ရခိုင်တွင် အရပ်သားထိခိုက်သေဆုံးမှုများ ထပ်မံမဖြစ်ရေး ဆောင်ရွက်ပေးရန် ANP တောင်းဆို

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာက ပစ်ခတ်မှုတွင် ဒဏ်ရာရသူများကို မေလ ၂ ရက်နေ့က စစ်တွေမြို့ဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေစဉ်။ ဓာတ်ပုံ - ဦးဦးကျော်ဝင်း

ရန်ကုန်၊ မေ ၃

ရခိုင်ပြည်နယ်တွင် အရပ်သားထိခိုက်သေဆုံးမှုများမဖြစ်စေရန် ပြစ်မှုကျူးလွန်သူများကို နိုင်ငံတော်အကြီးအကဲများအနေနှင့် အရေးယူအပြစ်ပေးသင့်ကြောင်း ရခိုင်အမျိုးသားပါတီ ANP က တောင်းဆိုလိုက်သည်။

မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲဖြစ်ပွားစဉ်ကပင် တပ်မတော်သားအချို့က စွပ်စွဲကာပစ်ခတ်သဖြင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေရာ အလားတူဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေရန် ယင်းသို့ တောင်းဆိုခြင်းဖြစ်ကြောင်း  ANP ပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ထိခိုက်သေဆုံးမှုများ နောက်ထပ်မဖြစ်စေရန်၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်ပေးရန်နှင့် ကျူးလွန်သူများကို ဥပဒေအရအရေးယူပေးရန် ANP ပါတီက မေလ ၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် လူ့အခွင့်အရေးကော်မရှင်တို့ထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

“တစ်ခုခုလုပ်မယ်ဆိုရင်လည်း တည်ဆဲဥပဒေနဲ့အညီ လုပ်ဖို့ပေါ့။ အဲဒီလို လုပ်မယ်ဆိုရင် အမှားအယွင်း နည်းနိုင်ပါတယ်။ နောက်ထပ် အသက်သေဆုံးမှုတွေ မဖြစ်ဖို့အတွက် နိုင်ငံတော်ကနေ ကာကွယ် စောင့်ရှောက်ပေးပါလို့ ရခိုင်အမျိုးသားပါတီက တိုင်ကြားတဲ့ အိတ်ဖွင့်ပေးစာ ပေးစာပေးရခြင်း ဖြစ်ပါတယ်”ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

မေလ ၁ ရက်နေ့က ရသေ့တောင်မြို့နယ် ကျောက်တန်းရွာစာသင်ကျောင်းတွင် တပ်မတော်သားအချို့က ဒေသခံများကို မမှန်မကန်စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် အစုလိုက်အပြုံလိုက်သေဆုံးမှုနှင့် ဒဏ်ရာရမှုများဖြစ်ပွားခဲ့ကြောင်း ANP ပါတီ၏ ပေးစာတွင် ရေးသားထားသည်။

တပ်မတော်ဘက်ကမူ AA နှင့် ဆက်နွှယ်သည့် မသင်္ကာဖွယ်ရာ အမျိုးသား ၂၇၅ ဦးကို ကျောက်တန်းရွာ စာသင်ကျောင်း၌ ထိန်းသိမ်းထားစဉ် မေလ ၂ ရက် နံနက် ၂ နာရီ ၁၀ ခန့်အချိန်တွင် မသင်္ကာဖွယ်ရာ လူအုပ်ကညာသံပေးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းအကြမ်းဖက်တိုက်ခိုက်ရန် လုပ်ဆောင်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

လုံခြုံရေးကင်းအဖွဲ့များက အော်ဟစ်တားဆီးကာ သေနတ်များ မိုးပေါ်ထောင်ပစ်သော်လည်း လူအုပ်သည် ရပ်တန့်ခြင်းမရှိဘဲ အန္တရာယ်ပြုရန် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များကို လုယူလာသဖြင့် ပစ်ခတ်ထိန်းသိမ်းလူစုခွဲခဲ့ရကြောင်း တပ်မတော်၏ထုတ်ပြန်ချက်အရ သိရသည်။

ပစ်ခတ်မှုအတွင်း အမျိုးသားခြောက်ဦးသေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိကာ လေးဦးပျောက်ဆုံးနေကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျောက်တန်းကျေးရွာ အမည်မဖော်လိုသည့်ဒေသခံတစ်ဦးကမူ တပ်မတော်က မေလ ၁ ရက်တွင် ကျေးရွာကိုဝိုင်းထားကာ အသက် ၁၀ နှစ် အထက်အမျိုးသားများအားလုံးအစည်းအဝေးတက်ရမည်ဟု ခေါ်ကာ ကျေးရွာအထက်တန်းကျောင်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း The Voice Journal သို့ပြောသည်။

ထိုသို့ထိန်းသိမ်းထားပြီးနောက် မေလ ၂ ရက်နံနက်ပိုင်းတွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သေနတ်ပစ်တာက လူအုပ်ထဲကို ပစ်တာပါ။ ပစ်တော့ အိပ်နေတဲ့ လူတွေ ထတာပေါ့။ အဲဒီမှာထတဲ့ လူတွေ အကုန်ထိသွားတာ။ သူတို့ အစည်းအဝေးခေါ်လို့ သွားတာကို အဲဒီလိုတော့ မပစ်သင့်ဘူးပေါ့”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထိန်းသိမ်းခံရွာသားများနှင့် တွေ့ဆုံရန် လွှတ်တော်ကိုယ်စားလှယ်အချို့က ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက တွေ့ဆုံခွင့်မပြုခဲ့ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

စစ်တွေဆေးရုံတွင် ရောက်ရှိနေသော ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူများကို လွှတ်တော်ကိုယ်စားလှယ်အချို့က မေးမြန်းခဲ့ရာတွင် ထိမ်းသိမ်းခံထားရသူများထဲမှ စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးက အော်ဟစ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယင်းလူကို ပစ်ခတ်ခဲ့ရာတွင် အခြားရွာသားများပါ ထိခိုက်သေဆုံးခြင်းဖြစ်သည်ဟု ဖြေကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပစ်တဲ့အခါကျတော့ အဲဒီလူကို မထိဘဲနဲ့ အိပ်နေတဲ့လူတွေကို ထိပြီး ဒဏ်ရာရတယ်။ သေဆုံးတယ်။ အဲဒီ ကလေး၊ ငါးယောက်ကို မေးတဲ့အခါ တစ်လေသံတည်း ဒီအတိုင်းပဲထွက်တယ်ဆိုတာကို ကျွန်မတို့ သူတို့ပြောစကားအရ သိရပါ တယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

မေလ ၃ ရက်နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားသူများထဲမှာ ၁၂၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *