လူ့အဖွဲ့အစည်းအတွက် ပုသိမ်ထီးပေတံ

လူတိုင်းပျော်ရွှင်သော မြန်မာနှစ်သစ်ကူးပြောင်းချိန် သင်္ကြန်ကာလအတွင်း လူအချို့မှာ ရန်ကုန်မြို့ အင်းယားကန်ဘောင်တွင် အလှဆင်ထားသည့် ပုသိမ်ထီးများကို ဖြုတ်ယူခဲ့မှုကြောင့် ဝေဖန်သံများ သောသောညံခဲ့သည်။ သူခိုး၊ ပြည်သူပိုင်ပစ္စည်း နှောက်ယှက်ဖျက်ဆီးသူ၊ တောသားအစရှိကာ တံဆိပ်အမျိုးမျိုးကပ်ဝေဖန်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ သရုပ်ပျက်လှသည့် ပုသိမ်ထီးဖြုတ်ယူမှုများကြောင့် လူငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ အမူအကျင့်များကို လေ့လာအကဲဖြတ်နိုင်သည်လော။

ပညာရေး၊ လူမှုရေးအားနည်းသည့် အသိုင်းအဝိုင်းတွင် သတိလက်လွတ်ဖြုတ်ယူသွားမှုများ နောင်တွင်မဖြစ်စေရေး စီမံခန့်ခွဲသူများနှင့် အုပ်ချုပ်သူများက ၎င်းတို့၏ အမူအကျင့်များကို ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်လာပြီဖြစ်သည်။

သင်္ကြန်ကာလအတွင်း အင်းယားကန်ဘောင်တစ်လျှောက် အလူမီနီယမ်သံတိုင်များစိုက်ကာ သွပ်နန်းကြိုးတုပ်၍ ပုသိမ်ထီးရောင်စုံအလက် ၆၀၀ ကျော်ကို ချိတ်ဆွဲထားသည်။ သင်္ကြန်သည် ထိုပုသိမ်ထီးများကြောင့် ပိုမိုအရောင်အသွေး စုံလင်နေခဲ့သည်။

ပုသိမ်ထီးရောင်စုံအောက်တွင် အရောင်အသွေးစုံလူငယ်များ လူးလာခေါက်တုန့် လမ်းလျှောက်ကြသည်။ လူငယ်များအချင်းချင်း ကျီစယ် နောက်ပြောင်ရင်း ပျော်ရွှင်ကြသည်။ ထိုနေရာသည် သင်္ကြန်အကြိုနေ့၊ အကျနေ့တို့တွင် လှလှပပထည်ထည်ဝါဝါ ပန်းပန်လျက်ပင်။

သို့သော် သင်္ကြန်အကြတ်နေ့တွင်မူ အလှဆင်ထားသည့် ပုသိမ်ထီးများကို ဖြုတ်ယူလိုက်ကြသည်။ ခပ်လတ်လတ် လူငယ်များက အလူမီနီယမ်တိုင်ပေါ်တက်ကာ ပုသိမ်ထီးတက်ဖြုတ်ကြသည်။ ပုသိမ်ထီးဆောင်းပြီး ဓာတ်ပုံများရိုက်ကြသည်။ နွေနေပူကို ပုသိမ်ထီးဆောင်းကာ ကာကွယ်သူများလည်းရှိသည်။

လူငယ်အရွယ်ယောင်္ကျားလေးနှင့် မိန်းကလေးများက ပုသိမ်ထီးကိုယ်စီဖြင့် အပြုံးများဝေလျက်ပင်။

အဆိုပါဖြစ်ရပ်ပေါ်တွင် အမြင်အမျိုးမျိုးရှိကြသည်။ အဓိက ဝေဖန်သုံးသပ်သူများက ပညာရေးပိုင်းဆိုင်ရာ အားနည်းမှုကြောင့် ဟုဆိုသည်။

သို့ရာတွင် အင်းယားကန်ဘောင်ရှိ ပုသိမ်ထီးများသည် ပြည်သူပိုင်ပစ္စည်းများဖြစ်သည်။ ထိုပစ္စည်းများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဆိုသည့် အသိရှိရမည်ကို ထိုလူငယ်တို့ မသိရှိလေသလော။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုဥပဒေ ပုဒ်မ ၆(၁) တွင် ပြည်သူပိုင်ပစ္စည်းများကို ပိုင်ဆိုင်ခွင့်မရှိဘဲ လက်ဝယ်ထားခြင်း၊ ခိုးယူခြင်း၊ အလွဲသုံးစားပြုခြင်းနှင့် အကျိုးပျက်စီးအောင်ပြုလုပ်လျှင် ကြိမ်ဒဏ်နှင့် ထောင်ဒဏ် ခုနစ်နှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

“လူငယ်တွေကိုတော့ သူခိုးလို့ပြောလို့ ဘယ်ရမလဲ ခိုးတဲ့လူကိုပဲ ပြောလို့ရမှာပေါ့။ ထီးကတော့ မတွေးဘဲ လုပ်တယ်လို့မြင်တယ်။ ပြောတဲ့လူကတော့ အမြဲရှိမှာပဲ” ဟု အသက် ၂၇ နှစ်အရွယ် ကိုသူရိန်လွင်က ဆိုသည်။

အင်းယားကန်ဘောင်ရှိ ပုသိမ်ထီးများကိုဖြုတ်ယူသွားသည့် လူငယ်များ၏ အပြုအမှုများကို သုံးသပ်မည်ဆိုပါက ပညာရေးပိုင်းနှင့် ပြည်သူ့နီတိအားနည်းခြင်းဖြစ်ကြောင်း ဆောင်းပါးရှင် ဦးသိန်းထက်အောင်က ဆိုသည်။

သို့သော်လည်း လက်ရှိတွင် စာရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်အတွက် ပထမတန်းမှ တတိယတန်းအထိ စာသင်ချိန် တစ်ပတ် နှစ်ရက်နှင့် စတုတ္ထတန်းမှ ပဉ္စမတန်းအထိ စာသင်ချိန် တစ်ပတ် သုံးရက်ထိ သင်ကြားလျက်ရှိသည်။

ပြည်သူ့နီတိဆိုသည်မှာက လူ့ပတ်ဝန်းကျင်ရှိ တစ်ဦးချင်းစီတွင် စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့် စည်းကမ်း၊ ဆောင်ရွက်ရမည့်တာဝန်၊ ရယူပိုင်ဆိုင်နိုင်မည့်အခွင့်အရေးတို့ဖြစ်သည်။

အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ ပြည်သူများကို ပြည်သူ့နီတိဆိုင်ရာ စာအုပ်များမျှဝေပြီး ပြည်သူ့နီတိအကြောင်း သင်တန်းပို့ချကြောင်း မတူကွဲပြားခြားနားမှုနှင့် အမျိုးသားရေး သဟဇာတဖြစ်မှုဆိုင်ရာ လေ့လာရေးအဖွဲ့ (CDAH ) ထံမှ သိရသည်။

အသက် ၇၀ ကျော်အရွယ် ဆောင်းပါးရှင် ဦးသိန်းထက်အောင်ကမူ ယခုလို ဆိုပြန်သည်။

“ဒီအပြုအမူတွေက ကိုယ့်တန်ဖိုးကို ကိုယ်နှိမ့်ချနေတယ်ဆိုတာကို မသိကြဘူး။ အလွယ်ရ၊ အလွယ်ယူ ခိုးမှုမြောက်တယ်ဆိုတာကို မသိလောက်အောင် အသိဉာဏ်နည်းတယ်”

ပညာရေးဆိုရာတွင် အတန်းပညာရေးကိုအဓိကဆိုလိုသည်မဟုတ်ဘဲ ယဉ်ကျေးသည့်အပြုအမူမျိုးဖြစ်အောင် သင်ကြားပေးသည့် ပညာပေးရေးဖြစ်သည်။

“သူတို့ရဲ့အပြုအမူပိုင်းဆိုင်ရာမှာ နိစ္စဓူဝအမူအကျင့်တွေ ယဉ်ယဉ်ကျေးကျေးပြုမူတတ်အောင်၊ ပြည်သူပိုင်ပစ္စည်းအပေါ်မှာ ဘယ်လိုသဘောထားရမယ်။ အဲဒါတွေ ပညာရေးအပိုင်းမှာပါတယ်” ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

ဒေါက်တာဖြိုးသီဟသည် ကျန်းမာရေးနှင့် လူငယ်ရေးရာဆောင်းပါးများကို အဓိကရေးသားနေသော ဆောင်းပါးရှင်လည်းဖြစ်သည်။

အင်းယားကန်ဘောင်တွင် ချိတ်ဆွဲထားသောပုသိမ်ထီးများကို ဖြုတ်ယူခဲ့သည့် လူငယ်များအပေါ် အသက် ၃၁ နှစ်အရွယ် မခင်ငြိမ်းအိကလည်း ယခုလိုပြောသည်။

“လူငယ်တွေအနေနဲ့ အများပြည်သူပိုင်ပစ္စည်းကို တန်ဖိုးထားပြီးထိန်းသိမ်းစေချင်တာ။ သူများမြို့တွေက လူငယ်တွေက ညီတယ်။ ဝန်းရံတယ်”

ဒေါက်တာဖြိုးသီဟကမူ ပညာရေးပိုင်းတွင် အားနည်းမှုကြောင့် ယင်းကဲ့သို့ အပြုအမူမျိုး ဖြစ်ပေါ်လာရသည်ဟု ထောက်ပြသည်။

မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် လတ်တလောတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရလျက်ရှိကြောင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေး အစီစဉ်များကိုအကောင်အထည်ဖော်နိုင်ရေးအတွက် မူဝါဒချမှတ်ပြီး အများပြည်သူများသိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ပညာရေးပြုပြင်ပြောင်းလဲမှုစတင်သည့်ကာလ ၂၀၁၇ ခုနှစ်မှစကာ အတန်းတစ်တန်းချင်းစီအလိုက် သင်ရိုးအသစ် ပြောင်းလဲသင်ကြားရသည်။

ယင်းအပြင် ဆင်းရဲခြင်းနှင့်လည်းဆိုင်ကြောင်း ဒေါက်တာဖြိုးသီဟက သုံးသပ်သည်။

“ဆင်းရဲတော့ ဘာဖြစ်သွားလဲဆိုရင် အထိအတွေ့နည်းတာပေါ့နော်။ လူနေမှုအဆင့်အတန်းနိမ့်ကျတယ်။ သူတို့ထိတွေ့ရတဲ့ ပတ်ဝန်းကျင်က ဒီပတ်ဝန်းကျင်ပဲ ဖြစ်နေတယ်။ အမြင်မကျယ်တဲ့အခါမှာ ဒီလိုမျိုးအပြုမူမျိုးတွေပဲဖြစ်နေတယ်” ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

ယင်းအချက်များအပြင် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကမူ ပထမတစ်ယောက်ဖြုတ်၍ နောက်က လိုက်ဖြုတ်ခြင်းဖြစ်သည်။ ပုသိမ်ထီးဖြုတ်ယူသူများစိတ်တွင် အများပြည်သူအတွက်ပြုလုပ်ထားသည့် ပစ္စည်းဟု မတွေးဘဲ သူများဖြုတ်၊ ကိုယ်လိုက်ဖြုတ်သည့် အပြုအမှုမျိုးဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

ထိုအချိန်ကာလက အလွန်ပူပြင်းနေချိန်ဖြစ်ရာ သတိလက်လွတ်ဖြင့် ပုသိမ်ထီးများကို ဖြုတ်ယူကာ နေအပူကို ကာကွယ်လို၍လည်း ဖြစ်နိုင်သည်။ သင်္ကြန်ကာလဖြစ်၍ ယမကာသောက်စားထားနိုင်ရာ ယင်း၏ အကျိုးဆက်အဖြစ်လည်း အပြစ်များကို လွယ်လွယ်ကူကူ ကျုးလွန်မိသွားနိုင်သည်။

ထိုသို့အချိန်တွင် တစ်ဦးက အစပြု၍ ပုသိမ်းထီးများကို ဖြုတ်လိုက်ချိန်တွင် နောက်လူများဆက်မပြုတ်နိုင်အောင် တားဆီးနိုင်မည့်သူ လိုအပ်သည်။

“ဒီကိစ္စမှာ ဒီသဘောပဲပေါ့။ အလွယ်တကူဖြုတ်လို့ရတယ်။ ဘေးမှာထိန်းမယ့် ကွပ်မယ့်သူမရှိဘူးဆိုတဲ့အခါကျတော့ ဆွဲတာပေါ့” ဒေါက်တာဖြိုးသီဟက ဆိုသည်။

ပုသိမ်ထီးဖြုတ်ယူသည့် အမူအကျင့်သည် စာရိတ္တပိုင်းဆိုင်ရာပျက်ပြားခြင်းထက် အလှဆင်ထားသည်ကို ဖြုတ်ယူခြင်းက ရှက်စရာကောင်းသည့်အလုပ်ဖြစ်ကြောင်း၊ မလုပ်သင့်သည့်အလုပ်ဖြစ်ကြောင်းကို ဖြုတ်ယူသူများကိုယ်တိုင် မသိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒါကို စာရိတ္တပျက်ပြားနေတယ်လို့၊ မရိုးသားဘူးလို့ မပြောချင်ဘူး။ သူတို့ ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင် လူနေမှုအဆင့်အတန်း၊ ပညာရေး ဒါတွေမှာ အပြစ်တစ်ခု မလုပ်သင့်ဘူးလို့ ယူဆချက်မရှိတာက အဓိကပြဿနာပါ” ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း ထောက်ပြရန်များ ရှိနေသည်။ ထိုနေရာတွင် သတိပေးစားတန်းချိတ်ဆွဲထားခြင်း၊ တာဝန်ရှိသူတစ်ဦးဦးက ဟန့်တားခြင်းများပြုလုပ်ရန် လိုအပ်သည်။ ယင်းမှသာ စည်းကမ်းတကျရှိမည်ဖြစ်သည်။

သို့သော် လက်ရှိလူမှုဝန်းကျင်တွင် အလေ့အကျင့် ပြောင်းလဲမှုတစ်ခုရှိသည်ကို သိသာစွာ မြင်တွေ့လာရသည်။ ယင်းကား တန်းစီသည့် ဓလေ့ဖြစ်သည်။ လူ့အသိုင်းအဝိုင်းကြားထဲတွင် တန်းစီစနစ် (Que) ဖြင့် စည်းကမ်းရှိရှိတန်းစီရမည်ကို သိလာပြီ။

အများပြည်သူ သွားလာမှုများသည့်နေရာ ကုန်တိုက်များ၊ စားသောက်ဆိုင်များတွင် တန်းစီရမည့် Que စနစ်ကို ရေးသားထားသည်။ ထိုအတိုင်းလေးစားလိုက်နာလာကြသည်။ ယဉ်ကျေးသည့် လူ့အဖွဲ့စည်းအဖြစ် တဖြည်းဖြည်းပြောင်း လဲလာနေပြီလော။

“ကိုယ်တိုင်ယှဉ်ကြည့်ရင် အရင်တုန်းက တန်းမစီကြဘူး။ နောက်ပိုင်း တန်းစီလာကြတယ်။ တန်းစီတာဟာ လူ့ယဉ်ကျေးတွေရဲ့အလေ့အထပါလားလို့ ကျွန်တော်တို့နားလည်လာလိမ့်မယ်။ သဘောပေါက်လာတယ်။ တန်းမစီဘဲ နေရာရတာကို ရှက်လာတယ်” ဟု ဒေါက်တာဖြိုးသီဟက ဆိုသည်။

အဆိုပါပုသိမ်ထီးပြဿနာသည်လည်း အပြုအမှုများမပြောင်းလဲသေး၍ ဖြစ်သည်။ ယင်းကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျခြင်း၊ ဆင်းရဲခြင်းနှင့် ပညာရေးအားနည်းသူများတွင် ယင်းကဲ့သို့ အပြုအမူများ မပြောင်းဘဲ ရှိနေသေးသည်။

ပုသိမ်ထီး ဖြုတ်ယူခဲ့သည့်ဖြစ်စဉ်သည် လူ့အဖွဲ့အစည်း၏ လက်ရှိအရှိတရားအခြေအနေကို တိုင်းတာနိုင်သည့် ပေတံလည်း ဖြစ်နေလေသည်။

ယင်းအခြေအနေအများကြောင့် လူနေမှုအဆင့်အတန်းနိမ့်ကျသူများကို တာဝန်သိသည့် နိုင်ငံသားများဖြစ်အောင်၊ ကျင့်ဝတ်ပိုင်းဆိုင်ရာတွင် လေးစားလိုက်နာသူဖြစ်အောင်နှင့် လူငယ်များ တွေးခေါ်မျှော်မြင်စွမ်းဆောင်ရည်ပြည့်ဝလာအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်အရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းတွင် ဦးဆောင်ပါဝင်နေသူ ဦးဝင်းမျိုးသူက သုံးသပ်ပြောကြားသည်။

ထို့အတွက် Share Learning မျှဝေသင်ယူလုပ်ငန်းစဉ်များ ထွက်ပေါ်လာရန် လိုအပ်သည်။ အစိုးရနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်သိ၊ တာဝန်ယူတတ်သည့် လူမှုအဖွဲ့စည်းများဖြစ်အောင် လေ့ကျင့်ပြုစုပျိုးထောင်းပေးရမည်ဟု ၎င်းကတိုက်တွန်းသည်။

“သက်ဆိုင်ရာ ဘာသာရပ်တွေအပြင် ပြည်သူ့နီတိတို့၊ ပြန်ကြားဆက်သွယ်ရေးစွမ်းရည်တို့၊ ဘ၀တစ်သက်တာ Life Skill တို့ကို စာတွေ့မဟုတ်ဘဲ လက်တွေ့သဘောမျိုးထည့်သွင်း လေ့ကျင့်သင်ကြားပေးရင်ကောင်းမလားစဉ်းစားမိပါတယ်” ဟု ဦးဝင်းမျိုးသူက ဆိုသည်။

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *