နှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ဆိုက်ကလုန်းမုန်တိုင်း အိန္ဒိယကမ်းရိုးတန်းကို စတင်ဝင်ရောက်

နယူးဒေလီ၊ မေ ၃
နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံးမုန်တိုင်းဖြစ်သည့် ဆိုက်ကလုန်း ဖာနီ (Fani) သည် အိန္ဒိယနိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းဧရိယာသို့ ဧပြီလ ၃ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် စတင်ဝင်ရောက်သွားပြီဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
မုန်တိုင်းဖာနီသည် လေတိုက်နှုန်း တစ်နာရီ ၁၂၄ မိုင် (၂၀၀ ကီလိုမီတာ) နှုန်းဖြင့် ဩဒိသျပြည်နယ် ကမ်းရိုးတန်းကုန်းမြေပေါ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
မုန်တိုင်းသည် ယင်းပြည်နယ်၏ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သည့် ပူရီမြို့သို့ လေတိုက်နှုန်း တစ်နာရီ ၁၅၀ မိုင် (ကီလို မီတာ ၂၄၀) ဖြင့် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
မုန်တိုင်းမဝင်မီ လူပေါင်း သန်းနှင့်ချီ ၍ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားခဲ့ပြီး မုန်တိုင်းစတင်ဝင်ရောက်ချိန် ဧပြီလ ၃ ရက်နေ့အထိ ထိခိုက်ဒဏ်ရာရသည့် သတင်းထွက်ပေါ်ခြင်း မရှိသေးပေ။
မုန်တိုင်းကြောင့် ဩဒိသျပြည်နယ်၏ မြို့တော် ဘူဘာနီရွာတွင် သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ခြင်းနှင့် လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျခြင်းများဖြစ်ပွားခဲ့ပြီး လေဆိပ်ကို ပိတ်ထားရန် တာဝန်ရှိသူများက ညွှန်ကြားထားသည်။
မုန်တိုင်းလမ်းကြောင်းပေါ်တွင် ကျရောက်နေသည့် ဩဒိသျပြည်နယ်နှင့် ကပ်လျက်ရှိသည့် အနောက်ဘင်္ဂလား ပြည်နယ်၏မြို့တော် ကာလကတ္တားလေဆိပ်ကိုလည်း ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။
၁၉၉၉ ခုနှစ်ကလည်း ဩဒိသျပြည်နယ် ကမ်းရိုးတန်းတွင် နာရီ ၃၀ ကြာ အင်အားပြင်းထန်သည့် ဆူပါဆိုက်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့ရပြီး လူ ၁၀,၀၀၀ ထိ သေဆုံးခဲ့သည်။
ထို့ပြင် ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့သည့် မုန်တိုင်းကြောင့် လူပေါင်းသန်းနှင့်ချီ၍ ကယ်ဆယ်ခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ဧပြီလမှ ဒီဇင်ဘာလအထိ ဆိုက်ကလုန်းမုန်တိုင်းရာသီ ကျရောက်လေ့ရှိပြီး ပြင်းထန်သည့် မုန်တိုင်းများကြောင့် ကမ်းရိုးတန်းဒေသများကို ထိခိုက်လေ့ရှိသည်။
မုန်တိုင်းများကြောင့် အိန္ဒိယနိုင်ငံနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် လူများသေကြေလေ့ရှိသလို စိုက်ခင်းနှင့် လူနေအဆောက်အအုံများလည်း ထိခိုက်ပျက်စီးလေ့ရှိသည်။
ယခုတိုက်ခိုက်နေသည့် ဆိုက်ကလုန်း ဖာနီကြောင့် ထိခိုက်နိုင်သည့် ပြည်နယ်များနှင့် အဆက်အသွယ်အမြဲရှိနေစေရန် အိန္ဒိယဝန်ကြီးချုပ်မိုဒီက ညွှန်ကြားထားကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။