ဖိလစ်ပိုင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် မိမိ ရရှိခဲ့သော သင်ခန်းစာများ – အပိုင်း (၄)

ဖိလစ်ပိုင်နိုင်ငံ ငြိမ်းချမ်းရေးလေ့လာရေး ခရီးစဉ်အတွင်း သိလိုသောအချက်များကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့ကြပါသည်။ အချိန်မရသဖြင့် အများအပြားမေးခွင့်မရသော်လည်း ခရီးစဉ်တစ်လျှောက် တွေ့ဆုံမှုများ၌ ဖိလစ်ပိုင်နိုင်ငံမှ သင်ခန်းစာအချို့ကို မေးမြန်းခွင့် ရရှိခဲ့ပါသည်။

(၁) အစိုးရအဟောင်း၊ အစိုးရအသစ်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အစိုးရတိုင်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အောင်မြင်မှု တစ်ဆင့်ချင်းစီ ရခဲ့ကြသည်။ အချို့သော အစိုးရလက်ထက်တွင် ပို၍အောင်မြင်ပြီး အချို့သော အစိုးရလက်ထက်၌  နှောင့်နှေးမှုများ ရှိခဲ့သည်။ ၁၇ နှစ်တာ ဆွေးနွေးမှုများကို ပြန်ကြည့်လျှင် အနည်းဆုံး အစိုးရသုံးဆက်မှ လေးဆက်အထိ ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရမည်။ ဖိလစ်ပိုင်အတွေ့အကြုံအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို  အစိုးရတိုင်းက ဦးစားပေးသော်လည်း အစိုးရအသစ်တက်လာတိုင်း နှောင့်နှေးသွားတတ်သည်ဟု ဆိုသည်။ အစိုးရသစ်တွင် အတွေ့အကြုံ နည်းခြင်း၊ ကျွမ်းကျင်မှုနည်းခြင်းနှင့် အခြားနိုင်ငံရေးဆိုင်ရာ စဉ်းစားချက်များကြောင့် ဖြစ်သည်ဟုဆိုကြသည်။ (မှတ်ချက် – သမ္မတဒူတာတေး  လက်ထက်ရောက်မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုကောင်းလာသလားဟူသော မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။)

(၂) Mutually Hurting Stalemate (နှစ်ဦးနှစ်ဖက်လုံးအတွက် ထိခိုက်နစ်နာစေသော ရှေ့မတိုး နောက်မဆုတ် အခြေအနေ)

ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စေပြီး အောင်မြင်စေသည့် နောက်တစ်ချက်မှာ အထက်ပါအနေအထားဖြစ်သည်။ အဆိုပါ အနေအထား၌ နှစ်ဖက်လုံးက တစ်ဖက်ဖက်ကို အပြုတ်မတိုက်နိုင်ဘဲ ပဋိပက္ခရှည်ကြာလာကာ War Fatigue ခေါ် စစ်ပမ်းလာသည့်အပြင် ပဋိပက္ခကြောင့် နှစ်ဖက်လုံးအတွက် အခက်အခဲများ ရင်ဆိုင်လာရသည့် အနေအထားကို ဆိုလိုသည်။ ပညာရှင်များ ဥပမာ – William Zartman ကလည်း  ဤအနေအထားကို ရှင်းပြထားပါသည်။ ဖိလစ်ပိုင်၌ အစိုးရလည်း အထိနာ၊  ဖိလစ်ပိုင်တပ်ကလည်း အပြုတ်တိုက်နိုင်သည် ရှိသော်လည်း ထိခိုက်မှုများနိုင်သည့် အနေအထား။ MILF ဘက်မှလည်း အစိုးရသည် အရင်းအမြစ်များစွာ ပိုင်ဆိုင်ထားသည်။ ကြည်း၊ ရေ၊ လေ တပ်များရှိသည်။ တိုက်ခိုက်ဖို့ မခက်ခဲပေ။ သို့သော် သမာရိုးကျ မတိုက်နိုင်လျှင် MILF အနေနှင့် ပြောက်ကျားနည်းနှင့် နောင်နှစ်ပေါင်းများစွာ ပြန်တိုက်ခိုက်နိုင်နေသေးသည် စသဖြင့် အပြန်အလှန် သဘောပေါက်လာကြသည်။ ဤအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ရန် လိုအပ်သည်။ မှန်ကန်စွာ သုံးသပ်နိုင်လျှင် ငြိမ်းချမ်းရေးအတွက် လမ်းပွင့်သွားတတ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် ဖိလစ်ပိုင်ပဋိပက္ခအတွင်း လူပေါင်းလေးသိန်းကျော် အသက်ဆုံးရှုံးခဲ့သလို ဖွံ့ဖြိုးမှုလည်းနောက်ကျကာ ပဋိပက္ခရှည်ကြာလာခြင်း၏  အကျိုးဆက်အဖြစ် အကြမ်းဖက်မှုများ ဝင်ရောက်လာခြင်းစသည့် ဆိုးကျိုးများအပေါ် သဘောပေါက်လာကြသဖြင့် ရှေ့မတိုး နောက်မဆုတ်  အခြေအနေအား အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြသည်ဟု  ဆိုရပါမည်။

(၃) War Fatigue, Negotiation Fatigue, Internal Problem, Frustration … etc(စစ်ပန်းခြင်း၊ တွေ့ဆုံဆွေးနွေးရေး ရှည်ကြာပြီး အဖြေမရ၍  ပင်ပန်းလာခြင်း၊ နောက်ဆက်တွဲ အဖွဲ့တွင်းပြဿနာပေါ်ခြင်း၊ မကျေနပ်မှုများကြောင့် မချင့်မရဲဖြစ်တတ်ခြင်း)

စစ်ဆိုသည်မှာ ကြာလာလျှင် စစ်ပမ်းတတ်ပါသည်။ ဖိလစ်ပိုင်သည်လည်း စစ်ပမ်းလာသည်ဟု ပြောသည်။ စစ်ပမ်းလာသည့်အခါ ငြိမ်းချမ်းရေးလမ်းစ ပွင့်တတ်သည်။

တွေ့ဆုံဆွေးနွေးရေးအရလည်း ပမ်းလာတတ်သည်။ အဆင်မပြေသည့်အခါ၊ ဆွေးနွေးပွဲတွေ ကြာလာပြီး အဖြေမရသည့်အခါ အတွင်း ပြဿနာများ ပေါ်တတ်သည်။ ဖြတ်လမ်းက လိုက်ချင်သူတွေ ပေါ်လာတတ်သည်။

ဆိုလိုသည်မှာ အထက်ပါပြဿနာများကို ကျော်လွှားနိုင်ရန်  Stamina ဇွဲ ရှိရမည်ဟုဆိုသည်။ မဟုတ်လျှင် အထက်ပါကိစ္စများက  ဆွေးနွေးပွဲတွေကို ထိခိုက်လာစေလိမ့်မည်ဖြစ်သည်။

(၄) Internal negotiations are more difficult (မိမိအဖွဲ့အတွင်း ညှိနှိုင်းရေးက ပိုခက်သည်)

ငြိမ်းချမ်းရေးလုပ်တော့မည်ဆိုလျှင် တစ်သက်လုံးရန်သူအဖြစ် ဆက်ဆံကာ အပြတ်အသတ်ချေမှုန်းမည်ဟု ကြွေးကြော်ပြီး တိုက်ခိုက်ခဲ့ကြသော်လည်း တကယ်တမ်း တွေ့ဆုံဆွေးနွေးညှိနှိုင်းကြသောအခါ  ရန်သူနှင့် ညှိနှိုင်းရခြင်းက ပို၍လွယ်ကူတတ်ပြီး မိမိအဖွဲ့အစည်းအတွင်း  ညှိနှိုင်းမှုက ပို၍ခက်ခဲသည်ဟု ဆိုပါသည်။ ရန်သူနှင့် ညှိနှိုင်းလျှင် အဆင်မပြေပါက ‘No’ ဟု ပြတ်ပြတ်သားသား ပြောနိုင်ကြသော်လည်း မိမိအဖွဲ့အတွင်း ‘No’  ဟု ပြတ်ပြတ်သားသားပြောဆိုနိုင်ရန် ခက်ခဲသည့် ထောက်ထားစရာများ ရှိသည်။ ထို့ကြောင့် အဖွဲ့အတွင်း ညှိနှိုင်းရေးက  ပို၍ခက်သည်ဟု ဆိုပါသည်။

(၅) Keeping the promise (ကတိပေးသည့်အတိုင်း ဆောင်ရွက်ခြင်း)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပေးထားသည့် ကတိအတိုင်းဆောင်ရွက်ခြင်း၊ သဘောတူညီချက်ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းသည် အထူးအရေးကြီးသည်ဟု ဆိုပါသည်။ အထူးသဖြင့် ၂၀၀၈  ခုနှစ်တွင် သဘောတူခဲ့သော Memorandum of Agreement on the Ancestral Domain ကို အစိုးရဘက်မှ လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိ၍ ပြဿနာများဖြစ်ပွားပုံကို အစိုးရနှင့် MILF တို့က ရှင်းပြခဲ့ကြပါသည်။

ဖြစ်ပွားပုံမှာ အထက်ပါသဘောတူညီချက်ကို မလေးရှားနိုင်ငံ၏ အကူအညီဖြင့် ရယူခဲ့ကြပါသည်။ ARMM ခေါ် လွတ်လပ်သော မွတ်ဆလင် မင်ဒါနာအိုဒေသအတွက် လိုအပ်သောသဘောတူညီချက် ဖြစ်ပါသည်။ ယင်းကို ဆန္ဒခံယူပွဲဖြင့် ဥပဒေဖြစ်အောင် ဆောင်ရွက်ရန် ဖြစ်ပါသည်။ သို့သော် မင်ဒါနာအို ဒေသရှိ ခရစ်ယာန်နိုင်ငံရေးသမားများက  အထက်ပါသဘောတူညီချက်သည် ဖွဲ့စည်းပုံနှင့်မညီဟု ဖိလစ်ပိုင်နိုင်ငံ၏  တရားရုံးချုပ်ထံသို့ တိုင်ကြားပါသည်။ တိုင်ကြားသည့်အပေါ် Supreme  Court က ယင်းသဘောတူညီချက်မှာ တရားမဝင်ဟု ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် သဘောတူညီချက်မှာ ပျက်သွားခဲ့သည်။

တစ်ခါတစ်ရံ အစိုးရမဟုတ်သော တပ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများအနေနှင့် အစိုးရ၏ လုပ်ထုံးလုပ်နည်းများကို နားလည်မှုနည်းပါးပြီး အထက်ပါကိစ္စကဲ့သို့ ပြဿနာများ ပေါ်ပေါက်သောအခါ အစိုးရအနေနှင့် ကတိပျက်သည်ဟု တစ်ဖက်က  မှတ်ယူလိုက်ပါသည်။ ထို့ကြောင့် ပြဿနာများ ဖြစ်လာရသည်။ ယင်းပြဿနာကြောင့်ပင် ဆွေးနွေးပွဲများ သုံးနှစ်ခန့် ရပ်ဆိုင်းသွားခဲ့သည်ဟု  ဆိုပါသည်။

ထို့ကြောင့် ဤသင်ခန်းစာအရ ကတိမပျက်ရန်လိုသည်ဟု  ဆိုပါသည်။

(ဤဆောင်းပါးတွင် ပါဝင်သော အကြောင်းအရာများသည် မိမိ ကြားသိခဲ့ရသည်များကို တင်ပြခြင်းသာဖြစ်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ကို ကိုယ်စားမပြုပါ)

အောင်နိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *