အဖြေလည်းမရ၊ အသက်လည်းဆုံးသည့် ခွေးပြဿနာ

နာရေးဖိတ်စာများတွင် သေဆုံးရသည့် အကြောင်းအရင်းကို ဖော်ပြလေ့မရှိသော်လည်း ယခုဖိတ်စာမှာ ထူးဆန်းသည်။ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးခြင်းဟု ရေးသားထားခြင်းဖြစ်သည်။

အမျိုးမျိုးသော ရောဂါများဖြင့် သေဆုံးသော်လည်း အသုဘဖိတ်စာတိုင်းတွင် ၉၆ ပါးရောဂါဖြင့် သေဆုံးကြောင်းသာ ရေးသားလေ့ရှိသည်။ ယခုဖိတ်စာတွင် အသက် ၁၂ နှစ်အရွယ် မောင်ဝေယံမင်းအောင်သည် ခွေးရူးပြန်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ရေးသားထားလေ သည်။

“ကျွန်တော့်မြေး ခွေးကိုက်ခံရတယ်။ နောင်လူတွေ ခွေးကိုက်ပြီးတော့ မသေဆုံးအောင် သတိထားဖို့”ဟု အသုဘဖိတ်စာထဲတွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသွားသည်ဟု ထည့်ရေးရခြင်း အကြောင်းကို မောင်ဝေယံမင်းအောင်အဘိုးဖြစ်သူ ဦးတင်စိုးက ရှင်းပြခြင်းဖြစ်သည်။

ရန်ကုန်မြို့ဒုတိယမြို့တော်ဝန်ကိုယ်တိုင် ရန်ကုန်တိုင်းအတွင်းရှိ ခွေးလေခွေးလွင့်ပြဿနာကို ဖြေရှင်းမည်ဟု ကြွေးကြော်ပြီး နည်းလမ်းရှာနေချိန်မှာပင် သာကေတမြို့နယ်တွင် အသက် ၁၂နှစ် အရွယ်ကလေးငယ်တစ်ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ရသည်။

ရန်ကုန်မြို့တွင်လည်း ခွေးလေခွေးလွင့်များများပြားလာသဖြင့် မျိုးပွားမှုကို ထိန်းချုပ်နိုင်ရန် မြို့နယ်များအလိုက်စီမံချက်များနှင့် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က မကြာခဏပြောဆိုလေ့ရှိသည်။

ရန်ကုန်မြို့တွင် ၂၀၁၄ ခုနှစ်က ခွေးကောင်ရေခန့်မှန်းခြေ သုံးသောင်းကျော်သာ ရှိသေးသည်။ ယခု ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ခွေးလေခွေးလွင့်တစ်သိန်းကျော်ရှိကြောင်း အဆိုပါကော်မတီ၊ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။ ယင်းကိန်းဂဏန်းအရဆိုလျှင် လေးနှစ်ကျော်တွင် ခွေးကောင်ရေသုံးဆကျော် မြင့်တက်လာခြင်းပင် ဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ၂၀၁၈ ခုနှစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ခွေးလေခွေးလင့်လေးသန်းကျော်ရှိကြောင်း ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသူအရေအတွက်မှာ ၂၀၁၈ ခုနှစ်တွင် လူဦးရေ ၁၉၀,၀၀၀(နှစ်သိန်းခန့်)ကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ခွေးကိုက်ခံရမှုနှုန်းမှာ တဖြည်းဖြည်း  မြင့်တက်လျက်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် လူဦးရေ ၁၈၀,၀၀၀ ကျော် (၁၈၀,၃၆၇ ဦး) သာ ခွေးကိုက်ခံခဲ့ရပြီး ၂၀၁၈ ခုနှစ်တွင် လူဦးရေ ၁၉၀,၀၀၀ ကျော်အထိ ခွေးကိုက်ခံခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။ ထို့ကြောင့် ခွေးလေခွေးလွင့်များမှာ ပြည်သူများအတွက် အန္တရာယ်ကြီးကြီးမားမားဖြစ်နေပြီလောဆိုသည့် မေးခွန်းက ရှိလာသည်။

ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသွားခဲ့သည့် မောင်ဝေယံမင်းအောင်သည် နှစ်ကြိမ်ထက်မနည်း ခွေးအကိုက်ခံခဲ့ရသည်ကို ၎င်းသေဆုံးပြီးမှ မောင်ဝေယံမင်းအောင်၏ သူငယ်ချင်းများက ပြောပြကြကြောင်း မိသားစုဝင်များထံမှ သိရသည်။

ခွေးကိုက်ခံရသည်ဟု တစ်ကြိမ်သာ မိသားစုဝင်များသိခွင့်ရခဲ့သည်။ ဖေဖော်ဝါရီလအစပိုင်းက ခြေသလုံးကို ခွေးကိုက်ခံရ၍ ဆေးခန်းပြရာ ဆရာဝန်က အနာကျက်ဆေးနှင့် မေးခိုင်ကာကွယ်ဆေးထိုး  ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါကလေး၏ မိသားစုဝင်များထံမှ သိရသည်။

သို့သော်မိသားစုဝင်များကမူ ခွေးရူးပြန်ကာကွယ်ဆေးထိုးလိုက်သည်ဟုထင်ကာ နားလည်မှုလွဲကြောင်း၊ ယင်းသို့ ဆေးထိုးပြီးနောက် ကလေးငယ်မှာ သင်္ကြန်ကာလတွင်လည်း ရေကစားခဲ့သေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

သင်္ကြန်အပြီး နှစ်ဆန်းနှစ်ရက်နေ့တွင် တင်ပါးများယားလာသည်ဟု အဘွား ဖြစ်သူကို ပြောပြခဲ့သည်။ သင်္ကြန်ရေကစားပြီးနောက် ယားနားများပေါက်ခြင်းသာဖြစ်သည်ဟုထင်ကာ ယားနာဆေးသာ လိမ်းပေးခဲ့သည်။ ယင်းအနာသည် ခွေးကိုက်ခံရပြီး မိဘများကို မပြောဘဲထားသည့် ဒဏ်ရာဖြစ်နိုင်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“ကလေးက မကစားရမှာ ကြောက်လို့ ခွေးကိုက်ခံရတာကို မပြောဘူး။ ခွေး ခဏခဏကိုက်ခံရတယ်ဆိုတာကို သေပြီးတော့မှ သူ့သူငယ်ချင်းတွေက ပြောလို့ သိရတာ။ တင်ပါးက ဒဏ်ရာက သူ့ကို ခွေးကိုက်ထားတဲ့ ဒဏ်ရာဖြစ်မယ်လို့ ထင်တယ်”ဟု မောင်ဝေယံမင်းအောင် အဘိုးဖြစ်သူက ပြောကြားသည်။

ခွေးကိုက်ခံရမှုကြောင့် သေဆုံးမှုမှာ ဖြစ်စဉ်ဖြစ်ရပ်များစွာရှိသည်။ ပျော်ဘွယ် မြို့နယ်တွင် ခွေးငါးကောင်ဝိုင်းကိုက်မှုကြောင့် လေးနှစ်အရွယ်မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ရသည်။ နေအိမ်နှင့် ကိုက် ၅၀ ခန့်အကွာရှိ ဓမ္မာရုံအနီးတွင် ခွေးလေခွေးလွင့်ငါးကောင်က ဝိုင်းဝန်း  ကိုက်ခဲခဲ့သဖြင့် ဦးခေါင်းတစ်ခုလုံးစုတ်ပြဲပြီး ခန္ဓာကိုယ်ပွန်းခြစ်ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။ အဆိုပါသေဆုံးမှုကို ပျော်ဘွယ်မြို့မရဲစခန်းက သေမှုသေခင်းဖြင့်သာ အမှုဖွင့်နိုင်ခဲ့သည်။

မွန်ပြည်နယ်ပေါင်မြို့နယ်တွင်လည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ခွေးရူးလိုက်လံကိုက်မှုကြောင့် တစ်နာရီအတွင်း အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီးငါးဦး ဒဏ်ရာရခဲ့သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကမူ မြန်မာနိုင်ငံတွင် ခွေးကိုက်ခံရသည့် လူဦးရေများပြားလာသော်လည်း ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူဦးရေနည်းပါးလာကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၁ ခုနှစ်တွင် လူဦးရေ ၂၄၅ ဦး၊ ၂၀၁၂ ခုနှစ်တွင် ၁၈၆ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၉၄ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၅၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၉၈ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၉ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၇၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၇၀ ဦး ခွေးရူးပြန်ရောဂါဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနထံမှ သိရသည်။

ခွေးရူးပြန်ရောဂါသည့် ကာကွယ်ဆေးသာထိုးနိုင်ပြီး ကုသနိုင်သည့် ဆေးမရှိသေးပေး။ ထို့အပြင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးသည် ဝယ်ထိုးရမည်ဆိုပါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည့် ထိတွေ့မှုအဆင့်ပေါ်မူတည်ပြီး လူတစ်ဦးကို ကျပ် ၂၄,၀၀၀ မှ ၁၁၄,၀၀၀ အထိ ကုန်ကျနိုင်သည်။

ခွေးရူးပြန်ရောဂါကာကွယ်ဆေးဝယ်ထိုးရန်မှာ ငွေကြေးတတ်နိုင်သူများအတွက် အဆင်ပြေနိုင်သော်လည်း လမ်းဘေးတွင်ဈေးရောင်းနေရသည့် ကလေးများကဲ့သို့ ဆင်းရဲနွမ်းပါးသူများအတွက်ဆိုလျှင် အခက်တွေ့နိုင်သည်။

“ပိုက်ဆံရှိတဲ့သူတွေကတော့ ထိုးနိုင်တာပေါ့။ ပိုက်ဆံမရှိတဲ့သူတွေ ခွေးအကိုက်ခံရရင် မထိုးနိုင်လို့ သေဖို့ပဲရှိတယ်။ ရပ်ကွက်မှာပေးထားတဲ့ ခွေးရူးပြန်ကာကွယ်ဆေး တွေကလည်း မလောက်ဘူး”ဟု မောင်ဝေယံမင်းအောင်အဘိုး ဦးစိုးတင့်က ပြောဆိုသည်။

ခွေးကိုက်ခံရပါကလည်း ၂၄ နာရီ အတွင်း ခွေးရူးပြန်ကာကွယ်ဆေးထိုးသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနပြည်သူ့ကျန်မားရေးဦးစီးဌာန(ကူးစက်)ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်စန္ဒာက ပြောဆိုသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာပေါ်တွင် ခွေးရူးပြန်ရောဂါဖြင့် သေဆုံးနေခြင်းသည် ခွေးကိုက်ခံရခြင်းကြောင့် ၉၆ ရာခိုင်နှုန်းအထိဖြစ်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်ထားသည်။ ထို့ကြောင့် ခွေးလေခွေးလွင့်များကို ရှင်းလင်းရေးလုပ်ငန်းကို အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်လျက်ရှိကြောင်း ထောက်ပြမှုများရှိသည်။

ခွေးလေခွေးလင့်များများပြားလာခြင်းကို ထိန်းချုပ်ရန်အတွက် ရန်ကုန်စည်ပင်က ရပ်ကွက်အောက်ခြေအထိ ဆင်းကာ ပြည်သူများနှင့်အတူ ပူးပေါင်းပြီး သားဆက်ခြားဆေးများထိုးပေးရန် လိုအပ်ကြောင်း ဒဂုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ က ပြောဆိုသည်။

“ရပ်ကွက်အဆင့်ထိ ဆင်းပြီးတော့ ခွေးလေခွင့်လွင့်တွေကို သားဆက်ခြားမယ်။ ပြီးရင် ခွေးဂေဟာလုပ်ပြီး ခွေးဂေဟာကို ပို့သင့်တယ်”ဟု ၎င်းက ဆိုသည်။

ခွေးများကို သားဆက်ခြားသည့် ဆေးထိုးပေးခြင်းကြောင့် ခွေးမျိုးပွားမှုကို ထိန်းချုပ်နိုင်ပြီး ခွေးဂေဟာသို့ ပို့သည့်လုပ်ငန်းကို ခွေးချစ်သူများကလည်း ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ခွေးဂေဟာဖွင့်ထားသူ မမြတ်သက်မွန်က ပြောဆိုသည်။

“သားဆက်ခြားဆေးတွေ ဘာတွေထိုးပြီးသွားရင် ခွေးသက်တမ်းရှိသလောက်  နေပြီးသွားရင် သူတို့မျိုးဆက်က ပြတ်သွားပြီလေ။ ထပ်မျိုးမပွားတော့ဘူး”ဟု ၎င်းက ပြောဆိုသည်။

ခွေလေခွေးလွင့်များရှင်းလင်းရေးအတွက်အဆိပ်ချသတ်ဖြတ်ခြင်းကို နှစ်သက်သူများရှိသော်လည်း ခွေးချစ်သူများကမူ အပြင်းအထန်ကန့်ကွက်ကြသည်။

ခွေးလေခွေးလွင့်များကို အဆိပ်ချနှိမ်နင်းခြင်းမပြုလုပ်ဘဲ ခွေးဂေဟာ  (Dog Shelter) သို့ ပို့ဆောင်ရေးမြို့နယ်၊ ရပ်ကွက်အလိုက် စည်းရုံးပေးကြရန် ရန်ကုန်မြို့တော်ဝန်က ဧပြီလ ၁၈ ရက်က စည်ပင်သာယာကော်မတီဝင်များနှင့် တွေ့ဆုံစဉ်လမ်းညွှန်လိုက်သည်။

ရန်ကုန်မြို့တွင် နှစ်စဉ်ခွေးလေခွေးလွင့်သုံးသောင်းကျော်ကို အဆိပ်ချနှိမ်နင်းသော်လည်း တိရစ္ဆာန်ချစ်သူများက ကန့်ကွက်သည့်အတွက် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်မှစ၍ ခွေးကောင်ရေ နှစ်သောင်းခန့်သာ နှိမ်နင်းပြီးသားဆက်ခြားသည့် နည်းကိုပါ ပူးတွဲဆောင်ရွက်လျက်ရှိကြောင်း YCDC ထံမှသိရှိ ရသည်။

ယင်းကဲ့သို့လုပ်ဆောင်နေသည့်တိုင် ဧပြီလတွင် ဒုတိယမြို့တော်ဝန်ဦးစိုးလွင်ထံ တိုင်ကြားသည့် အကြောင်းအရာများတွင် ခွေးလေခွေးလွင့်ဆိုင်ရာအကြောင်းအရာများမှာ တိုင်တန်းမှုအများဆုံးဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ခွေးများကို အဆိပ်ခတ်သတ်ဖြတ်သည့်အတွက် တိုင်ကြားမှုများရှိသဖြင့် ခွေးများကို အဆိပ်ချသတ်ဖြတ်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီးနောက် နောင်အဆိပ်ချသတ်ဖြတ်ခြင်းမပြုရန်နှင့် မဖြစ်ပွားစေရန် အထူးကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ရေးသားထားသည်။

ခွေးလေခွေးလင့်များသည် ရပ်ကွက်အတွင်းတွင် အလွန်များပြားနေကြောင်း ရပ်ကွက်နေပြည်သူများက ပြောဆိုကြသည်။ သို့သော် ရန်ကုန်စည်ပင်က အဆိုပါကိစ္စကို လက်ရှိအချိန်ထိဖြေရှင်းနိုင်ခြင်း မရှိသေးပေ။ အဆိပ်ချသတ်ဖြတ်မှုများ ပြုလုပ်သော်လည်း ခွေးချစ်သူအဖွဲ့များက ခွေးများကို အဆိပ်ချသတ်ဖြတ်ချင်း မလုပ်ရန် ကန့်ကွက်မှုများရှိခဲ့၍ ၂၀၁၅ ခုနှစ်မှစတင်ကာ ခွေးအဆိပ်ချသတ်ခြင်းကို လျှော့ချခဲ့ရသည်။

ခွေးဂေယာများ၊ မျိုးပွားနှုန်းထိန်းချုပ်မှုတို့ကိုလည်း လုံလုံလောက်လောက်မလုပ်နိုင်သေးသဖြင့် ရန်ကုန်မြို့တော်က ခွေးလေခွေးလွင့်ပြဿနာမှာ မဖြေရှင်းနိုင်သည့်အပြင် ပိုဆိုးလာသည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ခွေးကိုက်ခံရသူများက ရပ်ကွက်အတွင်းခွေးလေခွေးလင့်များ ရှင်းလင်းရေးတောင်းဆိုနေပြီး ခွေးချစ်သူများကမူ ခွေးများကို အဆိပ်ချသတ်ဖြတ်ခြင်းကို ကန့်ကွက်ကြသည်။ ယင်းတို့နှစ်ဖက်ကြားထဲတွင် ရန်ကုန်စည်ပင်၏ ခွေးလေခွေးလွင့်ရှင်းလင်းရေးလုပ်ငန်းမှာ ကြန့်ကြာနေသည်။

ဒုတိယမြို့တော်ဝန်ဖြစ်လာသည့် ဦးစိုးလွင်သည် ခွေးလေခွေးလွင့်များကို ဂေဟာသို့ပို့ဆောင်ပေးရန် ညွှန်ကြားထားသော်လည်း လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း ခွေးဂေဟာဖွင့်ထားသူ ဒေါ်မြတ်သက်မွန်က ပြောဆိုသည်။

ခွေးဂေဟာများကို သွားပို့ရန် ပြည်သူများအနေနှင့် အခက်အခဲရှိနေသည့်အပြင် ခွေးဂေဟာများသို့ ရောက်ရှိလာသည့် ခွေးများကို ကာကွယ်ဆေးထိုးပေးခြင်း၊ သားဆက်ခြားဆေးထိုးပေးခြင်း၊ ကျွေးမွေးစရိတ်များကလည်း အခက်အခဲရှိကြောင်း ၎င်းက ပြောဆိုသည်။

ခွေးတစ်ကောင်ကို သားဆက်ခြားဆေးထိုးမည်ဆိုပါက ခွေးအထီးတစ်ကောင်သုံးသောင်းကျပ်နှင့် ခွေးအစ်မတစ်ကောင်လျှင် ငါးသောင်းကျပ်ခန့်ပေးရကြောင်း ခွေးချစ်သူများထံမှ သိရသည်။ ခွေးဂေဟာတွင် ခွေးအကောင်ရေ ၂၀၀ ခန့် လက်ခံထားသည့်နေရာတွင်ပင် တစ်ရက်ကျွေးမွေးစရိတ်မှာ ကျပ်တစ်သိန်းကျော်ကုန်ကျနေကြောင်း ဒေါ်မြတ်သက်မွန်က ရှင်းပြသည်။

ခွေးလေခွေးလင့်များရှင်းလင်းရေးအတွက် ဂေဟာများဖွင့်ခြင်း၊ ခွေးများကို ကာကွယ်ဆေးထိုးခြင်းနှင့် သားဆက်ခြားဆေးများ ထိုးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ခွေးချစ်သူများနှင့် အခြားအဖွဲ့များက ပြောဆိုသည်။ ယင်းသို့ လုပ်ဆောင်နိုင်ရန် အစိုးရတွင် ဘဏ္ဍာငွေအခက်အခဲကလည်း ရှိနေသေးသည်။

ခွေးလေခွေးလွင့်များရှင်းလင်းရေးအတွက် အစိုးရက ခွေးချစ်သူများပြည်သူများနှင့် ပူးပေါင်းကာ ခွေးဂေဟာဖွင့်ချင်သူများအတွက် မြေနေရာနှင့် ခွေးဂေဟာဖွင့်ထားသူများကို ထောက်ပံ့မှုများ ပြုလုပ်ပေးသင့်ကြောင်း ဒေါ်မြတ်သက်မွန်က  ပြောဆိုသည်။ ခွေးချစ်သူများကလည်း ဝိုင်းဝန်း ပူးပေါင်းလုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“မသတ်စေချင်တဲ့သူတွေကလည်း ပါးစပ်ကပြောမနေဘဲနဲ့ အကုန်ပူးပေါင်း။ အစိုးရကလည်း ခွေးဂေဟာအတွက် မြေနေရာတွေ ချပေး။ အကုန်လုံးဝိုင်းခွဲပြီးလုပ်၊ အဲဒါမှ အဆင်ပြေမှာ။ ခွေးလည်း မသတ်ချင်ဘူး။ ဂေဟာတွေကိုပဲ ထိုးထည့်မယ်။ ဂေဟာတွေကိုလည်း ဘာမှမပေးဘူးဆိုရင် အကုန်လဲကုန်မှာပေါ့”ဟု ဒေါ်မြတ်သက်မွန်က မှတ်ချက်ပေးသည်။

ခွေးလေခွေးလွင့်ပြဿနာကို အစိုးရက နည်းအမျိုးမျိုးဖြင့် ဖြေရှင်းရန်ကြိုးပမ်းနေဆဲဖြစ်သည်။ လောလောလတ်လတ် တင်မြှောက်ခံထားရသည့် ရန်ကုန်ဒုတိယမြို့တော်ဝန်ကလည်း ခွေးလေခွေးလွင့်ပြဿနာကို ဦးစားပေးဖြေရှင်းမည်ဟု ကြွေးကြော်ထားသဖြင့် ဆက်လက်စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

ခွေးလေခွေးလွင့်ပြဿနာကို ဖြေရှင်းရန်ကြိုးပမ်းနေစဉ် မောင်ဝေယံမင်းအောင်ကဲ့သို့ အသက်ဆုံးရှုံးမှုမျိုး ထပ်မံမဖြစ်ပွားရလေအောင် မည်ကဲ့သို့လုပ်ဆောင်မည်ဆိုသည်ကလည်း ရန်ကုန်စည်ပင်၏ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်ပေးမည့်အကြောင်းအရာတစ်ရပ်ဖြစ်လာမည် ဖြစ်သည်။

အောင်ဖြိုးဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *