ဘဏ်လောကအတွက် IMF ၏ တပ်လှန့်သံ

တင်းကျပ်သည့် စည်းမျဉ်းအသစ်များဖြင့် ရင်ဆိုင်နေရသည့် မြန်မာ့ဘဏ်လုပ်ငန်းကဏ္ဍတွင် အန္တရာယ်ရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က တပ်လှန့်လိုက်သည်။

မကြာမီကာလတွင် ဘဏ်လောကသာမက မြန်မာ့စီးပွားရေးတစ်ခုလုံးတွင်ပါ အန္တရာယ်ရှိလာနိုင်ကြောင်း IMF ၏ ယခုနောက်ဆုံးထုတ် Article IV အစီရင်ခံစာတွင် သတိပေးထားသည်။

ငွေလဲနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို တည်ငြိမ်အောင်ထိန်းထားနိုင်ပြီး ဗဟိုဘဏ်က တင်းကျပ်သည့် ငွေကြေးမူဝါဒကို ဆက်လက်ကျင့်သုံးသည်ကို IMF က ထောက်ခံအားပေးသော်လည်း တစ်ဖက်တွင် ဘဏ်လုပ်ငန်းကဏ္ဍတွင် ထိလွယ်ရှလွယ်ဖြစ်နေမှုမှာ စိုးရိမ်စရာဖြစ်ကြောင်း ထောက်ပြထားသည်။

 

၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ဗဟိုဘဏ်က စည်းမျဉ်းလေးချက်ကို ထုတ်ပြန်သည်။ ၎င်းတို့မှာ မတည်ရင်းနှီး ငွေလုံလောက်ရေး အချိုးဆိုင်ရာစည်းမျဉ်း၊ ဘဏ်နှင့်ဆက်နွှယ်သည့် မိတ်ဖက်အဖွဲ့အစည်းများသို့ ဘဏ်မတည်ရင်းနှီးငွေ ၂၀ ရာခိုင်နှုန်းကျော်လွန် မထုတ်ချေးရေးဆိုင်ရာစည်းမျဉ်းနှင့် ငွေအပ်နှံသူများ၏ ငွေကိုပြန်လည်ထုတ်ပေးနိုင်စွမ်းရှိ မရှိ တိုင်းတာသည် ငွေကြေးလွယ်မှုအချိုး သတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်းတို့ဖြစ်သည်။

အဓိကအချက်မှာ ဆုံးရှုံးနိုင်ခြေရှိသော ချေးငွေများ၏ အတိုးနှင့် အရင်းပမာဏအပေါ်တွက်ချက်ပြီး ငွေကြေးသီးသန့်ဖယ်ထားခြင်းဆိုင်ရာစည်းမျဉ်း ဖြစ်သည်။

ဘဏ်လောကပြုပြင်ပြောင်းလဲရေး မြင်သာထင်သာစွာစတင်သည့် အဆိုပါစည်းမျဉ်းလေးချက်ထွက်ပြီးနောက်တွင် ပြည်တွင်းဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု သိသာစွာလျော့ကျသွားခြင်းနှင့် ဖော်ပြရန် ခက်ခဲနေဆဲ ကြွေးဆုံးပြဿနာ များကြောင့် ဘဏ်၏ အမြတ်ရနိုင်ခြေနှင့် မတည်ငွေရင်းကို ဖိအားဖြစ်စေခဲ့ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အများပြည်သူအပ်နှံငွေ ထိခိုက်မှု မရှိစေရန် ဆုံးရှုံးနိုင်ခြေရှိသော ကြွေးမြီများအတွက် ငွေကြေးသီးသန့်လျာထား ဖယ်ချန်ထားရန် ဗဟိုဘဏ်က ညွှန်ကြားလိုက်ချိန်တွင် ထုတ်ချေးထားသော ချေးငွေအများစုမှာ ဆုံးရှုံးနိုင်ခြေရှိသည့် ကြွေးမြီစာရင်းတွင် အကျုံးဝင်သွားသည်။

ထို့ကြောင့်ပင် ဗဟိုဘဏ်သတ်မှတ်ချက်အတိုင်း ချေးငွေ အတိုး၊ အရင်း ပုံမှန်ပြန်မဆပ်သည့်ကြွေးမြီများအတွက် ငွေကြေးသီးသန့် လျာထားဖယ်ချန်လိုက်ချိန်တွင် ပြည်တွင်းဘဏ်အများစုမှာ ချေးငွေအသစ် ထပ်မံထုတ်ချေးရန် ခက်ခဲ သွားသည်။

ပြည်တွင်းဘဏ်များ၏ နှစ်အလိုက် ချေးငွေထုတ်ချေးနိုင်မှုနှုန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၃၄ ရာခိုင်နှုန်းရှိရာမှ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်အကုန်တွင် ၂၀ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း IMF က တွက်ချက်ထား သည်။

ပြည်တွင်းဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှုမှာ ဆက်လက်လျော့နည်းနိုင်ပြီး ၁၀ ရာခိုင်နှုန်းအောက်သို့ပင် ရောက်သွားနိုင်ကြောင်း IMF က ခန့်မှန်းထားသည်။

နောက်တစ်ချက်မှာ ချေးငွေအားလုံး၏ အပေါင်အာမခံဖြစ်သည့် အိမ်၊ ခြံ၊ မြေ ဈေးနှုန်းမှာလည်း ၂၀၁၄ ခုနှစ်နောက်ပိုင်းမှ လက်ရှိအချိန်ထိ ကျဆင်းနေဆဲဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးမှုကို ဘဏ်များက လျှော့ချလိုက်သည်။

မတန်တဆ ဈေးနှုန်းကြီးမြင့်ခဲ့သည့် အိမ်ခြံမြေဈေးမှာ ၂၀၁၄ ခုနှစ်နှင့် လက်ရှိအချိန်နှိုင်းယှဉ်ပါက ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး အိမ်၊ ခြံ၊ မြေဈေးကွက်အတွင်းရှိ ဆောက် လုပ်ရေးလုပ်ငန်းအများစုမှာ အကျပ်ရိုက်နေကြောင်း အိမ်၊ ခြံ၊ မြေအကျိုးဆောင် iMyanmarHouse.com မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးနေမင်းသူက ဆိုသည်။

ချေးငွေဖြင့် လုပ်ငန်းလည်ပတ်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် အတိုးနှုန်းမြင့်မားမှု၊ ငွေလဲနှုန်းမြင့်တက်မှုတို့ကြောင့် ကုန်ကျစရိတ်ပိုများကာ တစ်ဖက်တွင်လည်း အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ တအိအိကျဆင်းနေသော်လည်း ရောင်း မထွက်သည့်အခြေအနေမျိုးနှင့် ရင်ဆိုင်နေရကြောင်း ၎င်းကပြောပြသည်။

“အိမ်၊ ခြံ၊ မြေကဏ္ဍထဲမှာရှိနေတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ အထိနာနေတယ်လို့ ပြောလို့ရပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာ့အိမ်၊ ခြံ၊ မြေဈေးနှုန်း ပြန်လည်ကျဆင်းလာသည်မှာ လေးနှစ်ကျော်၊ ငါးနှစ်ရှိလာပြီဖြစ်သော်လည်း ရှိသင့်သည့် ဈေးထက် အဆမတန်မြင့်တက်ခဲ့သည့်ဈေးနှုန်းမှ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းသို့ ဆက်လက်ကျဆင်းနေဦးမည် ဖြစ်ကြောင်း IMF ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အိမ်၊ ခြံ၊ မြေကဏ္ဍမှ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ကျပ်တည်းနေချိန်တွင် ပြည်တွင်းဘဏ်များမှာလည်း မလူးသာ မလွန့်သာ တောင်မင်းကို မြောက်မင်းမကယ်နိုင်သည့်အချိန်။

“ချေးငွေယူထားသူတွေအနေနဲ့လည်း လစဉ်အတိုးတောင် ပုံမှန်မဆပ်နိုင်တာတွေရှိတယ်။ ဒီတော့ ဘဏ်ကလည်း အပေါင်ပစ္စည်းကို ပြန်ထုတ်ရောင်းရတာတွေ ရှိလာရော။ ဒီလိုသာ ထုတ်ရောင်း၊ ထုတ်ရောင်း လုပ်နေရင်တော့ အိမ်၊ ခြံ၊ မြေ၊ ဆောက်လုပ်ရေးနဲ့ ဘဏ်သာမကဘူး။ တခြားကဏ္ဍတွေကိုပါ ဆင့်ကဲရိုက်ခတ်ပြီး တိုင်းပြည်စီးပွားရေးကို ထိခိုက်သွားလိမ့်မယ်” ဟု ဦးနေမင်းသူက ဆိုသည်။

တိုင်းပြည်စီးပွားရေးမှာ နဂိုကပင် တုံ့ဆိုင်း၊ နှေးကွေးနေစဉ် ပြည်တွင်းဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ထိုးကျခြင်း၊ အိမ်ခြံမြေဈေးကွက် နာလန်မထူနိုင်သေးခြင်းနှင့် ပြည်တွင်းလုပ်ငန်းများ ရပ်တည်ရန် ခက်ခဲနေခြင်းတို့က မြန်မာ့စီးပွားရေး ချောက်ကမ်းပါးထိပ်ရောက်နေသည့်အခြေအနေဖြစ်ကြောင်း IMF က သတိပေးလိုက်ခြင်းဖြစ်သည်။

“တိုင်းပြည်စီးပွားရေးမကောင်းရင် ဘဏ်တွေလည်း အခက်အခဲဖြစ်မှာပဲ။ သိတဲ့အတိုင်း စီးပွားရေးကလည်း တုံ့ဆိုင်းနေတယ်။ ပြောင်းလဲမှုတွေ မြန်မြန်လုပ်ဖို့၊ အတိုးနှုန်း၊ အခွန်ကိစ္စတွေ အတိုးအလျှော့လုပ်ဖို့ ဝိုင်းပြောနေကြတာပဲ။ စဉ်းစားဖို့ လိုတာပေါ့” ဟု ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး ဦးသန်းလွင်က ဆိုသည်။

စီးပွားရေးနှေးကွေးချိန်၊ တုံ့ဆိုင်းနေချိန်တွင် အတိုးနှုန်းကို သင့်တော်သည့် နှုန်းတစ်ခုသို့ လျှော့ချသင့်ပြီး ပြည်တွင်း SME လုပ်ငန်းများကို တွန်းအားပေးနိုင်ရန် အခွန်လျှော့ပေါ့ခြင်းမျိုးလုပ်ဆောင်ရန်လိုကြောင်း ၎င်းက တိုက်တွန်းသည်။

ပြည်တွင်းဘဏ်အများစု၏ အဓိကအားနည်းချက်မှာ မိသားစုပိုင်၊ လုပ်ငန်းစုံလုပ်ကိုင်နေသည့် လုပ်ငန်းပိုင်များ ဖြစ်နေခြင်းပင်။

ဘဏ်တည်ထောင်သူများနှင့် ဆက်နွှယ်သည့်လုပ်ငန်းများသို့ ပမာဏများပြားသည့် ချေးငွေထုတ်ချေးထားမှုမှာ ခြေလွန်လက်လွန်အချို့ရှိနေပြီး ထိုအခြေအနေကို ပြန်လည်တည့်မတ်ရန် အချိန်ယူနေရကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းက ဝန်ခံထားသည်။

“ဘဏ်နဲ့ဆက်နွှယ်သူတွေကို ပမာဏအများအပြားငွေထုတ်ချေးထားတာကို တင်းကျပ်တာကတော့ မြန်မြန်ဆန်ဆန်ကို လုပ်သင့်တာ” ဟု ဦးသန်းလွင်က ဆိုသည်။

ဘဏ်ချေးငွေ၊ အပေါင်အာမခံနှင့် အိမ်၊ ခြံ၊ မြေမှာ တစ်ဆက်တည်းဖြစ်နေရာ ယခုလို ဈေးကွက်ကျဆင်းနေချိန်တွင် ပြည်တွင်းဘဏ်များအနေနှင့် ကြွေးဆုံးများကို ငွေပြန်ဖော်ရန် ပေါက်ဈေးဖြင့် ပြန်ထုတ်ရောင်းမှုတချို့ ရှိသည်။

ယင်းသို့ထုတ်ရောင်းမှု များလာပါက အိမ်၊ ခြံ၊ မြေဈေးကွက် ပြိုဆင်းသွားမည်ကို အိမ်၊ ခြံ၊ မြေကဏ္ဍနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။

“ဘဏ်ချေးငွေနဲ့ အိမ်၊ ခြံ၊ မြေမှာ ဝယ်ရင်းနှီးထားတယ်၊ ဈေးကွက်ကျနေချိန်မှာ ထုတ်မရောင်းဘဲ ကိုင်ထားပြီး ငွေမပေါ်တော့ အတိုးမဆပ်နိုင်၊ အဲဒီအခါ ကြွေးဆုံးတွေဖြစ်ကုန်ရော။ တကယ်က လုံးဝပြန်မဆပ်နိုင်ကြတာ မဟုတ်ဘူး။ တကယ်ကြောက်ရမှာက ပြန်ဆပ်ဖို့ လုပ်ငန်းကိုမရှိတော့တာမျိုးကို ကြောက်ရမှာ” ဟု မက်စ်မြန်မာလုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်က ပြောသည်။

ဘဏ်ချေးငွေ ကြွေးဆုံးနှင့်ပတ်သက်၍ နောက်ထပ်စိန်ခေါ်မှုမှာ ပိုင်ဆိုင်မှုစာချုပ်စာတမ်းအရှုပ်အရှင်းနှင့် လွှဲပြောင်းရယူနိုင်မှုဖြစ်သည်။

ပိုင်ဆိုင်မှုအထောက်အထား ပြည့်စုံစွာမရှိဘဲ အပေါင်အာမခံထားခွင့်ပြုကာ ချေးငွေထုတ်ချေးမှုအချို့ကြောင့် ငွေကြေးဆုံးရှုံးမှုများဖြစ်ခဲ့သလို ပိုင်ဆိုင်မှုအထောက်အထားကို မိတ္တူပွားကာ ဘဏ်နှစ်ခု၊ သုံးခုတွင် ချေးငွေရယူခဲ့သည့်အတွက် ပြည်တွင်းဘဏ်အချို့တွင် ဆုံးရှုံးမှုများရှိခဲ့သည်။

နောက်တစ်ချက်မှာ ကြွေးဆုံးဖြစ်သွားသည့် ချေးငွေတစ်ခု၏ အပေါင်ပစ္စည်းကို လွယ်ကူစွာ လက်ရောက်လွှဲပြောင်းယူနိုင်မည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အားနည်းနေခြင်းဖြစ်သည်။

“အပေါင်ဆုံး၊ ကြွေးဆုံးကို လွယ်လွယ်ကူကူ လက်လွှဲယူနိုင်လောက်တဲ့ ကျင့်သုံးနိုင်တဲ့ ဥပဒေတွေရှိလာအောင် ပြင်ပေးဖို့လိုတယ်။ ဒီမှာ နာမည်ကြီးနေတာက အဲဒီလို လက်လွှဲယူဖို့ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်လောက်ကြာမှ လက်ထဲ ရောက်တာမျိုးဖြစ်နေတာ။ ဒီတော့ ကြွေးဆုံးကိစ္စတွေ ပိုများလာတာပေါ့” ဟု ဒေါက်တာသောင်းဟန်က ရှင်းပြသည်။

ထိုကြွေးဆုံးပြဿနာကြောင့် မတည်ငွေရင်းအချိုးပြည့်မီရန် ငွေကြေးအရင်းအနှီး ထပ်မံဖြည့်တင်းရမည့် စိန်ခေါ်မှုကို ပြည်တွင်းဘဏ်များ ရင်ဆိုင်နေရပြီး အချိန်မီဖြည့်တင်းနိုင်ခြင်းမရှိပါက အားနည်းသည့်ဘဏ်အချို့ပြိုလဲသွားနိုင်သည့် အန္တရာယ်ရှိကြောင်း IMF အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် IMF ထောက်ပြသည့် ဘဏ်ပြိုလဲခြင်းနှင့် ဘဏ်စနစ်တစ်ခုလုံး ပြိုလဲသွားမည့် အန္တရာယ်ရှိနိုင်သည်ဆိုခြင်းကိုမူ ဘဏ်လုပ်ငန်းကျွမ်းကျင်သူများက သဘောမတူပေ။

IMF ၏ ယခုနောက်ဆုံးထုတ် အစီရင်ခံစာကို တွက်ချက်ပြုစုထားသည့် ကိန်းဂဏန်း၊ သတင်းအချက်အလက်အများစုမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကို အခြေတည်ကာ သုံးသပ်တွက်ချက်ထားခြင်းဖြစ်သောကြောင့် လက်ရှိအခြေအနေကို ထင်ဟပ်နိုင်ရန် အချိန်ကွာဟချက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည့် စည်းမျဉ်းလေးချက်ကြောင့် ပြည်တွင်းဘဏ်များ အရှိုက်ထိခဲ့သည်မှန်သော်လည်း နှစ်နှစ်ပြည့်လုနီး လက်ရှိအချိန်တွင် ထိုအခြေအနေကို ကျော်လွန်သွားပြီဖြစ်ကြောင်း မက်စ်မြန်မာ လုပ်ငန်းစု၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသောင်းဟန်က မှတ်ချက်ပြုသည်။

“ခုချိန်မှာ ဘဏ်တိုင်းလိုလိုက အတော်လေး အသိကြီးကြီးရှိနေပြီ။ ၂၀၁၇ ဇူလိုင်ကစတဲ့ အခက်အခဲက ခုချိန်ထိ ဘာမှမဖြစ်သေးဘူးဆိုရင် ဘဏ်တွေပြိုနိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ IMF ပြောတဲ့ ကြိုတင်ကာကွယ်မှုစီမံချက်တွေ Safety Net တွေကတော့ ရှိကိုရှိသင့်တယ်” ဟု ၎င်းက ဆိုသည်။

ပြည်တွင်းဘဏ်အများစုမှာ စည်းမျဉ်းအသစ်၊ ညွှန်ကြားချက်အသစ်များကြောင့် မတည်ငွေရင်းအချိုးလုံလောက်မှုတွင် အခက်အခဲကြုံနေရသော်လည်း ထိုအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းအချို့ကို ဗဟိုဘဏ်အက ခွင့်ပြုထားပြီးဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင် ဦးစားပေးအဆင့်တွင်မရှိသော ကြွေးမြီဆိုင်ရာ (Subordinated Debt) စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး ယင်းမှာ မတည်ငွေရင်း လိုအပ်ချက်ရှိနေသော ဘဏ်များအတွက် ငွေကြေးအရင်းအနှီး ဖြည့်ဆည်းနိုင်မည့် နည်းတစ်ခုဖြစ်သည်။

ယင်းအပြင် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၃၅ ရာခိုင်နှုန်းအထိ ရင်းနှီးမြှုပ်နှံမှုခွင့်ပြုထားပြီး နိုင်ငံခြားဘဏ်များကိုလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ငွေချေးခွင့်ပြုထားပြီးဖြစ်သည်။

“ဘဏ်တစ်ခု ပြိုလဲဖို့ဆိုတာ ဒီလောက်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး။ ပြိုလဲလောက်တဲ့အဆင့်လည်း မရောက်ဘူး။ တစ်ခုရှိတာက ဗဟိုဘဏ်အနေနဲ့ ဒီလိုအချိန်မှာ စည်းမျဉ်းကို အရမ်းကြီး ဆုပ်ကိုင်တင်းကျပ်ထားလို့တော့မရဘူး။ အလျှော့အတင်းလုပ်သင့်ရင် လုပ်ရမယ်” ဟု ဦးသန်းလွင်က အကြံပြုပြောကြားသည်။ 

စစ်ငြိမ်းသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *