နောက်ကျောမလုံသည့် မြို့

မန္တလေးမြို့၏ လမ်းမများသည် မလုံခြုံသေးကြောင်း မောင်အေးချမ်းကျော်၏ဖြစ်ရပ်က သက်သေပြနေသည်။

ဖြစ်ပုံမှာ အဒေါ်နှင့် ညီမဖြစ်သူတို့  အပြင်ထွက်သွားချိန် အမေက သူ့ကို လှမ်းခေါ်ခိုင်းသည်။ အဒေါ်တို့က မကြားဘဲ အပြင်ဆက်သွားသည်။ ထိုကိစ္စနှင့် ပတ်သက်၍ မောင်အေးချမ်းကျော်သည် အမေနှင့်  စကားများသည်။

ထို့ကြောင့် သူငယ်ချင်းများထံသို့  ညနေ ၃ နာရီခွဲခန့်တွင် အိမ်မှ ထွက်လာခဲ့သည်။ အိမ်သို့ မပြန်ရန်လည်း သူ စိတ်ကူးထားသည်။ ရပ်ကွက်အတွင်းရှိ  သူငယ်ချင်းများထံသို့  အလည်သွားသည်။  ပြဿနာမှာ ညအချိန် အိပ်စရာနေရာ လိုက်ရှာရာမှ ဖြစ်ပေါ်လာသည်။

သူငယ်ချင်းတစ်ဦး၏ နေအိမ်တွင် ညအိပ်ရန် အဆင်မပြေသဖြင့် သူငယ်ချင်း၏ သူငယ်ချင်းအိမ်တွင် သွားရောက်အိပ်စက်ကြသည်။ သို့သော် မီးမရ၊ ခြင် ကိုက်သဖြင့် အဆင်မပြေ။ ပြန်မည်ဟုဆိုကာ အိမ်ရှေ့ဓာတ်တိုင်အောက်တွင်  သူငယ်ချင်းလေးဦးသား စုဖွဲ့လိုက်သည်။ 

ထိုအချိန်တွင် ဆိုင်ကယ်နှစ်စီး၊  လူလေးယောက် ရောက်လာပြီး အုတ်ခဲနှင့် ပစ်သည်၊ တုတ်ဖြင့် ရိုက်သည်။ အသားလွတ် အရိုက်ခံရခြင်းဖြစ်၍ လူငယ်စိတ်ဖြင့်  ထိုလူအုပ်နောက်သို့ သူငယ်ချင်းလေးဦးလုံး လိုက်သွားကြရာမှ ၁၅ ဦးခန့်ပါသည့် တစ်ဖက်အုပ်စုနှင့် ထိပ်တိုက်တွေ့တော့သည်။

ယင်းဖြစ်စဉ်သည် ဧပြီလ ၅ ရက်နေ့  က မန္တလေးမြို့သစ်ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် ဖြစ်ပေါ်ခဲ့သည့် လူငယ်တစ်စု၏ ရိုက်ပွဲဖြစ်သည်။ ရန်ငြှိုးကြောင့် ရိုက်ကြသည်မဟုတ်ဘဲ လူမှား၍ အရိုက်ခံရခြင်းဖြစ်သည်ဟု ယင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည့် အသက် ၁၅ နှစ်အရွယ် မောင်အေးချမ်းကျော်၏ ဖခင်က ပြောပြသည်။

“ရန်ဖြစ်ခဲ့ဖူးတဲ့သူကို လိုက်ရှာရင်း ကျွန်တော့်သားတို့နဲ့တွေ့ပြီး လုပ်သွားတာ။ လူမှားကြောင်း တောင်းပန်ပြောပေမယ့်  ဆက်လုပ်တဲ့အတွက် အသက်ပါ ဆုံးရှုံးသွားရတာ” ဟု ဦးကျော်လှဝင်းက ဆိုသည်။

ဦးကျော်လှဝင်း၏ သားဖြစ်သူ မောင်အေးချမ်းကျော်သည် ပြီးခဲ့သည့် မတ်လအတွင်းက တက္ကသိုလ်ဝင်တန်းကို  ဖြေဆိုထားသူဖြစ်ပြီး လိမ္မာရေးခြားရှိသူဟု ဖခင်က ပြောသည်။ ညအချိန် အပြင်ထွက်ခွင့်မပေးသည့် မိသားစုဖြစ်ပြီး ယခုဖြစ်စဉ်သည် သားဖြစ်သူစိတ်ဆိုးပြီး နေအိမ်မှ ထွက်သွားခြင်းကြောင့် ဖြစ်ခဲ့ရသည်ဟု  ၎င်းက ပြောသည်။

“ကျွန်တော်က အလုပ်ကိစ္စနဲ့ နတ်မောက်မှာ နေရတယ်။ အဲဒီနေ့ ည  ၇ နာရီလောက်ကြတော့ သားက ပြန်မလာတော့ အိမ်က လိုက်ရှာကြတယ်။ ဖုန်းဆက်တော့လည်း မရဘူး။ နောက်မှ သိရတာက  သားက ဖုန်းကို Airplane Mood  လုပ်ထားတယ်။ သူဆုံးသွားတဲ့အထိ လုပ်ထားတုန်းပဲ” ဟု ဦးကျော်လှဝင်းက ငိုလျက်ပြောပြသည်။

မောင်အေးချမ်းကျော်တို့ သူငယ်ချင်းလေးဦးနှင့် တစ်ဖက်လူအုပ်တို့သည် ည ၁၁ နာရီခွဲခန့်တွင် ယင်းကဲ့သို့ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တစ်ဖက်အုပ်စုမှ လူများသည် အရက်သေစာ သောက်စားထားပြီး  မူးနေသူများ ဖြစ်ကြောင်း၊ ၎င်းတို့အဖွဲ့မှ လူတစ်ဦးကို ယခင်နေ့က ရန်စမှုအပေါ် တောင်းပန်ရန်ပြောဆိုကြောင်း ယင်း ဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထွက်ပြေးခဲ့သည့်  မောင်အေးချမ်းကျော်၏ သူငယ်ချင်း၏  ပြောဆိုမှုကို ဦးကျော်လှဝင်းက ပြန်လည်ပြောပြသည်။

“ကျွန်တော့်သားက သူမဟုတ်တဲ့ အတွက် မကန်တော့နိုင်ဘူး။ အဲဒါကြောင့်  သူတို့ဘက်က အုပ်စုလိုက် ထိုးတယ်။ ခေါင်းကိုလည်း တုတ်နဲ့ရိုက်တယ်။ ကန်တော့တဲ့ တစ်ယောက်ကိုလည်း ကန်ပြီး ထိုးကြိတ်တာတွေ လုပ်တာပဲတဲ့” ဟု ဦးကျော်လှဝင်းက ဆိုသည်။

ယင်းကြောင့် ဦးခေါင်းရိုးများ ကျိုးကြေကာ မောင်အေးချမ်းကျော် သေဆုံးခဲ့သည်။ ဖြစ်စဉ်တွင် ပါဝင်သည့်  လူ ၁၀ ဦးကို ရဲတပ်ဖွဲ့က အရေးယူထားသော်လည်း ယနေ့အထိ (တစ်လနီးပါး အထိ) တရားရုံးတင်ပို့ခြင်း မရှိသေးဟု ဖခင်ဖြစ်သူက ပြောသည်။

မန္တလေးတွင် ၂၀၁၈ ခုနှစ်အတွင်းက ဓားရှည်ဖြင့် လိုက်ခုတ်မှု၊ နေ့ခင်းကြောင်တောင် သေနတ်ဖြင့် ပစ်သတ်မှု၊  နေအိမ်တက် အနုကြမ်းစီးမှု၊ လည်ပင်းကို  ဓားဖြင့်လှီး၍ ဆိုင်ကယ်လုယက်မှု စသည့် ကြောက်မက်ဖွယ်မှုခင်း ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့သည်။

ယင်းကြောင့် ရဲတပ်ဖွဲ့က သိန်းငှက်စစ်ဆင်ရေးကို သုံးလကြာဆောင်ရွက်ခဲ့ပြီး နောက်မှုခင်းဖြစ်ပွားမှုများ လျော့ကျခဲ့သည် မှာ ၂၀၁၉ ခုနှစ် မတ်လကုန်ခန့်အထိ ဖြစ်သည်။ မောင်အေးချမ်းကျော်၏ ဖြစ်ရပ်မှာ ဧပြီလ  ၅ ရက်နေ့တွင် ဖြစ်ခဲ့သည်။

နောက်တစ်မှုမှာ ဧပြီလ ၂၃ ရက်နေ့ မွန်းလွဲပိုင်းကလည်း ချမ်းအေးသာစံမြို့နယ် ၂၈ လမ်း၊ ၈၀ _ ၈၁ ကြားရှိ မင်္ဂလာခန်းဝင်ပစ္စည်းဆိုင်တစ်ခုသို့ နှာခေါင်းစည်းတပ်ဆင်ထားသည့် အမျိုးသားနှစ်ဦးဝင်ရောက်ပြီး  ဆိုင်ရှင်ကို ဓားဖြင့် ခုတ်ခဲ့သည်။

ပစ္စည်းများမေးမြန်းပြီး ကြည့်ချင်သည်ဟုဆို၍ လှမ်းယူပေးနေစဉ် ဓားဖြင့် ခုတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် ဆိုင်ရှင်အမျိုးသမီးတွင် ချိုင်းအောက်နှင့် လက်မောင်းတို့တွင် ဒဏ်ရာရရှိခဲ့သည်။

တစ်ဦးက ဓားဖြင့်ခုတ်ပြီး နောက်တစ်ဦးမှာ ဆိုင်ရှေ့တွင် စောင့်နေပြီး ဓားဖြင့် ခုတ်ကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်သည်လည်း မန္တလေးမြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  ဖြစ်စဉ်နှင့် အနီးတွင် အမှတ် (၈) နယ်မြေရဲစခန်း ရှိသည်။

“ရဲစခန်းအနီးနားမှာ ဒါမျိုးဖြစ်တယ်ဆိုတာ မကောင်းဘူးပေါ့။ ပိုဆိုးတာက ဘယ်သူက ခုတ်သွားတယ် ဆိုတာကိုတောင် မသိနိုင်ဘူး။ နေ့ခင်းကြောင်တောင်ဖြစ်တာဆိုတော့ ကြောက်ဖို့ကောင်းတယ်”ဟု အခင်းဖြစ်ပွားရာနေရာအနီးတွင်  နေထိုင်သူတစ်ဦးက မှတ်ချက်ပေးသည်။

ဧပြီလ ၂၆ ရက်နေ့ ဖြစ်စဉ်မှာမူ မင်းမဲ့စရိုက်ဆန်သည်။ အအေးဆိုင် မဖွင့်လှစ်ရန် အုပ်စုဖွဲ့၍ လာရောက် ခြိမ်းခြောက်သွားခြင်း ဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် ၆၄ လမ်း၊  ဇလပ်ဝါလမ်းနှင့် ဒေလီယာလမ်းကြားရှိ အအေးဆိုင်တစ်ဆိုင်သို့ ယင်းနေ့ ည ၉ နာရီခန့်အချိန်တွင် မျက်နှာဖုံးများ တပ်ဆင်ထားသည့် လူခြောက်ဦးသည် ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်းများကို တိမ်းရှောင်စေသည်။

ယင်းနောက် ဆိုင်မှန်တံခါးအပါအဝင် ဆိုင်ထဲရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ ယခင်ကတည်းက ဆိုင်ပိုင်ရှင်ထံသို့ ဆိုင်ဆက်မဖွင့်ရန် ခြိမ်းခြောက်သည့် စာများပို့ခဲ့ဖူးပြီး ယခု ဆိုင်သို့လာရောက်၍   ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ဆိုင်တာဝန်ရှိသူတို့က ပြောသည်။

ယင်းဖြစ်စဉ်ကို အမှတ် (၁၁) နယ်မြေ ရဲစခန်းတွင် အမှုဖွင့်လှစ်ထားသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ဖြစ်ခဲ့သည့်  ဖြစ်ရပ်က ပို၍ ထိတ်လန့်ဖွယ်ဖြစ်ခဲ့သည်။  အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် လမ်းသွားလမ်းလာများကို ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းကြောင့် လူအချို့ဒဏ်ရာ ရရှိခဲ့သည်။

မန္တလေးတက္ကသိုလ်အနီးတွင် မုန့်စား၍ ပြန်လာသည့် သူငယ်ချင်းတစ်စု၏ နောက်သို့ အဖြူရောင် မော်တော်ယာဉ်၏ နောက်ခန်းတွင် လိုက်ပါလာသူက ဓားဖြင့် လိုက်ခုတ်ခဲ့သဖြင့် ဆိုင်ကယ်နောက်တွင် စီးသူ၏ ကျော၊ လက်နှင့်  ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

ယင်းသို့ ပို့ဆောင်နေစဉ် ဆေးရုံသို့  ဓားခုတ်ခံရသည့်လူနာ ထပ်ရောက်လာသဖြင့် မေးမြန်းကြည့်ရာ ကားအဖြူပေါ်မှာ အဝါရောင်ဝတ်ဆင်ထားသည့်သူက  ခုတ်လိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း   ဓားခုတ်ခံရသူ၏ သူငယ်ချင်းဖြစ်သူ J  Seng Aung အမည်ဖြင့် လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။

“အစကတော့ လူမှားတယ်ထင်တာ။ တိုက်ဆိုင်မှု မဟုတ်တော့ဘဲ အရမ်း စရိုက်ဆန်တဲ့ လုပ်ရပ်ကြီး။ နောက်ဆို ညပိုင်း အပြင်ထွက်ဖို့ စဉ်းစားရတော့မှာပဲ” ဟု  ၎င်းက ဆက်လက်ရေးသားထားသည်။

ယင်းကဲ့သို့ ကားပေါ်မှာ ဓားဖြင့် လိုက်လံခုတ်သူများမှာ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးကြောင်ကာ လိုက်ခုတ်ခြင်း ဖြစ်မည်ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှု များရှိနေပြီး ဖြစ်စဉ်ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က စုံစမ်းလျက်ရှိသည်။

ရဲတပ်ဖွဲ့အနေနှင့် ကာယကံရှင်များထက် အမှုကို ပို၍ပေါ်ပေါက်စေချင်ပြီး မှုခင်းများကျဆင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး ဦးစီးအရာရှိ (ပထမတန်း) ဒုတိယ ရဲမှူးကြီး မျိုးအောင်က ပြောသည်။

ယခင်က ညပိုင်းအပြင်ထွက်ရန်  မြို့ခံများကိုယ်တိုင် ကြောက်ရွံ့ခဲ့ရသည့် အခြေအနေမှ ရဲတပ်ဖွဲ့ဝင်တို့၏ ကြိုးပမ်းမှုကြောင့် အချိန်မရွေးသွားလာနိုင်သည့် အခြေအနေ ပြန်လည်ရောက်ရှိခဲ့ရကြောင်း၊  ယခုကဲ့သို့ အကြောင်းမဲ့ မူးယစ်ရမ်းကားမှုများကြောင့် မန္တလေးမြို့၏ လုံခြုံရေးမှာ  စိုးရိမ်ရသည့်အခြေအနေ ပြန်လည်ခံစားရကြောင်း Customer Service Trainer တစ်ဦးဖြစ်သည့် ကိုကျော်ကျော်အောင်က  ဆိုသည်။

သူငယ်ချင်းများနှင့်အတူ လူမှား၍  နိုင့်ထက်စီးနင်းအပြုခံရပြီး အသက်သေဆုံးသွားခဲ့ရသည့် အသက် ၁၅ နှစ် အရွယ် မောင်အေးချမ်းကျော်သည် နိုင်ငံ့ဝန်ထမ်းအရာရှိတစ်ဦးဖြစ်လိုသူဟု မိသားစုဝင်များက ပြောဆိုသည်။

တရားရေးဌာန၊ ဥပဒေအရာရှိ၊  မူးယစ်ရဲတပ်ဖွဲ့ ဒုရဲအုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီး စသည့်  နေရာများကို ရည်မှန်းထားသူဖြစ်သည်ဟု  ဖခင်ဖြစ်သူ ဦးကျော်လှဝင်းက ပြောသည်။

ပြစ်မှုကျူးလွန်သူများသည် ပြစ်ဒဏ်လျော့ပေါ့အောင် လုပ်ဆောင်နေသည်ကို  စုံစမ်းသိရှိရကြောင်း ၎င်းက ဆိုသည်။ သက်သေများကို မပြောဆိုရန် လိုက်လံ၍  နှုတ်ပိတ်ခြင်းမျိုးကိုလည်း တွေ့ရသည်ဟု  ၎င်းက ဆိုသည်။

အချိန်တစ်လခန့်ရှိသည့်တိုင်အောင် တရားရုံးသို့ ပို့ဆောင်၍ စစ်ဆေးနိုင်ခြင်း မရှိသေးသည့် သားဖြစ်သူ အနိုင်ကျင့်ခံရကာ သေဆုံးခဲ့ရသည့်ဖြစ်ရပ်ကို  နိုင်ငံတော်သမ္မတကြီးနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာများသို့ အကြောင်းကြားစာများ ပေးပို့သွားမည်ဟုလည်း ၎င်းက ပြောသည်။

“အသွားမတော်တစ်လှမ်းတဲ့။ ရှေးလူကြီးတွေ ပြောခဲ့တာ အင်မတန်မှန်တယ်။ မိဘတွေလည်း ကိုယ့် သားသမီးကို ဂရုစိုက်ကြပါ” ဟု ၎င်းက သားသမီးရှိသော မိဘများသို့ ကိုယ်တွေ့နှင့်ယှဉ်လျက် သတိပေးလိုက်လေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *