ဆေးခြောက်စိုက်ခင်း အရှုပ်တော်ပုံ

Photo by CCDAC Myanmar

ဆေးခြောက်ပင် စိုက်ပျိုးထားသည်ဟုဆိုကာ အမေရိကန်နိုင်ငံသားတစ်ဦးနှင့် မြန်မာနှစ်ဦး အဖမ်းခံလိုက်ရသည်။ နောက်ထပ် အမေရိကန်တစ်ဦးကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ရှာဖွေနေသည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ် မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်ပင်များ စိုက်ပျိုးထားကြောင်း ဧပြီလ ၂၀ ရက် နောက်ပိုင်းတွင် Facebook တွင် ပျံ့နှံ့လာပြီးနောက် တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြပြီး စိုက်ခင်းတာဝန်ရှိသူများကို မူးယစ်ဆေးဝါးဥပဒေဖြင့် ဖမ်းဆီးအရေးယူထားခြင်း ဖြစ်သည်။

ယင်းစိုက်ပျိုးမှုသည် ယခုမှမဟုတ်၊ လွန်ခဲ့သည့် ကိုးလခန့်ကတည်းက စိုက်ပျိုးထားခြင်းဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တင်ကာ စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ဆေးခြောက်ပင်ကိုမူ စိုက်ပျိုးခွင့် မပြုထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ငြင်းဆန်လိုက်သည်။

“ဆေးဘက်ဝင်သဘာဝလျှော်ဖြူ ဆိုပြီး လာတင်တဲ့အတွက် စမ်းသပ်စိုက်ပျိုးဖို့ အစိုးရအဖွဲ့အနေနဲ့ ခွင့်ပြုထားတာ။ ဆေးခြောက်ဆို ဘယ်ခွင့်ပြုမလဲ” ဟု အမည်မဖော်လိုသော အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မြို့သာစက်မှုဇုန်ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများ၊ ဒေသနှင့်ကိုက်ညီသော စိုက်ခင်းများ ဆောင်ရွက်ရန် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ကို အကောင်အထည်ဖော်ရန်အတွက် မြို့သာစက်မှုဇုန်ရှိ မန္တလေး-မြို့သာ စက်မှုဖွံဖြိုးရေးအများပိုင်ကုမ္ပဏီ (MMID)က ကြိုးပမ်းဆောင်ရွက်ရာမှ အဆိုပါစိုက်ခင်း ဖြစ်ပေါ်လာရခြင်းဖြစ်သည်။

MMID နှင့် III M (3M) အာဟာရဆေးဝါးကုမ္ပဏီတို့ ညှိနှိုင်းချက်အရ စက်မှုဇုန်နယ်မြေအတွင်း မြေဧက ၆၀တွင် ဇီဝလောင်စာနှင့် သဘာဝ ဆေးဘက်ဝင်လျှော်ပင်များကို တစ်နှစ် အခမဲ့ စမ်းသပ်စိုက်ပျိုးခွင့် ပြုသွားမည့်အကြောင်းကို MMID က တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့စွဲဖြင့် တင်ပြခဲ့သည်။

III M (3M) အာဟာရဆေးဝါးကုမ္ပဏီကို ဂျပန်လူမျိုး အမေရိကန်နိုင်ငံသားများက ဦးဆောင်ပြီး အမေရိကမှ တင်သွင်းမည့် သဘာဝဂုန်လျှော်မျိုးစေ့ များဖြစ်သည့် US (Kompolti/AB Seeds) နှင့် EU (Kompolti/EU 8 Seeds) ကို အသုံးပြုစိုက်ပျိုးမည်ဖြစ်ကာ ယင်းမျိုးစေ့များနှင့်အတူ ပြည်တွင်းမှ ချင်း (ဂျင်း) ၊ နနွင်းနှင့် Kenaf (ချဉ်ပေါင်လျှော်) ပင်များကိုလည်း စိုက်ပျိုးမည်ဟု ယင်းစာတွင် ဖော်ပြထားသည်။

သို့သော် ယင်းမျိုးစေ့များသည် ဆေးခြောက် သို့မဟုတ် ဆေးခြောက် အနွယ်ဝင် ဟုတ်မဟုတ်နှင့် ဆေးခြောက် အာနိသင် မည်ရွေ့မည်မျှ ပါဝင်မည်ဆိုသည်ကို အသေးစိတ် ဖော်ပြမထားပေ။ စက်ရုံသုံးဂုန်လျှော်ဟုသာ ဖော်ပြထားပြီး နိုင်ငံတကာအခေါ်အဝေါ်ဖြစ်သည့် Industrial Hemp ဟုလည်း တိကျစွာလည်း ဖော်ပြခဲ့ခြင်း မရှိခဲ့ပေ။

“အဲဒီအပင်တွေက အမေရိကန်မှာဆိုရင် တစ်နှစ်ကို တစ်ကြိမ်ပဲ စိုက်နိုင်တယ်လို့ ပြောတယ်။ မြန်မာနိုင်ငံ မှာတော့ ရာသီဥတုအခြေအနေကြောင့် တစ်နှစ်ကို သုံးကြိမ်အထိ စိုက်ပျိုးနိုင်မယ်လို့ သူတို့ (3M) က ပြောတယ်”ဟု စိုက်ပျိုးရန်မြေငှားရမ်းပေးသူဖြစ်သည့် MMID ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်က ရှင်းပြသည်။

ယင်းအပြင် ထိုအပင်များမှထုတ်ယူရရှိသည့် အဆီသည် ကင်ဆာရောဂါကို ကုသနိုင်သည့် အာနိသင်ရှိပြီး အမေရိကန်အပါအဝင် နိုင်ငံအချို့တွင် တရားဝင် စိုက်ပျိုးလုပ်ကိုင်နေမှုများ ရှိသည်ဟု ၎င်းက ဆိုသည်။

ထိုအဆီသည် အရောင်အရမ်းသက်သာစေခြင်း၊ တက်ခြင်းမှ ကာကွယ်ပေးခြင်း၊ နုနယ်သော ကိုယ်တွင်း အင်္ဂါများအား ပြင်းထန်စွာ ထိခိုက်မှုစေခြင်းမှ ကာကွယ်ပေးခြင်း၊ ဗဟိုအာရုံကြောစနစ်ကို အကာအကွယ်ပေးခြင်း၊ အသားပိုနှင့် အကြိတ်များထွက်ခြင်းကို ကာကွယ်ပေးခြင်းနှင့် အသည်းရောဂါကို ကာကွယ်ပေးခြင်း စသည့် အာနိသင် ခြောက်မျိုးခန့်ရှိကြောင်း MMID က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြခဲ့သည်။

အပင်များ စိုက်ပျိုးအောင်မြင်လာပါက အခြောက်ခံကာ အဆီထုတ်ယူမည်ဖြစ်ပြီး စိုက်ပျိုးခြင်း၊ အခြောက်ခံခြင်းနှင့် ထုပ်ပိုးခြင်းများကို ပြည်တွင်း၌ အပြီးလုပ်ကိုင်ကာ ပြည်ပသို့ တရားဝင် ပြန်လည်တင်ပို့မည်ဟု MMID ၏ တိုင်းအစိုရအဖွဲ့ထံ တင်ပြခဲ့သည်။

“အောင်မြင်ရင် ဒေသခံတွေအတွက် အလုပ်ရမယ်။ နောက်ပြီး ဒီဘက်မှာ မြေတွေ ဝယ်၊ ငှားပြီးတော့ ထပ်မံ စိုက်ပျိုးသွားမယ့် အခြေအနေရှိတယ်လို့ သိရတယ်” ဟု ဦးအောင်ဝင်းခိုင် က ရှင်းပြသည်။

လက်ရှိခွင့်ပြုထားသည့် မြေဧက ၆၀ အနက် ဧက ၂၀ တွင် အပင်ပေါင်း သုံးသိန်းခွဲကို စိုက်ပျိုးထားပြီး ဒေသခံ သုံးရာဝန်းကျင်ကို အလုပ်ပေးထားနိုင်ကာ တစ်ဦးလျှင် တစ်ရက် မြန်မာငွေ ကျပ် ရှစ်ထောင်ခန့် ရရှိသည်ဟု MMID ထံမှ သိရသည်။

“အဲဒီဒေသဘက်မှာ တစ်ရက်ကို (ကျပ်) နှစ်ထောင် ရဖို့တောင် ခက်ခဲတယ်။ ရှစ်ထောင်ဆိုတာ အများကြီးပဲ” ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဒေါက်တာစိုးသန်းက ပြောကြားသည်။

စိုက်ပျိုးထားသည့်အပင်များသည် ဆေးခြောက် ဟုတ်မဟုတ်ကိုမူ လက်ရှိတွင် မှတ်ချက်ပေးရန် ၎င်းက ငြင်းဆန်ခဲ့ပြီး အစိုးရအဖွဲ့ကလည်း ထပ်မံစိစစ်ရန် အစီအစဉ်ရှိသည့်အကြောင်းသာ ပြောဆိုသည်။ မည်သည့် အပင်များ စိုက်ပျိုးမည်ဆိုသည်ကို မိမိထံမဟုတ်ဘဲ တိုင်းအစိုးရအဖွဲ့ထံ တိုက်ရိုက်တင်ပြဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

MMID က တင်ပြပြီး သီတင်းပတ်တစ်ပတ်ခန့်အကြာတွင် အစိုးရက ခွင့်ပြုချက်ပေးခဲ့သည်။ MMID နယ်နိမိတ် အတွင်း 3M အာဟာရဆေးဝါးကုမ္ပဏီမှ ဇီဝလောင်စာနှင့် သဘာဝဆေးဘက်ဝင် လျှော်ပင် စိုက်ပျိုးခြင်း၊ အခြောက်ခံခြင်း၊ အဆီထုတ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ပြည်ပသို့ တရားဝင်ပြန်လည်တင်ပို့မည့် အစီအမံကို ခွင့်ပြုသည်ဟု ဩဂုတ်လ ၉ ရက်နေ့တွင် အကြောင်းပြန်ခဲ့သည်။

Photo by CCDAC Myanmar

ယင်းပြန်ကြားချက်အရ အစိုးရအဖွဲ့ အနေနှင့်လည်း သဘာဝဆေးဘက်ဝင်လျှော်ပင်ဟုသာ နားလည်ထားပြီး စိုက်ပျိုးမည့် မျိုးစေ့များ၏ အကျိုးအာနိသင်၊ ဆေးခြောက် ဖြစ်မဖြစ် စသည်တို့ကို သေချာကျနစွာ မသိရှိထားသည့် သဘော ဖြစ်နေသည်။

သို့သော်လည်း စိုက်ပျိုးထားသည့် အပင်များသည် ဆေးခြောက်အပင်များ ဖြစ်နေပါက ဖျက်သိမ်းရမည်ဖြစ်ပြီး ဆေးခြောက်ပင်မဟုတ်ပါက ယခင်ကတည်းက ခွင့်ပြုပြီးသားဖြစ်သည့် အတွက် မူလအတိုင်းသာ ထားရှိရမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ငါန်းဇွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကမူ ကုမ္ပဏီဘက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ၍ လုပ်ကိုင်နေခြင်းကြောင့် ယင်းအပင်များ စိုက်ပျိုးနေခြင်းကို မသိကြောင်း ပြောဆိုသည်။ လူမှုကွန်ရက်နှင့် သတင်းဌာနများမှ ဖော်ပြသည့်အခါမှသာ ယင်းအပင်များ စိုက်ပျိုးထားခြင်းကို သိရှိရသည်ဟု ဆိုသည်။

ဆေးခြောက်ပင်များ ဆိုသည်ကိုလည်း လာရောက်ဖမ်းဆီးသည့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့အပါအဝင် အခြားသော တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်အရသာ သိရခြင်းဖြစ်ပြီး လက်ရှိ စိုက်ပျိုးထားသည့် MMID ဧရိယာသည် မိမိတို့ မြို့နယ်အဆင့်နှင့် မသက်ဆိုင်ဟု ၎င်းက ဆိုသည်။

“ဟမ့် (Hemp) လို့လည်း ပြောတယ်။ Cannabis (ဆေးခြောက်) လို့လည်း ပြောတယ်။ ချဉ်ပေါင်လျှော် (Kanef်) လို့လည်း ပြောတယ်။ မူးယစ်အနွယ်ပင် ဆေးခြောက်ပင်လို့လည်း ပြောတယ်။ ဒါတွေကတော့ ကျွမ်းကျင်တဲ့ သူတွေပဲသိမှာ။ ကျွန်တော်တို့အနေနဲ့တော့ ဘယ်ဟာ ဘာအမျိုးအစားပါလို့ ဘယ်လိုမှ စမ်းသပ်လို့ မရဘူးလေ” ဟု ဦးဇော်ဝင်းက ဆက်လက်ပြောဆိုသည်။

MMID ကုမ္ပဏီက တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြချက်အရ ယင်းစိုက်ခင်းအတွင်း သဘာဝဂုန်လျှော် မျိုးစေ့ဖြစ်သည့် Kompolti မျိုးစေ့များကို စိုက်ပျိုးသည်ဟု ဆိုသည်။ Kompolti သည် ဥရောပလျှော်ပင် (EU Hemp) မျိုးစပ်တစ်မျိုးဖြစ်ပြီး မူးယစ်စေနိုင်သည့် အာနိသင် (Tetrahydrocannabinol-THC) ပါဝင်မှုမှာ သုည ဒသမ ၂ ရာခိုင်နှုန်းဖြစ်ပြီး ဆေးဘက်ဝင်ဓာတ် (cannabidiol-CBD) ပါဝင်မှုမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိသည်။

လျှော်ပင် (Hemp) သည် စက်မှုလုပ်ငန်းသုံးအတွက် သီးသန့်စိုက်သော အပင်ဖြစ်ပြီး ဆေးခြောက်ပင်နှင့် ဆင်တူကာ လျင်မြန်စွာကြီးထွားလွယ်၍ လွန်ခဲ့သည့် နှစ်များစွာကတည်းက ချည်ထည်အတွက် အသုံးပြုရန် စိုက်ပျိုးခဲ့သည့် အပင်ဖြစ်မျိုးဖြစ်သည်။

ယင်းအပြင် ဆေးခြောက်ပင်ကဲ့သို့ ယစ်မူးဆေးတတ်သည့် ဂုဏ်သတ္တိမရှိသည့်အတွက် စက်မှုလုပ်ငန်းသုံး လျှော် အဖြစ် တရားဝင်စိုက်ပျိုးနိုင်ပြီး အပင်မှ ရသည့် ချည်မျှင်ဖြင့် ကြိုး၊ ချည်ထည်၊ စက္ကူ၊ ပလတ်စတစ်၊ အပူကာ၊ ဇီဝ လောင်စာ စသည့်အမျိုးအစားများကို ထုတ်လုပ်နိုင်သည်ဟု အချို့က ပြောဆိုသည်။

“သူ့ကထွက်တဲ့ ချည်က အကောင်းစား၊ တန်ဖိုးကြီးတဲ့ ချည်မျိုးတွေလို့ သိရတယ်။ ဥပမာ Giordano လို အဝတ်အထည်မှာ သုံးတဲ့ချည်မျိုးပေါ့။ သူက ပင်လယ်ရေလို ဆားငန်ရေတွေနဲ့ ထိရင်တောင် မပျက်စီးနိုင်ဘူး။ နောက် တန်ဖိုးကြီးတဲ့ စာချုပ်လိုမျိုးမှာတွေ သုံးတယ်” ဟု Hemp ၏ အသုံးဝင်ပုံကို ရုက္ခဗေဒပညာရှင် တစ်ဦးက ရှင်းပြသည်။

သို့သော် မြို့သာစက်မှုဇုန်အတွင်း စိုက်ပျိုးထားသည့် အပင်များသည် မည်သည့်အပင်အမျိုးအစားဖြစ်သည်ကိုမူ မျက်မြင်မဟုတ်သည့်အတွက် သေချာစွာ မပြောနိုင်ကြောင်း၊ အပွင့်ပွင့်ချိန်တွင် လေ့လာပြီးမှ အမျိုးအစား ခွဲခြား၍လည်း ရနိုင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင်မူ အဆိုပါစိုက်ခင်းမှ အစိမ်းရောင်အရွက်၊ အရိုး၊ အစေ့နှင့် အစေးနမူနာတို့ကို ဓာတုဗေဒ စစ်ဆေးရေး ဌာနခွဲ (မန္တလေး) မှ စစ်ဆေးချက်အရ ဆေးခြောက်ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သို့သော်လည်း မူးယစ်ဆေးအာနိသင်ပါဝင်မှုနှင့် ပတ်သက်၍ မသိရပေ။

ထို့ကြောင့် စိုက်ခင်းကို သွားရောက်စစ်ဆေးရာတွင် ပါဝင်သူလည်းဖြစ်၊ ဓာတ်ခွဲရာတွင် ဦးဆောင်သူလည်း ဖြစ်သည့် ဓာတုဗေဒစစ်ဆေးရေး ဌာနခွဲ (မန္တလေး) ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းကြည်ထံ သွားရောက်၍ စစ်ဆေးချက်ရလဒ်များကို မေးမြန်းရာ ဆေးခြောက်ဟုတ် မဟုတ်ကိုသာ စစ်ဆေးပေးရခြင်း ဖြစ်ပြီး ဆေးခြောက်အာနိသင် မည်မျှပါသည်ဆိုသည့် စစ်ဆေးချက် ရလဒ်ကို ဖြေဆိုခွင့် မရှိသည့်အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ မေးမြန်းရန် လမ်းညွန်ခဲ့သည်။

တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ သွားရောက်မေးမြန်းရာတွင်လည်း ဒုတိယသမ္မတလမ်းကြောင်း ရှိနေသည့် အတွက် ဖြေဆိုနိုင်မည့်သူများကို မေးမြန်းရန် အခွင့်မသာခဲ့ပေ။

မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဦးစီးအရာရှိ (ပထမတန်း) ဒုတိယရဲမှူးကြီး မျိုးအောင်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းချက်အရ ရဲတပ်ဖွဲ့အနေနှင့် ဆေးခြောက်ပင်ဖြစ်သည့်အတွက် ဥပဒေအရ အရေးယူရခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“ဆေးခြောက်ဆိုရင် မူးယစ်ဆေးဝါးထဲ ပါတဲ့အတွက် အရေးယူတာ တရားဝင် ဆေးခြောက်ပင်စိုက်ဖို့ ခွင့်ပြုထားတာ မရှိဘူး။ ဘယ်လို ခွင့်ပြုလို့ရမလဲ” ဟု ၎င်းက ဆိုသည်။

သို့သော် မြို့သာစက်မှုဇုန်ရှိ စိုက်ခင်းမှ အပင်များတွင် မူးယစ်ဆေးဝါး အာနိသင် ပါဝင်မှု ရှိမရှိ၊ ပါလျှင်လည်း မည်မျှပမာဏ ပါဝင်သည်ကိုမူ မေးမြန်း၍ မရခဲ့ပေ။

ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် 3M ကုမ္ပဏီ၏ စိုက်ခင်းအတွင်းမှ ဆေးခြောက်ပင် သုံးသိန်းခွဲ၊ ပျိုးပင်ငါးထောင်ကျော်တွေ့ရပြီး ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁၈၀၀ ဂရမ်ကျော်၊ ဖောမစ်အက်ဆစ် တစ်လီတာ၊ အက်သနော အရည် ၄၅ လီတာကျော်၊ အယ်လ်ကိုဟောအရည် ၂၂ လီတာကျော်၊ Bio Maxs အစိမ်းရောင်အရည် ခြောက်လီတာ၊ Aceton အရည် ငါးလီတာ၊ Acetonitrile အရည် ငါးလီတာ၊ Concort Water သုံးလီတာ၊ မက်သနော အရည် ၁၂ လီတာကျော်၊ အမိုနီယမ်ဖော့စဖိတ် ၅၀၀ ဂရမ်ပါ မော်တော်ယာဉ် နှစ်စီး၊ ဆေးခြောက် ၂၇၀ ကီလိုကျော်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖော်ပြသည်။

ယင်းကြောင့် အဆိုပါစိုက်ခင်းနှင့် ပတ်သက်နေသည့် ကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki တို့ကို ဖမ်းဆီးလိုက်သည်။ Mr. Alexander Skemp Todoroki ကို စုံစမ်းနေဆဲ ဖြစ်သည်။ ၎င်းတို့လေးဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသည့် ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၆ (က)၊ ၁၉ (က) ၊ ၂၀ (က) ၊ ၂၁ တို့ဖြင့် ငါန်းဇွန် မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။

ယင်းပုဒ်မများအနက် ပုဒ်မ၂၀(က) သည် ပြစ်မှုပေါ်ပေါက်ပါက အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ အများဆုံး သေဒဏ်အထိ ချမှတ်နိုင်သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ် (၁) မူးယစ်တပ်ဖွဲ့ခွဲမှူး (မန္တလေး) ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် အရေးယူထားပြီးဖြစ်သည့်အတွက် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် အခြားသောသက်ဆိုင်ရာအဖွဲ့အစည်းများက ပြီးခဲ့သည့်ရက်များက တရားဝင် ထုတ်ပြန်ခဲ့ပြီးသည့် အတိုင်းသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စိုက်ပျိုးသည့်ကုမ္ပဏီသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ခွင့်ပြုချက်တင်ခဲ့ချိန်တွင် ပရဆေး စိုက်ပျိုးသည့် အနေနှင့် မဟုတ်သေးဘဲ စမ်းသပ်သည့်အနေဖြင့် တင်ပြထားခြင်းသာဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်က ပြောကြားသည်။

“ကင်ဆာရောဂါ ကာကွယ်ဆေးအနေနဲ့ ယေဘုယျသဘောမျိုးတင်ပြီး စမ်းသပ်စိုက်ပျိုးတယ်ပေါ့” ဟု ၎င်းက ဆိုသည်။

ဆေးခြောက်ဟု ပြောဆိုနေကြရာတွင် ဆေးခြောက်အမျိုးအစားများစွာရှိပြီး မူးယစ်အာနိသင်ပါဝင်မှု ရာခိုင်နှုန်း ကွဲပြားကြောင်း၊ နိုင်ငံအချို့တွင် ဆေးခြောက် (သို့မဟုတ်) မူးယစ် အာနိသင်ပါသည့် အပင်များကို တရားဝင် စိုက်ပျိုးခွင့် ပေးထားသော်လည်း မိမိတို့ နိုင်ငံအနေနှင့်မူ ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်၍ မရကြောင်း ဦးကျော်စိုးနိုင်က ရှင်းပြသည်။

“ကျွန်တော်တို့အမြင်က Error တစ်ခုခု ရှိနိုင်တယ်လို့ တွေးမိတယ်။ အပင်တွေ စစ်ဆေးတာရယ်၊ ထိန်းသိမ်းထားတာရယ်၊ (ဖမ်းဆီးထားသူများကို) သွေးစစ်ချက်ယူတာရယ်လောက်ပဲ သိရပြီး ကျန်တာ မသိရဘူးဗျ”ဟု ၎င်းက ပြောဆိုသည်။

ယင်းအပင်များကို ဒေသခံတို့ အနေနှင့် ဂျပန်ချဉ်ပေါင်ဟု ခေါ်ဆိုကြပြီး အမှန်တကယ် အသုံးဝင်သည့်အတွက် စိုက်ပျိုးထားခြင်းဖြစ်နိုင်ကာ ဆေးခြောက်ဖြစ်မည်ဟု တစ်ခါမျှ မတွေးမိကြောင်း ဦးကျော်စိုးနိုင်က ဆိုသည်။

ဆေးခြောက်အနွှယ်ဝင်ဟု ဆိုရာတွင် အရပ်စကားဖြင့် ပြောပါက သံပုရာသီးနှင့် သံပုယိုသီးကဲ့သို့ ဖြစ်ပြီး တူသလိုနှင့် မတူကြောင်း၊ အရပ်အမြင်ဖြင့် ခွဲခြားသိနိုင်ရန် ခက်ခဲသည့်အပြင် လူမြင်ကွင်း၊ လူအများ သွားလာသည့် နေရာတွင် စိုက်ပျိုးထားခြင်းဖြစ်သည့်အတွက် တစ်စုံတစ်ရာလွဲမှားခြင်းလည်း ဖြစ်နိုင်ကြောင်း ဦးကျော်စိုးနိုင်က ဆက်လက် ပြောဆိုသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူကမူ ဆေးဘက်ဝင်အပင်၊ အများ အကျိုးရှိနိုင်သည့် အပင်ဖြစ်သည်ဟု ယူဆသည့်အတွက် ခွင့်ပြုချက်ပေးခဲ့ခြင်း ဖြစ်ပြီး ဆေးခြောက်စိုက်ပါဟူ၍ ခွင့်ပြုခဲ့ခြင်းမဟုတ်ကြောင်း ပြောဆိုသည်။

“တရားဝင်ခွင့်ပြုချက်တောင်းပြီးတော့ ဘယ်သူမှ မူးယစ်ဆေးဝါး လာမစိုက်ဘူး”ဟု ၎င်းက ခပ်ပြတ်ပြတ်ပင် ပြောဆိုသည်။

စီးပွားရေးအမြင်အရမူ အခြားနိုင်ငံများမှ မိမိတို့ထံ လာရောက်ရင်းနှီးမြုပ်နှံသည့်အခြေအနေဖြစ်သည့်အတွက် ဖိတ်ခေါ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့ကြောင့် ဆေးခြောက်ပင်ဟု ရဲတပ်ဖွဲ့က ပြောဆိုနေသည့် မြို့သာစက်မှု ဇုန်ရှိ ဧက ၂၀ စိုက်ခင်းတွင် မည်သည့်အာနိသင်ရှိသည့် အပင်များ စိုက်ပျိုးမည်ဆိုသည်ကို MMID ကုမ္ပဏီဘက်မှ တိတိကျကျ တင်ပြခဲ့ခြင်း မရှိသကဲ့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဘက်မှလည်း သေချာကျနစွာ စိစစ်၍ ခွင့်ပြုခဲ့ခြင်းမရှိသလောဟု မေးခွန်းထုတ်ဖွယ် ဖြစ်နေသည်။

စီးပွားရေးအလားအလာကောင်းများစွာရှိနေသည့် မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံရန် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကို ကြိုဆိုကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က အခွင့်သင့်တိုင်း ဖိတ်ခေါ်လေ့ ရှိသည်။

ယခုကဲ့သို့ အမေရိကန်နိုင်ငံသားများ လာရောက်စမ်းသပ်စိုက်ပျိုးသည့် အခြေအနေကို အကြောင်းပြု၍ အခြားသောနိုင်ငံများမှ လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံရန် ထိတ်လန့်သွားသည့်အခြေအမျိုးအထိ ဖြစ်လာလျှင်မူ အလားအလာမကောင်းပေ။ ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနှင့် တစ်စုံတစ်ရာ ဖြေရှင်းမှုမျိုးကို လုပ်ဆောင်သင့်သည်။

“အချိန်တန်ရင်တော့ လုပ်မှာပါ။ လောလောဆယ်က ရှုပ်ထွေးနေတဲ့ အချိန်ဆိုတော့ ဘာမှမပြောတာ ဒီအချိန်မှာ ပိုကောင်းတယ်”ဟု တိုင်းဒေသကြီးဝန်ကြီးတစ်ဦးက ပြောဆို သည်။

ယခု မြို့သာစက်မှုဇုန်ရှိ စိုက်ခင်းကိစ္စသည်လည်း Facebook တွင် ပျံ့နှံ့လာပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးကာ ဖမ်းဆီးအရေးယူသည်အထိ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဆေးခြောက်ပင် စိုက်ပျိုးသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော်လည်း ယင်းအပင်များတွင် မူးယစ်ဆေးပါဝင်မှု ရာခိုင်နှုန်း မည်မျှရှိသည်ဆိုသည်ကို ရဲတပ်ဖွဲ့ဘက်မှ ထုတ်ပြန်ထားခြင်း မရှိသဖြင့် ဆေးခြောက်ပင်လော၊ ဆေးဘက်ဝင်အပင်လောဟု ဧပြီလ ၂၅ ရက်နေ့အထိ အတည်မပြုနိုင်ခဲ့ပေ။

ဆေးခြောက်ပင်များဖြစ်သည်ဟု သိရှိထားခြင်းမရှိဘဲ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိသည့် ဆေးဘက်ဝင်အပင်များဖြစ်သည်ဟု ယူဆသည့်အတွက် စက်မှုဇုန်နယ်နိမိတ် အတွင်း စမ်းသပ်လုပ်ကိုင်ခွင့်ပေးထားခြင်း ဖြစ်ကြောင်း MMID ကုမ္ပဏီဥက္ကဌ ဦးအောင်ဝင်းခိုင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း ခွင့်မပြုထားသည့် ဆေးခြောက်ပင်ကို စိုက်ပျိုးလျှင်မူ 3M ကုမ္ပဏီတာဝန်ရှိသူများသည် တရား ဥပဒေအတိုင်း အရေးယူခံရမည်ဟုလည်း ၎င်းက ဆိုသည်။ လတ်တလောတွင်မူ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို မျှော်လင့်နေရသည့် မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်ပင်စိုက်ပျိုးသည် ဟူသော သတင်းများကြောင့် စိတ်မကောင်းဖြစ်ရပြီး နောင်မဖြစ်ရန် ဂရုစိုက်ရမည် ဖြစ်ကြောင်း ဦးအောင်ဝင်းခိုင်က ဆိုလေသည်။

ရုက္ခဗေဒပညာရှင်တစ်ဦးကမူ Kompolti သည် လူကို ယစ်မူးစေသည့် ဆေးခြောက်မဟုတ်ကြောင်း Google တွင်ပင် အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပြီး ခွင့်ပြုလိုက်ပြီးမှ ဆေးခြောက်ပင်များ ဖြစ်သည်ဟု ဖမ်းဆီးခြင်းအပေါ် ဝေဖန်သည်။

“ခွင့်ပြုချက်တောင်းသူနဲ့ ခွင့်ပြုသူတွေကြား ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ပေါ်ပေါက်လာရတဲ့ ပြဿနာပါ”ဟု ၎င်းက မှတ်ချက်ပေးသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *