မြေအောက်သယံဇာတ ကုန်ခန်းတော့မည်လော

“ကျွန်တော်တို့တွင်းဆို ရေကို မထွက်တော့ဘူး” ဟု ဆိုလာသူက ကိုဖိုးသားဖြစ်သည်။ လှိုင်သာယာမြို့တည်ပြီး ၁၉၈၉ ခုနှစ်ကတည်းက နေထိုင်သူဖြစ်သည်။ ဆယ်စုနှစ်သုံးစုအကြာတွင် ရေဒုက္ခကိုစတင်ခံစားလာရသည်။ အဝီစိတွင်းမှ ရေမထွက်၍ ရေရှိရေးအမျိုးမျိုးကြံဆနေပြီ။

ကိုဖိုးသားမှာ လှိုင်သာယာမြို့နယ်၊ (၇)ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ နွေပူပူတွင် ရေရှိရေး တွေးပူနေရသည်မှာ ကိုဖိုးသားတစ်ယောက်တည်းမဟုတ်ချေ။ လှိုင်သာယာမြို့နယ် တစ်မြို့လုံးနီးပါး ဖြစ်သည်။

၂၀၁၇ ခုနှစ်မှစကာ တစ်စတစ်စ ရေပြတ်လပ်လာသည့် လှိုင်သာယာမြို့နယ်တွင် ယခုနှစ်သည် အဆိုးဆုံးနှစ်ဖြစ်ပြီး အဝီစိတွင်းတစ်တွင်းမှ နောက်ထပ်တစ်တွင်းထပ်မံတူးရသည်အထိ ဆိုးရွားလာသည်။ အဆိုပါအခြေအနေကို မည်သို့ ကုစားနိုင်မည်နည်း။

၁၉၈၉ ခုနှစ်တွင် လှိုင်သာယာမြို့ကို စတည်ထောင်ခဲ့သည်။ ထိုအချိန်မှာပင် ရေအရည်အသွေး မကောင်းသည်ကို သို့သော်လည်း မည်သို့မျှမတတ်နိုင်ချေ။ တိုးပွားလာသည့် ရန်ကုန်မြို့လူဦးရေကို မြို့နယ်အသစ်များ အကောင်အထည် ဖော်ကာချဲ့ထွင်ရသည်။ နှစ်ပေါင်းသုံးဆယ်အကြာတွင် လှိုင်သာယာရှိမြေအောက်ရေတို့ အခြေအနေကား မည်သို့နည်း။

“ရေကလုံးဝမထွက်တော့လို့ အမေနဲ့တိုင်ပင်နေတာ Pressure Pump တပ်မလို့။ ရေမရတာ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ တော်တော်ဖြစ်နေတယ်” ဟု ကိုဖိုးသားက ဆိုသည်။

လှိုင်သာယာတွင် စတင်နေထိုင်စဉ်က တူးထားသည့်အဝီစိတွင်းဖြစ်ပြီး ပေ ၁၀၀ ထိတူးထားခြင်းဖြစ်ပြီး ရေမော်တာ စက်တပ်ဆင်အား သုံးမတ်တပ်ထားသည်။ ပေ ၁၀၀ အနက်ရှိသည့် အဝီစိတွင်းမှ ရေတင်ရခက်လာသည်မှာ ပြီးခဲ့သည့် နှစ်များက ဖြစ်ပွားခဲ့သေးသည်။ သို့ရာတွင် ရေတင်၍ မရသည်မှာ ယခုနှစ်နွေရာသီမှာ အဆိုးဆုံးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရေအခက်အခဲဖြစ်နေသည်မှာ ကိုဖိုးသားတစ်ယောက်တည်းမဟုတ်ပေ။ ရပ်ကွက်နှစ်ဆယ်ရှိသည့် လှိုင်သာယာမြို့နယ်တွင် အားလုံးနီးပါးတွင် သောက်သုံးရေအခက်အခဲဖြစ်နေခြင်းဖြစ်သည်။ “အခုက ဒီနှစ်က ရေလုံးဝမထွက်တော့ဘူး။ နည်းနည်းလေးတောက် တောက် တောက်… အဲဒီလိုပဲကျတယ်။ ညမိုးချုပ် ၁၀ နာရီ စမောင်း၊ မနက်ဆိုရင် ၁၀ နာရီလောက်ဆို မောင်းမရတော့ဘူး။ ရေများများသုံးရတဲ့ အချိန်မှာ မောင်းမရဘူး” ဟု ကိုဆန်းထွန်းဦး က ပြောကြားသည်။

ကိုဆန်းထွန်းဦးသည် လှိုင်သာယာမြို့နယ်၊ (၆) ရပ်ကွက်၊ တေးဥယျာဉ် ( ၆) လမ်းတွင်နေထိုင်သူဖြစ်သည်။ ယင်းအပြင် လှိုင်သာယာတွင် ၁၉၈၉ ခုနှစ်ကတည်းက နေထိုင်သူ ကိုဆန်းထွန်းဦးသည် လှိုင်သာယာတွင် ရေမကောင်းသည်ကို စတင်နေထိုင်စဉ်ကသိရသည်။ ထို့ကြောင့် မြေအောက်ထဲတွင် ကိန်းအောင်းနေသည့် ရေကြောကို သေချာရှာဖွေကာ အဝီစိတွင်းတူးထားသည်။

ယင်းကြောင့် ထိုအနီးပတ်ဝန်းကျင်တွင် ကိုဆန်းထွန်းဦးတို့ တစ်အိမ်သာ ရေကောင်းသည်။ ၎င်းတို့အိမ်ခေါင်းရင်းနှင့် ခြေရင်းရှိနေအိမ်များတွင်မူ ရေမကောင်းချေ။

ထိုသို့ရေကြောသေချာ၍ သုံးစွဲလာသည်မှာ နှစ်ပေါင်းကြာမြင့်လာပြီး နောက်ပိုင်းတွင် ရေရရှိမှုက ပုံစံပြောင်းလဲလာသည်။ ရေတလဟောထွက်နေရာကနေ ရေကျလာမှုနည်းနည်းသွားသည်။ ရေ၏ ဂုဏ်သတ္တိလည်းပြောင်းလဲလာသည်။

အဝီစိတွင်းရေသည် သံချေးပါသည်။ အငန်ဓာတ်များပါလာကြောင်း ကိုဆန်းထွန်းဦး က ဆိုသည်။

အဝီစိတွင်းရေသည် ရေကျလာချိန်တွင် အကြည်ရောင်သာဖြစ်သည်။ ထိုရေကို ပုံးထဲ၊ ကန်ထဲထည့်ကာ တစ်ညသိပ်လိုက်ပါက သံချေးရေဖြစ်သွားသည်။ ရေအပေါ်တွင် သံချေးရောင်များဝဲနေသည်။ အဝါရောင် သံချေးစများစွန်းထင်းလာသည်။

အဆိုပါရေများကို သုံးရေအဖြစ် သုံးနေရခြင်းဖြစ်သည်။ သောက်ရေအတွက် ရေသန့်သောက်နေရသည်မှာ ဆယ့်ငါးနှစ်ခန့်ပင်ရှိကြောင်း ကိုဆန်းထွန်းဦးက ဆိုသည်။ သံချေးများတက်လာသည့်အတွက်ကြောင့် ဒုတိယကြိမ်မြောက် အဝီစိတွင်း တစ်ခုထပ်မံတူးလိုက်ရသည်။

ယင်းကြောင့် ဒုတိယမြောက် အဝီစိတွင်းတစ်တွင်းကို လွန်ခဲ့သည့်ငါးနှစ်ခန့် ထပ်မံတူးဖော်လိုက်သည်။ ပေ ၁၂၀ ခန့်အထိဖြစ်ကြောင်း ကိုဆန်းထွန်းဦးက ဆိုသည်။ အိမ်တစ်အိမ်တွင် အဝီစိတွင်း နှစ်တွင်းရှိနေခြင်းပင်။

သောက်သုံးရေပြဿနာကို နီးစပ်ရာအသိုင်းအဝိုင်းအချင်းချင်း ကူညီကြသည်။ ရေမထွက်သည့် ရပ်ကွက်နေပြည်သူများက ရေထွက်သည့်အိမ်မှ ရေကိုတောင်းယူကြသည်။ ဝေမျှသုံးစွဲကြသည်။

“အဓိက ပြဿနာက အောက်ကနေပြီးတော့ ရေမလိုက်တာ စက်ကတော့ ငါးမူးပဲတပ်တပ်၊ ဘာပဲတပ်တပ် ပိုက်ကနေ ရေမတက်တာ။ အောက်မှာရေနည်းလို့ တင်တာနည်းတာ” ဟု ကိုဆန်းထွန်းဦးက ဆိုသည်။ “ ရပ်ကွက်ထဲမှာလည်း ရေ မတက်တဲ့အတွက် စောင့်မောင်းရတယ်”။

အဝီစိတွင်းမှ ရေမထွက်သည့်ပြဿနာကို အမျိုးမျိုးအဖြေရှာကြည့်သည်။ ရေမော်တာစက် အားအသေးဆုံးမှ အားကြီးသည်အထိ ရေစက်ပြောင်းတပ်သည်။ သို့သော် ရေက တက်မလာပေ။

နောက်တစ်နည်းအဖြစ် အဝီစိတွင်းထဲသို့ လေမှုတ်လိုက်သည်။ ယင်းအချိန်တွင် လေကြောင့် တွင်းထဲ ရေပြည့်သွားသည်။ ထိုရေကလည်း ခဏသာသုံးခွင့်ရသည်။

“ကျွန်တော်က ပထမ တွင်းပိတ်လို့ ရေမရောက်ဘူးထင်နေတာ Compressor (လေမှုတ်စက်) နဲ့ မောင်းလိုက်တာ။ Compressor နဲ့မှုတ်လိုက်ရင် ရေပြန်ပြည့်သွားတယ်။ တွင်းကိုအရင်ဆုံးမှုတ်တယ်။ မှုတ်လို့မရလို့ ပိုက်စစ်တယ်။ ပန့်စစ်တယ်။ လုပ်လို့မရလို့ နောက်ဆုံးမှ ကွန်ပရက်ဆာ ချိန်းလိုက်တယ် ” ဟု ကိုဆန်းထွန်းဦး က ဆိုသည်။

လှိုင်သာယာမြို့နယ် စတင်ချဲ့ကတည်းက လှိုင်သာယာသည် မြေအောက်ရေကောင်းသည့် ဒေသမဟုတ်ပေ။ မြောက်အောက်တွင် ခဏသာရှိသည့် မြေအောက်ရေအမျိုးအစားဖြစ်သည်။ မြစ်ချောင်းနှင့်နီးသည့်အတွက်ကြောင့် ဆားငန်ရေများလည်းဝင်နိုင်ကြောင်း ရေပညာရှင် ဦးဘရွှေက ဆိုသည်။

လက်ရှိတွင် မြေအောက်ရေများကိုသုံးရင်း ကုန်လာပြီဖြစ်သည်။ မြေအောက်ထဲတွင် အောင်းနေသည့် ရေများကို ထုတ်သုံး၍ ကုန်သွားခြင်းဖြစ်သည်။ ထုတ်သုံး၍ ကုန်သွားသည့်ရေများကို ပြန်လည်ဖြည့်ဝင်နိုင်မည့် ရေလည်းမရှိကြောင်း ၎င်းက ဆိုသည်။

“လှိုင်သာယာမှာရှိတာ မြေအောက်ရေအနေအထားက မကောင်းပါဘူး။ ခဏပဲရှိတဲ့ရေသုံးလိုက်ရင် ဆားငန်ရေဝင်တာ။ ရေကကျသွားတယ်။ Ground Water ကျသွားတာပေါ့ဗျာ။ ဘယ်လိုသုံးသုံး ကုန်သွားမှာပဲ” ဟု ရေပညာရှင် ဦးဘရွှေက ဆိုသည်။

လှိုင်သာယာမြို့နယ်သည် ပင်လယ်ရေမျက်နှာမြင်အထက် ပျှမ်းမျှအမြင့်ပေ ၁၀၀ အမြင့်တွင်တည်ရှိသည်။ ယင်းအပြင် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်ကြားတွင်ရှိကာ လက်ရှိလူဦးရေသည် ခြောက်သိန်းကျော်ရှိသည်။ ယင်းအပြင် လူသုံးကုန်၊ ပစ္စည်းများ ထုတ်လုပ်သည့်စက်ရုံပေါင်း ၈၀၂ ခု ရှိသည်။ လူဦးရေထူထပ်သည့်မြို့နယ် ဖြစ်သည်။

၂၀၀၈ နာဂစ် မုန်တိုင်းတိုက်ပြီးသည့် နောက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဒဏ်ကို ခံရသူအများစုသည် မြို့ပေါ် ပြောင်းရွှေ့အခြေချ နေထိုင်လာကြသည်။ လှိုင်သာယာမြို့နယ်တွင် အများဆုံးဖြစ်သည်။ ယင်းကြောင့် လူဦးရေတိုးတက်များလာသည်နှင့်အမျှ ရေသုံးစွဲမှုလည်း တိုးမြင့်လာသည်။

ယင်းကြောင့်ပင် အဝီစိတွင်းတူးရာတွင် ရေရရှိမှုနည်းလာခြင်းဖြစ်သည်။ အဝီစိတွင်းရေသည် ဝါလာသည်။ ရေငန်လာသည်။

“ရေချိုနေရာမှာ ရေငန်ဝင်လာတာပဲ။ တချို့ ရေချိုသုံးတဲ့သူများလာလို့။ ရေချိုနေရာက FMI မှာ ရေငန်ဝင်နေတယ်။ ရေချိုကို ကျိုလိုက်ရင် ရေငန်သွားတယ်။ သောက်ကြည့်ရင် သိပ်မငန်ဘူး။ ရေချိုကုန်သွားလို့ ရေငန်တိုးဝင်လာတယ်” ဟု ဦးအောင်မြင်က ဆိုသည်။

ဦးအောင်မြင်က လှိုင်သာယာမြို့နယ် FMI City အိမ်ယာအနီးတွင်နေထိုင်သူ ဖြစ်သည်။ လှိုင်သာယာမှာ ၁၉၉၉ ခုနှစ် ကတည်းက နေထိုင်ခြင်းဖြစ်သည်။

“အရင်ကတည်းက ရေမကောင်းတာ။ ဒါကလယ်ကွင်းတွေလေ လယ်ကွင်းတွေဆိုတော့ ရေမကောင်းဘူး။ ရေက တချို့နေရာတွေကို အကြည်ထွက်တယ်။ ညတွေ သိပ်လိုက်ရင် အပေါ်မှာ အဆီဝေ့လာတယ်။ တချို့ရပ်ကွက်တွေဆို သံချေးအနံ့တွေနဲ့ အဝါရောင်ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

လှိုင်သာယာတွင် စတင်နေထိုင်စဉ်အချိန်က မြေကြီးကိုနည်းနည်းလေးတူးလိုက်ရုံဖြင့် ရေထွက်လာသည်။ ရေမကောင်းခြင်းဘဲရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိချိန်တွင် မြေအောက်အတွင်း ရွံ့ကြော၊ သဲကြောများကိုဖြတ်ကာရေကြော တွေ့မည့်နေရာကို စမ်းရင်း ရေတွင်းတူးရကြောင်း ဦးအောင်မြင်က ဆိုသည်။

ယခုနှစ်အတွင်း ယင်းနေရာအနီးရှိ အဝီစိတွင်းထဲသို့ ရေငန်များတိုးဝင်လာပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စက်တွင်းက ပေနက်တာပဲရှိတယ်။ ရေက ကောင်းတဲ့အကြောပဲကောင်းတာ။ ပေ ၁၀၀ ကျော်ဆို ရေချိုပဲ။ အခုမှ ရေငန်ဝင်လာတာ။ မြစ်နားပတ်ဝန်းကျင်လောက် ဖြစ်တာ။ ယခုနှစ်ပိုင်းမှာ ခြောက်လလောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။

လှိုင်သာယာမြို့နယ်အပါအဝင် ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် ရေငန်ဝင်ရောက်လာမှုများ ရှိလာသောကြောင့် မြေအောက်ရေသုံးစွဲမှုနှင့် ပတ်သက်ပြီး ထိန်းသိမ်းနိုင်ရန် ပြင်ဆင်နေကြသည်။

ယင်းကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆိုင်ရာကော်မတီမှ မြေအောက်ရေကြီးကြပ်ထိန်သိမ်းရေးဥပဒေပြင်ဆင်ရေးအတွက် သက်ဆိုင်ရာပညာရှင်များပါဝင်ကာ ဆွေးနွေးလျှက်ရှိသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား၊ ငမိုးရိပ်ကန်များမှနှင့် မြောက်အောက်ရေတွင်း ၄၄၂ ခုဖြင့် ရန်ကုန်မြို့ကို ရေပေးဝေလျှက်ရှိသည်။

လှိုင်သာယာမြို့နယ်တွင် သဲဖြူရေ ပေးဝေရေးစခန်းမှ ရေပေးဝေလျှက်ရှိသည်။ သို့သော်လည်း လှိုင်ယာသာဒေသခံများ လက်လှမ်းမမီပေ။ ရေပေးနိုင်မှုနှင့် လိုအပ်မှုက မမျှတ၍ဖြစ်သည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Japan International Cooperative Agency- JICA) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတို့ ပူးပေါင်း၍ ရန်ကုန်မြို့တော် ရေပေးဝေရေးစနစ် အလျှင်အမြန် ဖွံဖြိုးတိုးတက်ရေးအတွက် မဟာစီမံချက်များရေးဆွဲပြီး လဂွန်းပြင် ရေပေးဝေရေးစီမံကိန်း၊ ကုက္ကိုဝမြစ် ရေပေးဝေရေးစီမံကိန်း၊ တိုးမြစ်ရေပေးဝေရေးစီမံကိန်းနှင့် ပန်းလှိုင်မြစ်ရေပေးဝေရေးစီမံကိန်းတို့ကို အကောင်အထည်ဖော်နေကြောင်း YCDC အင်ဂျင်နီယာဌာန၊ (ရေနှင့်သန့်ရှင်းမူ) ဒုတိယဌာနမှူး ဦးမျိုးသိန်းထံမှ သိရသည်။

ယင်းစီမံကိန်းများပြီးပါက မြေအောက်ရေထုတ်ယူမှုများကို ကန့်သတ်တော့မည်ဖြစ်ရာ လာမည့် ၂၀၄၀ ပြည့်နှစ်အထိသာသုံးစွဲနိုင်မည်ဖြစ်သည်။

ယင်းကြောင့် ရေချိုများကို မဆင်မခြင် ရှိသမျှထုတ်သုံးလိုက်ရင် ပြန်ဖြည့်ရမည့် ရေများမရှိသောကြောင့် သဲကြားထဲက နေရာက ကျုံ့သွားကာ မူလကရှိနေသည့် နေရာများ နိမ့်ကျသွားမည်ဖြစ်ကြောင်း၊ မြေကြီးနိမ့်ကျသွားနိုင်ကြောင်း ရေပညာရှင် ဦးဘရွှေက ဆိုသည်။

မည်သို့ပင်ဆိုစေ လှိုင်သာယာနေသူတို့အတွက် မြေအောက်ရေခန်းခြောက်လာသည့် ဒုက္ခကို နေ့စဉ်လိုခံစားနေရဆဲပင်။ ယင်းပြဿနာအတွက် အဖြေကား…။

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *