ဘီအာအိုင်ကို ထပ်မံသုံးသပ်ခြင်း

ဘီအာအိုင် (Belt and Road Initiative BRI ၊ ပိုးလမ်းမ သစ်စီမံကိန်းကြီး) စီမံကိန်းများကို မှန်မှန်ကန်ကန် မည်သို့သုံးသပ်မည်နည်းဆိုသည့်မေးခွန်းသည် အရေးကြီးသည့် အကြောင်းအရာဖြစ်လာခဲ့သည်။ နိုင်ငံတကာမီဒီယာ (အထူးသဖြင့် အနောက်မီဒီယာများ) ၏ ဘီအာအိုင်စီမံကိန်းများအားလုံးလိုလိုသည် ကြွေးမြီထောင်ချောက်တွင်းကျဆင်းနိုင်သကဲ့သို့ ဝေဖန်သုံးသပ်မှုများအပေါ် တန်ပြန်သုံးသပ်မှုများ၊  ဝေဖန်မှုများလည်း ပေါ်ထွက်လာခဲ့သည်။ မိမိတို့နိုင်ငံတွင်း၌လည်း  တရုတ်အစိုးရဦးဆောင်သည့် ဘီအာအိုင်စီမံကိန်းများနှင့် ပတ်သက်လျှင်  အဓိကအုပ်စုကြီးနှစ်ခုရှိသည်ဟု ယူဆမိသည်။

ပထမအုပ်စုကတော့ ဘီအာအိုင်စီမံကိန်းများအပေါ် လုံးဝအယုံအကြည်မရှိသည့် သို့မဟုတ် ဘီအာအိုင်စီမံကိန်းများသည် တရုတ်ကုမ္ပဏီများနှင့် တရုတ်နိုင်ငံအတွက်သာ အကျိုးရှိပြီး မြန်မာနိုင်ငံနှင့် ဒေသခံများအတွက် ဆိုးကျိုးများသာရရှိနိုင်သည်ဟု သုံးသပ်ကြသူများဖြစ်သည်။ ဒုတိယအုပ်စုကတော့ ဘီအာအိုင်စီမံကိန်းများသည် မြန်မာနိုင်ငံ၏  လက်ရှိအခြေအနေ၌ အကောင်းဆုံးအဖြေသာဖြစ်သည်။ ဘီအာအိုင် စီမံကိန်းများကို အကောင်အထည်ဖော်ခြင်းဖြင့် နိုင်ငံ၏ အခြေခံအဆောက်အဦလိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီးဖြစ်သလို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းများစွာကိုလည်း ဖန်တီးပေးနိုင်ပြီး ကြီးမားသည့် လူမှုစီးပွားဘ၀ပြောင်းလဲမှုများကို ဖြစ်ပေါ်စေမည်ဟု ယုံကြည်ထားသူများ ဖြစ်သည်။

ထိုအုပ်စုနှစ်စုကြားတွင် အချက်အလက်ပေါ်အခြေခံ၍ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သို့ ဝေဖန်ပိုင်းခြားသင့်သနည်းဆိုသည်ကို မိမိတို့ကိုယ်ကိုယ်ဆန်းစစ်လေ့လာသူ သို့မဟုတ် ပညာရှင်ကျွမ်းကျင်သူဟု  အမည်တပ်ထားသူများအားလုံး လေးလေးနက်နက်စဉ်းစားရတော့မည့်အချိန် ရောက်လာနေပြီဟု မိမိအနေနှင့် ထင်မြင်မိသည်။ မိမိတို့၏ ဝေဖန်မှုများ၊ လေ့လာသုံးသပ်မှုများသည် အချက်အလက်ပေါ် အခြေခံမှသာ တိုင်းပြည်အတွက်လည်း အကျိုးရှိမည်ဟုထင်မြင်မိသည်။ 

မြန်မာနိုင်ငံအပါအဝင် ဘီအာအိုင်နိုင်ငံများ၏ အခက်အခဲ

အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သည့် အာရှတိုက်၏ အခြေခံအဆောက်အဦဆိုင်ရာ အထူးအစီရင်ခံစာအရ အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အခြေခံအဆောက်အဦလိုအပ်ချက်သည် ၂၀၁၆ မှ ၂၀၃၀ ပြည့်နှစ်အတွင်း စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၆ ထရီလီယံ (trillion) နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံခန့်  ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်ဟုဖော်ပြထားသည်။ ထိုပမာဏသည် အလွန်ကြီးမားသည့် ပမာဏဖြစ်ပေသည်။ အလားတူပင် မြန်မာနိုင်ငံအနေဖြင့်လည်း Global Infrastructure Hub ၏ ၂၀၁၇ ခုနှစ်က ထုတ်ပြန်သည့်  အစီရင်ခံစာအရ လက်ရှိအခြေခံအဆောက်အဦ၌ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များကို ဆွတ်ခူးရရှိနိုင်ရန် ၂၀၄၀ အထိ အခြေခံအဆောက်အဦတွင် ရင်းနှီးမြှုပ်နှံရမည့် လိုအပ်သည့်ပမာဏကွာဟချက်သည် နှစ်စဉ်ဂျီဒီပီ (နိုင်ငံ့ဝင်ငွေ) ၏  ၅ ဒသမ ၁၁ ရာခိုင်နှုန်းရှိနေသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ ပို့ဆောင်ရေးကဏ္ဍ မူဝါဒဆိုင်ရာမှတ်စု၏ ဖော်ပြချက်အရ ပို့ဆောင်ရေးကဏ္ဍတွင် နှစ်စဉ်ဂျီဒီပီ၏ ၃ – ၄ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်။ လက်ရှိနှုန်းထား၏ နှစ်ဆ၊ သုံးဆခန့် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပြီး ၁၅ နှစ်အတွင်း  အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံခန့် လိုအပ်မည်ဖြစ်သည်။

တစ်ဖက်တွင်လည်း အခြေခံအဆောက်အဦဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများအတွက် ခွဲဝေပေးသည့် ဘတ်ဂျက်အသုံးစရိတ်သည်  ပြည်သူ့ဘဏ္ဍာအရအသုံး စနစ်တကျစီမံခန့်ခွဲရေးနှင့် လိုငွေပြမှု လျှော့ချရေးမူဝါဒတို့ကြောင့် ၂၀၁၆-၁၇ ခုနှစ်တွင် စုစုပေါင်းအသုံးစရိတ်၏ ၃၁ ဒသမ ၀၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ ၌ ၂၇ ဒသမ ၉၁ ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့သည်။ နိုင်ငံတကာ၏ တရားဝင်ဖွံ့ဖြိုးမှုအကူအညီ  အိုဒီအေ (Offiicial Development Assistance-ODA) တွင်  အခြေခံအဆောက်အဦဆိုင်ရာအကူအညီများကို အဓိကပံ့ပိုးသည့် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့သည်လည်း ကတိကဝတ်ပြုထားသည့် ပမာဏထက် များစွာလျော့နည်းပြီး ပေးအပ်နေသဖြင့် လိုအပ်သည့် အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အချိန်မီပြီးစီးရန် စိန်ခေါ်မှုများရှိနေသည်။ ကမ္ဘာ့ဘဏ်နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့၏ အခြေခံအဆောက်အဦဆိုင်ရာ အကူအညီသည် ပေးအပ်ရန် ကတိကဝတ်ပြုထားသည့် ပမာဏနှင့် နှိုင်းယှဉ်လျှင် ၁၀ ရာခိုင်နှုန်းသာရှိနေသည်။

လက်ရှိမြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်သည် ကြီးမားလွန်းပြီး အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၏ လျှပ်စစ်သုံးစွဲမှု၊ ကျေးလက်လမ်းများအရေအတွက်နှင့်လမ်းမိုင်၊ အဝေးပြေးလမ်းများ၊ မီးရထားလမ်းများတို့ဖြင့် နှိုင်းယှဉ်လျှင် အောက်ဆုံးအဆင့်တွင် ရှိနေသည်ကို တွေ့ရသည်။ ထိုအခြေအနေတွင် ဘီအာအိုင်စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အလားအလာရှိနေသည်။ အကျိုးလည်း ဖြစ်ထွန်းနိုင်သည်။

ဘီအာအိုင်နှင့် တရုတ်နိုင်ငံ၏ စီးပွားရေးအခြေအနေ

တရုတ်သမ္မတရှီကျင့်ဖျင်၏ ၂၁ ရာစု၏ မဟာစီမံကိန်းကြီး project of the century ဟု အမည်ပေးထားသည့် ဘီအာအိုင်စီမံကိန်းကြီးသည် ငွေကြေးပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ထရီလီယံခန့် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး နိုင်ငံပေါင်း ၆၈ နိုင်ငံ (ယခုအခါ နိုင်ငံပေါင်း ၁၂၃ နိုင်ငံသည် ဘီအာအိုင်အစီအစဉ်တွင် ပါဝင်ရန် သဘောတူလက်မှတ်ရေးထားသည်ဟု China Daily တွင် ဖော်ပြထားသည်) နှင့် စင်္ကြံခြောက်ခုပါဝင်သည်။ ထိုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုပမာဏကြီးမားလှသည့် အခြေခံအဆောက်အဦဆိုင်ရာ စီမံကိန်းပေါင်း များစွာ (ဆိပ်ကမ်းများ၊ နိုင်ငံတကာလေဆိပ်များ၊ အဝေးပြေးလမ်းများ၊ မီးရထားလမ်းများ၊ မြို့သစ်များ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ) ကို နိုင်ငံပေါင်းများစွာ၌ တစ်ပြိုင်တည်းရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ဆောင်နေခြင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးအင်အားသည် အနောက်အုပ်စုနိုင်ငံများထက် အဆမတန်ကြီးထွားခြင်းကြောင့်လား သို့တည်းမဟုတ်  ပြည်တွင်းစီးပွားရေး အကျပ်အတည်းပြေလည်စေရန် ဤစီမံကိန်းကြီးအား အကောင်အထည်ဖော်ရခြင်းလားဆိုသည်ကို မေးခွန်းထုတ်ရန် လိုအပ်သည်။

တရုတ်နိုင်ငံသည် စီးပွားရေးအရ အမေရိကန်ပြည်ထောင်စုပြီးလျှင် ဒုတိယ ပြည်တွင်းအသားတင်ထုတ်ကုန် (ဂျီဒီပီ) အမြင့်မားဆုံးနိုင်ငံ  (အမေရိကန်ဒေါ်လာ ၁၄ ထရီလီယံကျော် ဂျီဒီပီ) ဖြစ်သော်လည်း  တစ်ဦးချင်းဝင်ငွေအရကြည့်လျှင် အမေရိကန်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ  (per capita income) ၏ ၂၅ ရာခိုင်နှုန်းကျော်သာ ရှိသည်။

တရုတ်နိုင်ငံသည် ဆယ်စုနှစ်သုံးခု ပျမ်းမျှ ဂျီဒီပီတိုးတက်မှုနှုန်း ၁၀ ရာခိုင်နှုန်းဖြင့် ၁၉၈၀ မှ၂၀၁၀ ပြည့်နှစ်ထိ မရပ်မနား ဖွံ့ဖြိုးတိုးတက်ပြီးသည့်အခါမှာတော့ စီးပွားရေးအဆောက်အအုံ၏ အခြေမခိုင်မှုများကို  တွေ့ကြုံလာရသည်။ အထူးသဖြင့် ၂၀၀၈ ခုနှစ် အမေရိကန်ဘဏ္ဍာငွေကြေးပြဿနာနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ စီးပွားရေးကျဆင်းမှုများ၊ ချေးငွေပြဿနာများ တွေ့ကြုံလာရပြီးနောက်တွင် တရုတ်နိုင်ငံစီးပွားရေးသည် ယခင်ပုံစံ ပို့ကုန်အဓိကထား ပြည်ပချမ်းသာသည့် နိုင်ငံများ၏ ဝယ်လိုအားကို မှီခိုနေ၍မဖြစ်တော့ချေ။ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်သည် ၂၀၀၈ ခုနှစ်တွင် သူ၏ စီးပွားရေးအကြံပေးများနှင့်  ခရီးသွားနေချိန် Lehman Brothers ဘဏ်ကြီး ပြိုလဲသွားကြောင်း သတင်းဝင်လာခဲ့သည်။ သူသည် ချက်ချင်းခရီးစဉ်တွင်ပါဝင်သည့်  စီးပွားရေးပညာရှင်များဖြင့် တရုတ်နိုင်ငံ စီးပွားရေးလည်း အမေရိကန်ဘဏ္ဍာငွေကြေး အကျပ်အတည်းမှ ထိခိုက်မှုသက်သာစေရန် မည်သို့ပြုလုပ်သင့်ကြောင်း ဆွေးနွေးလေသည်။ နောက်ဆုံး တရုတ်အစိုးရ၏  ဆုံးဖြတ်ချက်မှာ တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ရုတ်တရက်ထိုးမကျသွားရန် stimulus အစီအစဉ်ပြုလုပ်ရန်ဖြစ်သည်။ ယင်း stimulus အစီအစဉ်အရ တရုတ်နိုင်ငံပိုင်ဘဏ်များမှ ချေးငွေများကို ဒေသန္တရအစိုးရများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများအား အမြောက်အမြားထုတ်ပေးပြီး ပြည်တွင်း၌ မြန်နှုန်းမြှင့်ရထားလမ်းများ တည်ဆောက်ခြင်း၊ မြို့သစ်များတည်ဆောက်ခြင်း အစရှိသည့် အခြေခံအဆောက်အဦ စီမံကိန်းကြီးများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပြီး ပြည်ပဝယ်လိုအားကျဆင်းသွားမှုကို ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုများ အကြီးအကျယ် ပြုလုပ်ခြင်းဖြင့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို  ကျားကန်ပေးသလို၊ ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဂျီဒီပီကိုလည်း  ရုတ်တရက် ၁၀ ရာခိုင်နှုန်းအောက် ထိုးမကျသွားစေရန်နှင့် အလုပ်လက်မဲ့  အများအပြားတိုးပွားပြီး လူမှုအဖွဲ့အစည်းတည်ငြိမ်မှု ပျက်ပြားမသွားအောင် ထိန်းကျောင်းခဲ့ရသည်။ တစ်နည်းအားဖြင့်ဆိုလျှင် နဂိုမူလကတည်းက တရုတ်နိုင်ငံ၏ တိုးတက်မှုသည် ဟန်ချက်မညီဖြစ်နေသည်ကို ကမ္ဘာ့စီးပွားရေးအခြေအနေကြောင့် ရုတ်တရက်ကြီး ပြောင်းလဲထိုးကျမသွားစေရန် ပုံမှန်မဟုတ်သည့်နည်းလမ်း ချေးငွေကို အဓိကသုံးပြီး ကျားကန်နေရခြင်းဖြစ်သည်။ debt-fueled economy ဟုလည်း ခေါ်ဆိုနိုင်သည်။ ချေးငွေဖြင့် ဂျီဒီပီတိုးတက်မှုကို ထိန်းထားရသလို ဖြစ်နေသည်။

နောက်ဆက်တွဲရလဒ်များကတော့ တရုတ်နိုင်ငံ၏ debt to GDP ratio ဟုခေါ်ဆိုသည့် တစ်နိုင်ငံလုံး တင်ရှိနေသည့် ကြွေးမြီပမာဏသည် ၂၀၀၈ ခုနှစ်၌ ၁၅၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၂၇၀ ရာခိုင်နှုန်းသို့ ထိုးတက်သွားခဲ့သည်။ အထူးသဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများနှင့် ဒေသန္တရအစိုးရများအပေါ် တင်ရှိနေသည့် ကြွေးမြီသည် အများဆုံး ဖြစ်သည်။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းကြီးများ၏ စွမ်းဆောင်ရည် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုအပေါ်  ပြန်လည်ရရှိသည့် အကျိုးအမြတ် (return on  investments) သည်လည်း ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများဖြင့်  နှိုင်းယှဉ်လျှင် ၃၀ ရာခိုင်နှုန်းခန့်သာဖြစ်သည်ဟု သုံးသပ်ကြသည်။  တစ်နည်းအားဖြင့်ဆိုလျှင် ၁၀ နှစ်အတွင်း ဂျီဒီပီ၏ ၁၂၀ ရာခိုင်နှုန်းခန့် ထိုးတက်သွားသည့် ငွေအမြောက်အမြားသည် မထိရောက်သည့် နေရာများ၊ ရင်းနှီးမြှုပ်နှံမှုများသို့ ရောက်သွားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့်လည်း စတော့ရှယ်ယာတန်ဖိုးများ ပုံမှန်ထက် အဆမတန်မြင့်တက်သွားခြင်း၊ အိမ်၊ ခြံ၊ မြေဈေးများ အဆပေါင်းများစွာ မြင့်တက်သွားခြင်းတို့ဖြစ်သွားသည်။ တစ်ဖက်၌လည်း မလိုအပ်ဘဲ ရင်းနှီးမြှုပ်နှံခဲ့  တည်ဆောက်ခဲ့သဖြင့် အကျိုးအမြတ်ဖြစ်ထွန်းစွာ လည်ပတ်ရန်ခက်ခဲနေသည့် excess capacity ဟုခေါ်သည့် စက်ရုံအများအပြားရှိနေသလို လူသူမနေသည့် သရဲမြို့တော်များ (ghost cities များ)လည်း အများအပြား ပေါ်ထွန်းခဲ့သည်။ သံမဏိတန်ချိန် နှစ်စဉ်သန်း ၃၅၀ ခန့် ပိုလျှံနေသဖြင့် ဥရောပသမဂ္ဂမှလည်း ထိုပိုလျှံနေသည့် သံမဏိများကို ယင်းတို့ဈေးကွက်တွင် ဈေးနှုန်းအလွန်သက်သာစွာ ရောင်းချခြင်းဖြင့် ယင်းတို့၏ သံမဏိစက်ရုံများနှင့် သံမဏိနှင့်ဆက်စပ်သည့် ရထားလုပ်ငန်းကဲ့သို့ စက်မှုလုပ်ငန်းများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် ပိုလျှံနေသည့် သံမဏိတန်သန်းပေါင်း၃၅၀ကို အမြန်လျှော့ချရန် တရုတ်အစိုးရကို တိုက်တွန်းနေသည်။

တရုတ်အစိုးရရင်ဆိုင်နေရသည့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများမှာ ကြီးမားလွန်းလှသည်။ ကြွေးပိနေသည့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ဒေသန္တရအစိုးရများ၊ ဒေဝါလီခံပြီး ဖျက်သိမ်းသင့်သည့် စီးပွားရေး လုပ်ငန်းများ သို့မဟုတ် zombie firms များ ပြုပြင်ပြောင်းလဲရေး၊ ယွမ်ငွေလဲလှယ်နှုန်းတည်ငြိမ်ရေး၊ စတော့ရှယ်ယာဈေးကွက်တည်ငြိမ်ရေး၊  အရန်ငွေကြေး ကန်ဒေါ်လာလေးထရီလီယံခန့် အချိန်တိုအတွင်း ပြည်ပသို့ ထွက်ခွာသွားခြင်း (Capital flight) နှင့်အတူ ယွမ်ငွေတန်ဖိုး ထိုးကျသွားနိုင်ခြင်းတို့သည် စိုးရိမ်စရာများဖြစ်သည်။ ယခင် နှစ် ၃၀ လို ၂၀၀၈ ခုနှစ်ထိ အောင်မြင်ခဲ့သည့် ပို့ကုန်ဗဟိုပြုထုတ်လုပ်သူပုံစံ (Producer  model) သည် ၂၀၀၈ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ အလုပ်မဖြစ်တော့ဘဲ စားသုံးသူဗဟိုပြု (consumer-led society) လူ့အဖွဲ့အစည်း၊ ဝန်ဆောင်မှုဗဟိုပြု လူ့အဖွဲ့အစည်းအဖြစ် ပြောင်းလဲရန် လိုအပ်လာခဲ့သည်။ သို့သော်လည်း တရုတ်အစိုးရနှင့် ဒီမိုကရေစီအစိုးရများ၏ အဓိက ကွာခြားချက်မှာ ကွန်မြူနစ်ပါတီ၏ အာဏာတရားဝင်မှု (legitimacy)  သည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုပေါ်တွင် တည်နေခြင်းဖြစ်သည်။ လိုအပ်သည့် စီးပွားရေးအဆောက်အဦပြုပြင်ပြောင်းလဲရေး (structural  reforms) ပြုလုပ်လိုက်ခြင်းအားဖြင့် ဂျီဒီပီသည် အလွန်အမင်းထိုးကျသွားလျှင် တည်ငြိမ်မှုကို ထိခိုက်သွားနိုင်သည်။ လက်ရှိ စက်ရုံပေါင်းမြောက်မြားစွာတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားသန်းရာချီမှ  သန်းဆယ်ဂဏန်း အလုပ်လက်မဲ့ဖြစ်သွားလျှင်ပင် တည်ငြိမ်မှု အကြီးအကျယ်ထိခိုက်သွားနိုင်သည်။ တစ်ချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ လူဦးရေသည်လည်း ၁၉၇၈ ခုနှစ်က စတင်ခဲ့သည့် ကလေးတစ်ယောက်သာယူရမည် (one-child policy) ကြောင့် ကျဆင်းလျက်ရှိပြီး အိုမင်းသူများလည်း တိုးပွားလျက်ရှိသည်။

ထိုအချက်များကြောင့် တရုတ်အစိုးရသည် လက်ရှိကျင့်သုံးနေသည့် စီးပွားရေးပုံစံကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ကို ကောင်းစွာနားလည်သဘောပေါက်သော်လည်း ပိုနေသည့်စက်ရုံများ ချက်ချင်းပိတ်ပစ်ခြင်း၊ ကြွေးပိနေသည့် နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများကို ဖျက်သိမ်းခြင်းတို့ကို လုပ်ဆောင်၍မရ ဖြစ်နေသည်။ ဆင်ခြင်နိုင်သည်မှာ ထိုရေတိုနှင့် ကာလလတ် စိန်ခေါ်မှုများ၊ တည်ငြိမ်မှု မထိခိုက်ရေးတို့ အတွက် အကောင်းဆုံးအဖြေမှာ မိမိနိုင်ငံအတွင်း ပိုလျှံနေသည့်  စက်ရုံများမှ ထုတ်လုပ်လိုက်သည့် သံမဏိကဲ့သို့သော ထုတ်ကုန်များကို ရောင်းချနိုင်မည့်၊ အသုံးပြုနိုင်မည့် အခြေခံအဆောက်အဦစီမံကိန်းများကို  လိုအပ်နေသည့် ဘီအာအိုင်နိုင်ငံများတွင် အကောင်အထည်ဖော်ခြင်း ဖြစ်သည်။

တရုတ်အစိုးရ၏ ဘီအာအိုင်စီမံကိန်းကြီးသည် တရုတ်နိုင်ငံ၏  စီးပွားရေး အင်အားကြီးထွားလာခြင်းထက် နိုင်ငံစီးပွားရေးအဆောက်အဦပြုပြင်ပြောင်းလဲရန် လိုအပ်ချက်နှင့် လက်ရှိ စီးပွားရေးပကတိ အခြေအနေများအရ အကောင်အထည်ဖော်ရခြင်းဖြစ်သည်ဟု သုံးသပ်နိုင်သည်။ တရုတ်နိုင်ငံအနေနှင့် ဘီအာအိုင်ကို အကောင်အထည်ဖော် ခြင်းဖြင့် လက်ရှိအကျပ်အတည်းများကို ဖြေရှင်းနိုင်ပြီး စစ်ရေး၊  နိုင်ငံရေး၊ စီးပွားရေးအရ ပိုမို အင်အားတောင့်တင်းသည့်နိုင်ငံ ဖြစ်လာနိုင်သလို  ဘီအာအိုင်ကြောင့်လည်း နိုင်ငံများစွာတွင် မှားယွင်းသည့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်မိခြင်းကြောင့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ အင်အားလည်း လျော့နည်းသွားနိုင်သည်။ တစ်ချိန်တည်းမှာပင် အနောက်နိုင်ငံများ၏ နည်းပညာဆိုင်ရာ ယှဉ်ပြိုင်မှုတွင် တရုတ်သာသွားမည်ကို စိုးရိမ်ပူပန်မှုများ၊ တရုတ်အစိုးရ ကျောထောက်နောက်ခံပြုကုမ္ပဏီများမှ ယင်းတို့၏ ဈေးကွက်များကို ထိန်းချုပ်သွားမည်ကို စိုးရိမ်မူများ၊  နိုင်ငံတော်လုံခြုံရေးကို တရုတ်ရင်းနှီးမြှုပ်နှံမှုများက ထိခိုက်လာနိုင်သည်ဟု ယူဆချက်များကြောင့် လက်ရှိ အမေရိကန်အစိုးရနှင့် အနောက်အုပ်စုနိုင်ငံများ၏ တုံ့ပြန်မှုများကလည်း ပြင်းထန်လာခဲ့သည်။

ဘီအာအိုင်တွင်ပါဝင်သည့် နိုင်ငံများ၌လည်း ဘီအာအိုင်စီမံကိန်းများအပေါ် ပြင်းထန်သည့်တုံ့ပြန်မှုများ၊ ကြွေးမြီထောင်ချောက်အတွင်း ကျဆင်းနိုင်သည်ဟု သုံးသပ်ချက်များ (ယင်းအချက်သည် မမှန်သော်လည်း အများက ထိုသို့ ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် ကြွေးပြဿနာတက်နေသည့် ပါကစ္စတန်နိုင်ငံသည် ယခင်ကလည်း အကြိမ်ပေါင်းများစွာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏ အကူအညီကို တောင်းခံခဲ့ရသည်။ တရုတ်အစိုးရသည် ထိုသို့ နဂိုကတည်းက ကြွေးပိနေသည့် ဂရိကဲ့သို့နိုင်ငံမျိုးကို ချေးငွေများ ထပ်မံထုတ်ပေးခြင်း ဖြစ်သည်) ကလည်း ပြင်းထန်လျက်ရှိသည်။ လက်ရှိအချိန်သည် တရုတ်နိုင်ငံအတွက်  ကြီးမားသည့် စိန်ခေါ်မှုများဖြင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဒေသတွင်းမှပေးသည့် သင်ခန်းစာ

ဘီအာအိုင်စီမံကိန်းများ မစတင်ခင် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း  (အထူးသဖြင့် ၂၀၀၈ ခုနှစ်) တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်များပြားလာသည်ကို လေ့လာတွေ့ရှိရသည်။ ပထမပိုင်းမှာ တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများသည် စွမ်းအင်နှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများမှာ အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံလာသည်  ကို တွေ့ရသည်။ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ အစရှိသဖြင့် ဒေသတွင်းနိုင်ငံများနှင့် အာဖရိကတိုက်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံလာခဲ့သည်။ ဤသည်မှာလည်း ယင်း၏ စက်ရုံ၊ အလုပ်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများနှင့် လည်ပတ်ရန် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းရန်ဖြစ်သည်။

နောက်ပိုင်း ဘီအာအိုင်စီမံကိန်းစတင်ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများသည် မြို့သစ်တည်ဆောက် ရေးစီမံကိန်းများ၊ ရထားလမ်းဖောက်လုပ်သည့် စီမံကိန်းများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းစီမံကိန်းများတွင် ဦးစားပေး ရင်းနှီးမြှုပ်နှံလာသည်ကို တွေ့ရသည်။

သင်ခန်းစာ (၁)

သတိပြုရန်လိုသည်မှာ တရုတ်ကုမ္ပဏီများမှ စီမံကိန်း အကောင်အထည်ဖော်သည်ဆိုသော်လည်း စီမံကိန်းအားလုံးသည် တရုတ်ရင်းနှီး မြှုပ်နှံငွေသက်သက်ဖြင့် အကောင်အထည်ဖော်သည် မဟုတ်။ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများကို သုံးမျိုးခွဲခြားကြည့်သင့်သည်။ ပထမတစ်မျိုးမှာ တရုတ်အစိုးရပိုင်ဘဏ်များမှ သက်ဆိုင်ရာ အစိုးရများသို့ ငွေထုတ်ချေးပြီး ယင်းတို့ပိုင်ကုမ္ပဏီများမှ ကန်ထရိုက်တာအဖြစ် ဆောင်ရွက်သည့် စီမံကိန်းများ (Engineering Procurement Contract-EPC) ဖြစ်သည်။ ဥပမာ – မြန်မာနိုင်ငံအစိုးရမှ တရုတ်နိုင်ငံတော်ပိုင်ဘဏ်များထံမှ ချေးငွေယူပြီး တရုတ်ကုမ္ပဏီမှ မီးရထားလမ်းဖောက်လုပ်ပေးခြင်းမျိုး ဖြစ်သည်။ ဒုတိယအမျိုးအစားမှာ ဖွံ့ဖြိုးမှုအကူအညီ (aid) ဖြစ်သည်။ ဥပမာ – သန်လျင်တံတား ဖောက်လုပ်ပေးခဲ့ခြင်းမျိုး ဖြစ်သည်။ တတိယအမျိုးအစားကသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသက်သက် ဖြစ်သည်။ အဆိုပါ တတိယအမျိုးအစားတွင်လည်း သတိပြုရမည်မှာ ယင်းတို့၏ ရင်းနှီးမြှုပ်နှံမှုအတွက် သက်ဆိုင်ရာ တရုတ်ပေါ်လစီဘဏ်များထံမှ ချေးငွေယူရာတွင် သက်ဆိုင်ရာ အိမ်ရှင်အစိုးရက မည်သို့သော အာမခံချက်ပေးရသည်ဆိုသည်ကိုဖြစ်သည်။ Guarantees  (Or) contingent liabilities များ မည်မျှပေးရသည်ကို သုံးသပ်လေ့လာရန်လိုအပ်သည်။

တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ အထက်တွင်ဖော်ပြခဲ့သလို ၂၀၀၈ နောက်ပိုင်းတွင် တရုတ်နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးများ ချေးငွေအလွယ်တကူရရှိခြင်းကြောင့် ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများတွင် တိုးတက်များပြားလာသည်ကို တွေ့ရသည်။ ဥပမာ – မလေးရှားနိုင်ငံတွင် ၂၀၁၂ ခုနှစ်ထိ တရုတ်ရင်းနှီးမြှုပ်နှံမှုမှာ မပြောပလောက်သော်လည်း ၂၀၁၃ နောက်ပိုင်းမှ စတင်များပြားလာခဲ့ရာ  ၂၀၁၇ ခုနှစ်တွင် မလေးရှားငွေ ၂၄၂ ဘီလီယံကျော်ရှိခဲ့သည်။ စင်ကာပူနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ဂျဟိုးပြည်နယ်တွင် အကောင်အထည်ဖော်နေသည့် Forest City စီမံကိန်းသည် မလေးရှားရင်းဂစ်  ၁၀၅ ဘီလီယံကျော် ဖြစ်သည်။ သို့သော် ထိုစီမံကိန်းကြီးများကို အဓိကကန်ထရိုက်တာအဖြစ် အကောင်အထည်ဖော်သည့်ကုမ္ပဏီများမှာ တရုတ်ကုမ္ပဏီများ ဖြစ်ကြသည်။ မလေးရှားဆောက်လုပ်ရေးလုပ်ငန်းများ  ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများ တိုးတက်များပြားလာသည့်အတွက်  ယေဘုယျခြုံငုံကြည့်လျှင် အကျိုးဖြစ်ထွန်းသော်လည်း တရုတ်ကုမ္ပဏီအများအပြား ဝင်ရောက်လာမှုကြောင့် ပြည်တွင်းကုမ္ပဏီများ မယှဉ်ပြိုင်နိုင်ဖြစ်လာမည်ကို စိုးရိမ်ပူပန်မှုများ ရှိလာခဲ့သည်။ တရုတ်ကုမ္ပဏီများသည် စီမံကိန်းတည်ဆောက်ရေးလုပ်ငန်း၏ လက်အောက်ခံလုပ်ငန်းများကိုလည်း တရုတ်ကုမ္ပဏီငယ်လေးများကိုသာ ကန်ထရိုက်တာခွဲများအဖြစ် ပြန်လည်ချပေးသည်က များသောကြောင့်ဖြစ်သည်။ စီမံကိန်းများမှ တစ်ဆင့် ပေါ်ပေါက်လာသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင်လည်း  ပြည်တွင်းကုမ္ပဏီများနှင့် ပြည်တွင်းလုပ်သားများထက် တရုတ်ကုမ္ပဏီအချင်းချင်းနှင့် တရုတ်လုပ်သားများအတွက် အခွင့်အလမ်း ပိုမိုများပြားနေသလို ဖြစ်နေသည်။ အထူးသဖြင့် နည်းပညာမြင့်သည့် ဆောက်လုပ်ရေးစီမံကိန်းများတွင် ဖြစ်သည်။ အကြောင်းပြချက်များမှာတော့ ကျွမ်းကျင်လုပ်သားနှင့် နည်းပညာမရှိခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ မတူညီမှုများ၊ ဘာသာစကားအခက်အခဲ၊ ပြည်တွင်းကုမ္ပဏီများ၏ စီမံကိန်းများအတွက် လိုအပ်သည့်ပစ္စည်းများ ပေးသွင်းနိုင်သည့် စွမ်းဆောင်ရည်နည်းပါးမှုနှင့်  တရုတ်ကုမ္ပဏီများအနေနှင့် လိုအပ်သည့် ဘဏ္ဍာငွေကြေး ချေးငွေ အလွယ်တကူ ရရှိနိုင်မှုတို့ကြောင့်ဖြစ်သည်။ အချို့ကလည်း တရုတ်အစိုးရသည် ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးလုပ်ငန်းများကို ချုပ်ကိုင်ရန် ရည်ရွယ်ချက်ရှိသောကြောင့်ဖြစ်သည်ဟု စွပ်စွဲကြသည်။

အခြား ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံမတို့တွင်လည်း ကျွမ်းကျင်လုပ်သားမလိုအပ်သည့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကသာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးပြီး နည်းပညာမြင့်သည့် လုပ်ငန်းများတွင် ပြည်တွင်းအလုပ်သမားများ အလုပ်အကိုင်ရရှိမှုက နည်းပါးကြောင်း တွေ့ရသည်။ တစ်နည်းအားဖြင့် တရုတ်ရင်းနှီး မြှုပ်နှံမှုများမှ ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံများသို့ နည်းပညာလွှဲပြောင်းမှု  (technology transfer) က နည်းပါးကြောင်းတွေ့ရသည်။  မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ရန်ပြင်ဆင်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်းတွင်လည်း တရုတ်အလုပ်သမား ၅၀ ရာခိုင်နှုန်းပါဝင်မည်ဟုဆိုခြင်းက သက်ဆိုင်ရာအာဏာပိုင်များအနေနှင့် ပြန်လည်စဉ်းစားသင့် သည့်အချက်ဖြစ်သည်။

သင်ခန်းစာ (၂)

ဒေသတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် တရုတ်စီမံကိန်းများမှ ထပ်မံလေ့လာတွေ့ရှိရသည်မှာ အရည်အသွေးပိုင်းနှင့် လူမှုပတ်ဝန်းကျင် အပေါ်သက်ရောက်မှုများဖြစ်သည်။ ဥပမာ – ဗီယက်နမ်နိုင်ငံတွင် မိုးပျံ ရထားလမ်းစီမံကိန်းနှစ်ခုကို လေ့လာကြည့်ရာ တရုတ်အစိုးရပိုင် ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank) ချေးငွေ၊ တရုတ်အစိုးရ နိုင်ငံတကာအကူအညီနှင့် ဗီယက်နမ်အစိုးရ၏ ဘတ်ဂျက်တို့ဖြင့် အကောင်အထည် ဖော်သည့် ဟနွိုင်းမက်ထရိုစီမံကိန်းသည် မူလခန့်မှန်း တည်ဆောက်ရေး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၅၀၀ ကျော်ထက် ၃၁၅ သန်း ကျော် ပိုကုန်ကျသည်ကိုတွေ့ရသလို တည်ဆောက်ရေးကာလအတွင်း မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းနှင့်  တည်ဆောက်ရေးကာလ ငါးနှစ်ထက် ပိုမိုကြာမြင့်နေကြောင်း တွေ့ရှိရသည်။ ဗီယက်နမ်နိုင်ငံတွင် ဂျပန်ကုမ္ပဏီများ အကောင်အထည်ဖော်သည့် စီမံကိန်းများ၏ ၄၀  ရာခိုင်နှုန်းသည် သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်သည်ကိုတွေ့ရပြီး  တရုတ်ကုမ္ပဏီများ အကောင်အထည်ဖော်သည့် စီမံကိန်းများ၏ ၆၀ ရာခိုင်နှုန်းကျော်သည် သတ်မှတ်ချိန်ထက် ပိုမိုကြာမြင့်ကြောင်း တွေ့ရသည်။ ပြည်တွင်းဥပဒေများကို ဆောက်လုပ်သူ ကန်ထရိုက်တာက မလိုက်နာမှုများလည်း တွေ့ရသည်။ ဂျပန်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်သည့် ဟိုချီမင်းမြို့မှ မက်ထရို မိုးပျံရထားလမ်းစီမံကိန်းတွင် ထိခိုက်ဒဏ်ရာရမှုများ မရှိကြောင်း သိရသည်။

သင်ခန်းစာ (၃)

တတိယအချက်အနေနှင့် ဘီအာအိုင်စီမံကိန်းများအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှ တွေ့ရှိရသည့်အချက်မှာ အုပ်ချုပ်စီမံမှု (governance) ဆိုင်ရာဖြစ်သည်။ ဥပမာ – မလေးရှားနိုင်ငံတွင်  ယခင် ဝန်ကြီးချုပ်ဟောင်း နာဂျစ်လက်ထက်ချုပ်ဆိုခဲ့သည့် ယခု လတ်တလောသတင်းမီဒီယာများတွင် ဖော်ပြနေသည့် East Coast Rail Link  ကဲ့သို့ စီမံကိန်းများသည် ရင်းနှီးမြှုပ်နှံမှုပမာဏ အလွန်ကြီးမားနေခြင်းနှင့်  ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ အဆိုပါစီမံကိန်းများ၌ အဂတိလိုက်စားမှုများရှိနေကြောင်း အထောက်အထားများ တွေ့ရှိရသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း အလားတူပင်ဖြစ်သည်။ ထိုအတွက်ကြောင့် လေ့လာသုံးသပ်သူများက တရုတ်ချေးငွေက တရုတ်ရင်းနှီးမြှုပ်နှံမှုများအတွက် အဓိကပြဿနာမဟုတ်။ အဓိကပြဿနာမှာ အိမ်ရှင်နိုင်ငံ အစိုးရတွင် အဂတိလိုက်စားမှုများ ရှိ မရှိ၊ စီမံအုပ်ချုပ်မှုဆိုင်ရာ ပြဿနာများ ရှိ မရှိတို့ဖြင့် သက်ဆိုင်ကြောင်းဖြစ်သည်။ မြန်မာနိုင်ငံတွင်  လက်ရှိ ဖြစ်ပေါ်နေသည့် မြစ်ဆုံအပါအဝင် တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအတွက် အဓိကပြဿနာမှာလည်း ထိုအချက်ပင်ဖြစ်သည်။

သင်ခန်းစာ (၄)

စတုတ္ထအချက်အဖြစ် လေ့လာတွေ့ရှိရသည်မှာတော့ အိမ်နီးချင်း နိုင်ငံများနှင့် မိမိတို့နိုင်ငံ၌ အကောင်အထည်ဖော်ရန် အဆိုပြုထားသည့်  စီမံကိန်းများ၏ ပမာဏသည် ကြီးမားလွန်းနေခြင်းနှင့် စီမံကိန်းကုမ္ပဏီနှင့်  စီမံကိန်းတည်ဆောက်ရေးကို ဆောင်ရွက်မည့် ဆောက်လုပ်ရေးကန်ထရိုက်တာသည် မိခင်ကုမ္ပဏီဖြစ်နေခြင်းတို့ ဖြစ်သည်။ ယင်းကို tied-supply chain ဟုလည်း ခေါ်ဆိုသည်။ တစ်နည်းအားဖြင့်ဆိုလျှင်  စီမံကိန်းတစ်ခုလုံးအတွက် လုပ်ဆောင်ရန်နှင့် လိုအပ်သည့်ပစ္စည်းများ ပေးသွင်းမှုလုပ်ငန်းစဉ်တစ်ခုလုံးကို ကုမ္ပဏီတစ်ခုတည်းက ထိန်းချုပ်ထားခြင်း ဖြစ်သည်။ Whole supply chain ကို ထိန်းချုပ်ထားသဖြင့်  တရုတ်ကုမ္ပဏီများသည် တင်ဒါယှဉ်ပြိုင်ရာတွင် အခြားနိုင်ငံကုမ္ပဏီများထက် ဈေးလျော့နည်း၍ ယှဉ်ပြိုင်နိုင်သလို၊ တင်ဒါယှဉ်ပြိုင်စရာမလိုသည့် နေရာများ၌လည်း စီမံကိန်းတည်ဆောက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် (project capital cost)ကိုလည်း မြှင့်တင်ထားနိုင်သည်။ ဥပမာ မူဆယ်-မန္တလေးရထားလမ်းတည်ဆောက်ရေးစီမံကိန်းတွင် စီမံကိန်းကုမ္ပဏီနှင့် ရထားလမ်းဖေါက်လုပ်ပေးမည့် ကန်ထရိုက်တာသည် အတူတူဖြစ်ပြီး မိခင်ကန်ထရိုက်တာကုမ္ပဏီ လက်အောက်ခံကုမ္ပဏီများမှ လိုအပ်သည့် ပစ္စည်းအားလုံးကို တင်သွင်းခြင်းမျိုးဖြစ်သည်။ ထိုသို့သော အခြေအနေတွင် နဂိုမူလထဲက စီမံကိန်းကုန်ကျစရိတ်ကို လိုအပ်သည့် ပစ္စည်းစရိတ်များကိုမြှင့်ထားခြင်းဖြင့် အမှန်တကယ် ကုန်ကျထိုက်သည်ထက် ပိုများအောင်ပြုလုပ်ထားနိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် စီမံကိန်း  မစတင်ခင်ကပင် စီမံကိန်းကုမ္ပဏီသည် အမြတ်ရနေသကဲ့သို့ ဖြစ်နေသည်။  အမြတ်မရလျှင်တောင် အရင်းအနှီးကို ပိုပြထားခြင်းဖြင့် ဘီအိုတီစာချုပ်သက်တမ်းကို အရင်းကျေကာလကြာမြင့်မည် အကြောင်းပြ၍  တိုးတောင်းဆိုနိုင်သည်။ ထို့ကြောင့် ပီပီပီ ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည့်  ဘီအာအိုင်စီမံကိန်းများ၏ အဆိုပြုလွှာများတွင်ပါဝင်သည့် ဘဏ္ဍာရေးအပိုင်းကို ကျွမ်းကျင်စွာစိစစ်နိုင်သည့် ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူများ အစိုးရဘက်တွင်ရှိရန် အထူးလိုအပ်သည်။ စာချုပ်စာတမ်းပါ အချက် အလက်များကို ကျွမ်းကျင်စွာစစ်နိုင်သည့် စာချုပ်စာတမ်းဆိုင်ရာကျွမ်းကျင်သူများလည်း အထူးလိုအပ်သည်။

ဘီအာအိုင်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရာတွင် သတိပြုသင့်သည်များ

အထက်ဖော်ပြပါ ဆွေးနွေးတင်ပြချက်များပေါ် အခြေခံ၍ အဆုံးသတ် သတိပြုရန် အကြံပေးလိုသည့် အချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(၁) ရေတိုတွင် စီမံကိန်းရင်းနှီးမြှုပ်နှံမှုကြောင့် မိမိနိုင်ငံ၊ မိမိ ပြည်နယ်/တိုင်းအနေနှင့် မည်သည့်အကျိုးအမြတ်များနှင့် မည်သည့်ဆိုးကျိုးများကို ရရှိနိုင်သနည်း။ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းအရေအတွက် မည်မျှဖန်တီးပေးမည်နည်း သို့မဟုတ် ယင်းတို့ဘက်မှ တရုတ် လုပ်သားအရေအတွက် မည်မျှကိုခေါ်ယူလာမည်နည်း။ မိမိပြည်တွင်းကုမ္ပဏီများနှင့် အသေးစား/အလတ်စားလုပ်ငန်းများမှ မည်သည့်ပစ္စည်းများ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို စီမံကိန်းမှ ဝယ်ယူခြင်း၊ အသုံးချခြင်း ပြုလုပ်မည်နည်း။

(၂) ရေရှည်အနေနှင့်လည်း ရင်းနှီးမြှုပ်နှံသည့် စီမံကိန်းမှ မည်သည့်အကျိုးအမြတ်များကို နိုင်ငံအတွက် ဖန်တီးပေးမည်နည်း။  စီးပွားရေးနှင့် ဘဏ္ဍာရေးအရလည်း စီမံကိန်းသည် အမှန်တကယ်  တည်တံ့ခိုင်မာနိုင်သည့် အခြေအနေရှိသလား (economic and financial viability)။ ဥပမာ – မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်များသည်  တည်ဆောက်ရေးပြီးနောက် အမှန်တကယ် မျှော်မှန်းထားသလို  ဝင်ငွေရရှိမည်လားဆိုသည့် မေးခွန်းကို  သေချာဆန်းစစ်လေ့လာသင့်သည်။

(၃) အုပ်ချုပ်စီမံမှုနှင့်ဆိုင်သည့် အဂတိလိုက်စားမှုများသည် စီမံကိန်းများကြောင့် ပိုမိုများပြားလာနိုင်သလားဆိုသည့် မေးခွန်းကိုလည်း ဆန်းစစ်ရမည်ဖြစ်သည်။ ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းအစိုးရများအနေနှင့်လည်း ဘီအာအိုင်စီမံကိန်းများကို ရေရှည်စီမံခန့်ခွဲနိုင်သည့် အရည်အချင်းနှင့် စွမ်းဆောင်ရည် မည်မျှရှိ သည်ဆိုသည်ကိုလည်း ဆန်းစစ်လေ့လာသင့်သည်။

(၄) အထူးအကြံပြုလိုသည်မှာ ဘဏ္ဍာငွေကြေးရင်းနှီးမြှုပ်နှံမှုပုံစံ ရှုပ်ထွေးလှသည့် ဘီအာအိုင်စီမံကိန်းများ (ပီပီပီ စီမံကိန်းများအားလုံး) အတွက် ဘဏ္ဍာငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများကို ပြည်ထောင်စု ဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းအစိုးရအဖွဲ့များနှင့် ပီပီပီ ဗဟိုဌာနတို့တွင် ခန့်အပ်တာဝန်ပေး၍ ဘီအာအိုင်နှင့် ပီပီပီစီမံကိန်းများကို ဆန်းစစ်သုံးသပ်သင့်သည်။

(၅) လတ်တလောကျင့်သုံးနေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ပြန်လည်သုံးသပ်ပြီး လိုအပ်လျှင် နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် လုပ်ထုံးလုပ်နည်းများ၊  စည်းမျဉ်းစည်းကမ်းများ ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းသင့်သည်။

တရုတ်အစိုးရ၏ ဘီအာအိုင်စီမံကိန်းများကို မြန်မာနိုင်ငံကဲ့သို့  အခြေခံအဆောက်အဦလိုအပ်ချက် များပြားလှသည့်နိုင်ငံထက် အခြေခံအဆောက်အဦ ပိုမိုပြည့်စုံသည့်နိုင်ငံများကပင် လက်ခံရန်ပြင်ဆင်နေလျက် ရှိသည်။ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပင် ပါဝင်လျက်ရှိသည်။ ထိုအတွက်ကြောင့် ဘီအာအိုင်စီမံကိန်းများကို ရှောင်လွှဲခြင်းထက်  မိမိနိုင်ငံ၏ ပကတိအခြေအနေများနှင့်ကိုက်ညီစေရန် ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများပြင်ဆင်ကြရန် တိုက်တွန်းရင်း  နိဂုံးချုပ်ပါသည်။

ခိုင်ဝင်း

(စာရေးသူသည် Sandi Governance Institute ကို တည်ထောင်သူဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *