျေနပ်မှုမြင့်တက်လာကြောင်း အစိုးရက ထုတ်ပြန်သော်လည်း အရပ်ဘက်အဖွဲ့၊ ဥပဒေရေးရာကျွမ်းကျင်သူများက တရားစီရင်ရေးတွင် ထူးခြားမှုမတွေ့ရကြောင်း တုံ့ပြန်ကြသည်။

မြန်မာနိုင်ငံတရားရုံးဝန်ဆောင်မှုများနှင့် တရားစီရင်ရေးအပေါ် ပြည်သူများက စစ်တမ်းအရ စိတ်ကျေနပ်မှုမြင့်တက်လာသည်ဟု ဖော်ပြချက်အပေါ် တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က အောက်ပါအတိုင်း ပြောဆိုသည်။

“ဘာတွေတိုးတက်လာလို့ ပြည်သူက စိတ်ကျေနပ်မှုပိုမိုမြင့်လာတယ်လို့ ပြောတာလဲတော့ မသိဘူး။ ပြည်သူတွေချည်းကို စာရင်းကောက်ကြည့်ရင်တော့ သူတို့ပြောတာနဲ့ ကိုက် မကိုက်သိမှာပဲ” 

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *